လောကအဆင့် ဇယား
Vol. 22 Ch. 291
လောကအဆင့်ဇယား
သူတို့က အစီအရင်မှ တစ်ဆင့် ကြယ်တာရာ တိုက်ပွဲကွင်း အပြင်ဘက်ရှိ လောက ခန်းမဆီသို့ ရောက်လာပြီး နောက်တွင် မိုဝူကျီနှင့် အခြားလူများ ပထမဆုံး သတိထားမိသည့် အရာမှာ ကြီးမားလှသည့် ဘုတ်ပြားကြီး ဖြစ်သည်။ ထိုအပြားကြီး ပေါ်တွင် မည်သည့်အရာ ဖြစ်ကြောင်း ဖော်ပြ မထားသော်လည်း မိုဝူကျီက လောက အဆင့်ဇယား ဖြစ်ကြောင်း ပြောနိုင်လေ၏။ လောက အဆင့်ဇယားနှင့် ကောင်းကင်ဖွေရှာ အဆင့်ဇယားတို့မှာ ကွာခြား လှပေသည်။ အကြောင်းမှာ လောအဆင့် ဇယားတွင် ကျင့်ကြံသူ နာမည်ကို ပြထားပြီး လူအများက အဆင့်တစ်က မည်သူဖြစ်ကြောင်း မြင်ရသော်လည်း သူတို့က ထိုအဆင့်တစ် နောက်ကွယ်မှ မှတ်တမ်း အကြောင်းအရာကိုတော့ မမြင်နိုင်ကြပေ။
လောကအဆင့် ဇယားရှိ အမည် အားလုံးကို သုံးဖက်မြင် ထွင်းထားသည့် အတွက် မျက်လုံးဖြင့် သေချာ မြင်နိုင်လေသည်။ အဆင့်များ မပါရှိဘဲ နာမည် နှစ်ခုကြားတွင် ကြားကွက်လပ် တစ်ခု ရှိ၏။ ကောင်းကင်၊ မြေကမ္ဘာနှင့် လူသား အဆင့်ဇယား တစ်ခုချင်းစီတွင် အမည် ၁၀၀၀၀ထိ ရှိကြောင်း သိလိုက်သော်လည်း လောက အဆင့်ဇယားတွင် နာမည် ၁၀၀၀သာ မြင်တွေ့ နိုင်လေသည်။ ထို့အပြင် မိုဝူကျီက ထိုနာမည်များကို စိတ်စွမ်းအား အစား သူ့မျက်လုံးဖြင့်သာ မြင်နိုင်ကြောင်း သတိထားမိ လိုက်သည်။
မုတ်ဆိတ်ဖြူ မြေခွေးအိုကြီးက သူ့ကို စိတ်စွမ်းအားနဲ့ ဖတ်မရတဲ့ အဆင့်ဇယား ထိပ်ဆုံး ရောက်စေချင် တာလား ....
တစ်ခါတည်းနဲ့ တန်းရောက် သွားမှာတော့ မဟုတ်ဘူးမလား ...
မိုဝူကျီက ရှေ့တိုးသွား ကြည့်လိုက်သည့် အခါ လောက အဆင့်ဇယားနှင့် နီးကပ် လာလေလေ ဖိအား များလေလေ ဖြစ်ကြောင်း ခံစားမိ၏။ ကြိုးစား မကြည့်ဘဲဖြင့် မိုဝူကျီက ထိုသုံးဖက်မြင် အဆင့်ဇယားကို တက်လှမ်းဖို့ရာ မလွယ်ကူကြောင်း သိလိုက်ရသည်။
အဆင့်တစ် ဖြစ်လာပြီးနောက် ကိစ္စများက အနည်းငယ်များ လွယ်ကူပေ မလားဟု စဉ်းစား မိလေသည်။
“ကျုပ်က လောက အဆင့်ဇယားမှာ အယောက် ၁၀၀၀ပဲ ရှိမယ်လို့ ထင်မထားဘူး။ အဲကို တက်ဖို့ အတော်လေး ခက်တယ် ထင်တယ်နော် ...” မိုဝူကျီက သက်ပြင်းချရင်း ပြောလိုက်သည်။
ချူချင်းလောင်က ရှင်းပြလိုက်သည်။
“လောက အဆင့်ဇယားမှာလည်း လူ ၁၀၀၀၀ ရှိတာလေ။ ရှင် မြင်တာက ပင်မအဆင့် ဇယားကြီး ... ကျန်တဲ့လူတွေက ဆင့်ပွားအဆင့် ဇယားမှာ ရှိတာ ...”
သူမက အဝေး တစ်နေရာကို ညွှန်ပြရင်း ပြောလိုက်သည်။
မိုဝူကျီက ချူချင်းလောင် ပြသည့်နေရာကို လိုက်ကြည့် လိုက်သည့်အခါ ဧရာမအဆင့် ဇယားကြီးကို တွေ့လိုက်ရသည်။ ထိုအဆင့် ဇယားပေါ်တွင် အဆင့်များ၊ မှတ်တမ်းများ မပါရှိချေ။ ထို့အစား နာမည်များသာ ပါရှိလေသည်။ ထိပ်ဆုံးမှ အောက်ဆုံးအထိ စကားလုံးများက သေးငယ်သော်လည်း မိုဝူကျီက စိတ်စွမ်းအားဖြင့် အားလုံးကို သေချာ မြင်ရလေသည်။ ဤဆင့်ပွား အဆင့်ဇယားမှာ နောက်မှ ဆောက်ထားခြင်း ဖြစ်ကြောင်း သေချာ သွားလေရာ အဓိကအဆင့် ဇယားနှင့် ထိုအရာကြားမှ ကွာခြားချက်သည် မိုးနှင့်မြေလို ခြားနားချက် ကြီးမားလှသည်။
အဓိက ပင်မအဆင့် ဇယားတွင် တစ်ကြောင်းစီတွင် နာမည်သာ ရှိပြီး ကျန်သည့် ဘာအရာမှ မရှိချေ။ ဆင့်ပွားအဆင့် ဇယားတွင် နာမည်ရှိရုံ သာမက ဂိုဏ်းနာမည်လည်း ပါရှိပေသည်။
ကြယ်တာရာ တိုက်ပွဲကဲ့သို့သော နာမည်ကြီး နေရာမျိုးတွင် သူတို့နာမည် ဆင့်ပွားအဆင့် ဇယား၌ ဝင်ခွင့်ရခြင်းက အလွန် ဂုဏ်ယူဖွယ် ကောင်းနေလေပြီ။
“ဒါက လောက ခန်းမ မလား ...” ဖန်းချီက တစ်မူထူးသော မီးခိုးရောင် အဆောက်အဦကို လက်ညှိုး ထိုးပြကာ မေးလိုက်သည်။
မိုဝူကျီက ကြည့်လိုက်သော အခါ ထိုအဆောက်အဦမှာ မည်မျှကျယ်ဝန်းကြောင်း မပြောနိုင်ပေ။ သူ သိသည်က အဆောက်အဦ ဘေးတစ်ဖက် တစ်ချက်တွင် တိမ်များပင် ဝန်းရံလျက် ရှိနေကြောင်း ဖြစ်သည်။ သူက အဆောက်အဦ ထိပ်များကို ဖုံးလွှမ်းနေသော မြူများကြောင့် သေချာ မမြင်ရပေ။
ချူချင်းလောင်က ခေါင်းညိတ်ကာ
“ဟုတ်တယ်။ ဒါက လောက ခန်းမပဲ။ ကျွန်မတို့တွေ ကြယ်တာရာ တိုက်ပွဲဆီ သွားဖို့ဆိုရင် လောက ခန်းမကို သွားရမယ်။ ကျွန်မတို့ အထဲရောက်မှ သေချာ ထပ်ရှင်းပြမယ်။ လောကခန်းမ အတွင်းမှာ ကျင့်ကြံခြင်း မြို့အသေးလေး ရှိသေးတယ် ...”
သူမက ပြောပြနေရင်း အားလုံးကို ထိုအဆောက်အဦဆီ ဦးဆောင်၍ ခေါ်သွားလေသည်။
သူတို့ လောကခန်းမ အထဲ ဝင်သွားသည်နှင့် မိုဝူကျီက ချူချင်းလောင် ပြောစကားများသည် မှန်ကန်ကြောင်း သိလိုက်သည်။ ဤနေရာတွင် အမှန်ပင် ကျင့်ကြံခြင်းမြို့ အသေးလေး ရှိနေပေသည်။ နေရာတိုင်းတွင် စိတ်စွမ်းအင် အကာအရံများ ဖြစ်သည့် အကာအရံ အစီအရင်များ ရှိနေပြီး ဆိုင်များ၊ လမ်းများ၊ တည်းခိုခန်းများနှင့် ကမ္ဘာမြေမှ ဆောင်ကြာမြိုင်နှင့် တူညီသည့် အဆောက်အဦများလည်း ရှိပေသည်။
ကျန်းမို နယ်မြေရှိ ဝိညာဉ် စွမ်းအားများက ပျောက်ဆုံး နယ်မြေထက် အဆများစွာ သာလွန်နေပြီ ဖြစ်သော်လည်း ဤနေရာ လောကခန်းမ အတွင်းကား ပို၍ သိပ်သည်းပေသည်။ ထို့အပြင် လောကခန်းမမှ ဝင်ချည်၊ ထွက်ချည် အလုပ်ရှုပ် နေကြသော ကျင့်ကြံသူ မြောက်မြားစွာလည်း ရှိကာ အရေအတွက် ပြောပြဖို့ပင် မဖြစ်နိုင်ချေ။
ဤနေရာရှိ ကျင့်ကြံသူတိုင်းက အရှိန်အဝါ ကောင်းများ ရှိကြပြီး မည်သူကမျှ သာမန် မပါကြောင်း သက်သေ ပြနေသည့် အလား ဖြစ်သည်။ မိုဝူကျီက ဤနေရာရှိ ကျင့်ကြံသူများ စွမ်းအားကို ကြည့်ကာ ယွမ်ဒန် အဆင့်တွင် ရှိနေခြင်းက အနိမ့်ဆုံးဟုပင် သတ်မှတ် နိုင်ပေသည်။
ဤနေရာတွင် အစစ်အမှန် ရေအဆင့်နှင့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူများက များပြားသော်လည်း ယွမ်ဒန်အဆင့် ကျင့်ကြံသူများက အလွန် နည်းပါးလှကာ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူများလည်း များများစားစား မရှိပေ။ လောက အင်မော်တယ် ကျင့်ကြံသူ အတွက် မိုဝူကျီက သူတို့နှင့် တွေ့လျှင်ပင် ပြောနိုင်မည် မဟုတ်ပေ။
“ကြယ်တာရာ တိုက်ပွဲကို ဘယ်လို သွားကြမလဲ ...” ဆူးနစ်လေဂိတ်ကို သွားချင်၍ မိုဝူကျီက ချူချင်းလောင်ကို သိချင်စွာ မေးကြည့်လိုက်သည်။
ချူချင်းလောင်က သူတို့ရှေ့မှ လမ်းအကျယ်ကြီးကို ပြကာ
”ဒီကနေ လျှောက်သွားရင် ကျွန်မတို့တွေ လောက အမှတ်အသားပြား လုပ်တဲ့နေရာ ရောက်လိမ့်မယ်။ အားလုံးက လောက အမှတ်အသားပြား လုပ်ပြီးတာနဲ့ ကြယ်တာရာ တိုက်ပွဲ ဝင်ပေါက်ကို ခေါ်သွားပေးမယ် ...”
ချူချင်းလောင်က ကတိတည်ကာ မိုဝူကျီနှင့် အားလုံးအတွက် လောက အမှတ်အသားပြား ထုတ်ပေးခဲ့သည်။ ထို့အပြင် သူမက လိုအပ်တာ အကုန် လုပ်ပေးခဲ့၍ မည်သူကမျှ မိုဝူကျီနှင့် ကျန်လူများ၏ ဇာစ်မြစ်ကို မမေးကြပေ။
ချူချင်းလောင်က အားလုံးကို အမှတ်အသားပြားများ လှမ်းပေးလိုက်ပြီး သူတို့နှင့် မနီးမဝေးမှ ခန်းမ နောက်တစ်ခုဆီ ခေါ်သွားလေသည်။
သူတို့ နောက်ခန်းမ အတွင်း ရောက်သည်နှင့် မိုဝူကျီက ဈေးထဲ ရောက်လာသလို ခံစားမိလိုက်သည်။ ဘေးပတ်လည်တွင် ကျင့်ကြံသူများစွာ ရှိနေပြီး အုပ်စု အမျိုးမျိုးမှ သတင်းစကားများကို ပေးပို့ပြသ ပေးနေသည့် ပုံရိပ်ထင် အစီအရင် များစွာနှင့် လူခေါ်စာ သတင်းများ ပြသပေးသည့် အစီအရင် တချို့လည်း ရှိနေပေသည်။ ထိုသည်က ကျင့်ကြံခြင်းမြို့ အဖွဲ့အစည်းနှင့် ကွက်တိ တူညီလှသည်။
ချူချင်းလောင်က ထိုအရာများကို ကြည့်ကာ
”ဒီနေရာကို လောကတိုင်လို့ ခေါ်တယ်။ ကြယ်တာရာ တိုက်ပွဲ မသွားခင် အသစ် ရောက်လာသူတွေက အဖွဲ့တွေ ဖွဲ့ကြတာ ဒါမှမဟုတ် အဖွဲ့တွေက လူခေါ်ကြတာ မျိုးပေါ့။ အဲဒါကြောင့် ကျွန်မတို့တွေ ကြယ်တာရာ တိုက်ပွဲမသွားခင် ဒီနေရာက သတင်းတွေကို စုံစမ်းဖို့ လိုတယ် ... လောကတိုင် ဒုတိယ အလွှာမှာကျ ရမှတ်တွေနဲ့ လဲလှယ်တဲ့ နေရာလေ။ ရှင်တို့က ဒီနေရာမှာ မလဲလှယ်ချင်ရင် ရမှတ်တွေ သုံးပြီးတော့ တခြား အဆောက်အဦတွေဆီက လဲလို့ရသေးတယ်။ တခြားနည်းနဲ့ ပြောရမယ် ဆိုရင်တော့ ဒီနေရာမှာ လောက ရမှတ်တွေက စိတ်စွမ်းအင် ကျောက်တုံးတွေထက် အများကြီး အသုံးဝင်တယ် ... ရမှတ်ရဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်။ အလွယ်ဆုံးက စစ်တပ်ကို ဝင်ပြီးတော့ စစ်တပ်အာဏာ အသုံးပြုတာပဲ။ ရှင်တို့တွေက အဲဒီမှာ တာဝန်တွေ လက်ခံပြီးတော့ အာကာသ သားရဲတွေ၊ နယ်ခြား ကျင့်ကြံသူတွေကို စိတ်ကြိုက် သတ်နိုင်တယ်။ အာကာသ နယ်ခြား ကျင့်ကြံသူတွေက ကျန်းမိုနယ်မြေက ကျင့်ကြံသူတွေနဲ့ ကွာတော သေသွားတဲ့အခါ ဝိညာဉ်ပျောက်ကွယ် သွားတာလဲ မတူကြဘူး။ အဲဒါကြောင့် ရှင်က နယ်ခြား ကျင့်ကြံသူကို သတ်လိုက်တာနဲ့ ရမှတ် ရလိမ့်မယ်။ ရှင်တို့ရဲ့ လောက အမှတ်အသားပြားကို ခါးမှာ ချိတ်ထားဖို့ မေ့မနေကြနဲ့ဦး။ သိုလှောင် လက်စွပ်ထဲ သိမ်းမထားနဲ့ ...”
ချူချင်းလောင်က ပြောရင်း မိုဝူကျီနှင့် ကျန်လူများကို တတိယထပ်သို့ ခေါ်သွားလိုက်သည်။
တတိယထပ်တွင် မိုဝူကျီက ဧရာမ အစီအရင် ဂိတ်ပေါက် အချို့ကို မြင်လိုက်ရသည်။ မိုဝူကျီက တစ်ချက်တည်း ကြည့်ရုံဖြင့် ထိုအရာများက အာကာသ အစီအရင် ဂိတ်ပေါက်များ ဖြစ်ကြောင်း ပြောနိုင်လေ၏။ ထိုတံခါးများမှ တစ်ဆင့် ကျန်းမိုနယ်မြေမှ ထွက်ကာ အာကာသထဲသို့ သွားနိုင်လိမ့်မည်။
“အားလုံး ဒီဂိတ်တွေကို မြင်ကြတယ် မလား။ ဒါတွေက ကြယ်တာရာ တိုက်ပွဲဆီ သွားဖို့ တံခါးပေါက်ပဲ။ ဂိတ်တိုင်းက ကျန်းမိုနယ်မြေ အပြင်ဘက်က အာကာသဆီ ပို့ပေးလိမ့်မယ်။ အဲဒီအချိန် ရှင်တို့တွေ အန္တရာယ်နဲ့ ရင်ဆိုင် တွေ့ရတာမျိုးလည်း ဖြစ်နိုင်တယ် ...” ချူချင်းလောင်က တံခါးပေါက်များကို ညွှန်ပြရင်း ပြောလိုက်သည်။
မိုဝူကျီက ထပ်မေးလိုက်သည်
“အစ်မချူ ... ကျုပ်တို့ အခုရောက်နေတဲ့ လောကခန်းမက ကျန်းမိုနယ်မြေ မဟုတ်တော့ဘူး မလား ...”
ချူချင်းလောင်က ခေါင်းညိတ်ပြကာ
“အင်း ... ဒါက ကျန်းမို နယ်မြေရဲ့ ပင်မ အကာအကွယ် အစီအရင်လေ။ လောကခန်းမကို ဘေးကင်းတယ် လို့တော့ မထင်ကြနဲ့ဦး။ အမှန်တော့ ဒီဂိတ်အလွန်မှာ အာကာသ ရှိနေတာဆိုတော့ ကျွန်မတို့ ကျန်းမိုနယ်မြေက ကျွန်မတို့နဲ့အတူ စစ်တပ်ရာချီကို တပ်စွဲထားရတာ။ မဟုတ်ရင် ကျွန်မတို့ ဂိတ်အစီအရင်တွေက သေချာပေါက် အာကာသက တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး ...”
မိုဝူကျီက စိတ်ထဲ၌ သက်ပြင်း ချမိလိုက်သည်။ အကြောင်းမှာ ကျင့်ကြံခြင်း လောကတွင် ဖြစ်စေ၊ သေမျိုး လောကတွင် ဖြစ်စေ ငြိမ်းချမ်းမှုကား သွေးများဖြင့် လဲလှယ်ကာ တည်ဆောက် ထားရခြင်း ဖြစ်သည်။ ကျန်းမိုနယ်မြေ၏ အပြင်ဘက် အာကသာတွင် ရာချီနေသော စစ်တပ်များ မရှိလျှင် ကျန်းမိုနယ်မြေသည် ပျောက်ဆုံးနယ်မြေ ကဲ့သို့ ကျူးကျော် ခံရလိမ့်မည်။
“အဲဆို ကျန်းမိုနယ်မြေကို ပျောက်ဆုံး နယ်မြေကနေ တစ်ဆင့် ကျူးကျော် ဝင်လာဖို့ ဘာလို့ မတွေးမိကြတာလဲ ...” မိုဝူကျီက နည်းနည်း ထူးဆန်းမိ၍ မေးလိုက်သည်။ ပျောက်ဆုံး နယ်မြေမှာ ခုခံအား နည်းလှ၍ အလွယ်တကူ ကျူးကျော် ဝင်ရောက် နိုင်လေသည်။
ဤတစ်ကြိမ်တွင် ချူချင်းလောင် အဖြေကို မစောင့်ဘဲ ဘေးနားမှ ကျင့်ကြံသူက မနေနိုင်ဘဲ ဝင်ဖြေ လိုက်လေသည်။
“ဟိဟိ ... ဒီက မိတ်ဆွေက အခုမှ ရောက်ဖူးတာ ထင်တယ် ဟုတ်တယ်မလား ... ပျောက်ဆုံး နယ်မြေနဲ့ ကျုပ်တို့ ကျန်းမိုနယ်မြေက ကျန်းရှင်းလို့ ခေါ်တဲ့ ဂြိုဟ်တစ်ခုတည်းပေါ်မှာ ရှိတာလေ။ အဲဒီလူတွေက ပျောက်ဆုံးနယ်မြေက တစ်ဆင့် ကျူးကျော်လာရင် ပိုစိတ်လှုပ်ရှားဖို့ မကောင်းဘူးလား။ သူတို့က သေခြင်းတရားကို ကိုယ့်ဘာသာ လက်ယက်ခေါ် နေကြတာလေဗျာ ... ” မိုဝူကျီက ပျောက်ဆုံး နယ်မြေမှ ရောက်လာသောကြောင့် နားမလည်နိုင်ဘဲ ပိုသိချင်မိ သွားသည်။
ခဏလေးနေပါဦး ... သူတောင် ဒီနေရာကို အသက်ရှင်ရက် မနည်းရောက်အောင် လာခဲ့ရတာလေ ...
ချူချင်းလောင်က ရှင်းပြ လိုက်လေသည်။
”ပျောက်ဆုံးနယ်မြေက ကျင့်ကြံခြင်းမှာ အားနည်းချက်တွေ ရှိတယ်။ ဉပမာ ပြရရင်တော့ ဝိညာဉ်စွမ်းအား ရှားပါးတာပေါ့။ တစ်ယောက်ယောက်က ပျောက်ဆုံး နယ်မြေကို ကျူးကျော်လာတဲ့ အခိုက်အတန့် ကျွန်မတို့ လုပ်ဖို့ လိုတာက ကျန်းရှင်း ထောင်ချောက် အစီအရင်ကို အသက်သွင်း လိုက်ရုံပဲလေ။ အဲဒီလူတွေက သေလူတွေ ဖြစ်သွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပျောက်ဆုံး နယ်မြေကနေ ကျန်းမိုနယ်မြေကို လာဖို့ အဲလောက် လွယ်နေတာတော့ မဟုတ်ဘူးလေ။ ပြီးတော့ သူတို့က ပျောက်ဆုံး နယ်မြေမှာ နေပြီးတော့ ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး ...”
မိုဝူကျီက ဆိုလိုရင်းကို နားလည် သွားလေသည်။ သူတို့က ကျန်းရှင်း ကာကွယ်ရေး အစီအရင်ကို ထိန်းချုပ်လိုက်ရုံသာ ဖြစ်၏။ ပျောက်ဆုံး နယ်မြေကို ကျူးကျော်လာသည့် သူများအတွက် သူတို့က ထိုနေရာ၌ လူများစွာ သတ်ဖြတ် နေလျှင်ပင် ကျန်းမိုနယ်မြေ အာဏာရှင်များ၏ မျက်လုံးတွင် ပုရွက်ဆိတ် တချို့ ပျောက်ဆုံးသွားရုံသာ ဖြစ်နေလိမ့်မည်။ စောစောလေးမှ ကျင့်ကြံသူ ပြောသည့်အတိုင်း ထိုလူများက ပျောက်ဆုံး နယ်မြေမှ ကျူးကျော်လာလျှင် ပို၍ပင် စိတ်လှုပ်ရှားဖွယ် ဖြစ်နေလိမ့်မည်။ အကြောင်းမှာ ပျောက်ဆုံး နယ်မြေတွင် ပိတ်မိနေကြသော သူများမှာ ထိုမျှ အားမကောင်းကြပေ။ ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများ အတွက် ခွေးများကို ချောင်ပိတ် ထားရုံမျှသာ ဖြစ်လိမ့်မည်။
မိုဝူကျီက စိတ်မသက်သာကာ ကျန်းမိုနယ်မြေမှ အာဏာရှင်များကို အစပိုင်း လေးစားမှုပင် ပျောက်ဆုံး သွားလေသည်။ သူတို့က ထိုသို့တပ်ဆင် ထားခြင်းမှာ ကျန်းမို နယ်သားများကို ကာကွယ်မည့်အစား သူတို့ကိုယ်ပိုင် စိတ်ဝင်စားမှုကို ကာကွယ် နေရုံမျှသာ ဖြစ်လေ၏။
“ကျွန်မတို့တွေ ပထမအဆင့်ကို ပိုနားလည်အောင် ကိုယ့်ဘာသာ အဖွဲ့ ဖွဲ့ပြီးတော့လည်း ဝင်လို့ရတယ်။ ဒါမှမဟုတ် ကြယ်တာရာ တိုက်ပွဲဝင်ဖို့ တာဝန်အတူတူ လက်ခံလည်း ရတယ် ...” ချူချင်းလောင်၏ ကျင့်ကြံဆင့်မှာ မိုဝူကျီထက် မြင့်သော်လည်း သူမက မိုဝူကျီ အမြင်ကို တောင်းခံနေဆဲ ဖြစ်သည်။
သူမက မိုဝူကျီသာ ကြယ်တာရာ တိုက်ပွဲတွင် မသေသရွေ့ သူ့ကျင့်ကြံဆင့်မှာ သူမကို အချိန်တို အတွင်း ကျော်လွန်သွားမည် ဖြစ်ကြောင်း ယုံကြည်သည်။
မိုဝူကျီက အားနာစွာ ပြောလိုက်သည်
”ကျုပ်ကိစ္စလေးတွေ ဖြေရှင်းဖို့ ကြယ်တာရာ တိုက်ပွဲကို တစ်ယောက်တည်း သွားဖို့ လိုတယ်။ တကယ်လို့ ကျုပ်အသက်ရှင်ရက် ပြန်ရောက်လာခဲ့ရင် နောင်ကျ အဖွဲ့ဖွဲ့ကြတာပေါ့။ တကယ်လို့ ကျုပ် အချိန်မီ ပြန်မလာ ဖြစ်ရင်တော့ ... မေ့လိုက်ပါ ...”
မိုဝူကျီက ဆူးနစ်လေဂိတ်ကို သွားဖို့ရာ ဆုံးဖြတ်ထားပြီး ထိုအရာမှာ အသာလွန်ဆုံး နယ်ပယ် ဖြစ်သည့်အတွက် သူက ဖန်းချီနှင့် ကျန်လူများကို မခေါ်ရက်ပေ။ မဟုတ်လျှင် သူက သူတို့ကို ကူညီမည့်အစား ဒဏ်ရာ ရမိစေလိမ့်မည်။
ဖန်းချီနှင့် ကျန်လူများက မိုဝူကျီက တစ်ကိုယ်တော် သွားချင်သည်ဟု ဆိုသောအခါ သူတို့ မျက်လုံးတွင် စိတ်ပျက်မှု အရိပ်အယောင်များ ဖျတ်ခနဲ ဖြတ်ပြေး သွားလေသည်။ သိသာလှစွာ သူတို့က မိုဝူကျီနှင့် တစ်ဖွဲ့တည်း ဝင်ရန် ပြင်ဆင်ထားခြင်း ဖြစ်၏။ သို့သော်လည်း သူတို့က မိုဝူကျီ ဆုံးဖြတ်ချက်များကို လေးစားကြသည့် အတွက် ချက်ချင်း သဘောတူ လိုက်ကြသည်။
မိုဝူကျီက ဆုံးဖြတ်ချက် ပြတ်သားသည့်သူ ဖြစ်ကာ ချူချင်းလောင်နှင့် အားလုံးကို နှုတ်ဆက် လိုက်လေသည်။ အကြောင်းမှာ သူက အားလုံးကို သူသွားသည့် နေရာကို မသိစေချင်ပေ။ ထို့ကြောင့် သူကိုယ်တိုင် ဆူးနစ်လေဂိတ်ကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။
နာရီအချို့ အကြာတွင် မိုဝူကျီက လောကတိုင် တတိယ အထပ်သို့ ပြန်လည်ရောက်ရှိ လာလေသည်။ ထိုနေရာမှ ကြယ်တာရာ တိုက်ပွဲကို ဝင်ရန် အဆင်သင့် ဖြစ်နေလေပြီ။
မိုဝူကျီ ထွက်သွားသည်နှင့် ဆံဝါအမျိုးသားက ပထမ အလွှာသို့ ပြေးလာသည့်အခါ လက်ဖက်ရည် စံအိမ်တော်တွင် စောင့်နေသော မှုန်မှိုင်းမှိုင်းနှင့် အမျိုးသားကို တွေ့ဆုံလိုက်သည်။
သူက ထိုလူ ရောက်လာသည်ကို မြင်သောအခါ ချက်ချင်းထကာ မေးလိုက်သည်
”သူ ထွက်သွားပြီလား ...”
“အခုလေးတင် ထွက်သွားပြီ။ ကျုပ်ကြားတာတော့ သူက ဆူးနစ်လေဂိတ် နေရာကို မေးနေတာပဲ ... ပြီးတော့ ဆူးနစ်လေဂိတ် သွားဖို့ အာကာသ တည်နေရာပြ အလုံးကိုတောင် ဝယ်သွားသေးတယ် ... ပြီးတော့ သူက အာကာသာ ဂိတ်တံခါး အမှတ် ၇ ကနေ ထွက်သွားတာ ...” ဆံဝါ အမျိုးသားက ပြန်ဖြေလိုက်သည်။
***