အခု မင်းကို ငါ သတ်လို့ရပြီလား?
Vol. 11 Ch. 156
*ပြန်လည်ရှင်သန်ခြင်း နတ်ဆိုးနတ်ဘုရား*
*ပြန်လည်ရှင်သန်ခြင်းမန္တန်*
ယဲ့ဖန်၏ စကားများကို ကြားလိုက်ရသော ခြံဝန်းထဲရှိ ဧည့်သည် များသည် ပုံပြင်တစ်ပုဒ်ကို နားထောင်လိုက်ရသလို ခံစားလိုက်ရသည်။
*ငါတို့ ကမ္ဘာကြီးမှာ နတ်ဆိုးဆိုတာမျိုးက ဘယ်လိုလုပ် ရှိမှာလဲ၊ မန္တန်ဆို ပြောမနေနဲ့တော့၊ အဓိပ္ပာယ်မရှိလိုက်တာ*
ဧည့်သည်အားလုံးနီးပါးက ယဲ့ဖန် ရူးနေပြီဟု ထင်နေကြသည်။ သို့မဟုတ်ပါက သူ ဒီလို ပေါက်ကရတွေပြောမှ မဟုတ်ဟု တွေးနေကြသည်။
ဧည့်သည်များသာမက လော့စစ်ကိုယ်တိုင်ကိုက အရူးတစ်ယောက်ကို သူ မြင်နေရသည်ဟု ခံစားနေရသည်။
*သေသွားတဲ့လူတွေက ဘယ်တော့မှ ပြန်မရှင်လာနိုင်ဘူး*
*ဖေးချမ်၊ ဝံပုလွေရိုင်းနဲ့ သွေးစွန်းတစ္ဆေက သေသွားပြီလေ၊ ယဲ့ဖန်က သူတို့ကို ဘယ်လိုလုပ် အသက်ပြန်သွင်းနိုင်မှာလဲ*
ထိုစဉ် ယဲ့ဖန်က ထူးဆန်းသော မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။ အားလုံး သတိမထားလိုက်မိချိန်တွင် ခြံဝန်းအတွင်း လေပြင်းတိုက်ခတ်လာလေသည်။
အားလုံး၏ အံ့ဩနေသော အကြည့်အောက်တွင် ခြံဝန်းတစ်ခုလုံး အနက်ရောင်ချီဓာတ်များဖြင့် ယှက်သန်းလာလေသည်။
ထိုအနက်ရောင်ချီဓာတ်များသည် ငရဲမှ တိုက်ရိုက် ထွက်ပေါ်လာ သကဲ့သို့ သေစေနိုင်လောက်သော ချီဓာတ်ဖြစ်ပုံရပြီး အလွန် မကောင်းဆိုးဝါးဆန်ကာ မနှစ်မြို့စရာ ကောင်းလှပေ၏။
….
ထိုစဉ် ထိုအနက်ရောင်ချီဓာတ်များက ဖေးချမ်၊ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့၏ ဒဏ်ရာများထဲသို့ ရုတ်တရက် ထိုးဖောက် ဝင်ရောက်သွားလေသည်။
နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်ကြောင့် ခြံဝန်းထဲရှိ လူတိုင်း ထိတ်လန့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
အလောင်းသုံးလောင်းထံမှ ဂျိုးဂျိုးဂျွတ်ဂျွတ် အသံများကို သူတို့ ကြားလိုက်ရသည်။ ထို့နောက် အလောင်းသုံးလောင်းတို့သည် ဓားကဲ့သို့ ထက်ရှပြီး သန်မာသော ချီဓာတ်များကို ထုတ်လွှတ်လာ၏။
"ဒါ …. ဒါ လုံးဝ မဖြစ်နိုင်ဘူး"
အလောင်းသုံးလောင်းထံမှ တဟုန်ထိုး ထွက်ပေါ်လာသော ချီဓာတ်ကို အာရုံခံမိပြီး အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က မယုံနိုင်သလို ဖြစ်လို့နေ၏။
ဂျွတ်ခနဲ အသံနှင့်အတူ ကြယ်နှစ်လုံးအဆင့် ဖြစ်ခါနီးနေသော သွေးစွန်းတစ္ဆေ၏ ချီဓာတ်သည် ကြယ်နှစ်လုံးအဆင့်သို့ ထိုးတက်သွားလေသည်။
ထို့နောက် သူ၏ ချီဓာတ်က ဆက်၍ တိုးပွားလာသည်။
ကြယ်နှစ်လုံး အစောပိုင်း အဆင့်!
ကြယ်နှစ်လုံး အလယ်အလတ် အဆင့်!
ကြယ်နှစ်လုံး နောက်ဆုံး အဆင့်! ကြယ်နှစ်လုံး အထွတ်အထိပ် အဆင့်!
ထို့နောက်တွင်တော့ ကြယ်သုံးလုံး အဆင့်!
…
လူအုပ်ကြီးသည် သူတို့ မျက်ဝါးထင်ထင် မြင်လိုက်ရသည့် အရာကြောင့် အံ့ဩနေကြသည်။ ကြယ်နှစ်လုံး အဆင့် ရောက်ခါနီးနေသော လူတစ်ယောက် စက္က့န်ပိုင်းအတွင်း ကြယ်သုံးလုံး အဆင့်သို့ အဆင့်တက်သွားသည်ကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ထိုထက်ပိုသည်က အလောင်းကောင်က အဆင့်တက်နေခြင်း ဖြစ်သည်။
မည်မျှ အံ့အားသင့်စရာ ကောင်းလိုက်သည့် မြင်ကွင်းပါလိမ့်။
သွေးစွန်းတစ္ဆေသာမက ဝံပုလွေရိုင်း၏ ချီဓာတ်ပါ တဟုန်ထိုး တက်လာသည်။
ကြယ်တစ်လုံး အလယ်အလတ် အဆင့်!
ကြယ်တစ်လုံး နောက်ဆုံးအဆင့်!
ကြယ်တစ်လုံး အထွတ်အထိပ်အဆင့်!
ကြယ်နှစ်လုံး အဆင့်!
….
သူ၏ ချီဓာတ်သည် ကြယ်သုံးလုံးအဆင့် ရောက်ခါနီးမှသာ တစ်ဟုန်ထိုးတက်လာရာမှ ရပ်တန့်သွားတော့သည်။
ဖေးချမ်၏ ချီဓာတ်က အရက်စက်ဆုံးပင်၊ ယခင်က သူသည် အားအနည်းဆုံး အဆင့်သာ ဖြစ်သော်လည်း ယခုအခါတွင်တော့…
ထိပ်တန်းစွမ်းအား အဆင့်!
ကြယ်တစ်လုံး အဆင့်!
ကြယ်နှစ်လုံး အဆင့်!
ကြယ်သုံးလုံး ရောက်ခါနီးအဆင့်!
အဆင့်လေးဆင့်ကို သူက စက္ကန့်ပိုင်းအတွင်း ချိုးဖောက်ဝင်ရောက်သွားချင်း ဖြစ်သည်။ ဂျွတ်ခနဲ အသံနှင့်အတူ သူ၏ ချီဓာတ်သည် အဆင့်အသစ်သို့ ချိုးဖောက် ဝင်ရောက်သွားလေသည်။
ဤကဲ့သို့ မူမမှန်သော အဆင့်တက်ခြင်းမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပါ။
"မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး"
ထိုအချိန်တွင် လော့စစ်တစ်ယောက် လောကကြီးတစ်ခုလုံး ကပြောင်းကပြန် ဖြစ်သွားသလို ခံစားလိုက်ရသည်။
အသက်ရှင်နေသော လူတစ်ယောက်က ထိုသို့ အဆင့်တက်ခြင်းဖြစ်ပါက နားလည် လက်ခံပေးလို့ ရသေးသည်။ သို့သော် ယခုအရာက ထိုကဲ့သို့ မဟုတ်ပါတကား။
*ဒါ… လုံးဝ မဖြစ်နိုင်ဘူး*
ရုတ်တရက် အလောင်းသုံးလောင်း၏ ချီဓာတ်များက လုံးဝ မမြင်ရတော့ချေ၊ ထို့နောက်တွင် အနက်ရောင် အလင်းများက အလောင်းသုံးလောင်း၏ မျက်ခွံများမှ ထိုးထွက်လာသည်။
အလောင်း သုံးလောင်းစလုံးသည် ရက်စက်ကြမ်းတမ်းသော ချီဓာတ်များကို ထုတ်လွှတ် နေသဖြင့် နတ်ဆိုးသုံးကောင် လူ့လောကထဲသို့ ဆင်းသက်လာသလို ခံစားလိုက်ရသည်။
"သေစမ်း…သူတို့ ပြန်ရှင်လာတာပဲ"
အလောင်းသုံးလောင်းစလုံး မျက်လုံး ပြန်ပွင့်လာသည်ကို မြင်ပြီး သူတို့အနောက်မှ ကြယ်သုံးလုံးအဆင့် သုံးယောက်လုံး သေမတတ် ကြောက်လန့်လာကြသည်။
…
အနက်ရောင် ဝတ်စုံနှင့် လူသုံးယောက်က ဤအခြေအနေကို အလျင်အမြန် တုံ့ပြန် လိုက်ကြသည်။
သူတို့က သူတို့၏ ဓားရှည်ကို အလောင်းသုံးလောင်း၏ လည်ပင်းသို့ ထပ်မံ၍ ထိုးစိုက်လိုက်သည်။
"သေပေတော့"
အနက်ရောင် ဝတ်စုံနှင့် လူသုံးယောက်က သူတို့၏ ပြင်းထန်သော ချီဓာတ်များကို ထုတ်လွှတ်ရင်း ကြုံးဝါးလိုက်သည်။
သူတို့၏ ဓားရှည်များက အလွန်အမင်း ထက်မြပြီး အလောင်းသုံးလောင်း၏ လည်ပင်းနားသို့ ဥက္ကာပျံကဲ့သို့ နီးကပ်လာသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားသုံးချောင်းစလုံးက လည်ပင်းနှင့် သုံးစင်တီမီတာခန့်သာ ကွာဝေးတော့သည်။
ထိုစဉ် ချွင်ခနဲ မြည်သံအချို့နှင့်အတူ မီးပွားများက နေရာအနှံ့ လွင့်စဉ်လို့သွားသည်။ အလွန်တိုတောင်းသော သုံးစင်တီမီတာ ဟူသည့်အကွာအဝေးသည် သဘာဝ ကျုံးလိုပင်။ ထိုစဉ် ဓားသုံးလက်စလုံးသည် လက်နှစ်ချောင်းဖြင့် ဖိညှပ်ချင်း ခံလိုက်ရသည်။
ဖေးချမ်၊ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့သည် တူညီသော မျက်နှာအမူအရာတို့ကို ပိုင်ဆိုင်ထားကြလေသည်၊ ထိုသည်ကား မကောင်းဆိုးဝါး ဆန်၍ တင်းမာသော မျက်နှာထားပင်။
…
တိုက်ပွဲကို ကြည့်ပြီး ခြံဝန်းတစ်ခုလုံး ပွက်လောရိုက်လာသည်။ အလောင်းတွေက အသက်ပြန်ရှင်လာလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားခဲ့မိပါ။
*ဒါ…လုံးဝ မဖြစ်နိုင်တာကြီးကို*
ခြံဝန်းထဲရှိ ဧည့်သည်တိုင်းသည် သေမတတ် ထိတ်လန့်နေကြကာ သူတို့ သမာရိုးကျ သိထားသည့် အရာများ ပြိုပျက်သွားသလို ခံစားလိုက်ရသည်။ သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြသည်။
အနက်ရောင်ဝတ်စုံနှင့် လူသုံးယောက်လုံး သွေးပျက်မတတ် ထိတ်လန့်လာကြသည်။
"မဖြစ်ဘူး…မြန်မြန်…နောက်ပြန်ဆုတ်ကြ"
သူတို့အား ရက်စက်သောချီဓာတ်များ ဖုံးလွှမ်းလာသကဲ့သို့ ခံစားလိုက်မိသည်။ ထို့ကြောင့် သူတို့ နောက်လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်ကြသည်။
ထိုစဉ် အေးစိမ့်စိမ့်လေပြင်းက သူတို့ နောက်ကျောမှ တိုက်ခတ်လာသလို ခံစားမိပြီး ဆံပင်မွှေးများပင် ထောင်လာလေသည်။
မကောင်းတာတစ်ခုခု ဖြစ်တော့မည်ဟု သူတို့ အလိုလို သိလိုက်သော်လည်း နောက်ကျ သွားချေပြီ။
ရွှစ်! ရွှစ်! ရွှစ်!
အနက်ရောင်ဝတ်စုံနှင့် လူသုံးယောက်စလုံး ရုတ်တရက် တောင့်ခနဲ ဖြစ်သွားကာ အဆုံးမရှိသော ကြောက်ရွံ့ထိတ်လန့်မှုများက သူတို့ မျက်လုံးအတွင်း ပေါ်လွင်လို့လာသည်။
သူတို့ ခေါင်းငုံ့ကြည့်လိုက်သောအခါ လက်ဖဝါးသုံးခုက သူတို့နောက်ကျောမှနေ၍ ရင်ဘတ်သို့ ဖောက်ထွက်နေသည်ကို အသီးသီး တွေ့လိုက်ကြရသည်။
တောက်! တောက်!
လက်ဖဝါးသုံးခုမှ သွေးများက တတောက်တောက်ကျနေကာ နတ်ဆိုးသုံးကောင်က လူ့အသက်များကို ရိတ်သိမ်းနေသည်နှင့် တူနေလေသည်။
"နတ်ဆိုး…တကယ့်နတ်ဆိုးတွေပဲ"
အနက်ရောင်ဝတ်စုံနှင့် လူသုံးယောက်လုံး အလွန်ကြောက်လန့်ကာ တုန်လှုပ်လာသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့အားလုံး မြေကြီးပေါ်သို့ ပြိုင်တူ လဲကျသွားတော့၏။
သူတို့ သေသွားချေပြီ။ ကြယ်သုံးလုံး အဆင့် သုံးယောက်လုံး တစ်ချက်တည်းနှင့် သေသွားကြပြီ။
တိတ်ဆိတ်လို့နေ၏။
ထိုအချိန်အတွင်းတွင် ခြံဝန်းတစ်ခုလုံး သုဿန်တစပြင်အလား တိတ်ဆိတ်လို့နေ၏။ ဧည့်သည်တိုင်း ကိုယ့်တံတွေးကို မနည်းမျိုချနေရသည်။
သူတို့ ပုံသေထင်မှတ်ထားသည့်အရာများ ပျက်စီးသွားသဖြင့် လက်မခံနိုင်သလို ဖြစ်နေသည်။
*နတ်ဆိုးတွေက တကယ်…ရှိနေတာပဲ*
ထိုစဉ် ဖေးချမ်၊ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့က ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်ကာ ရင်ဘက်ပေါ် လက်တင်လိုက်ပုံက ရူးသွပ်သွားလောက်သည်။
"လောဘအိုး ဝံပုလွေဘုရင် ဖေးချမ် ပြန်ရောက်လာပါပြီ၊ အရိုအသေ ပေးပါတယ် သခင်ကြီး"
"သံလက် ဝံပုလွေရိုင်း ပြန်ရောက်လာပါပြီ၊ အရိုအသေ ပေးပါတယ် သခင်ကြီး"
"မိုရို သွေးစွန်းတစ္ဆေ ပြန်ရောက်လာပါပြီ၊ အရိုအသေ ပေးပါတယ် သခင်ကြီး"
….
ဤမြင်ကွင်းကို ကြည့်ပြီး ခြံဝန်းထဲရှိ လူတိုင်းလူတိုင်း ကြက်သီး တဖြန်းဖြန်း ထလာကြသည်။ သူတို့အားလုံး ယဲ့ဖန်ကို ထိတ်လန့်တကြား ကြည့်လိုက်မိကြသည်။
ဤလူက ရွှေရောင်အဆင့် ကြေးစားအဖွဲ့ ကိုးဖွဲ့ကို တစ်ညတည်းနဲ့ ကျွန်ပြုခဲ့သည်။
ဤလူကပဲ အလောင်းသုံးလောင်းကို ကြယ်သုံးလုံး အဆင့် ဖြစ်အောင် တစ်စက္က့န့်အတွင်း လုပ်နိုင်ခဲ့သည်။
လော့စစ် မျက်ခုံး ခပ်လှုပ်လှုပ်ဖြစ်လာသည်။ ဆရာသခင် အဆင့်အောက် ရှိသော အလွန်အင်အားကြီးသည့် လော့စစ်သည် များစွာသော အင်အားကြီးရန်သူများနှင့် ကြုံခဲ့ရသည်။ တစ်ယောက်ချင်းစီတိုင်းက ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။
သို့သော် ယဲ့ဖန်ကဲ့သို့ သူမျိုးကိုတော့ သူ ယခုမှ မြင်ဖူးခြင်းပင်။
ထိုအချိန်တွင် ယဲ့ဖန်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လော့စစ်၏ မျက်လုံးကို တည့်တည့်ကြည့်လျက် အလွန်ရက်စက်သော အပြုံးမျိုး ပြုံးလို့နေသည်။
အရှင်သခင် သုံးယောက်၊ ရွှေရောင်အဆင့် ကြေးစားဘုရင် ကိုးယောက်၊ လောဘအိုး ဝံပုလွေ ဖေးချမ်၊ သံလက် ဝံပုလွေရိုင်းနှင့် မိုရို သွေးစွန်းတစ္ဆေတို့ကလည်း ရှေ့သို့ လိုက်တက်လာသည်။
သူတို့၏ ရက်စက်သော ချီဓာတ်များက ကမ္ဘာတုန်လောက်ပေ၏။
"အခု ငါ မင်းကို သတ်လို့ရပြီလား?"