မင်း ဂိုဏ်းချုပ်နေရာ စိတ်ဝင်စားလား
Vol. 10 Ch. 132
မိစ္ဆာမျိုးနွယ်သည် သွေးမျိုးဆက်နှင့် စီနီယာကျမှုကို အလွန်အလေးထား၏။
သွေးမျိုးဆက်က ပိုမိုမြင့်မြတ်သန့်စင်လေ လူသားပုံစံသို့ ပြောင်းလဲရန် ခက်ခဲလေ ဖြစ်သည်။
တခြားတစ်ဖက်တွင် သွေးမျိုးဆက် နိမ့်ပါးပါက အခြေခံအုတ်မြစ်အဆင့်တွင်ပင် လူသားအသွင်သို့ ပြောင်းလဲနိုင်၏။
သို့သော်လည်း လူသားအသွင်ကို ပြောင်းလဲရာတွင် သူတို့၏အကျင့်စရိုက်၊ အလေ့အထနှင့် အသွင်အပြင်တို့ကို ပြောင်းလဲရန် ခက်ခဲ၏။
ဂိုဏ်းငယ်လေး၏အကြီးအကဲကို သတ်ဖြတ်ခဲ့သော မိစ္ဆာမှာ မြေခွေးနက်တစ်ကောင် ဖြစ်သည်။
မြေခွေးဦးခေါင်းဖြင့် လူသားသည် အရပ်ရှည်ကာ မြန်ဆန်သန်မာ၏။
ဓားရှည်ကို ရရှိခဲ့သော်လည်း မြေခွေးလူသားအတွက်မူကား သိပ်အသုံးမဝင်ပါ။ သူက ထိုအတိုင်း သိမ်းဆည်းထားခြင်းသာ ဖြစ်သည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အစီအစဉ်ကို နှောင့်ယှက်ပြီးတော့ ဆရာသခင်ကို ကယ်တင်မယ့်နည်းလမ်း ရှာရမယ်”
“ငါတို့ မြေခွေးမျိုးနွယ်မှာ အပြောင်းအလဲရှိတယ်။ အခြေအနေတွေကို ထိန်းသိမ်းဖို့ အရှင်သခင်တစ်ယောက် လိုအပ်တယ်”
ဟန်မူယဲ့၏အာရုံထဲတွင် အဖြူရောင်ဝတ်အဖိုးအိုတစ်ဦးသည် ကမ်းပါးပေါ်တွင် ရပ်ကာ ပြောနေသည်။
“ကျုပ်တို့ ကလန်အတွက် ဟူထိုက်ရှန့်က အသက်ကို စတေးရဲတယ်”
ထိုအဖိုးအိုကား ဟူထိုက်ရှန့် ဖြစ်သည်။
ဓား၏မှတ်ဉာဏ်များမှာ တကွဲတပြား ဖြစ်သည်။ နောက်ပိုင်းတွင် မြေခွေးမိစ္ဆာသေသွားသော တိုက်ပွဲအား မြင်၏။
ဟူထိုက်ရှန့်သည် မိစ္ဆာများကို ဦးဆောင်ကာ ပုန်ကန်ခြင်းသည် ဓားစံအိမ်တွင် ဖိနှိပ်ထားသော မိစ္ဆာကြီးနှင့် သက်ဆိုင်နေသည်လား။
ဓားမှ သတင်းအချက်အလက် များစွာ မသိရပါ။
ဓားကို ဓားစံအိမ်ပထမထပ်သို့ ပို့ဆောင်ပြီးနောက် ဟန်မူယဲ့ အပြင်သို့ ထွက်လာသည်။
ကျောက်လှေကားထစ်တွင် သူက ကျောက်ဖူအား ကြည့်သည်။
“စီနီယာအစ်ကိုကျောက်… ဂုဏ်ပြုပါတယ်”
ကျောက်ဖူကား အဆင့်တူမိစ္ဆာသားရဲကို သတ်ဖြတ်ရန် လုံလောက်စွာ သန်မာနေပြီ ဖြစ်သည်။
ထို့အပြင် သူသည် အဆင့်တက်တော့မည့် လက္ခဏာ ပြနေ၏။
ကမ္ဘာမြေအဆင့်သို့ တက်ရောက်ခြင်း။
ကျောက်တုံးသုံးတုံးစံအိမ်တွင် အမွေခံတပည့် မရှိပါ။ အကယ်၍ ကျောက်ဖူသာ ကမ္ဘာမြေအဆင့်သို့ တက်လှမ်းနိုင်ပါက သူသည် ထို့ပါ့ချန်၏တိုက်ရိုက်တပည့် ဖြစ်လာပေလိမ့်မည်။
ကျောက်ဖူက သူ့ခေါင်းကို ပွတ်သပ်ကာ ပြုံးလျက် ပြောသည်။
“ဒီတစ်ခေါက် ငါ ပြန်လာတာ တံခါးပိတ်ကျင့်ကြံပြီးတော့ ကမ္ဘာမြေအဆင့်သို့ တက်လှမ်းမလို့ပဲ”
ထို့နောက်တွင် သူက ပြောသည်။
“ဆရာက ဒဏ်ရာကုသဖို့ တံခါးပိတ်ကျင့်ကြံနေတယ်။ သူ့ လမ်းညွှန်မှုမပါဘဲ ငါ တကယ် ယုံကြည်ချက် သိပ်မရှိဘူး”
“ဆရာရဲ့ဒဏ်ရာပြင်းလား”
သိပ်မဝေးသောနေရာတွင် လင်းရှန်က ရုတ်တရက် မေးသည်။
ကျောက်ဖူက ခေါင်းယမ်းသည်။
“ဆရာရဲ့ဒဏ်ရာက သိပ်မပြင်းဘူး”
သူက ဆက်ပြောသည်။
“အဲဒီတုန်းက ဆရာဟာ ကောင်းကင်ဘုံတစ်ဝက်အဆင့်နဲ့ ယှဉ်တိုက်ခိုက်ခဲ့ပြီးတော့ သူဟာ မရှုံးနိမ့်ခဲ့ပေမဲ့ သူ့အသက်ဓာတ်ကတော့ နည်းနည်း ထိခိုက်ခဲ့တယ်”
“ပြီးတော့ မီးတောက်မိစ္ဆာတောင်ကြားက ဟူထိုက်ရှန့်ဟာ အသက်ရှင်နေတုန်းပဲ။ ဆရာရဲ့နှလုံးသားမိစ္ဆာက မပျက်ပြယ်သွားတော့ သူဟာ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ မတက်လှမ်းနိုင်ဘူး ဖြစ်နေတယ်”
“မဟုတ်ရင် ဆရာရဲ့ ဓားတာအိုဟာ ပြည့်စုံသွားပြီးတော့ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို တက်လှမ်းနိုင်မယ်။ သူဟာ ဂိုဏ်းရဲ့ မဟာအကြီးအကဲ သေချာပေါက် ဖြစ်လာမှာပဲ”
ယခင်က ထို့ပါ့ချန်သည် ဟူထိုက်ရှန့်အား သတ်ဖြတ်ရန် တာအိုသစ္စာပြုခဲ့၏။ အဆုံးသတ်၌ ဖုန်းလင်ဓားဂိုဏ်း၏လာရောက်တိုက်ခိုက်မှုကြောင့် သူ့ဓားမာန်ဟုန်ကို ဖွဲ့စည်းကာ ကောင်းကင်ဘုံတစ်ဝက်အဆင့်နှင့် တိုက်ခိုက်ခဲ့ရသည်။
ကျင့်ကြံသူများသည် သူတို့၏ကတိသစ္စာများကို အလေးအထားဆုံး ဖြစ်သည်။
ဟူထိုက်ရှန့်ကို သတ်ရန် မအောင်မြင်ခဲ့ရာ သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ မတက်လှမ်းနိုင်ပေ။
“ဒီလိုဆိုရင် ဟူထိုက်ရှန့်ကို သတ်မယ်”
လင်းရှန်က အသံတိုးတိုးဖြင့် ပြောသည်။
ထိုစကားက ကျောက်ဖူအား အံ့အားသင့်စေသည်။
လင်းရှန်သည် ကျောက်တုံးသုံးတုံးစံအိမ်၏တပည့်ဆိုသော်လည်း သူသည် ကျောက်တုံးသုံးတုံးစံအိမ်မှ တပည့်များနှင့် ဝေးကွာစိမ်းကားပေသည်။
သူသည် လင်းချုံးရှောင်၏ညီငယ် ဖြစ်ကာ သူ့ပါရမီမှာလည်း လင်းချုံးရှောင်ထက် များစွာ နိမ့်ကျပေသည်။
သူသည် ဓားတစ်သိန်းခုတ်ချက်ကို လေ့ကျင့်ကတည်းက လင်းရှန်သည် ကျောက်တုံးသုံးတုံးစံအိမ်နှင့် အဆက်အသွယ် သိပ်မရှိတော့ပါ။
နောက်ဆုံးအကြိမ်က ကျောက်တုံးသုံးတုံးစံအိမ်သည် မိစ္ဆာရှင်းလင်းခြင်းတာဝန်ဖြင့် တောင်ပေါ်မှ ဆင်းသောအခါတွင်ကား လင်းရှန်လည်း လိုက်ပါခဲ့သည်။
သို့သော်လည်း သူ၏ကျင့်ကြံဆင့်နှင့် တိုက်ခိုက်ရေးစွမ်းအားမှာ ကျောက်တုံးသုံးတုံးစံအိမ်မှ ပင်မတပည့်များနှင့် မနှိုင်းယှဉ်နိုင်ပါ။ သူသည် အဆင့်နိမ့်တပည့်များနှင့်သာ လက်တွဲတိုက်ခိုက်ခဲ့ရသည်။
သူသည် တောင်ပေါ်သို့ ပြန်ရောက်သောအခါ ဓားစံအိမ်သို့ ပြန်သွားခဲ့သည်။
လင်းရှန်က ခုနက စကားကို ထုတ်မပြောခဲ့လျှင် ကျောက်ဖူသည် သူ၏တည်ရှိမှုကိုပင် လျစ်လျူရှုထားမိမည် ဖြစ်သည်။
ယခု သူသည် လင်းရှန်အား အသေအချာ ကြည့်မိသောအခါ ကျောက်ဖူ၏အမူအရာ ပြောင်းလဲသွားသည်။
လင်းရှန်၏အရှိန်အဝါကား အားကောင်းကာ ကျောက်ဖူက အမှန်တကယ် သူ့ကို ထိုးထွင်းကြည့်ရှုနိုင်ခြင်း မရှိတော့ပါ။
သူ၏ကျင့်ကြံဆင့်က ကြီးမားစွာ တိုးတက်သွားသည်လား။
သူသည် ဓားတစ်သိန်းခုတ်ချက်ကို အောင်မြင်သွားသည်များလား။
ထိုဓားသိုင်းကိုသာ မတတ်မြောက်ပါက သူသည် ဟူထိုက်ရှန့်ကို သတ်ရန်စကား ပြောရဲမည် မဟုတ်ပေ။
“လေ့ကျင့်ရေးမှူးလင်းဟာ အခွင့်အလမ်းတချို့ကြောင့် ကျင့်ကြံခြင်းမှာ အများကြီးတိုးတက်သွားတယ်”
ဟန်မူယဲ့က ထုတ်ပြောသည်။
သူက ထုတ်ပြောမှ ဖြစ်ပေမည်။
ကျောက်ဖူသည် အဆင့်တက်ရန် တံခါးပိတ်ကျင့်ကြံတော့မည် ဖြစ်သည်။ သူ့အား စိတ်ပိုင်းဆိုင်ရာ ဖိအားဖြစ်စေ၍ မဖြစ်ပါ။
ဟန်မူယဲ့၏စကားကို ကြားလျှင် ကျောက်ဖူက ခေါင်းညိတ်ကာ ပြောသည်။
“ငါက ဂျူနီယာညီလေးတွေနဲ့ ဆွေးနွေးပြီးပြီ။ ငါ ကမ္ဘာမြေအဆင့်ကို တက်ပြီးရင် ဟူထိုက်ရှန့်ကို သွားသတ်မယ်”
ဟူထိုက်ရှန့်ကို သွားသတ်မည်လား။
ထို့ပါ့ချန်၏တပည့်များမှာ အတော်လေးသန်မာသည်ဆိုသော်လည်း ဟူထိုက်ရှန့်မှာ သတ်ရန် မလွယ်ပါ။
ထို့ပါ့ချန်ကိုယ်တိုင်ပင် အလေးအနက် ထားရသည်။
သို့သော်လည်း ယခုတွင် ဟန်မူယဲ့က ကျောက်ဖူအား မတားဆီးနိုင်ပါ။
သူက လက်မြှောက်လိုက်လျှင် သူ့လက်ဖဝါး၌ ဆေးလုံးတစ်လုံး ပေါ်လာသည်။
“ဒါက သွေးကြောဖွင့်ဆေးလုံးပဲ… စီနီယာအစ်ကိုကျောက် ယူလိုက်ပါ”
သွေးကြောဖွင့်ဆေးလုံး…
ကျောက်ဖူ မျက်လုံးပြူးသွားသည်။
“ဒါက ကမ္ဘာမြေအဆင့်စွမ်းအားကို ကြိုတင်ခံစားသိမြင်နိုင်တဲ့ သွေးကြောဖွင့်ဆေးလုံးမလား”
သွေးကြောဖွင့်ဆေးလုံးသည် ကမ္ဘာမြေအဆင့်သို့ တက်လှမ်းရန် အကောင်းဆုံး အထောက်အပံ့ဆေးလုံး ဖြစ်သည်။
သို့သော်လည်း သည်ဆေးလုံးမှာ တန်ဖိုးကြီးကာ ရှားပါးသည်။
“ကောင်းပြီ ညီလေးဟန်… ငါက ဒီဆေးလုံးအတွက် ပြန်ပေးဖို့ ဝိညာဉ်ကျောက်တုံး မတတ်နိုင်မှာ စိုးရတယ်”
ကျောက်ဖူက ဆေးလုံးကို တပ်မက်စွာ ကြည့်သော်လည်း ခေါင်းယမ်းသည်။
ကျောက်ဖူသည် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ခန္ဓာကိုယ်ကျင့်ကြံခြင်းသည် အရင်းအမြစ်များစွာ ကုန်ဆုံးရာ ကျောက်တုံးသုံးတုံးစံအိမ်၏ပင်မတပည့်တစ်ဦးဖြစ်သော သူသည် ထိုမျှ စုဆောင်းနိုင်ခြင်း မရှိပါ။
သွေးကြောဖွင့်ဆေးလုံးသည် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၂သိန်း တန်ဖိုးရှိသည်။
“အစ်ကိုကျောက်က ဘာတွေ ပြောနေတာလဲ”
ဟန်မူယဲ့က ဆေးလုံးကို ကျောက်ဖူထံ ပစ်ပေးလိုက်ကာ ပြောသည်။
“ဒီဆေးလုံးက အစ်ကိုကျောက် ကမ္ဘာမြေအဆင့်ကို တက်လှမ်းတာအတွက် ကြိုပြီး ဂုဏ်ပြုပေးတာ”
ကျောက်တုံးသုံးတုံးစံအိမ်မှ ထို့ပါ့ချန်သည် ဟန်မူယဲ့အား ကျားဖြူစာလိပ် လက်ဆောင်ပေးခဲ့သည်။
ဟန်မူယဲ့သည် ခန္ဓာကိုယ်ကို ကျင့်ကြံသောကြောင့် ကျောက်တုံးသုံးတုံးစံအိမ်မှ တပည့်များသည် ဟန်မူယဲ့နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိကြသည်။
ကျောက်ဖူသည် ဟန်မူယဲ့နှင့် အလွန်ရင်းနှီး၏။
ဟန်မူယဲ့၏အမြင်တွင် ဆေးလုံးနှင့် ဓားများမှာ မိတ်ဆွေတစ်ဦးနှင့် မနှိုင်းယှဉ်နိုင်ပါ။
“ကောင်းပြီ… ကောင်းပြီ…”
ကျောက်ဖူက ဆေးလုံးကို ဖမ်းလိုက်ကာ ကျေးဇူးတင်စွာ ပြောသည်။
“ငါ အခု တံခါးပိတ်ကျင့်ကြံတော့မယ်။ ငါ ကမ္ဘာမြေအဆင့်ကို တက်ပြီးရင် မင်းကို သေရည်တိုက်မယ်”
ထို့နောက် သူက လင်းရှန်အား ကြည့်သည်။
“မင်းတို့ ဟူထိုက်ရှန့်ကို သွားသတ်ရင် ငါ့ကို ခေါ်ပါ”
လင်းရှန်က ပြောသည်။
ကျောက်ဖူ ခေါင်းညိတ်ကာ သူ့လူများကို ခေါ်ကာ ထွက်သွားသည်။
ဟန်မူယဲ့ ဓားစံအိမ်ထဲသို့ ဝင်လာလျှင် ဟွမ်လောင်လျှိုသည် ခုံတန်းရှည်၌ ထိုင်နေ၏။
“အစ်ကိုဟွမ်… ကျုပ်မှာ တိမ်မြူချီနဲ့ စွမ်းအင်အသွင်ပြောင်းဆေးလုံးတွေ ရှိတယ်။ အစ်ကိုသာ ပြန်ပြီးကျင့်ကြံမယ်ဆိုရင် အရင်ကထက် ပိုမြန်လိမ့်မယ်”
ဟန်မူယဲ့၏စကားကို ကြားလျှင် ဟွမ်လောင်လျှိုက ခေါင်းယမ်းသည်။
“ထားလိုက်တော့… ငါက မင်းမရီးကို ခေါ်ပြီး တောင်အောက်ကို ဆင်းမှာ…”
ဟန်မူယဲ့ ခေါင်းညိတ်ကာ ဓားစံအိမ်ပေါ်ထပ်သို့ တက်လာခဲ့သည်။
ကျင့်ကြံခြင်းသည် ကံတရားနှင့် သက်ဆိုင်သည်။ သူက ဟွမ်လောင်လျှိုအား ထပ်မံ၍ မတိုက်တွန်းတော့ပါ။
ဓားစံအိမ်အကြီးအကဲနှင့် တွေ့ပြီးနောက် ဟန်မူယဲ့က လျှို့ဝှက်နယ်မြေမှ အတွေ့အကြုံများကို ပြန်ပြောပြသည်။
“သမ်းချန်ကန်း… အဲဒီကောင်လေးရဲ့ ပါရမီက အရင်တုန်းက ကျင်းကျီနှင့်မတိမ်းမယိမ်းပဲ”
ဟန်မူယဲ့က ဂိုဏ်း၏နံပါတ်၁ တိုက်ရိုက်တပည့်အကြောင်းကို မေးလျှင် ဓားစံအိမ်အကြီးအကဲက ပြုံးလျက် ပြောသည်။
“မင်း ပြောတဲ့ အသဲကွဲသေရည်ကိုတော့ ငါလည်း မသိဘူး”
“ဓားချီကို စုစည်းဖို့ နည်းလမ်းတွေ အများကြီးပဲ။ ဓားသမားတွေအတွက်ကတော့ ဓားချီ မလုံလောက်တဲ့ ပြဿနာပဲ အများဆုံးရှိကြတယ်။ ဘယ်လိုလုပ် ဓားချီတွေကို အလဟသ အဆုံးရှုံးခံချင်ကြမှာလဲ”
သို့သော် ဟန်မူယဲ့က တခြားလူများနှင့် ကွဲပြားပေသည်။
“လျှို့ဝှက်နယ်မြေက တိုက်ရိုက်တပည့်တွေကို မင်း ဘယ်လိုမြင်လဲ”
ဓားစံအိမ်အကြီးအကဲက မေးသည်။
ဟန်မူယဲ့ ခေါင်းညိတ်သည်။
“ဓားစံအိမ်… စာအုပ်ဆောင်… ဆေးခန်းဆောင်… လျှို့ဝှက်နယ်မြေ…”
“ဒါတွေက ဂိုဏ်းရဲ့ အုတ်မြစ်တွေပဲ…”
ဓားစံအိမ်အကြီးအကဲကို ကြည့်ကာ ဟန်မူယဲ့ မျက်တောင်ပင့်လိုက်သည်။
“အဲဒါတွေက သေနေတဲ့အရာတွေပဲ”
“စစ်မှန်တဲ့ အုတ်မြစ်ဟာ တိုက်ရိုက်တပည့်တွေပဲ”
“သူတို့ဟာ လုံလောက်တဲ့သက်တမ်းမှာ ကမ္ဘာမြေအဆင့် ဖြစ်လာပြီးတော့ အဆုံးအစမဲ့တဲ့ အလားအလာတွေ ပိုင်ဆိုင်ကြတယ်”
“သူတို့နဲ့ဆိုရင် ဂိုဏ်းဟာ နှစ်တစ်ရာ နှစ်တစ်ထောင်နဲ့ မကျရှုံးဘူး”
ဟန်မူယဲ့က ပြောလျှင် ဓားစံအိမ်အကြီးအကဲ တိတ်ဆိတ်သွားသည်။
အတန်ကြာလျျင် ဓားစံအိမ်အကြီးအကဲက ပြောသည်။
“မင်းဟာ ဂိုဏ်းရဲ့ ၁၉ယောက်မြောက် တိုက်ရိုက်တပည့်ပဲ… မင်း ဂိုဏ်းချုပ်နေရာအတွက် မယှဉ်ပြိုင်ချင်ဘူးလား”
သူ စိတ်ဝင်စားပါသလား။
ဂိုဏ်းချုပ်နေရာ။
ဟန်မူယဲ့အား တခဏမျှ မင်တက်နေသည်။ သူက ပြန်ပြောမည် ပြုစဉ် ဓားစံအိမ်အကြီးအကဲက လက်ဝှေ့ယမ်းသည်။
“ပြန်ဖြေစရာ မလိုဘူး”
“အားလုံးက ကံတရားပဲ”