ထူးဆန်းသော မှော်စာလုံး!
Vol. 11 Ch. 154
*ဘယ်လောက်တောင် အင်အားကြီးလိုက်တဲ့စစ်တပ်လဲ*
ကျားထက်ပင် ပို၍ သန်မာပုံရသည့် အလွန်ကြံ့ခိုင်သော သူများကို မြင်ပြီးနောက် ခြံဝန်းထဲရှိ ဧည့်သည်များအားလုံး ချက်ချင်း အလေးအနက် ဖြစ်လာကြသည်။
သူတို့အားလုံးကို သန်မာပြင်းထန်သည့် ချီဓာတ်များက ဝန်းရံလို့ထားသည်။ စာနာစိတ်ကင်းမဲ့သော မျက်လုံးများ၊ လက်များနှင့် သူတို့သည် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြပြီးလေပြီ။
သူတို့သည် အလွန်ကြမ်းတမ်းသည့် သူများ ဖြစ်လေသည်။ ဒါဇင်နှင့်ချီသော သူတို့ အတူတူ ရပ်နေကြသည့်အခါတွင် သူတို့၏ ကြီးစိုးခြယ်လှယ်တတ်သော ချီဓာတ်များက လူတိုင်းကို ထိတ်လန့်သွားစေသည်။
"အဖွဲ့ထဲက အားအနည်းဆုံးသူတွေကတောင် ကြယ်တစ်လုံးအဆင့် ရှိတယ် … "
ဧည့်သည်များ ချွေးဒီးဒီးကျလာတော့သည်။ ကြယ်တစ်လုံးအဆင့် တစ်ယောက် ထဲကတောင် ကျန်းရှီမြို့တစ်ခွင်တွင် ပြိုင်ဘက်ကင်း နေပြီဖြစ်သည်။ ဒါဇင်နှင့်ချီနေလို့ကတော့ ပြောစရာ စကားတောင် မရှိတော့ပေ။ ဒါတောင်မှ အားအနည်းဆုံးသူများက ကြယ်တစ်လုံးအဆင့် ဖြစ်နေသည်။
ခေါင်းဆောင်သည် လူလတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်ပြီး ဓားကဲ့သို့ ဖြောင့်တန်းနေသော မျက်ခုံးနှင့် ကျားကဲ့သို့ ကြမ်းကြုတ်သော မျက်ဝန်းများ ရှိပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်း၍ ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ သူသည် ကြယ်သုံးလုံး အဆင့် စွမ်းအားပိုင်ရှင်လည်း ဖြစ်ပေသေးသည်။
ထိုအချိန်တွင် ခြံဝန်းတစ်ခုလုံး ပျာယာခတ်သော အခြေအနေသို့ ကျရောက် သွားလေတော့သည်။ အဖမ်းခံထားရသည့် သူ ဆယ်ယောက်လုံးတောင်မှ မျက်ခုံး ခပ်လှုပ်လှုပ်ဖြစ်နေကြသည်။
"သွေးစွန်း…သွေးစွန်း ဓားနှစ်လက်"
သွေးစွန်းတစ္ဆေ၏ မျက်နှာသည် အလွန်ထိတ်လန့်နေပုံ ပေါ်နေသည်။
သူတို့အဝတ်အစားပေါ်နှင့် ရင်ဘက်ပေါ်ရှိ တူညီသော သင်္ကေတကို သတိထားမိသွားသည်။ 'သွေးစွန်းနေသောဓားနှစ်လက်ကို ကြက်ခြေခတ်ထားခြင်း'
သူတို့သည် ကမ္ဘာပေါ်ရှိ ထိပ်တန်း ရွှေရောင်အဆင့် ကြေးစားဆယ်ဖွဲ့ထဲမှ တစ်ခုဖြစ်သည့် သွေးစွန်း ဓားနှစ်လက် ကြေးစားအဖွဲ့ ဖြစ်လေသည်။
"သွေးစွန်းဓားနှစ်လက်က ပြန်လာပြီဆိုတော့ ငါ့သခင်ကြီးက…"
သွေးစွန်းတစ္ဆေ၏ မျက်နှာတွင် ပူဆွေးသောကများနှင့် ပြည့်နှက်သွားလေသည်။ ထိုအချိန် အတောအတွင်းတွင် သူ့မျက်လုံး၌ နာကျည်းဒေါသများနှင့် ခက်ထန်လို့လာသည်။
ယဲ့ဖန်အတွက် သူ လော့စစ်နှင့် တိုက်ခိုက်နိုင်ရန် အလွန်အားနည်းနေသည့် အချက်ကို သူ မုန်းတီးမိသည်။
ဝံပုလွေရိုင်း၊ ဖေးချမ်နှင့် အခြား အဖမ်းခံထားရသည့် သူများသည်လည်း အလွန်အမင်း ပူဆွေးကာ စူးရှစွာ အော်ဟစ်မိကြသည်။
ယဲ့ဖန်နှင့်အတူ နောင်ဘဝသို့ လိုက်ခဲ့ရန် သူတို့ကိုယ်သူတို့ သတ်သေချင်စိတ်တောင် ပေါက်နေသည်။
"ဟဟ … သွေးစွန်းနတ်ဆိုး … ခင်ဗျား အရင်ရောက်လာလိမ့်မယ်လို့ ကျုပ် ထင်မထားမိဘူး"
ထိုအချိန်တွင် လော့စစ်တစ်ယောက် အလွန် တက်ကြွပျော်ရွှင် လို့နေ၏။ သူသည် သွေးစွန်းဓားနှစ်လက် ကြေးစားအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သော ကြယ်သုံးလုံးအဆင့် လူလတ်ပိုင်း အရွယ် သွေးစွန်းနတ်ဆိုးကို စိုက်ကြည့်လို့နေသည်။
သို့သော် သူ၏ နဖူးအလယ်တည့်တည့်မှ နက်မှောင်နေသော မှော်စာလုံးကို လော့စစ် တအံ့တဩကြည့်နေမိသည်၊ ထိုစာလုံးကြောင့် သူ တစ်မျိုးတစ်ဖုံ ထူးဆန်းနေပုံရသည်။
သို့သော် သူ သေချာ အလေးထားမနေဘဲ သွေးစွန်းနတ်ဆိုးကိုသာ ဒဲ့မေးလိုက်သည်။
"သွေးစွန်းနတ်ဆိုး … မြန်မြန် … သူ့ခေါင်းကို ကျုပ်လက်ထဲ လွှဲပေးလိုက်စမ်းပါ။ ကျုပ် ခင်ဗျားအတွက် အမေရိကန်ဒေါ်လာ ၅၀၀ မီလီယံ ပြင်ထားပြီးပြီ"
*အမေရိကန်ဒေါ်လာ ၅၀၀ မီလီယံ*
လော့စစ်၏ စကားကြောင့် ဧည့်သည်တိုင်းနှင့် အဖမ်းခံထားရသည့် လူဆယ်ယောက် လုံးက သွေးစွန်းနတ်ဆိုးကို စိုက်ကြည့်နေသည်။
ထူးဆန်းစွာပင် သွေးစွန်းနတ်ဆိုးက လော့စစ်၏ စကားကို မကြားခဲ့သလို ငြိမ်၍ ရပ်နေသည်။
*အမ်*
လော့စစ် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ သူ ဘာဖြစ်လို့လဲဟု မေးရန်ပြင်လိုက်စဉ် ခြံပြင်မှ နောက်ထပ် ခြေသံများကို ကြားလိုက်ရသည်။ စုစုပေါင်း ဒါဇင်နှင့်ချီသော နောက်ထပ် လူမိုက်များ ဝင်လာသည်၊ သူတို့ထဲတွင်လည်း အင်အားအနည်းဆုံးသူက ကြယ်တစ်လုံး အဆင့် ဖြစ်နေသည်။
သူတို့၏ ကြမ်းတမ်းသော ချီဓာတ်များက သွေးစွန်းဓားနှစ်လက် အဖွဲ့နှင့် ညီနေသည်။
"တိုက်ပွဲဝင် ဝံပုလွေ ကြေးစားအဖွဲ့"
သူတို့ကို မြင်ပြီး လော့စစ် တစ်ခဏမျှ ကြောင်အသွားသည်။ ထို့နောက် သူ ပို၍ ဝင်းပစွာ ပြုံးလိုက်သည်။
ထိုအခါမှသာ သွေးစွန်းနတ်ဆိုးက ဘာကြောင့် ယဲ့ဖန်၏ ခေါင်းကို သူ့လက်ထဲ မထည့်သည့် အကြောင်းကို နားလည်လိုက်သည်။ ကြည့်ရတာ သွေးစွန်းဓား နှစ်လက်အဖွဲ့က ယဲ့ဖန်ကို တစ်ဖွဲ့တည်း သီးသန့် သတ်ခဲ့ပုံမရပေ။
ထို့နောက် လော့စစ်က သူ့ရှေ့မှ တာဝါကဲ့သို့ မြင့်မား၍ ကြမ်းတမ်းသော လူမိုက်ကို စိုက်ကြည့်ကာ တောက်ပသော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"ဟဟ … ဝံပုလွေဘုရင် ... ဂုဏ်ယူပါတယ်၊ တိုက်ပွဲဝင် ဝံပုလွေကြေးစားအဖွဲ့က အတွေ့အကြုံတွေ အများကြီး ရလာတော့မှာပဲ"
လော့စစ်က တိုက်ပွဲဝင်ဝံပုလွေကြေးစားအဖွဲ့ခေါင်းဆောင်အား တက်ကြွစွာ နှုတ်ဆက်လိုက်သည်။
တစ်ချိန်တည်းမှာပင် သွေးစွန်းနတ်ဆိုးနှင့် တထေရာတည်း တူညီသည့် အနက်ရောင် မှော်စာလုံးတစ်လုံးအား ဝံပုလွေဘုရင်၏ နဖူးအလယ်တည့်တည့်တွင် တွေ့လိုက်ရသည်။
သို့သော် သူ သိပ်ထွေထွေထူးထူး စဉ်းစားမနေပါ။ စစ်သားဘုရင်နှစ်ယောက်ကို ပြုံး၍ ကြည့်ရင်း လော့စစ်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ မေးလိုက်သည်။
"အခု သူ့ခေါင်းကို ကျုပ်ဆီ လက်လွှဲလို့ရပြီ၊ ကျုပ် ကြည့်ချင်လွန်းလို့ စောင့်တောင် မစောင့်နိုင်တော့ဘူး"
လော့စစ် အလွန်အမင်းကို အူမြူးနေသည်။ သူသည် အဓိကဇာတ်ကောင်နှင့် ယဇ်ပူဇော်ရမည့် သားကောင်များကိုပါ ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ ယဲ့ဖန်၏ ဦးခေါင်းနှင့်သာဆို မင်္ဂလာပွဲက ပို၍ ပြည့်စုံသွားပေလိမ့်မည်။
သို့သော် နောက်ထပ် ခြေသံများကို ထပ်ကြားလိုက်ရသဖြင့် လော့စစ်၏ မကောင်းဆိုးဝါး အပြုံးက တန့်သွားရသည်။
သူ၏ သံသယမျက်လုံးများ အောက်တွင် နောက်ထပ် အဖွဲ့တစ်ဖွဲ့ကပါ ဝင်လာသည်။
"နတ်ဆိုးကြေးစားအဖွဲ့"
လော့စစ်သည် ကြေးစားအဖွဲ့ သုံးဖွဲ့လုံး ရောက်လာမည်ဟု ထင်မထားသဖြင့် မျက်မှောင်ကြုတ်မိသွားသည်။
သို့သော် ပွဲက အခုမှ စခြင်း ဖြစ်သည်။ နောက်ထပ် ခြေသံများ ထွက်ပေါ်လာပြီး ကျားများ ဝံပုလွေများထက် ပိုကြမ်းတမ်းသော လူများက ကုန်းအိမ်တော်ထဲသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တဖွဲဖွဲ ရောက်လာသည်။
"ဘုရင် ကြေးစားအဖွဲ့"
"မကောင်းဆိုးဝါး ကြေးစားအဖွဲ့"
"ရပ်ရှ ကြေးစားအဖွဲ့"
….
ကြေးစားအဖွဲ့များ တဖွဲဖွဲ ရောက်လာသဖြင့် ပို၍ အင်အားကြီးသူများ ခြံဝန်းအတွင်း စုမိလာသည်။
တစ္ဆေဦးခေါင်းအဖွဲ့ ဝင်လာပြီးသည်နှင့် လော့စစ်၏ မျက်နှာက အလွန်သုန်မှုန်လာသည်။
"မဟုတ်သေးဘူး…တစ်ခုခုတော့ မှားနေပြီ"
လော့စစ် မျက်ခုံးတလှုပ်လှုပ်ဖြစ်လာသည်။ ထိုအခါမှသာ ယဲ့ဖန်ကို သတ်ဖို့ သူ ခိုင်းလိုက်သည့် ကြေးစားအဖွဲ့ ကိုးဖွဲ့လုံး ရောက်လာသည်ကို သူ သတိထားလိုက်မိသည်။
တစ္ဆေဦးခေါင်းအဖွဲ့တွင် စစ်သားဘုရင် အချို့ ပျောက်ဆုံးနေသော်လည်း ကျန်သည့် အဖွဲ့ရှစ်ဖွဲ့လုံးတွင် လူစုံတက်စုံ ရှိနေသည်။
"ဒါ…. လုံးဝ မဖြစ်နိုင်ဘူး"
*ယဲ့ဖန်ကို အစကတည်းက တစ္ဆေဦးခေါင်း ကြေးစားအဖွဲ့က သတ်လိုက်တာများလား*
လော့စစ် ယုံတောင် မယုံနိုင်ပါ။ ထို့ပြင် ကြယ်သုံးလုံးအဆင့် ကိုးယောက်လုံး၏ နဖူးအလယ်တည့်တည့်တွင် တူညီသည့် မဲနက်နေသော မှော်စာလုံးကို မြင်လိုက်ရသည်။
*ဘာကြီးလဲဟ*
မေးခွန်းများစွာက လော့စစ်ခေါင်းထဲ ဝင်လို့လာသည်။ ထိုစဉ် နောက်ထပ် အဖွဲ့တစ်ဖွဲ့၏ ခြေသံကို ကြားလိုက်ရသဖြင့် လော့စစ် အံ့အားသင့်သွားရသည်။
"ထပ်ရှိသေးတာလား?"
ကြေးစားအဖွဲ့ ကိုးဖွဲ့လုံး ရောက်နေပြီကို၊ နောက်ထပ် ဘယ်သူရောက်လာစရာ လိုသေးလို့လဲ။
လော့စစ်သာမက ဝံပုလွေရိုင်းနှင့် ကျန်ကိုးယောက်လုံး ရင်တုန်ပန်းတုန်ဖြင့် မှင်တက် ငေးမောစွာ ကြည့်နေကြသည်။
ရုတ်တရက် သူတို့စိတ်ထဲ အတွေးတစ်ခု ဝင်လာသည်။
"သူများ ဖြစ်နေမလား? တကယ်ပဲ…"
ဝံပုလွေရိုင်းနှင့် အခြားသူများ အသက်ကို အောင့်ထားမိပြီး သူတို့၏ လက်များက အာရုံစိုက်ပါများပြီး ချွေးထွက်လာသည်။
အားလုံး၏ အကြည့်အောက်မှာပင် အဖွဲ့ကြီးတစ်ဖွဲ့က ခြံဝန်းထဲသို့ ခပ်အေးအေးနှင့် ဝင်လာသည်။ သူတို့၏ မျက်နှာများကို မြင်လိုက်ရသည်နှင့် ဆူညံ ပွက်လောရိုက်သွားကြသည်။
ဧည့်သည်တိုင်း သရဲသဘက်ကို မြင်လိုက်ရသလို ထိတ်လန့်သွားကြသည်။ လော့စစ်၏ မျက်နှာသည်လည်း ချက်ချင်း သုန်မှုန်လို့လာသည်။
ထို့ပြင် ကြယ်သုံးလုံး အဆင့် ခေါင်းဆောင် ကိုးယောက်၊ ကြယ်နှစ်လုံး အဆင့် ရက်စက်သော ကြေးစား အယောက်နှစ်ဆယ်၊ ကြယ်တစ်လုံး အဆင့် အယောက်တစ်ရာကျော်က ဒူးတစ်ဘက်ထောက်ကာ ရင်ဘတ်ပေါ်လက်တင်၍ သံပြိုင်နှုတ်ဆက်လာကြသည်။
"သခင်ကြီး"
ထိုအသံက ကမ္ဘာတောင် တုန်လှုပ်သွားလောက်သည်။ လူ အယောက် တစ်ရာမက ဒူးထောက်နေသည့် မြင်ကွင်းက မည်မျှ တုန်လှုပ်ဖွယ် ကောင်းလိုက်သည့် မြင်ကွင်းပါလိမ့်။
…
ချက်ချင်းဆိုသလိုပင် ခြံဝန်းတစ်ခုလုံး သုဿန်အလား တိတ်ကျသွားသည်။
*သခင်ကြီး*
*ဒါ…ဒါ လုံးဝ မဖြစ်နိုင်ဘူး*
ဧည့်သည်တိုင်း၏ မျက်နှာတွင် အလွန် ကြောက်ရွံ့နေသည့်ဟန်များ ပေါ်လွင်လို့နေသည်။
လော့စစ်၏ တစ်ကိုယ်လုံး တုန်ယင်လာကာ ကြက်သီး တဖြန်းဖြန်းထကာ အော်ဟစ်လိုက်မိသည်။
"ယဲ့ဖန်…သူ…သူ အသက်ရှင်နေသေးတယ်"
"မဖြစ်နိုင်ဘူး… ဘာလို့ မင်းတို့က သူ့ကို သခင်ကြီးအဖြစ် အသိအမှတ် ပြုရတာလဲ၊ ဒါ လုံးဝ အဓိပ္ပာယ်မရှိဘူး"
လော့စစ် ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်ပါ။
*သူတို့အားလုံးက အရမ်း အင်အားကြီးသည့် ကြေးစားတွေလေ၊ ကြေးစားတစ်ဖွဲ့တိုင်းမှာ ကျော်ကြားတဲ့ သမိုင်းကြောင်းနှင့် ဂုဏ်ယူရလောက်တဲ့ မာန်မာနလည်း ရှိတယ်*
*သူတို့အားလုံး သူတို့မာနတွေကို ခဝါချပြီး တစ်ယောက်ယောက်ကို သူတို့ သခင်ကြီးအဖြစ် အသိအမှတ်ပြုဖို့ ဆိုတာက မဖြစ်နိုင်ဘူး*
*ဒါပေမယ့် အခု…*
*အဲ့ဒါ… အနက်ရောင် မှော်စာလုံးကြောင့်များလား*
လော့စစ်သည် သူ့ခေါင်းမှ ခြေဆုံး အေးစက်စက် ချီဓာတ်များ စီးဆင်းသွားသလို ခံစားလိုက်ရသည်။
သူ သေမတတ် ကြောက်လန့်လို့နေသည်။