ပြန်လည်ရှင်သန်ခြင်း မန္တန်!
Vol. 11 Ch. 155
"ယဲ့ဖန်"
ခြံဝန်းအတွင်း ဝင်လာသည့် လူငယ်တစ်ယောက်ကို မြင်သည်နှင့် လင်းလန်၏ သွယ်လျသော ကိုယ်လေးက တုန်ယင်လို့လာသည်။ ထို့နောက် သူမသည် ပြတ်သွားသော လည်ဆွဲမှ ပုလဲလုံးလေးများကဲ့သို့ ကြည်လင်သော မျက်ရည်များ ကျလာလေသည်။
သူ အသက်ရှင်နေသေးတယ်။
ယဲ့ဖန် … သူမ အချစ်ရဆုံးယောကျ်ားက အသက်ရှင်နေသေးသည်။
ချက်ချင်းဆိုသလိုပင် လင်းလန်သည် ဆောင့်ကြောင့်ထိုင်ချကာ အားရပါးရ အော်ရယ်လေတော့သည်။
သူမသည် အလွန်စိတ်လှုပ်ရှားနေသည့် ကလေးမလေးကဲ့သို့ ပျော်ရွှင်စွာ အော်ရယ်လို့နေသည်။
သူမသည် အလွန် ဖြူစင်ရိုးစင်းစွာ အော်ငိုလို့နေသည်။ ယခင်က ယဲ့ဖန် သေသွားသည့်အတွက် သူမ အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီဟု သူမ ထင်လိုက်မိသည်။
သို့သော် ယခုတော့ သူမ၏ နတ်ဘုရားက ပြန်ရောက်လာလေပြီ။
ခြေသံများနှင့်အတူ ယဲ့ဖန်က ခြံဝန်းရှေ့တွင် ရပ်ကာ လင်းလန်ကို ပွေ့ဖက်လိုက်သည်။
သူမ၏ မျက်ရည်များဖြင့် စိုရွှဲနေသော လှပသည့် မျက်နှာလေးကို ကြည့်ပြီး ယဲ့ဖန် ရင်ထဲ နွေးထွေးသွားရသည်။ ထို့နောက် သူ ပြောလိုက်သည်။
"အရူးမလေး…မင်းက ငါ့အပိုင်လေ၊ ငါ့ခွင့်ပြုချက် မရှိဘဲ မင်း မသေရဘူး"
ယဲ့ဖန်၏ စကားလုံးများက အလွန်အာဏာရှင်ဆန်လေသည်။ သို့သော် သူ့စကားကြောင့် လင်းလန် ပို၍ ငိုမိလာသည်။ သူမ မျက်ရည်တွေကို သုတ်ပစ်သော်လည်း ပို၍သာ မျက်ရည်ကျလာသည်။
ရုတ်တရက် ရေကြီးလာသကဲ့သို့ သူမ မျက်ရည်များက ရပ်တန့်လို့ မရတော့ချေ။ သူမနဖူးကို ဖွဖွလေးနမ်းလိုက်ပြီးနောက် သူက ဝံပုလွေရိုင်း၊ ဖေးချမ်နှင့် အခြားသူများကို ကြည့်လိုက်သည်။
"သခင်ကြီး"
ဆယ်ယောက်လုံး အလွန် ပျော်ရွှင် ရူးသွပ်စွာနှင့် တုန်ယင်နေကြသည်။
*သူက တကယ့်နတ်ဆိုးပဲ*
*နတ်ဘုရားတွေလည်း အသတ်ခံရနိုင်တယ်၊ အင်မော်တယ်တွေလည်း သတ်ဖြတ်ခြင်း ခံရနိုင်တယ် ဒါပေမယ့် နတ်ဆိုးတွေက ထာဝရ တည်ရှိနေမှာပဲ*
သူတို့၏ အရူးအမူးဖြစ်နေသော မျက်နှာနှင့် ဆိုးရွားစွာ သွေးတွေနှင့် ဖြစ်နေသော ပုံစံကို ကြည့်ပြီး ယဲ့ဖန်သည် သူ့မျက်လုံးမှ ချီဓာတ်များ ပေါက်ကွဲထွက်လာသလို ခံစားလာရပြိး သူတို့ကို သူ နှစ်သိမ့်ရန် ပြင်လိုက်သည်။
"သူ မင်းတို့အပေါ် လုပ်ခဲ့သမျှကို သူ့အသက်နဲ့ ပြန်ဆပ်ရမယ်၊ လော့ကလန်က မင်းတို့အပေါ် လုပ်ခဲ့သမျှကို လော့ကလန်သားတိုင်းရဲ့ သွေးနဲ့ ပြန်ဆပ်စေရမယ်"
…
သူ့စကားကြောင့် ခြံဝန်းတစ်ခုလုံး ချက်ချင်း အေးခဲတောင့်တင်းသွားကြသည်။
ဧည့်သည်တိုင်း တစ်ကိုယ်လုံး အေးစိမ့်လာကာ မကြာခင် တိုက်ပွဲစတော့မည်ကို အလိုလို သိနေကြသည်။
"ယဲ့ဖန်…ဘယ်…မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
လော့စစ်က ယဲ့ဖန်အား မျက်တောင်တဖျတ်ဖျတ်ခပ်ရင်း ကြည့်နေသည်။
သူ အလုပ်အပ်လိုက်သည့် ရွှေရောင် ကြေးစားအဖွဲ့ကိုးဖွဲ့လုံး တစ်ညတည်းနှင့် ယဲ့ဖန်၏ အစေခံ ဖြစ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပါ။
*ဒါ…အံ့ဩစရာပဲ*
သူ့မေးခွန်းကြောင့် ယဲ့ဖန်သည် အနည်းငယ် တင်းမာခက်ထန်သော မျက်နှာထား ဖြစ်သွားသည်။
မနေ့က သူ ဒီမြို့သို့ ပြန်လာသည့်လမ်းတွင် ရွှေရောင်အဆင့် ကြေးစားအဖွဲ့ကိုးဖွဲ့လုံးကို သတ်ချင်ခဲ့သည်။
သို့သော် ကျန်းပေမြို့က တိုက်ပွဲကြောင့် ညအဖွဲ့၏ အရှင်သခင်သုံးယောက်နှင့် တစ္ဆေလေးကောင်တို့ အလွန် မောပန်းလို့နေကြသည်။
သူတို့ အပြန်လမ်းမှာပါ နောက်တစ်ပွဲ ထပ်နွှဲရလျင် သူတို့ သေချာပေါက် သေသွားလောက်သည်။
ထို့ကြောင့် ယဲ့ဖန်က နတ်ဆိုးသစ်စေ့ကို သုံးခဲ့ခြင်း ဖြစ်သည်။ သူက ကြယ်သုံးလုံးအဆင့် ခေါင်းဆောင်ကိုးယောက်လုံး၏ နဖူးအလယ် တည့်တည့်တွင် နတ်ဆိုးသစ်စေ့ကို စိုက်ပျိုးလိုက်ပြီး သူတို့၏ စိတ်ဝိညာဉ်ကို လုံးဝ ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
သူတို့သည် ယဲ့ဖန်၏ ဆန္ဒအတိုင်း သေဆိုသေ ရှင်ဆိုရှင်ပေလိမ့်မည်။ သို့သော် နတ်ဆိုးသစ်စေ့သည် ယဲ့ဖန်၏ သဘာဝစွမ်းအားကို အလွန်ကုန်ဆုံးစေသည်။
တကယ့်ကို လိုအပ်သည့်အခြေအနေမှသာ သူ အသုံးပြုတာ ဖြစ်သည်။ သို့သော် လော့စစ်သည် နတ်ဆိုးသစ်စေ့အကြောင်း လုံးဝ မသိပါ။
"ဒါပေါ့ ... ဒါ ဘယ်လိုလုပ်လဲ မင်း သိစရာမလိုဘူးလေ"
ယဲ့ဖန်က လော့စစ်အား ခက်ထန်သော မျက်နှာထားဖြင့် စိုက်ကြည့်ပြီး ပြင်းထန်သော ချီဓာတ်များကို ထုတ်လွှတ်ရင်း ပြောလိုက်သည်။
"မင်း ဘယ်လိုသေရမလဲဆိုတာကိုပဲ မင်းသိဖို့ လိုတယ်"
*အမ်*
ယဲ့ဖန်၏ စကားကြောင့် လော့စစ် ချက်ချင်း မျက်နှာပျက်သွားပြီးမှ ထရယ်လေသည်။
"ဟဟ… ယဲ့ဖန်… မင်း ရွှေရောင်အဆင့် ကြေးစားအဖွဲ့ကိုးဖွဲ့ကို ထိန်းချုပ်လိုက်နိုင်ရုံနဲ့ မင်း ငါ့ကို သတ်နိုင်မယ်လို့ မင်း တကယ်ထင်နေတာလား?"
အလွန်ရက်စက်သော အပြုံးနှင့် လော့စစ်က ထပ်ပြောလိုက်သည်။
"မင်းက အရမ်း နုံအတာပဲ"
ထိုသို့ပြောပြီး လော့စစ်က အချက်ပြလိုက်သည်။ တချွင်ချွင်မြည်သံနှင့်အတူ ဝံပုလွေရိုင်း၊ သွေးစွန်းတစ္ဆေနှင့် ဖေးချမ်တို့နောက်၌ ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် လူသုံးယောက်က သူတို့၏ ဓားရှည်များကို ဆွဲထုတ်ကာ ဝံပုလွေရိုင်းတို့ သုံးယောက်၏ လည်ပင်းပေါ် တင်လိုက်သည်။
ဤသည်ကို ဘေးမှ ကြည့်ပြီး လော့စစ်က ပို၍ အားရသော အပြုံးနှင့် "ယဲ့ဖန် ဘယ်သူက ပိုမြန်မယ်ထင်လဲ၊ မင်းလား သူတို့ဓားရှည်လား?"
"မင်း သူတို့ကို မကယ်နိုင်ခင် သူတို့သုံးယောက်လုံး ခေါင်းဖြတ်ခံရလိမ့်မယ်လို့ ငါ သေချာပေါက် ပြောရဲတယ်"
…
သူ့စကားကြောင့် ဝံပုလွေရိုင်း၊ ဖေးချမ်နှင့် သွေးစွန်းတစ္ဆေတို့ အလွန်သုန်မှုန်လာသည်။ လော့ကလန်၏ သခင်လေးဖြစ်သည့် အလွန်အင်အားကြီးသည့် လော့စစ်က ဤမျှ ကလိန်ကျသည့် နည်းမျိုး သုံးလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပါ။
ထို့ကြောင့် သူတို့သုံးယောက်လုံး၏ မျက်နှာက ပြာနှမ်းလာသည်။
"မင်း ဘာလိုချင်တာလဲ?"
ယဲ့ဖန်က အေးတိအေးစက်မျက်လုံးများနှင့် မေးလိုက်သည်။
"ငါ ဘာလိုချင်တာလဲ ဟုတ်လား?"
လော့စစ်က ပြုံးလိုက်သည်။ ထို့နောက် သူ့ဓားစာခံသုံးယောက်ကို ကြည့်ကာ အောင်နိုင်သူ မျက်နှာထားဖြင့် ပြောလာသည်။
"အခုလေးတင် သူတို့သုံးယောက်က မင်းအတွက် သေရဲတယ်လို့ ပြောနေတာ၊ အခု သူတို့ အတွက် မင်းရော သေရဲသလား၊ မသေရဲဘူးလားဆိုတာ ငါ သိချင်လာတယ်"
*ဘာ*
သူ့စကားကြောင့် ဝံပုလွေရိုင်း၊ ဖေးချမ်နှင့် သွေးစွန်းတစ္ဆေတို့၏ မျက်နှာများတွင် ကြောက်ရွံ့မှုများ ဖုံးလွှမ်းလာသည်။
လော့စစ်က ဓားစာခံများ၏ အသက်ကို ဗန်းပြပြီး ယဲ့ဖန်အား ကိုယ့်ကိုယ်ကိုယ် သတ်သေစေချင်နေသည်။
"မဟုတ်ဘူး...သခင်ကြီး…သူပြောတာကို နားမထောင်ပါနဲ့"
"သခင်ကြီး…ကျုပ်တို့ သေရဲတယ်၊ ဒါပေမယ့် ခင်ဗျားတော့ သေလို့မရဘူး"
…
သူတို့သုံးယောက်လုံး၏ မျက်နှာများတွင် နောင်တတရားများ၊ ဝေဒနာများနှင့် ဖုံးလွှမ်းလို့လာသည်။
သို့သော် သူတို့၏ တုံ့ပြန်မှုများကို လော့စစ်က လျစ်လျူရှုကာ ယဲ့ဖန်အား ဆိုးရွားသော အပြုံးမျိုးနှင့် ပြုံး၍ ကြည့်နေသည်။
"ဘယ်လိုလဲ? အသက်သုံးချောင်းအတွက် အသက်တစ်ချောင်းလေ၊ မင်းရဲ့သေဆုံးမှုက တန်ဖိုးရှိပါတယ်ကွ"
"ခွေးမသား"
သူ့စကားကြောင့် ဖေးချမ်က သူ့အား ကျယ်လောင်စွာ လှမ်းဆဲလိုက်သဖြင့် လော့စစ်၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
သူက လော့စစ်အား အလွန်မုန်းတီးသည့်အကြည့်ဖြင့် ကြည့်ကာ အော်ဟစ်လိုက်သည်။
"လော့စစ်…နားထောင်စမ်း… ငါ့ကို အသုံးချပြီး ငါ့သခင်ကြီးကို ထိခိုက်လာအောင် လုပ်ဖို့ စိတ်ကူးယဉ်မနေနဲ့"
ထိုသို့ပြောပြီး ဖေးချမ်က ယဲ့ဖန်အား အလွန်လေးစားသည့် အကြည့်ဖြင့် လှမ်းကြည့်ကာ အော်ဟစ်လိုက်သည်။
"သခင်ကြီး၊ ကျုပ်က ဘာမဟုတ်တဲ့ ပုရွက်ဆိတ်တစ်ကောင်လို မွေးဖွားခဲ့တယ်၊ ခင်ဗျားနဲ့ ဆုံခဲ့ပြီးမှ ကျုပ် ကောင်းကင်နဲ့ စကြဝဠာကြီး အကြောင်း သိလာခဲ့ရတယ်၊ ကျုပ် နောင်တအရဆုံး အရာဆိုလို့ ဒီခွေးမသား ဖမ်းတာကို ခံလိုက်ရတာပါပဲ၊ ကျုပ် အေးအေးဆေးဆေး သေနိုင်ပါတယ်"
ထိုသို့ပြောပြီး သူသည် အနီရောင် မျက်ရည်ပူများ ကျဆင်းလာကာ ဆုံးဖြတ်ချက် ပြတ်သားပြီး အကြောက်အလန့်ကင်းသော အမူအရာနှင့် ပြောလာသည်။
"သခင်ကြီး ... ခင်ဗျား ကမ္ဘာကြီးကို အုပ်စိုးတဲ့အထိ ကျုပ် အဖော်ပြုပေးချင်ခဲ့တယ်၊ ခင်ဗျား စကြဝဠာကြီးကို ချုပ်ကိုင်နိုင်တဲ့ အချိန်အထိ ကျုပ် အနားမှာ ရှိနေချင်ခဲ့တယ်၊ ကျုပ် နတ်ဆိုးဂြိုဟ်ကို သွားပြီး တခြားနတ်ဆိုးတွေနဲ့ ဆုံတွေ့ခွင့်ရဖို့ ကျုပ် မျှော်လင့်ခဲ့တယ်"
"ဒါပေမယ့် ခင်ဗျားတစ်ယောက်တည်းကသာ ကျုပ်ရဲ့ သခင်ကြီးပါ၊ ခင်ဗျားက စကြဝဠာထဲက များစွာသော နတ်ဆိုးတွေရဲ့ သခင်ကြီးပါ၊ ကျုပ် သေပေးနိုင်ပင်မယ့် နတ်ဆိုးဧကရာဇ်ကတော့ ထာဝရ ရှင်သန်နေသင့်ပါတယ်"
ဖေးချမ်သည် ယဲ့ဖန်အား ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်တို့ဖြင့် တစ်ချက်ကြည့်ကာ ဓားသွားနှင့် လည်ပင်းကို အပ်ကာ အားနှင့် ဖိချလိုက်သဖြင့် သွေးများက နေရာအနှံ့ စင်သွားလေသည်။
*သူသေသွားပြီ*
*ဖေးချမ် သေသွားပြီ*
အခြားသူများအားလုံး ဖေးချမ်၏ အပြုအမူကြောင့် အလွန်အမင်း ထိတ်လန့် သွားကြသည်။
သို့သော် ဤသည်ကား အစသာရှိသေး၏။
ဝံပုလွေရိုင်းသည် သူ၏နတ်ဘုရားအား ကြည့်နေသကဲ့သို့ ရူးသွပ်စွာ ကြည့်နေသည်။
"သခင်ကြီး ဝံပုလွေရိုင်းလည်း သေရဲပါတယ်၊ ဒါပေမယ့် နတ်ဆိုးဧကရာဇ်ကတော့ ထာဝရ ရှင်သန်နေသင့်ပါတယ်"
ထို့နောက် ဝံပုလွေရိုင်းသည် သူ့လည်ပင်းနှင့် ဓားရှည်ကို အတင်းဖိချလိုက်သည်။ သူသေသွားသော်လည်း သူ၏ ပုံစံက အလွန်အမင်း ရူးသွပ်နေသည့် ပုံပင်။
ထို့နောက် သွေးစွန်းတစ္ဆေ၏ အသံက ကမ္ဘာတောင် တုန်လှုပ်သွားလောက်သည်။
"သခင်ကြီး ကျုပ်ကို စောင့်နေပေးပါ၊ ကျုပ် လူပြန်ဖြစ်လာတဲ့ အခါမှာလည်း နတ်ဆိုးဧကရာဇ်ရဲ့ အစေခံအဖြစ် ဆက်ရှိနေမှာပါ"
ရွှစ်!
သွေးများ စင်ထွက်လာပြီး သူသည်လည်း လဲကျသွားလေသည်။ သူတို့၏ အပြုအမူများကို ကြည့်ပြီး ရိုစ့်၊ မာစတာလင်နှင့် အခြားသော ယဲ့ဖန်၏ နောက်လိုက်များ ပူဆွေး လာကြသည်။
သို့သော် ထူးဆန်းစွာပင် ယဲ့ဖန်က တည်ငြိမ်လို့နေ၏။ သူက နွေးထွေးသော အပြုံးမျိုးတောင် ပြုံးနေသည်။
"ဟဟ … ယဲ့ဖန် သူတို့သေကုန်ပြီ၊ သူတို့သုံးယောက်လုံး မင်းအတွက် သေသွားကြပြီ။ မင်း တစ်သက်လုံး အပြစ်ရှိသလို ခံစားနေ ရတော့မယ်၊ မဟုတ်သေးဘူး … မင်း ငါ့လက်ထဲမှာပဲ အပြစ်ရှိသလို ခံစားချက်နဲ့ သေသွားရလိမ့်မယ်၊ ဟဟ…"
လော့စစ်၏ ရယ်သံက အလွန့်ကို ဆိုးရွားလှသည်။ သို့သော် ယဲ့ဖန်၏ ပြောင်စပ်စပ်အသံက ထွက်ပေါ်လာသည်။
"သူတို့ သေသွားပြီလို့ မင်း တကယ်ထင်နေတာလား?"
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် လော့စစ်၏ မကောင်းဆိုးဝါးဆန်သော အပြုအမူက တောင့်တင်း သွားသည်။
မြေကြီးပေါ်က အလောင်းသုံးလောင်းကို တစ်ချက်ကြည့်ပြီး သူက ယဲ့ဖန်အား အရူးကို ကြည့်သလို ကြည့်လိုက်သည်။
သို့သော် ယဲ့ဖန်က လော့စစ်၏ အမူအရာကို ဥပေက္ခာပြုလိုက်သည်။ သူက မိုးကောင်းကင်ပြာကို မော့ကြည့်လိုက်ပြီး နတ်ဆိုးဂြိုဟ်ကို မြင်နေရသလို ခံစားနေရသည်။
"လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက စကြဝဠာကြီးထဲမှာ နတ်ဆိုးရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ အဘိုးကြီးတစ်ယောက် ရှိခဲ့တယ်, သူ့မိန်းမ၊ သူ့သားနဲ့သမီးတွေ အကုန် အသတ်ခံခဲ့ရတယ်၊ သူ့မိသားစုဝင်တွေ အားလုံး နတ်ဘုရားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်၊ အဲ့ဒါကြောင့် သူက စကြဝဠာထဲက ဂြိုဟ်ပေါင်းများစွာနဲ့ တားမြစ်နေရာများစွာကို သွားရောက်ခဲ့တယ်၊ နောက်ဆုံးမှာတော့ သူက ပြန်လည်အသက်သွင်းနိုင်တဲ့ နည်းလမ်းကို တီထွင်နိုင်ခဲ့တယ်"
"အဲ့ဒါကို ပြန်လည်ရှင်သန်ခြင်း မန္တန်လို့ ခေါ်တယ်"
ထို့နောက် ယဲ့ဖန်က လော့စစ်၏ မျက်လုံးအား စေ့စေ့ကြည့်ကာ အလွန် မကောင်းဆိုးဝါးဆန်သော အပြုံးမျိုးနှင့် "အဲ့လူအိုကြီးက နတ်ဆိုးဂြိုဟ်ရဲ့ ထိပ်တန်း နတ်ဆိုးနတ်ဘုရား ခြောက်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ပြန်လည်ရှင်သန်ခြင်း နတ်ဆိုးနတ်ဘုရားပဲ"
"နတ်ဆိုးရဲ့ ဝိညာဉ်က ပြည့်ပြည့်စုံစုံနဲ့ ရှိနေမယ်ဆို သူတို့ မသေနိုင်ဘူး၊ တစ်စုံတစ်ယောက်က နတ်ဆိုးဖြစ်လာတာနဲ့ အဲ့လူက သေပြီးတာတောင် ပြန်ရှင်လာနိုင်တယ်"
သူ့စကားဆုံးသည်နှင့် ယဲ့ဖန်က ထူးဆန်းသော မန္တန်တစ်ခုကို ရွတ်လိုက်လေသည်။ ထို့နောက် ဖြစ်ပေါ်လာသည့်အရာကြောင့် ခြံဝန်းထဲရှိ လူတိုင်း အလွန်အမင်း ထိတ်လန့်သွားကြလေတော့သည်။