လီသုံးရဲ့သေရည်
Vol. 10 Ch. 127
စုဆယ့်ရှစ်နှင့် ချီဆယ့်သုံးတို့နှစ်ဦးလုံးမှာ ငယ်ရွယ်တက်ကြွသူများ ဖြစ်ကြသည်။
လုတစ်ဆယ်ကား မျက်နှာလေးထောင့်နှင့် လူသန်ကြီးဖြစ်သည်။
စုန့်ကိုးမှာ ပိန်ပါးကာ သိမ်မွေ့သော အမူအရာရှိသည်။
လီသုံးကား အမျိုးသမီးကျင့်ကြံသူဖြစ်ကာ နောက်ကျောတွင် ဓားရှည်တစ်လက်ကို သယ်ပိုးထားသည်။ သူမ၏ရုပ်ရည်မှာ သာမန်ဆန်ကာ ဓားသမားများဝတ်ဆင်လေ့ရှိသော ဖျင်ကြမ်းဝတ်စုံအား ဝတ်ထား၏။
သို့သော်လည်း ဂိုဏ်း၏တိုက်ရိုက်တပည့်မှာ သာမန်ဓားသမားတစ်ဦးမဟုတ်ကြောင်း ဟန်မူယဲ့ နားလည်သည်။
တိုက်ရိုက်တပည့်များကြားတွင် နံပါတ် ၃ ဖြစ်နေသော သူမသည် သေချာပေါက် သာမန်မဟုတ်ချေ။
“ဟန်ဆယ့်ကိုး… မင်းရဲ့ကျင့်ကြံခြင်း ပြီးသွားပြီလား”
လေးထောင့်မျက်နှာ လုတစ်ဆယ်က ပြုံးလျက် ပြောသည်။
“ငါ တောင်ပေါ်မှာ တောဝက်တစ်ကောင်အခုပဲ ဖမ်းလာတယ်။ အတူတူသောက်စားကြရအောင်…”
“အကြီးအကဲတွေတောင်မှ စုန့်ကိုးရဲ့အသားကင်လက်ရာကို ချီးကျူးရတယ်”
လုတစ်ဆယ်၊ စုန့်ကိုးနှင့် တခြားလူများအားလုံးမှာ လျှို့ဝှက်နယ်မြေ၌ သာမန်ကျေးရွာသားများနှင့် ဆင်တူလှသည်။
ဟန်မူယဲ့လည်း စိတ်ဝင်စားမိ၏။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အတော်ဆုံးပါရမီရှင်များမှာ အမှန်တကယ် အမဲလိုက်ရန် အချိန်ရှိသည်လား။ သူတို့က အားကြိုးမာန်တက် လေ့ကျင့်နေကြရမည် မဟုတ်ပေဘူးလား။
ဥပမာအားဖြင့် သိပ်မဝေးသောနေရာ၌ ပန်းပင်များအား စိုက်ပျိုးနေသော အကြီးအကဲကျန်းကျစ်ဟယ်သည် လယ်သမားအိုကြီးတစ်ယောက်နှင့် ဆင်တူသည်။
“ဒါဆိုလည်း ကျုပ် အားမနာတော့ဘူး”
ဟန်မူယဲ့က ပြုံးလျက် အိမ်ကြီးထဲမှ ထွက်လာသည်။
သူတို့ အဝေးသို့ ထွက်သွားကြသည်ကို ကြည့်ကာ မူအားရီတို့ အမွေခံတပည့်အုပ်စုမှာ လေးစားအားကျနေကြသည်။
တိုက်ရိုက်တပည့်များ…
သူတို့တစ်ယောက်စီချင်းသည် တိုက်ရိုက်တပည့်များ ဖြစ်ကြသည်။
“ဒီ နံပါတ် ၁၉ တိုက်ရိုက်တပည့်ဟာ တကယ်ပဲ တိုက်ရိုက်တပည့်ငါးယောက်ရဲ့ ဖိတ်ခေါ်တာ ခံရတယ်။ ဒါက တကယ်…”
အမွေခံတပည့်တစ်ယောက်က ခေါင်းယမ်းသည်။
သူသည် ထိုသို့ ဦးစားပေးမှုကို တစ်ခါမှ မခံရဖူးပေ။
“ဟီးဟီး… မင်းက တစ်နာရီအတွင်း ဝိညာဉ်ကျောက်တုံး သုံးသိန်းကို သုံးပြနိုင်ရင် တိုက်ရိုက်တပည့်တစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကို ခံရနိုင်တယ်”
မူအားရီက ရယ်မောကာ ပြောသည်။
“ခုနက ငါ့ကို သေရည်နဲ့အသားကျွေးမယ် ပြောတာ ဘယ်သူလဲ”
တိုက်ရိုက်တပည့်ကား တိုက်ရိုက်တပည့် ဖြစ်သည်။ အမွေခံတပည့်ကား အမွေခံတပည့်သာ ဖြစ်သည်။
ကွာခြားချက်ကား ကောင်းကင်နှင့်မြေပြင်အလားပင်။
“နံပါတ် ၃တောင်မှ တံခါးပိတ်ကျင့်ကြံတာက ထွက်လာတယ်။ ဒီ ဟန်ဆယ့်ကိုးက ချမ်းသာတာတစ်ခုတည်း မဟုတ်ဘူး…”
အဝေးတွင် လူတစ်ယောက်က တီးတိုးရေရွက်ကာ နောက်လှည့်ထွက်သွားသည်။
လျှို့ဝှက်နယ်မြေ၏ ကျေးရွာငယ်လေးမှာ တိုက်ရိုက်တပည့် နံပါတ် ၁၉ ကြောင့် ပိုမိုသက်ဝင်လာခဲ့သည်။
…
စုန့်ကိုးသည် စားဖိုမှူးဝတ်စုံဝတ်ကာ မီးဖိုရှေ့၌ အလုပ်ရှုပ်နေသည်။ လေထဲတွင် အသားကင်နံ့များ သင်းပျံ့နေ၏။
စုဆယ့်ရှစ်နှင့် ချီဆယ့်သုံးတို့သည် မီးများကို ကျွမ်းကျင်စွာ ဖြည့်ပေးနေကြသည်။
လုတစ်ဆယ်သည်ပင် ပန်းကန်ပြားများနှင့် ဝါးတူများကို စားပွဲပေါ်၌ နေရာချ၏။
သစ်သားစားပွဲပေါ်၌ ဟန်မူယဲ့နှင့် လီသုံးတို့သည်သာ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
“အဟမ်း… စီနီယာအစ်မ… ကျွန်တော် ဘာလုပ်ရမလဲ”
ဟန်မူယဲ့က ဘေးပတ်ပတ်လည်ကို ကြည့်ကာ မသက်မသာ ပြောသည်။
“ပန်းကန်ဆေးပေါ့…”
လီသုံးက စားပွဲပေါ်တွင် ဓားကို တင်ကာ လက်ဝှေ့ယမ်းလိုက်လျှင် သူမ၏လက်၌ သေရည်ပုလင်းငယ်တစ်လုံး ပေါ်လာသည်။
“တကယ်လို့ ငါ သေရည်မူးရင် ပန်းကန်တွေကို မင်းဆေးရမယ်”
မည်သို့ဆိုစေ သူမသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ နံပါတ် ၃ တိုက်ရိုက်တပည့် ဖြစ်သည်။ သူမတွင် အားလပ်ချိန်များ ရှိနေသည်မှာ မထူးဆန်းပါ။
ဟန်မူယဲ့က ခေါင်းညိတ်ကာ အသာအယာပြောသည်။
“ကျွန်တော် မူးသွားရင်ရော…”
သူသည်လည်း သိပ်မသောက်နိုင်ပါ။
“မင်း မူးရင် ငါ ပန်းကန်ဆေးမယ်”
လီသုံးက သေရည်ပုလင်းအဖုံးကို ဖွင့်လိုက်လျှင် အားကောင်းသော သေရည်နံ့ ပျံ့လွင့်လာ၏။
ဤသည်ကား သေရည်ကောင်း ဖြစ်သည်။
လုတစ်ဆယ်က ပန်းကန်များကို ချပြီးသောအခါ သူက သေရည်ခွက်နှင့် ဝါးတူများကို ကမ်းပေးသည်။
စုန့်ကိုးက အသားကင်များကို လာမချသေးခင်တွင်ပင် လီသုံးက သေရည်ခွက်များကို ထည့်နေပြီ ဖြစ်သည်။
“လာ… တစ်ခွက်သောက်ကြည့်…”
လီသုံးက သေရည်ခွက်ကို မြှောက်ကာ ဟန်မူယဲ့အား ပြောသည်။
ဒါက အဆင်ပြေလို့လား….
သူက တခြားလူများကို ကြည့်သည်။ သူတို့မှာ အလုပ်များနေကြသေးသည်။
“ရတယ်… မင်းတို့ အရင်သောက်လိုက်… ငါတို့ အသားကင်လိုက်ဦးမယ်…”
စုန့်ကိုးသည် အသားများကို ကင်နေရင်းက လှမ်းပြောသည်။
ထိုသို့သော ကြင်နာမှုအား ငြင်းပယ်ရန် ခက်ခဲ၏။ ထို့ကြောင့် ဟန်မူယဲ့က သေရည်ခွက်အား မြှောက်လိုက်သည်။
ဂွတ်…
ဟန်မူယဲ့က သေရည်ခွက်ကိုသာ မြှောက်ရသေးသည်၊ သူနှင့် မျက်နှာချင်းဆိုင်မှ လီသုံးသည် သေရည်ခွက်အား ပါးစပ်တွင် တေ့ကာ တစ်ကျိုက်တည်းဖြင့် မော့ချလိုက်ပြီး ဖြစ်သည်။ ထို့နောက် သူမသည် သေရည်အငွေ့များအား ရှိုက်ထုတ်ကာ ခွက်ကို စားပွဲပေါ်၌ တင်လိုက်သည်။
သူမက သည်လောက် တည့်တိုးဆန်သည်လား။
သူက ငကြောက်လုပ်နေ၍ မဖြစ်တော့ပါ။
ဟန်မူယဲ့ကလည်း ခေါင်းမော့ကာ သေရည်ခွက်အား မော့ချလိုက်သည်။
ဂွတ်…
သေရည်သည် ပါးစပ်ထဲကို ဝင်သွားသည်နှင့် မီးတောက်တစ်စ ဝါးဗိုက်ထဲကို ဝင်သွားသည့်အလား ဗလောင်ဆူသွားသည်။
တကိုယ်လုံးသည် ရှိန်းတိန်းတိန်းဖြင့် ပူလောင်သွား၏။
သူ၏စိတ်နယ်ပယ်မှ ဓားချီ၊ ချီပင်လယ်နှင့် ဒန်ထျန်တို့ပင် တုန်ခါသွား၏။
“သေရည်ကောင်းပဲ…”
“ကောင်းလိုက်တာ…”
ဓားချီများမှ အပြောင်းအလဲကို ခံစားမိကာ ဟန်မူယဲ့ အသံတိုးတိုးဖြင့် အော်လိုက်သည်။
ဓားချီများသည် တုန်ခါကာ ရောထွေးသွားပြီး ပိုမိုလှုပ်ရှားသက်ဝင်လာကြသည်။
သေရည်ကား ရတနာဖြစ်သည်။
စုန့်ကိုးနှင့် တခြားလူများက သူတို့ကို ခိုးကြည့်နေကြသည်။
သူနှင့် မျက်နှာချင်းဆိုင်မှ ကြည့်နေသော လီသုံးက ဟန်မူယဲ့အား ကြည့်ကာ ပြုံးလိုက်သည်။
“သေရည်ကောင်းဆိုမှတော့ ငါတို့ နောက်တစ်ခွက် သောက်ကြမယ်”
သူမက လက်မြှောက်ကာ သေရည်ပုလင်းကို လှမ်းလိုက်စဉ်မှာပင် ဟန်မူယဲ့က သေရည်ပုလင်းကို ယူကာ သေရည်ခွက်များ၌ ဖြည့်လိုက်သည်။
“အစ်မသုံး… သောက်ရအောင်…”
လီသုံးကလည်း သေရည်ခွက်ကို မြှောက်ကာ သောက်လိုက်သည်။
ဟန်မူယဲ့ကလည်း သေရည်ခွက်အား မော့လိုက်၏။
စုန့်ကိုး၊ ချီဆယ့်သုံး၊ စုဆယ့်ရှစ်နှင့် တခြားလူများက အသားကင်များဖြင့် ရောက်လာသောအခါ ဟန်မူယဲ့သည် ငါးခွက်သောက်ပြီး ဖြစ်သည်။
သေရည်ကို သောက်ပြီးနောက် သူသည် ဓားချီများကို စတင်သန့်စင်သည်။
ထိုအခိုက်တွင် သူ့အား ဓားချီများ ရစ်ပတ်ထားပြီး သူ၏ချီပင်လယ်၌ ဓားဆန္ဒသည် ပတ်ပတ်လည်မှ ဓားချီများကို စတင်ဝါးမျိုနေ၏။
ဓားချီ ငါးစခန့်သည် သေရည်များ၏အားဖြည့်မှုကြောင့် လှိုင်းငယ်လေးအသွင်သို့ စုစည်းလာ၏။
ဟန်မူယဲ့၏ဒန်ထျန်တွင် ဓားချီများသည် ဝဲဂရက်အသွင် ဖြစ်လာကာ တဖြေးဖြေး စုစည်းလာနေကြသည်။
ထိုဓားစီးကြောင်းများမှာ ယခင်ဓားချီများထက် ပိုမိုအားကောင်းလာကြောင်း ဟန်မူယဲ့ ခံစားမိသည်။
သူ၏ဒန်ထျန်မှ ဓားချီများသည် ဝိညာဉ်ကို အားဖြည့်သလို သူ၏ဝိညာဉ်လိပ်ပြာဓားချီများကိုလည်း ပိုမိုအားကောင်းစေသည်။
မလုံလောက်သေးဘူးလား…
သေရည်ငါးခွက်သည် သူ၏ဝိညာဉ်လိပ်ပြာဓားချီတစ်ဝက်ခန့်ကိုသာ စုစည်းနိုင်သည်။
သူက မျက်တောင်ပင့်လိုက်သည်။ သူက လက်လှမ်းကာ သေရည်ပုလင်းထဲမှ လက်ကျန်တစ်ဝက်အား မော့လိုက်၏။
သူ၏ဝိညာဉ်လိပ်ပြာဓားချီအား စုစည်းရန် အခွင့်အရေးကောင်းကို မည်သို့ လက်လွှတ်နိုင်မည်နည်း။
လီတစ်ဆယ်၏အမူအရာ ပြောင်းလဲသွားသည်။ သူက လှမ်းတားမည် ပြုစဉ်မှာပင် လီသုံးက သူ့အား လက်ဝှေ့ယမ်းပြ၏။
“အစ်မသုံး… အသည်းကွဲသေရည်က ဟာသမဟုတ်ဘူး”
လီတစ်ဆယ်က လီသုံးကို ပြောသည်။
“ဟုတ်တယ်… အရင်တုန်းက ကျုပ် သုံးခွက်သောက်လိုက်တာ ကျုပ်ရဲ့ဓားချီတွေအားလုံး ကုန်သွားတယ်…”
စုဆယ့်ရှစ်က ထိတ်လန့်စွာ ပြောသည်။
လီသုံးက သေရည်ကို ပါးစပ်ထဲ အဆက်မပြတ် လောင်းထည့်နေသော ဟန်မူယဲ့အား ကြည့်သည်။ သူ၏ခန္ဓာကိုယ်တွင် ဓားချီများ အဆက်မပြတ် စုစည်းနေကြသည်။
ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်မှ ဓားဆန္ဒသည် ဓားချီ ၁၂၈၀၀၀ အဖြစ် ကွဲထွက်သွားကာ ပြန့်ကျဲသွား၏။
ဤသည်ကား ဓားချီကို စုစည်းရန် အခွင့်အရေးကောင်းဖြစ်သည်။
သူ၏စိတ်နယ်ပယ်တွင် ဝိညာဉ်လိပ်ပြာဓားချီသည် တစ်စ စုစည်းပြီး ဖြစ်ရာ နောက်တစ်စ စတင်စုစည်းလာနေ၏။
သူ့အပေါ်တွင် နတ်အလင်းများ စတင်ထွက်ပေါ်လာသည်။
“ဝိညာဉ်လိပ်ပြာဓားချီ…”
ဟန်မူယဲ့၏ခေါင်းပေါ်မှ နတ်အလင်းကို ကြည့်ကာ လီတစ်ဆယ်၏အမူအရာက ပြောင်းလဲသွားသည်။
စုန့်ကိုးသည်လည်း အံ့အားသင့်စွာဖြင့် မေးသည်။
“ငါတို့ ဓားဂိုဏ်းမှာ ဓားစံအိမ်ကလူတွေပဲ ဝိညာဉ်လိပ်ပြာဓားချီကို စုစည်းနိုင်တာမလား”
“မဖြစ်နိုင်ဘူး… ဓားစံအိမ်မှာ ဘယ်လိုလုပ် တိုက်ရိုက်…”
ချီဆယ့်သုံးကလည်း တခြားလူများကို ကြည့်ကာ ပြောသည်။
ဓားစံအိမ်တွင် ဓားထိန်းများသာ ရှိသည် မဟုတ်ဘူးလား။
ဓားထိန်းတစ်ဦးက မည်သည့်အချိန်က တိုက်ရိုက်တပည့် ဖြစ်လာနိုင်သနည်း။
ဝုန်း…
ထိုအခိုက်တွင် ဟန်မူယဲ့၏ခေါင်းပေါ်မှ ဓားအလင်းသည် ပေါက်ကွဲထွက်လာ၏။ ဝိညာဉ်လိပ်ပြာဓားချီသည် သူ၏ဒန်ထျန်မှ ဓားချီနှင့် ပေါင်းစပ်ကာ ဓားအရိပ်တစ်ခု ဝေဝါးစွာ ဖြစ်ပေါ်လာသည်။
အံ့ဖွယ်နေမင်းဓားသိုင်းသည် အနှစ်သာရနှင့် စိတ်ဝိညာဉ်အား ဓားအဖြစ် ဖွဲ့စည်းသည်။
ထိုဓား ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှ သဘာဝစွမ်းအင်များအားလုံး လှုပ်ရှားသက်ဝင်လာသည်။
သူတို့ရှေ့မှ အစားအသောက်ပန်းကန်များ ပေါက်ကွဲကာ ပတ်ဝန်းကျင်၌ ပြန့်ကျဲသွား၏။ လုတစ်ဆယ်၊ စုန့်ကိုးနှင့် တခြားလူများ အကောင်းတိုင်း ကျန်နေသော ပန်းကန်များကို လှမ်းယူကာ အလျင်အမြန် ရှောင်တိမ်းကြရသည်။
လီသုံးက သူမ၏လက်ကို မြှောက်လိုက်လျှင် ဓားအလင်းတစ်ခု ဖြစ်ပေါ်လာကာ သူမထံသို့ လွင့်လာသော အပိုင်းအစများအား ဖျက်ဆီးပစ်သည်။
အေးစက်သော အလင်းတစ်ချက် လက်သွားကာ ဓားအလင်းသည်လည်း ပျက်ပြယ်သွား၏။ ဟန်မူယဲ့၏ခန္ဓာကိုယ်မှ ဓားချီသည်လည်း ပျောက်ကွယ်သွားသည်။
သူ့ရှေ့မှ အရှုပ်အထွေးများကို ကြည့်ကာ ဟန်မူယဲ့က ခေါင်းယမ်းကာ မသက်မသာ ပြုံးသည်။
“အားနာလိုက်တာ… ကျွန်တော် ရှင်းလိုက်ပါ့မယ်”
လုတစ်ဆယ်နှင့် တခြားလူများက ခေါင်းညိတ်ကြသည်။ သူတို့က ခုနက ဓားချီပေါက်ကွဲထွက်လာစဉ် လုယက်ထားလိုက်သော သေရည်ပုလင်းများ၊ ပန်းကန်များကို ယူကာ ဘေးကို ဖယ်ပေးကြ၏။
…
ဟန်မူယဲ့ စားဖိုဆောင်ထဲက ထွက်လာသောအခါ လုတစ်ဆယ်၊ စုန့်ကိုးနှင့် တခြားလူများသည် ကျောက်စားပွဲတွင် ဝိုင်းကာ ထိုင်နေသည်ကို မြင်၏။ လီသုံးကိုကား မတွေ့ရတော့ပါ။
“အစ်မ ၃ ဟာ မူးနေပြီမလို့ ထွက်သွားပြီ”
ဟန်မူယဲ့ကို မြင်လျှင် စုန့်ကိုးက ပြုံးလျက် ပြောသည်။
“အစ်မသုံးက သေရည်သိပ်မသောက်နိုင်ဘူး။ သူက သုံးခွက်ဆို မူးတယ်”
သုံးခွက်ဖြင့် မူးသည်လား။
သူ ခုနက ငါးခွက်သောက်ခဲ့သည်။ ထို့အပြင် သေရည်ပုလင်းအားလည်း မော့ခဲ့သေးသည်။
ဟန်မူယဲ့ ပြုံးလိုက်ကာ လှမ်းသွားလိုက်လျှင် စားပွဲပေါ်၌ကား အရိုးများသာ ကျန်တော့သည်ကို တွေ့ရ၏။
သို့သော် ပဲလှော်တစ်ဝက်ခန့်တော့ ကျန်သေးသည်။
“ဟန်ဆယ့်ကိုး… မင်း တကယ်ပဲ ဓားစံအိမ်ကလား”
ချီဆယ့်သုံးက ဟန်မူယဲ့အား ကြည့်ကာ စိတ်ဝင်စားစွာ မေးသည်။
သူတို့က ဟန်မူယဲ့၏ခန္ဓာကိုယ်မှ ဝိညာဉ်လိပ်ပြာဓားချီအား မြင်ပြီးကတည်းက သူ့နောက်ခံကို ခန့်မှန်းနေကြသည်။
ဟန်မူယဲ့ ခေါင်းညိတ်ကာ ပြောသည်။
“ကျွန်တော့နာမည် ဟန်မူယဲ့ပါ။ ဓားစံအိမ်ရဲ့ဓားထိန်းတစ်ယောက်ပဲ”
သူက တကယ်ပဲဓားထိန်းလား…
လုတစ်ဆယ်နှင့် တခြားလူများ ထူးဆန်းသော အမူအရာဖြင့် အချင်းချင်း ကြည့်ကြသည်။
“ဆယ့်ကိုး… ဓားထိန်းတွေက ဝင်ငွေအများကြီးရှိတာလား”
စုဆယ့်ရှစ်က ရှေ့ကို ကိုင်းကာ အသံတိုးတိုးဖြင့် မေးသည်။
သည်မတိုင်ခင် ဟန်မူယဲ့သည် ဝိညာဉ်ကျောက်တုံးတစ်သိန်းဖြင့် ကျင့်ကြံခဲ့ရာ ထိုကိစ္စတွင် သူတို့အပြစ်မကင်းဟု တွေးလျက် ဟန်မူယဲ့ ကုန်ကျသမျှ သူတို့ လျော်ပေးမည်ဟု တွေးထားခဲ့ကြသည်။
သို့သော် ဟန်မူယဲ့က အမှန်တကယ် ဝိညာဉ်ကျောက်တုံး သုံးသိန်းကို သုံးခဲ့ရာ သူတို့မှာ စိတ်ဓာတ်များ ထိုးကျသွားခဲ့ကြသည်။
မည်သူက ထိုမျှ တတ်နိုင်မည်နည်း။
သူတို့က အမှန်တကယ် ဝိညာဉ်ကျောက်တုံး သုံးသိန်းအား ထုတ်လိုက်ပါက တစ်နှစ်ခန့် တောင်းစားရနိုင်သည်။
ယခု ဟန်မူယဲ့က သူသည် ဓားထိန်းတစ်ယောက်ဖြစ်ကြောင်း ပြောသောအခါ ပို၍ စိတ်ဝင်စားလာကြသည်။ ဓားထိန်းတစ်ယောက်က အဘယ်ကြောင့် ထိုမျှ ကြွယ်ဝနေရသနည်း။
“ဝင်ငွေလား…”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“ပုံမှန်ပါပဲ… ဂိုဏ်းသားတွေ ဓားလက်ခံဖို့လာရင် သူတို့ကို ဓားကူရွေးပေးတဲ့အခါ ပိုက်ဆံနည်းနည်းရတယ်”
ဓားရွေးပေးခြင်းဖြင့် ပိုက်ဆံရသည်လား။
“မင်းက ဓားရွေးတာ ကောင်းလား”
စုန့်ကိုးက စိတ်ဝင်စားစွာ မေးသည်။
“အဆင်ပြေပါတယ်”
ဟန်မူယဲ့ကလည်း ကျောက်တုံးခုံတွင် ထိုင်ကာ ပဲစေ့များကို ဝါးလိုက်သည်။
“ဟဟ… ဒါဆိုလည်း ငါ့ကို ဓားကောင်းတစ်လက်ရွေးပေးဦး။ ငါ့ဓားကို လဲတော့မလို့…”
စုဆယ့်ရှစ်က လက်မြှောက်ကာ ပါးလျသော ဓားတစ်လက်အား ကျောက်တုံးစားပွဲပေါ်သို့ တင်လိုက်သည်။
“ငါက ဘာဓားနဲ့ သင့်တော်လဲ မင်း ကြည့်ပေးဦး”
ဤသည်ကား သေချာပေါက် စမ်းသပ်မှု ဖြစ်သည်။
ဟန်မူယဲ့က လက်လှမ်းကာ ဓားကို ကိုင်လိုက်သည်။
သည်ဓားတွင်ကား ပိုင်ရှင်ရှိရာ သူသည် ဓားချီကို စုပ်ယူခြင်းဖြစ်စေ၊ ဓား၏မှတ်ဉာဏ်ကို ဖြစ်စေ ကြည့်၍ မရပါ။ သို့သော်လည်း သူသည် ဓား၏အခြေခံအချက်အလက်များကို ချက်ချင်း သိမြင်၏။
“ဓားဟာ သုံးပေခွဲရှည်ပြီးတော့ ငါးပေါင်လေးတယ်။ ဓားသွားနှစ်ဖက်လုံးမှာ သွေးစီးကြောင်းရှိပြီးတော့ ဓားသွားဟာ ထက်ရှတယ်”
“ဓားဟာ သံမဏိပျော့နဲ့ သွန်းလုပ်ထားတာဖြစ်ပြီးတော့ လေဓာတ်သင်္ကေတတွေ ရေးထွင်းထားတယ်။ ဒါကြောင့် ဓားဟာ သဘာဝအားဖြင့် အတော်လေးမြန်တယ် ပြောရမယ်”
ထို့နောက် ဟန်မူယဲ့က မော့ကြည့်သည်။
“အစ်ကိုဆယ့်ရှစ်… ခင်ဗျားက ဘယ်သန်ဓားသမား မလား”
စုဆယ့်ရှစ်က သူ့အား ကြည့်ကာ ပြုံးသည်။
“မင်း အကဲဖြတ်တာ အရမ်းကောင်းတယ်”
“ဒီလို စွမ်းရည်နဲ့ဆို မင်းက သေချာပေါက် ဓားအကဲဖြတ်တာနဲ့ ဝင်ငွေကောင်းကောင်းရမှာပဲ”
“မင်း ချမ်းသာတာ မထူးဆန်းတော့ပါဘူး”
ဓားကို ထိလိုက်ရုံမျှဖြင့် သူသည် ဓား၏အချက်အလက်များအားလုံးကို ပြောနိုင်သည်။
ထိုမျှမကသေး၊ သူသည် စုဆယ့်ရှစ် ဘယ်သန်ဓားသမားဖြစ်ကြောင်းကိုလည်း ခန့်မှန်းနိုင်၏။
“ပိုက်ဆံရတာလား…”
ဟန်မူယဲ့က ခေါင်းယမ်းသည်။
“ကျွန်တော်က ဒါနဲ့ ပိုက်ဆံရှာတာ မဟုတ်ဘူး”
“ကျွန်တော်က ဆေးလုံးဖော်စပ်တတ်တယ်”
ဆေးလုံးဖော်စပ်ခြင်းလား…
စုန့်ကိုးနှင့် တခြားလူများက သူ့အား သေချာကြည့်ကြသည်။
သူက ဓားထိန်းတစ်ဦး ဟုတ်ပါသေးသလော။
“စကားမစပ်… အစ်မသုံးရဲ့ အဲဒီသေရည်က အတော်လေးကောင်းတယ်… အဲဒါ အစ်မသုံးကိုယ်တိုင် ဖော်စပ်တာလား”
ဟန်မူယဲ့က မေးသည်။
သူ့စကားကို ကြားလျှင် လုတစ်ဆယ်က ခေါင်းယမ်းသည်။
“မင်းက အဲဒီ အသည်းကွဲသေရည်ကို ပြောတာမလား။ အဲဒါ အစ်ကိုကြီးသမ်း ဖော်စပ်ထားတာ”
“အစ်မသုံးသာ အဲဒီသေရည်တွေ အကုန်သောက်ပြီးရင် သူ မြောက်ပိုင်းကုန်းမြေက ပြန်လာမယ် ပြောထားတယ်”
အစ်ကိုကြီးသမ်း…
မြောက်ပိုင်းကုန်းမြေ။
အသဲကွဲသေရည်။
ဒါက ပုံပြင်တစ်ပုဒ်ပဲ။
ဟန်မူယဲ့ မျက်တောင်ပင့်လိုက်သည်။
သူက အတင်းအဖျင်းပြောလိုခြင်း မဟုတ်ပါ။ စိတ်ဝင်စားရုံမျှသာ ဖြစ်သည်။