← Chapters

ရှေးဟောင်းနေမင်းရောင်ဝါနန်းတော်

Vol. 10 Ch. 131

ရှေးဟောင်းနေမင်းရောင်ဝါနန်းတော်

Vol. 10 Ch. 131

ဝူကျီးယွမ်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မဟာအကြီးအကဲတစ်ပါး ဖြစ်သည်။

ထိုအခိုက်တွင် ဝူကျီးယွမ်က လှမ်းကြည့်လျှင် အားကောင်းသော ဖိအားတစ်ခု ဟန်မူယဲ့ထံသို့ ဆင်းသက်လာ၏။

သိပ်သည်းသော ဓားချီတစ်ခု သူ့ခန္ဓာကိုယ်၌ ဖြစ်ပေါ်လာကာ ကျဆင်းလာသော ဖိအားကို ကာကွယ်၏။

အံ့ဖွယ်နေမင်းဓားသိုင်း။

စွမ်းအားကြီးဓားနည်းစနစ်သည် ပထမတန်းစားဓားချီကို စုစည်းနိုင်သည်။ ယခု အံ့ဖွယ်နေမင်းဓားသိုင်းသည် မဟာအကြီးအကဲတစ်ဦး၏ဖိအားကို တိုက်ရိုက်တွန်းလှန်၏။

ဝူကျီးယွမ်၏အမူအရာ ပြောင်းလဲသွားသည်။ သူက စကားပြောမည် ပြုစဉ်မှာပင် ဟန်မူယဲ့၏ခေါင်းထက်တွင် ထိုးစိုက်ထားသော ကြေးနီရောင်ဓားငယ်ကို မြင်၏။

“ဓားစံအိမ်တပည့်”

“ဓားထိန်း…”

ဟန်မူယဲ့က ခေါင်းညိတ်ကာ သူ၏တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။

“အကြီးအကဲ… ကျွန်တော် စာအုပ်ဆောင်သို့ ဝင်ပြီး ကျင့်ကြံခြင်းနည်းစနစ်တွေ လေ့လာချင်ပါတယ်”

သူသည် ရှန်မုယန်ထံမှ နေမင်းရောင်ဝါကျင့်စဉ်အား နားလည်တတ်မြောက်ထားပြီး ဖြစ်သော်လည်း စာအုပ်ဆောင်တွင် မူရင်းနည်းစနစ်စာအုပ် ရှိပေသည်။ သူက ၎င်းထံမှ တစ်ခုခု ရှာတွေ့နိုင်၏။

“တိုက်ရိုက်တပည့်တစ်ယောက်…”

ဝူကျီးယွမ် အံ့အားသင့်သွားပြန်သည်။

ဘေးတွင် ရပ်နေသော အကြီးအကဲစုလျန့်သည်ပင် ထူးဆန်းသော အမူအရာဖြင့် ကြည့်သည်။

ဟန်မူယဲ့သည် ဓားစံအိမ်၏တရားဝင်တပည့် ဖြစ်ကြောင်း သူမ သိသော်လည်း သူသည် မည်သည့်အချိန်က တိုက်ရိုက်တပည့် ဖြစ်လာသည်ကို မသိပါ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် တိုက်ရိုက်တပည့်တစ်ဦးသည် အလွန်အရေးပါ၏။

ဓားစံအိမ်က တပည့်တစ်ယောက်ဟာ တိုက်ရိုက်တပည့် ဖြစ်နိုင်တာလား။

ဝူကျီးယွမ်က မျက်တောင်ပင့်လိုက်သည်။

“မင်းက တိုက်ရိုက်တပည့် ဆိုမှတော့ စာအုပ်ဆောင်ထဲကို ဝင်ခွင့်ရှိတယ်”

“ဒါပေမဲ့ မင်းက စာအုပ်တွေကို ၆နာရီထက် ပိုဖတ်ခွင့်မရှိဘူး။ ကူးယူတာ ဖျက်ဆီးတာမျိုး မလုပ်ရဘူး။ မင်းက မဟာအကြီးအကဲနှစ်ဦးရဲ့ ခွင့်ပြုချက်မပါဘဲ တတိယထပ်သို့ သွားလို့ မရဘူး”

“ကျေးဇူးပါ အကြီးအကဲ…”

ဟန်မူယဲ့က တံဆိပ်ပြားကို သိမ်းဆည်းလိုက်ကာ အဆောင်ထဲကို ဝင်သွားသည်။

“ကောင်လေးက ဘယ်သူလဲ”

ဝူကျီးယွမ်က ဟန်မူယဲ့ အဆောင်ထဲကို ဝင်သွားလျှင် အကြီးအကဲစုလျန့်အား ကြည့်သည်။

“ဓားစံအိမ်က…”

အကြီးအကဲစုလျန့်က ခေါင်းယမ်းကာ တီးတိုးပြောသည်။

“တခြားအသေးစိတ်တွေ ကျွန်မလည်း မသိဘူး”

မူလက သူမသည် ဟန်မူယဲ့အကြောင်းကို သိသည်ဟု တွေးခဲ့၏။

ယခုကား သူမ ဘာမှ မသိနားမလည်တော့ပါ။

“ဒီနေ့ ခေါင်းဆောင်တောက်ရင်က သွေးကြောဖွင့်ဆေးလုံးကို ဖော်စပ်ခဲ့တယ်။ ဟန်မူယဲ့က ဆေးဖော်တာကို ကြည့်ပြီးတော့ သွေးကြောဖွင့်ဆေးလုံးမှာ ရိုးရှင်းတဲ့နည်းလမ်းရှိမယ်လို့ ပြောတယ်”

“သူ့ရဲ့ထိုးထွင်းနားလည်နိုင်စွမ်းက အရမ်းမြင့်တယ်”

ထို့နောက် အကြီးအကဲစုလျန့်သည် စာအုပ်ဆောင်ထဲသို့ ဝင်သွား၏။

ဆေးခန်းဆောင်၏အကြီးအကဲတစ်ဦးအနေဖြင့် သူမသည် စာအုပ်ဆောင်ထဲသို့ ဝင်ခွင့်ရှိပေသည်။

ဝူကျီးယွမ်က မျက်မှောင်ကြုတ်ကာ ခဏမျှ တွေးတောပြီး သူမနောက်သို့ လိုက်ပါသွားခဲ့သည်။

စာအုပ်ဆောင်၏ပုံစံမှာ ဓားစံအိမ်နှင့် ဆင်တူ၏။ သူတို့ အတွင်းသို့ ဝင်လာသည်နှင့် စာအုပ်ရနံ့များနှင့် အငွေ့အသက်များကို ခံစားရသည်။

ဂိုဏ်းတစ်ဂိုဏ်းသည် လုံလောက်သော သမိုင်းကြောင်း ရှိရပေမည်။

၎င်းသည် အခြေခံအုတ်မြစ်လည်း ဖြစ်သည်။

အခြေခံအုတ်မြစ်မရှိသော ဂိုဏ်းတစ်ဂိုဏ်းမှာ ရေရှည် မရပ်တည်နိုင်ပါ။

စာအုပ်ဆောင်ပထမထပ်တွင် ဟန်မူယဲ့သည် စာအုပ်များ၊ ဝါးစာလိပ်များ၊ ကျောက်စိမ်းပြားစာများ အမျိုးမျိုးကို ၎င်းတို့၏ ဓာတ်သဘာဝများနှင့် ကျင့်ကြံနိုင်သော ဗီဇပါရမီများကို အခြေခံကာ ခွဲခြားစုစည်းထားသည်။

ဟန်မူယဲ့ ရှာနေသော နေမင်းရောင်ဝါကျင့်စဉ်သည် မီးဓာတ်အမျိုးအစားဖြစ်ကာ သတ္တမတန်းစားဗီဇပါရမီကို အခြေခံသည်။

သူက အလျင်အမြန် ရှာနေသော်လည်း မတွေ့ပါ။

…

ဟန်မူယဲ့ နောက်လှည့်ကာ ခန်းမအလယ်သို့ လျှောက်လာသည်။ ထိုနေရာတွင် မဟာအကြီးအကဲဝူကျီးယွမ် ရပ်နေ၏။

“မင်းက ဘာနည်းစနစ်ကို ရှာမတွေ့တာလဲ”

ဝူကျီးယွမ်က ဟန်မူယဲ့ကို မေးသည်။

“အကြီးအကဲ… ကျွန်တော် နေမင်းရောင်ဝါကျင့်စဉ်စာအုပ်ကို ရှာနေတာပါ”

ဟန်မူယဲ့က ဦးညွှတ်ကာ ပြောသည်။

“နေမင်းရောင်ဝါကျင့်စဉ်…”

ဝူကျီးယွမ်က မုတ်ဆိတ်ဖြူများကို ပွတ်သပ်ကာ ဒုတိယထပ်သို့ လက်ညိုးထိုးသည်။

“အဲဒါ ရှေးဟောင်းစာအုပ်ပဲ… ဒုတိယထပ်မှာ သွားရှာလိုက်…”

“အဲဒီ ရှေးဟောင်းနည်းစနစ်တွေဟာ မပြည့်စုံတဲ့အတွက် ဉာဏ်အလင်းရဖို့ ဖတ်သင့်ပေမဲ့ တကယ်ကျင့်ကြံဖို့ မလွယ်ဘူး”

ဟန်မူယဲ့၏တိုက်ရိုက်တပည့် အဆင့်အတန်းကြောင်း သူက ကောင်းမွန်သော သဘောထားဖြင့် အကြံပေးသည်။

“ကျေးဇူးပါ အကြီးအကဲ…”

ဟန်မူယဲ့က ထပ်မံဦးညွှတ်ကာ ဒုတိယထပ်သို့ တက်သွားသည်။

ဒုတိယထပ်မှာလည်း အလွန်ကျယ်ဝန်းသည်။ စာအုပ်စင်များ အစီအရီရှိနေကာ အကြီးအကဲများနှင့် တပည့်တချို့ ထိုင်ကာ စာအုပ်ဖတ်နေကြ၏။

သို့သော်လည်း ဟန်မူယဲ့ ရောက်လာသောအခါ မည်သူမှ လှမ်းမကြည့်ကြပါ။

စာအုပ်ဆောင်တွင် အချိန်တစ်စက္ကန့်တိုင်းမှာ တန်ဖိုးရှိသည်။

ဟန်မူယဲ့သည် မီးဓာတ်မျိုးဆက်ပညာရပ်များ သိုလှောင်ထားသော နေရာတွင် ‘နေမင်းရောင်ဝါကျင့်စဉ်’ အား တွေ့သည်။

၎င်းသည် ဝါကျင့်ကျင့်စာအုပ်ငယ်တစ်အုပ် ဖြစ်သည်။

၎င်းသည် မူရင်းစာအုပ်မဟုတ်သော်လည်း မူရင်းကို ကူးယူထားသော စာအုပ် ဖြစ်သည်။

သူက လက်လှမ်းကာ နေမင်းရောင်ဝါကျင့်စဉ်စာအုပ်အား ဖွင့်လိုက်၏။ စာအုပ်ကား အမှန်တကယ် ပိုမိုအသေးစိတ်သည်။ ၎င်းတွင် ကျင့်စဉ်၏နောက်ခံနှင့် နည်းစနစ်အား ဖော်ပြထား၏။

နေမင်းရောင်ဝါကျင့်စဉ်သည် ရှေးခေတ်အခါက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သော နေမင်းရောင်ဝါနန်းတော်၏နည်းစနစ်တစ်ခု ဖြစ်သည်။

နေမင်းရောင်ဝါကျင့်စဉ်သည် နေကိုးစင်းကျင့်စဉ်၏ နည်းစနစ်ထဲမှ တစ်ခုသာ ဖြစ်သည်။

နောက်ပိုင်းတွင် နေမင်းရောင်ဝါနန်းတော်သည် အလွန်စွမ်းအားကြီးသော ဓားသမားတစ်ဦး၏ဖျက်ဆီးခြင်းကို ခံရ၏။

စွမ်းအားကြီးဓားသမားတစ်ဦး။

ဟန်မူယဲ့က ဓားအရှင်သခင်ယွမ်ထျန်းအား တွေးမိသည်။

သူကများ နေမင်းရောင်ဝါနန်းတော်ကို ဖျက်ဆီးခဲ့သည်လား။

စာအုပ်တစ်ခုလုံးကို ဖတ်ပြီးနောက် ဟန်မူယဲ့က တခြားသော ရှေးဟောင်းနည်းစနစ်များကို ရှာကြည့်သည်။

ထင်သည့်အတိုင်း ၎င်းတို့အားလုံးမှာ ယခုခေတ်၌ ကျင့်ကြံရန် မသင့်တော်တော့ပါ။ ရှေးခေတ်က လေထဲမှ သဘာဝစွမ်းအားများမှာ ကြွယ်ဝလှရာ ထိုနည်းစနစ်များဖြင့် ကျင့်ကြံရန် သင့်တော်သည်။

ယခုတွင်ကား အလွန်တရာပါးလျသော သဘာဝစွမ်းအင်များကြောင့် ထိုနည်းစနစ်များဖြင့်သာ ကျင့်ကြံပါက မည်သည့်အခါမှ အဆင့်တက်လိမ့်မည် မဟုတ်တော့ပါ။

၆် နာရီ ပြည့်သွားသောအခါ ဟန်မူယဲ့ အောက်ထပ်ကို ဆင်းလာခဲ့သည်။

ထိုအခိုက်တွင် ခေါင်းဆောင်တောက်ရင်သည် အကြီးအကဲဝူကျီးယွမ်၊ အကြီးအကဲစုလျန့်တို့နှင့်အတူ စကားပြောနေကြသည်။

“ဘယ်လိုလဲ… နေမင်းရောင်ဝါကျင့်စဉ်ကို တွေ့ခဲ့လား”

ဟန်မူယဲ့ ဆင်းလာလျှင် ဝူကျီးယွမ်က မေးသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“ကျွန်တော် စာအုပ်ကို ဖတ်ပြီးပါပြီ”

“ကံမကောင်းတာက နေမင်းရောင်ဝါနန်းတော်ရဲ့ နေကိုးစင်းကျင့်စဉ်မှာ နေမင်းရောင်ဝါကျင့်စဉ်ပဲ ရှိတယ်”

“နေမင်းရောင်ဝါနန်းတော်ရဲ့ နေကိုးစင်းကျင့်စဉ်လား”

ခေါင်းဆောင်တောက်ရင်က တွေးတွေးဆဆဖြင့် ပြောသည်။

“နေမင်းရောင်ဝါနန်းတော်ဟောင်းနေရာ ဘယ်မှာလဲ ငါသိတယ်။ နောက်ပိုင်း အားရင် ငါမင်းကို ခေါ်သွားမယ်”

“မီးဓာတ်မျိုးဆက်ပညာရပ်တချို့ လေ့လာတုန်းက ငါ အဲဒီကို သွားဖူးတယ်”

ထို့နောက်တွင် သူက ဟန်မူယဲ့အား ပြုံးလျက် ပြောသည်။

“ကောင်လေး… သွေးကြောဖွင့်ဆေးလုံးအတွက် ပိုရိုးရှင်းတဲ့နည်းစနစ်က အဓိပ္ပာယ်ရှိတယ်။ ငါတို့ တခြားနည်းစနစ်တွေ ရှာကြည့်ပြီးတော့ မင်း ပြောတာ ဖြစ်နိုင်မယ်လို့ တွေးမိတယ်”

၎င်းက သေချာပေါက် အဓိပ္ပာယ်ရှိပေသည်။ ဟန်မူယဲ့က ထိုဖော်စပ်နည်းစနစ်အား တတ်မြောက်ထားပြီး ဖြစ်သည်။

ဟန်မူယဲ့က ပြုံးလျက် ပြောသည်။

“ခေါင်းဆောင်အတွက် အသုံးဝင်ရင် ပြီးတာပါပဲ”

ခေါင်းဆောင်တောက်ရင်က အကြီးအကဲစုလျန့်နှင့် နောက်ထပ်အစိမ်းရောင်ဝတ်အဖိုးအိုတစ်ဦးအား ပြောသည်။

“စုလျန့်… စွန်းစဲ… သွေးကြောဖွင့်ဆေးလုံးရဲ့ သုတေသနကိစ္စဟာ အနောက်ဘက်နယ်စပ်ကုန်းမြေကို အကြီးအကျယ် ပြောင်းလဲသွားနိုင်တယ်။ နောက်ပိုင်း ဒီဆေးလုံးကြောင့် ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း အကျိုးအမြတ် ကြီးကြီးမားမားရလိမ့်မယ်”

အကြီးအကဲစုလျန့်နှင့် ဆေးခန်းဆောင်အကြီးအကဲ စွန်းစဲတို့က ခေါင်းညိတ်ကြသည်။

“မှန်တယ်… ကျုပ်တို့က သွေးကြောဖွင့်ဆေးလုံးကို ရိုးရှင်းတဲ့ဖော်စပ်နည်းပြောင်းနိုင်ရင် ကျုပ်တို့ ဂိုဏ်းသီးသန့်ဖော်စပ်နိုင်တဲ့ဆေးလုံး ဖြစ်လာလိမ့်မယ်”

စွန်းစဲကလည်း စိတ်လှုပ်ရှားစွာ ပြောသည်။

ထိုနည်းဖြင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ကမ္ဘာမြေအဆင့်သို့ တက်ရောက်နိုင်သော တပည့်များ ပိုမိုများပြားလာပေလိမ့်မည်။

“မင်းက ဆေးခန်းဆောင်အကြီးအကဲပဲ။ ဒါကို စဉ်းစားပါ။ ငါတို့ မူရှန်မြို့ကို သွားပြီးတော့ ဒီနည်းစနစ်အပြောင်းအလဲကို အဖိုးကြီးမူနဲ့ ဆွေးနွေးကြည့်မယ်”

ခေါင်းဆောင်တောက်ရင်က ဝင့်ကြွားစွာ ပြောသည်။

မူမိသားစုခေါင်းဆောင်နှင့် ဆွေးနွေးခွင့်ရခြင်းက သူ့အတွက် အလွန်ဂုဏ်ယူစရာကောင်းသော ကိစ္စအလား ပြောနေသည်။

စာအုပ်ဆောင်၌ အချိန်မဖြုန်းဘဲ ခေါင်းဆောင်တောက်ရင်၊ အကြီးအကဲစုလျန့်နှင့် တခြားလူများသည် ဆေးခန်းဆောင်သို့ ပြန်ကာ ဆေးဖော်စပ်ကြ၏။

သူ မထွက်သွားခင်၌ ခေါင်းဆောင်တောက်ရင်သည် သွေးကြောဖွင့်ဆေးလုံးအား ဟန်မူယဲ့ကို ပေးခဲ့သည်။

ထိုမျှ အရည်အသွေးမြင့် သွေးကြောဖွင့်ဆေးလုံးမှာ အလွန်တန်ဖိုးကြီး၏။

အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၂၀၀,၀၀၀ တန်ဖိုးရှိသည်။

ထိုမြင်ကွင်းက တခြားလူများကို အံ့အားသင့်စေသည်။

ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်၏တပည့်များလား။

သို့မဟုတ်လျှင် သူက ထိုမျှ တန်ဖိုးကြီးသော ဆေးလုံးကို မည်သို့ ပေးပစ်မည်နည်း။

သို့သော် ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့အား ကျေးဇူးပြန်ဆပ်ခြင်း ဖြစ်သည်ကို မည်သူမှ မသိပါ။

ထိုကျေးဇူးကို ပြန်မဆပ်ပါက ဓားစံအိမ်သို့ ပြန်ရောက်သောအခါ ကောင်းချန်ကုန်းက သေချာပေါက် ရယ်မောဟားတိုက်ပေလိမ့်မည်။

ကောင်းချန်ကုန်းကား အလွန်ကာကွယ်တတ်သည်။

ဟန်မူယဲ့ စာအုပ်ဆောင်မှ ထွက်လာပြီးနောက်ပိုင်း စုကျန်းဆေးဆိုင်သို့ သွားခဲ့သည်။

သူက ‘အသက်သုံးသက်နည်းစနစ်’ အား ပွားယူထားသော ကျောက်စိမ်းပြားကို ပိုင်စုချန်းအား ပေးခဲ့ကာ သူမထံမှ တိမ်မြူချီနှင့် စွမ်းအင်အသွင်ပြောင်းဆေးလုံး ဖော်စပ်မည့် ဆေးအမယ်များ ယူဆောင်လာခဲ့သည်။

….

ဒင်…

သူသည် ဓားစံအိမ်သို့ ရောက်သည်နှင့် အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ ခေါင်းဆောင်းသံတစ်ချက်ကို ကြားရသည်။

တပည့်တချို့ တာဝန်အောင်မြင်စွာဖြင့် ပြန်ရောက်လာသည်။

“ကျောက်တုံးသုံးတုံးစံအိမ်က ကျောက်ဖူ အခြေခံအုတ်မြစ်အဆင့် မိစ္ဆာကို သတ်ဖြတ်ပြီးတော့ ဓားတစ်လက်ကို ဓားစံအိမ်သို့ ပို့ဆောင်ပါတယ်”

ဟန်မူယဲ့နှင့် ဟွမ်လောင်လျှိုတို့သည် ဓားစံအိမ်အဝင်ဝတွင် ရပ်ကာ ဓားကို လက်ခံကြ၏။

ဟန်မူယဲ့က ကျောက်ဖူ၏လက်မှ ဓားကို ယူလိုက်သည်နှင့် ၎င်းထံမှ အားကောင်းသော စွမ်းအားကို ခံစားမိသည်။

“ကျုပ် ဒီနေ့ ဝိညာဉ်တစ်ဝက်လက်နက်ကို လက်ခံရရှိပါတယ်”

ဟန်မူယဲ့ ဓားနှင့်အတူ ဓားစံအိမ်ထဲသို့ ဝင်လာခဲ့သည်။

သူက မိစ္ဆာတစ်ကောင်၏ဓားကို စိတ်ဝင်စားမိ၏။

ဓားချီသည် ဓားထံသို့ စီးဆင်းသွားလျှင် သူ့အာရုံ၌ ပုံရိပ်များ ပေါ်လာသည်။

သွန်းလုပ်သော နည်းစနစ်မှာ မရှုပ်ထွေးပါ။ မည်သို့ဆိုစေ ၎င်းသည် ဝိညာဉ်တစ်ဝက်အဆင့်ဓားသာ ဖြစ်သည်။

ဓားပိုင်ရှင်မှာ မိစ္ဆာမဟုတ်ပါ။ ဂိုဏ်းငယ်တစ်ခု၏ အကြီးအကဲ ဖြစ်သည်။

ဓားသိုင်းမှာလည်း သာမန်ဖြစ်သည်။ ထိုအကြီးအကဲသည် မိစ္ဆာ၏လက်မှ မလွတ်မြောက်ခဲ့သည်မှာ မထူးဆန်းတော့ပါ။

မိစ္ဆာများ…

ပုံရိပ်ထဲတွင် ဟန်မူယဲ့သည် လူသားခန္ဓာကိုယ်နှင့် မိစ္ဆာဦးခေါင်းကို ပထမဆုံးအကြိမ် မြင်ဖူး၏။

All Chapters