ကျန်းရှီမြို့ကို ဆေးကြောဖို့ အချိန်တန်ပြီ!
Vol. 11 Ch. 151
လူငယ်လေးက ဘားထဲသို့ ဖြည်းဖြည်းချင်း ဝင်လာသော်လည်း သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဘားတစ်ခုလုံး ကြောက်လန့်ကာ တုန်လှုပ်လို့ လာသည်။
သူသည် လူသားတစ်ယောက်နှင့် ကမ္ဘာဦး သားရဲကောင်ကြီးနှင့် သဏ္ဌာန်တူလှသည်။ သူသည် ခြိမ်းခြောက်နိုင်စွမ်း ရှိလှသည်။
သူ့နောက်မှ အနက်ရောင်ဝတ်စုံနှင့် လူလေးယောက်သည် အလွန်အမင်း အေးစက်လှကာ ရေခဲပန်းဆွဲလေးခု လမ်းလျှောက်လာ သည်နှင့်တောင် တူနေသေးသည်။
သူတို့ ဝင်လာသည်ကို ကြည့်ပြီး ဝံပုလွေရိုင်း၏ လက်ပါးစေတိုင်း ချွေးပြန်လာကြသည်။ တစ်စုံတစ်ယောက်က ဇီးရိုးဘားထဲသို့ အတင်း ဝင်လာရဲလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
"မင်း ဘယ်သူလဲ"
လူမိုက်တစ်ယောက်က အော်ဟစ်၍ သူ့ကို တားဆီးရန် ပြင်လိုက်သည်။
ထိုစဉ် …
ဝှစ်!
ဓားရောင်တစ်ချက် လက်ခနဲ ဖြစ်သွားပြီးနောက် ထိုလူမိုက်သည် ကိုယ်နှစ်ခြမ်း ကွဲသွား လေတော့သည်။
…
သူ၏ သွေးများက ကြမ်းပြင်အနှံ့ စီးလို့နေ၏။ သူ၏ မျက်လုံးများသည် သေသည်အထိ ဇဝေဇဝါဖြစ်နေသည့် အနေအထားနှင့်ပင် ဖြစ်သည်။
သူ့ရှေ့တွင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ဓားရှည် တစ်ချောင်းကို ကိုင်၍ ရပ်လို့နေသည်။
တောက်! တောက်!
ထိုဓားရှည်မှ သွေးစက်များက တစက်စက်ကျလို့နေသည်။
"ငါတို့က မင်းတို့အသက်ကို နုတ်ယူမယ့်သူတွေပဲ"
ထိုသို့ပြောပြီး အနက်ရောင်ဝတ်စုံနှင့် လူလေးယောက်က အရပ်မျက်နှာအနှံ့မှ ပြေးဝင်လာကြသည်။
သူတို့က လူအုပ်ထဲသို့ အလင်းတန်းကဲ့သို့ ပြေးဝင်သွားပြီး သူတို့၏ ဓားရှည်များဖြင့် အညှာအတာမဲ့စွာ သတ်ဖြတ်လာကြသည်။
မြန်တယ်!
လေးယောက်လုံးက သူတို့၏ ဓားရှည်များကို အလွန် လျင်မြန်သည့်နှုန်းဖြင့် အသုံးပြု နိုင်ကြသည်။
ထို့ကြောင့် ဝံပုလွေရိုင်း၏ လက်အောက်ငယ်သားများ မည်သို့မျှ မခုခံနိုင်ခင်မှာပင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည်။
"သေပေတော့"
လေးယောက်လုံးသည် ရှောင်တိမ်းလိုက်၊ ငုံ့လျှိုးလိုက်၊ ခုန်လိုက်နှင့် အလွန် မြန်သည့်နှုန်းဖြင့် ပြေးကာ လက်အောက်ငယ်သားများ၏ လည်မျိုကို ဓားဖြင့် လှီးသွားကြသည်။
ဓားတစ်ချောင်းဆီမှ ဓားရောင်များက ဘားအနှံ့ လင်းခနဲ လက်ခနဲ ဖြစ်ကာ နံရံနှင့် ကြမ်းပြင်တို့တွင် သွေးများဖြင့် ပေပွလို့နေ၏။
နတ်ဆိုးလေးယောက်လုံးက လက်အောက်ငယ်သားများ၏ အသက်များကို အလွန်ကြမ်းတမ်းသော လူသတ်လက်နတ်များကဲ့သို့ နုတ်ယူသွားကြသည်။
သွေးစွန်းတစ္ဆေ၊ ဖေးချမ်နှင့် ဝံပုလွေရိုင်းတို့ သူတို့ မြင်လိုက်ရသည့် အရာကြောင့် မှင်တက်နေကြသည်။
ထိုစဉ် သွေးစွန်းတစ္ဆေက လူငယ်၏ မျက်နှာကို သတိထားမိသွားပြီး မျက်နှာပျက်ကာ ထအော်လိုက်သည်။
"ရပ်စမ်း…မြန်မြန်…ရပ်လိုက်ကြစမ်း"
သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထလို့နေသည်။ သူ အော်လို့ပြီးသွားသည့်အချိန်တွင် ဝံပုလွေရိုင်း၏ နောက်ဆုံးလက်အောက်ငယ်သား အသတ်ခံလိုက်ရပြီးလေပြီ၊ ထို့ပြင် အလွန်ကြောက်လန့်နေသော မျက်လုံးများဖြင့် သူ့၏ခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ်သို့ ပစ်ကျသွားလေတော့၏။
အယောက် သုံး၊လေးဆယ်ခန့် ရှိသော လက်အောက်ငယ်သားများ အချိန်တိုလေးအတွင်း အသတ်ခံလိုက်ရလေသည်။
ချက်ချင်းဆိုသလိုပင် ဘားတစ်ခုလုံး သွေးညှီနံ့များဖြင့် ဖုံးလွှမ်းလို့လာသည်။ ဖြစ်ရပ်တစ်ခုလုံး စက္ကန့်ပိုင်းလောက်သာ ကြာမြင့်ခဲ့သည်။
"သေစမ်း"
ဝံပုလွေရိုင်းနှင့် ဖေးချမ်းတို့ ဒေါသူပုန်ထနေသည်။ သူတို့ ညီအစ်ကိုများ၏ အလောင်းများကို ကြည့်ပြီး မျက်ရည်စို့ တက်လာသည်။
သူတို့ မည်သို့မျှ မတုံ့ပြန်နိုင်ခင်လေး အတွင်းမှာပင် သူတို့ ဒါဇင်နှင့်ချီသော ညီအစ်ကိုများကို ဆုံးရှုံးလိုက်ရလေပြီ။
*ဒါ…. လုံးဝ မဖြစ်နိုင်ဘူး*
"ကြယ်သုံးလုံး အဆင့်!"
ဝံပုလွေရိုင်းနှင့် ဖေးချမ်တို့ အနက်ရောင်ဝတ်စုံနှင့် လူလေးယောက်ကို စိုက်ကြည့် နေကြသည်။
ကြယ်သုံးလုံးအဆင့်က သူများသာ လူအများကြီးကို ဒီလို အချိန်တိုလေး အတွင်း သတ်နိုင်မှာဖြစ်သည်။
စီရင်စုနယ်လေးလောက်သာ ရှိသော မြို့လေးတွင် ကြယ်သုံးလုံး အဆင့် များကို တွေ့ရလိမ့်မည်ဟု သူတို့ ထင်မထားမိပါ၊ လေးယောက်ဆိုပါက ပြောနေစရာပင် မလိုတော့ချေ။
"လော့စစ်…မင်း ဘာလိုချင်တာလဲ"
သွေးစွန်းတစ္ဆေက လူငယ်အား အလွန်သုန်မှုန်နေသော မျက်နှာထားဖြင့် ကြည့်နေသည်။ သွေးစွန်းတစ္ဆေသည် ကျန်းနန်မြို့တွင် မွေးဖွားခဲ့သောကြောင့် သူ လော့စစ်ကို သေချာပေါက်သိနေသည်။
သွေးစွန်းတစ္ဆေ၏ အပြောကြောင့် လော့စစ်က နှုတ်ခမ်းတွန့်ရုံပြုံး၍ ပြောလိုက်သည်။
"ငါ သွေးနဲ့ ယဇ်ပူဇော်ဖို့အတွက် တိရိစ္ဆာန်သုံးကောင် လိုနေတာလေ၊ မင်းတို့ သုံးကောင်ဆို အတော်ပဲလို့ ငါ တွေးနေတာ"
*ဘာ*
သူ့စကားကြောင့် ဖေးချမ်၊ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့ ဝရုန်းသုံးကား ဖြစ်သွားကြသည်။ ထိုစဉ် အနက်ရောင်ဝတ်စုံနှင့် လူလေးယောက် သူတို့စားပွဲသို့ ထင်မှတ်မထားသည့် အရှိန်ဖြင့် ပြေးဝင်လာသည်။
တစ်ယောက်က သူ့ဓားရှည်ကို ဝင့်ပြီး သွေးစွန်းတစ္ဆေကို ဓားနှင့်ထိုးလိုက်သည်။ သွေးစွန်းတစ္ဆေက မေးကို မော့ကာ ကြုံးဝါးလိုက်သည်။
"သွေးစွန်းချီကို စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲခြင်း"
ရုတ်တရက် သွေးစွန်းတစ္ဆေကို သွေးစွန်းချီဓာတ်များက ဖုံးလွှမ်းလာသည်။ ထို့နောက် သူက ဓားရှည်ကို သူ၏ လက်သီးဖြင့် ပြင်းထန်စွာ ထိုးလိုက်သည်။
ချလန်!
ဓားရှည် တစ်စစီဖြစ်သွားသည့်အပြင် ကြယ်သုံးလုံး အဆင့် သူသည်လည်း နောက်သို့ ပြင်ဆင်ချိန်မရှိဘဲ လွင့်ထွက်သွားသည်။
*ဟာ*
သူ့ကို ကြည့်ပြီး လော့စစ်က ခဏမျှ ကြောင်အသွားကာ ကောက်ချက်ချလိုက်သည်။
"ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်တဲ့ လှည့်ကွက်လဲ"
"သွေးစွန်းတစ္ဆေ ကြည့်ရတာ မင်း အခုတလော အတော်လေး တိုးတက်လာတယ် ထင်တယ်"
သွေးစွန်းတစ္ဆေသည် ယခင်က ကြယ်တစ်လုံးအဆင့်သာ ရှိမှန်း လော့စစ် သိထားသည်။ ထင်မှတ်မထားဘဲ သူက ဤမျှ အချိန်တိုလေးအတွင်း Sကြယ်တစ်လုံးအဆင့်သို့ ရောက်လုနီးနီး ဖြစ်နေလေသည်။
ပို၍ အံ့ဩစရာကောင်းသည်က သူက ကြယ်သုံးလုံးအဆင့်တစ်ယောက်ကို နောက်သို့ လွင့်သွားအောင် လုပ်လိုက်ခြင်း ဖြစ်သည်။
"စိတ်ဝင်စားစရာပဲ" လော့စစ်က မထီမဲ့မြင် အပြုံးမျိုးနှင့် ထပ်ပြောလာသည်။
"မင်းက အခုထိ အရှုံးသမား ဖြစ်နေတာက စိတ်မကောင်းစရာပဲ"
ထိုသို့ပြောပြီး လော့စစ်က လက်ဝှေ့ယမ်းပြလိုက်သည်။ ထိုအခါ နောက်ထပ် ကြယ်သုံးလုံးအဆင့်နှစ်ယောက်က သွေးစွန်းတစ္ဆေထံ ပြေးဝင်သွားသည်။
နောက် ကြယ်သုံးလုံးအဆင့်တစ်ယောက်က ဝံပုလွေရိုင်းထံ ပြေးဝင်သွားသည်။
နောက်သို့ လွင့်သွားသည့်တစ်ယောက်က ပြန်ထကာ ဖေးချမ်ထံ ပြေးဝင်သွားလေသည်။
ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲသံများနှင့်အတူ မိုရိုသွေးစွန်းတစ္ဆေ၊ သံလက် ဝံပုလွေရိုင်းနှင့် ဖေးချမ်တို့ အသင့်အနေအထား ပြင်လိုက်ကြသည်။
လောဘအိုး ဝံပုလွေဆုဒြာ!
သံလက်နတ်ဆိုးအစွမ်း!
မိုရိုသွေးစွန်းဆုဒြာ!
သူတို့၏ သေစေနိုင်သော စွမ်းရည်များကို အချိန်မဆိုင်းဘဲ ထုတ်သုံးလိုက်ကြသည်။ ထို့ကြောင့် ကြယ်သုံးလုံးအဆင့် လေးယောက် နောက်ပြန်ဆုတ်လိုက်ရသည်။
ဤသည်ကိုကြည့်ပြီး လော့စစ် နားဝေတိမ်တောင် ဖြစ်သွားရသည်။ အံ့ဩစရာ ကောင်းလှပါဘိ။
သို့သော် သူတို့၏ အလွန်ကွာခြားလှသော အဆင့်ကြောင့် ဖေးချမ်၏ပခုံးသည် ပျက်ယွင်းသွားသည်။ အနက်ရောင်ဝတ်စုံနှင့်လူသည် အလွန်နိမ့်သော အဆင့်က သူက သူ့ဓားချက်ကို ခုခံနိုင်ပြီး အသက်ရှင်နေသေးသည့်အတွက် ဒေါသထွက်လာသည်။
"သေပေတော့"
အနက်ရောင်ဝတ်စုံနှင့်လူက ဖေးချမ်၏ ရင်ဘတ်ကို ရက်စက်သော အကြည့်များနှင့် ထိုးလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အရိုးကျိုးသံများ နှင့်အတူ ဖေးချမ် သွေးများနှင့် ရွှဲနစ်လို ့လာသည်။
သူ သေမင်းချောက်ကမ်းပါးသို့ ရောက်လို့နေလေပြီ။ သို့သော် တိုက်ပွဲကား ယခုမှ အစပင် ရှိသေးသည်။
"ဘော့စ်"
ဖေးချမ်၏ ဆိုးရွားသော အခြေအနေကြောင့် ဝံပုလွေရိုင်း သတိလက်လွတ်ဖြစ်သွားသည်။ ရန်သူက ဤအခွင့်အရေးကို အသုံးချပြီး သူ့နောက်ကျောကို ဓားဖြင့် ခုတ်လိုက်သည်။
ရွှစ်!
ဒဏ်ရာမှ သွေးများ ပန်းထွက်လာသည်။ သူသာ တစ်ချက်ကလေး နှေးသွားလျင် သေသွားလောက်ပြီ။
ထို့နောက် အနက်ရောင်ဝတ်စုံနှင့်လူက ဝံပုလွေရိုင်းအား သူ့ဓားရှည်ဖြင့် ဆက်လက် တိုက်ခိုက်လို့နေသည်။
ရွှစ်! ရွှစ်! ရွှစ်!
ဝံပုလွေရိုင်းသည်လည်း သွေးများနှင့် ပေကျံလာသည်။ မျက်စိတစ်မှိတ်အတွင်း ဝံပုလွေရိုင်းသည် သွေးများနှင့် ရွှဲနစ်လာကာ အသားစများပင် မြင်လာရသည်။
ထို့နောက်တွင် သူ့ကိုယ်အောက်ပိုင်းကို ဓားထိသွားသည်။ ထို့နောက် သူ အားယုတ်လျော့ကာ ကြမ်းပြင်ပေါ်သို့ အသက်ငွေ့ငွေ့ရှူရင်း လဲကျသွားသည်။
"ဝံပုလွေရိုင်း ... ဖေးချမ်"
သွေးစွန်းတစ္ဆေ ရူးမတတ် ဒေါသထွက်လာသည်။ ထိုအချိန်တွင် သူက ကြယ်သုံးလုံးအဆင့် နှစ်ယောက်နှင့် တိုက်ခိုက်နေရပြီး သွေးများဖြင့် ဒဏ်ရာဗလပွ ဖြစ်နေသည်။
ဖေးချမ်နှင့် ဝံပုလွေရိုင်းကို ဖမ်းမိပြီး သွားသည်နှင့် ကျန်နှစ်ယောက်ကပါ ဝင်တိုက်လာကြသည်။
ဓားရောင်တဝင့်ဝင့်အောက်တွင် သွေးစွန်းတစ္ဆေ၏ ကိုယ်တွင် ဒဏ်ရာများ ပိုများလာသည်။
သူ့နောက်စေ့ကို အရိုက်ခံလိုက်ရပြီး သူ သတိလစ်သွားသည်။ ထိုအခါမှသာ အနက်ရောင်ဝတ်စုံနှင့်လူလေးယောက်သည် ထိတ်လန့်အံ့ဩနေသည့် အကြည့်များဖြင့် တစ်ယောက်နှင့်တစ်ယောက် အကြည့်ဖလှယ်မိကြသည်။
နိမ့်ကျသော အဆင့်များနှင့် လူသုံးယောက်က သူတို့ကို ဤမျှ အချိန်ကြာသည်အထိ ခုခံနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားမိပါ။
"ကောင်းပြီ… မနက်ဖြန် လုပ်မယ့် သွေးယဇ်ပူဇော်ပွဲအတွက် သူတို့ကို ခေါ်လာခဲ့"
လော့စစ်က နောက်ပြန်လှည့်ကာ ရက်စက်သော အမူအရာဖြင့် ဘားထဲမှ ပြန်ထွက်လာသည်။ ထို့နောက် သူက ကျန်းရှီမြို့၏ ညဘက်မြင်ကွင်းကို တစ်ချက်ကြည့်ကာ မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်သည်။
"ငါ့အစ်မက ကုန်းယွင်ဖေးရဲ့ သေဆုံးမှုအတွက် ယဲ့ဖန်ဘေးက လူတိုင်းကို သတ်လိုက်ဖို့ ပြောလိုက်တယ်၊ ကျန်းရှီမြို့ကို ဆေးကြောဖို့ အချိန်တန်ပြီပဲ"
လော့စစ်က လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်က "နောက်သွားမယ့်နေရာက ပိုင်ကလန်ပဲ"