← Chapters

အမြင့်ဆုံးအရည်အသွေးဆေးလုံးအထက်တွင် နောက်ထပ် အဆင့်ရှိသေးသလား

Vol. 10 Ch. 133

အမြင့်ဆုံးအရည်အသွေးဆေးလုံးအထက်တွင် နောက်ထပ် အဆင့်ရှိသေးသလား

Vol. 10 Ch. 133

အခွင့်အလမ်း…

ထိုကိစ္စကား ပုံရိပ်ယောင်ဆန်လွန်းသည်။

ဟန်မူယဲ့ သဘောပေါက်သည်ကား အတတ်နိုင်ဆုံး ကြိုးစားရန် ဖြစ်သည်။

သူသည် ဂိုဏ်းချုပ်နေရာကို တစ်ခါမှ မတွေးမိခဲ့ပါ။ ၎င်းသည် သူနှင့် ဝေးကွာလွန်း၏။

သို့သော်လည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။

အပင်မြင့်လေ သူတို့ လွတ်လပ်စွာ နေထိုင်နိုင်လေ ဖြစ်သည်။

ဂိုဏ်းက အင်အားကြီးခြင်းကြောင့်သာ မဟုတ်ပါက တိုက်ရိုက်တပည့်များ လျှို့ဝှက်နယ်မြေတွင် စိတ်အေးလက်အေး မည်သို့ ကျင့်ကြံနိုင်မည်နည်း။

ဂိုဏ်းငယ်များနှင့် တကိုယ်တော်ကျင့်ကြံသူ အများစုမှာ ဝိညာဉ်ကျောက်တုံးများအတွက် တိုက်ခိုက်နေကြသည်။

အောက်ထပ်ကို ဆင်းလာရင်း ဟန်မူယဲ့သည် ဓားစံအိမ်အဝင်ဝသို့ သွားကာ ကောင်းရှောင်ရွှမ် မြေခွေးငယ်နှင့် ဆော့ကစားနေသည်ကို ကြည့်၏။

လင်းရှန်နှင့် လုကောတို့မှာ အချိန်အားသရွေ့ ကျင့်ကြံနေကြသည်။ သူတို့ကို သဘာဝစွမ်းအင်များ ရစ်ပတ်ထားကြ၏။

ဟန်မူယဲ့က ခေါင်းမော့ကာ ကောင်းကင်မှ နေမင်းကို ကြည့်သည်။

သူက မျက်လုံးများကို မှိတ်လိုက်လျှင် သူ့ခန္ဓာကိုယ်မှ ချီအားများသည် ဒန်ထျန်၌ စုစည်းကြ၏။

သူ့ထံမှ ပူပြင်းသော အငွေ့အသက်များ စတင်ထွက်ပေါ်လာခဲ့ကာ ၎င်းသည် ကြမ်းပြင်၌ ဆော့ကစားနေသော ကောင်းရှောင်ရွှမ်နှင့် မြေခွေးငယ်အား မော့ကြည့်စေသည်။

မြေခွေးငယ်ကား အပူလှိုင်းများကို ကြောက်ရွံ့ဟန်ဖြင့် ကောင်းရှောင်ရွှမ်၏လက်ပေါ်သို့ ခုန်တက်သွားသည်။

၎င်းစွမ်းအားသည် ကောင်းကင်တွင် ထွန်းလင်းနေသော နေမင်းထံမှ လာခြင်း ဖြစ်သည်။

ထိုအခိုက်တွင် ဟန်မူယဲ့သည် သူ နားမလည်သော တချို့အရာများကို ရှင်းလင်းစွာ သဘောပေါက်လာခဲ့သည်။

လောကရှိစွမ်းအားများသည် ကမ္ဘမြေပြင်မှ ဖြစ်ပေါ်လာကာ ကောင်းကင်၏သန့်စင်မျိုးထောင်မှုကို ရရှိသည်။

အသက်၏အရင်းအမြစ်ကား နေမင်းနှင့် ကြွယ်ဝသော ကမ္ဘာမြေ ဖြစ်သည်။

ဓားစံအိမ်၏ကျောက်တုံးလှေကားထစ်တွင် ရပ်နေရင်း ဟန်မူယဲ့သည် သူ့သွေးကြောများကို စီးဆင်းသွားသော ပူပြင်းသော စွမ်းအားကို ခံစားမိသည်။

၎င်းစွမ်းအားကား သိပ်သည်းသည်။ ၎င်းသည် သူ့ဒန်ထျန်မှ ချီအားနှင့် ထိတွေ့သောအခါ ပွက်ပွက်ဆူနေသော ရေနွေးအိုးအလား ထင်မှတ်ရ၏။

၎င်းသည် စွမ်းအားနှစ်ခု ပေါင်းစပ်ခြင်း ဖြစ်သည်။ နေမင်းရောင်ဝါကျင့်စဉ်က သူ၏ချီအားသဘာဝကို ပြေင်းလဲနေခြင်းလည်း ဖြစ်သည်။

သူ့ဒန်ထျန်မှ အစိတ်စိတ်ကွဲအက်တော့မည့်အလား နာကျင်မှုကို ခံစားရသည်။

ထိုနာကျင်မှုက ဟန်မူယဲ့၏မျက်နှာကို ရှုံ့မဲ့စေသည်။

နေမင်းစွမ်းအားသည် သူ၏သွေးကြောများထဲမှ စီးဆင်းကာ ၎င်းသည် နာကျင်မှုကိုလည်း သယ်ဆောင်လာ၏။

ရှန်မုယန်၏အဆိုအရ သည်ကျင့်စဉ်မှာ သိပ်ကြာကြာ ကျင့်ကြံ၍ မရပါ။

ဟန်မူယဲ့ကလည်း အချိန်ကြာကြာ မကျင့်ကြံပါ။

စွမ်းအင်ညီမျှခြင်းသည် အရေးကြီး၏။ သူက ချီစုစည်းခြင်းအဆင့်၌ ဖြေးညင်းစွာ ကျင့်ကြံသွားရန်သာ လိုအပ်သည်။

နေမင်းရောင်ဝါကျင့်စဉ်၏အသွင်ပြောင်းလဲမှုကြောင့် သူ့ဒန်ထျန်မှ ချီအားများမှာလည်း ပိုမိုသိပ်သည်းလာခဲ့သည်။

ဟန်မူယဲ့၏မှန်းဆချက်အရ ၎င်းသည် အနည်းဆုံး ပဥ္စမတန်းစား ချီစွမ်းအား ဖြစ်သည်။

ယနေ့တွင် ဓားစံအိမ်၌ လုပ်စရာ သိပ်မရှိပါ။

ညနေ ဓားစံအိမ်တံခါးပိတ်သည့်တိုင် ခေါင်းဆောင်တောက်ရင် ပြန်ရောက်မလာပါ။ ဓားစံအိမ်အကြီးအကဲသည်လည်း အောက်ထပ်ကို ဆင်းကာ လာရောက်သောက်စားခြင်း မပြုပေ။

ညရောက်လျှင် ဟန်မူယဲ့သည် ဆေးပေါင်းဖိုကို ထုတ်ကာ တိမ်မြူချီနှင့် စွမ်းအင်အသွင်ပြောင်းဆေးလုံးတချို့ကို ဖော်စပ်၏။

ယနေ့ ခေါင်းဆောင်တောက်ရင် ဆေးလုံး‌ဖော်စပ်သည်ကို ကြည့်ကာ ဟန်မူယဲ့သည် ဆေးလုံး၏ဂုဏ်သတ္တိအား သန့်စင်ခြင်းနှင့်ပတ်သက်၍ ပိုမိုနားလည်လာခဲ့၏။

ယခု သူသည် ဆေးလုံးဖော်စပ်သောအခါ သူ့ဓားချီကို ဆေးအမယ်များနှင့် ပေါင်းစပ်သည်။ သူသည် ဆေးအမယ်များမှ မလိုသော ဆေးဂုဏ်သတ္တိများအား ဖျက်ဆီးကာ ဆေးလုံး၏သန့်စင်မှုကို ပိုမိုတိုးတက်အောင် ကြိုးစား၏။

ဆေးငါးဖုံတွင် နှစ်ဖုံမှာ လုံးဝ ပျက်စီးသွားခဲ့ကာ ၎င်းသည် ဟန်မူယဲ့အား ကြီးစွာ နာကျင်စေသည်။

မည်သို့ဆိုစေ ဆေးနှစ်ဖုံကား ဝိညာဉ်ကျောက်တုံး ထောင်သောင်းများစွာ တန်ဖိုးရှိ၏။

သို့သော်လည်း တခြားဆေးသုံးဖုံတွင် နှစ်ဖုံ၌ အမြင့်ဆုံးအရည်အသွေး ဆေးလုံးဆယ်လုံး ရရှိခဲ့ကာ ၎င်း၏ဆေးဂုဏ်သတ္တိများမှာလည်း ပိုမိုသန့်စင်၏။

နောက်ဆုံးသော ဆေးတစ်ဖုံကား ဆေးလုံးသုံးသုံးသာ ပါသည်။

ထိုဆေးလုံးများမှာ အနည်းငယ် ထူးဆန်း၏။ ၎င်းတို့သည် ဆေးလုံးဖြစ်လာသောအခါ မီးခိုးရောင် ဖြစ်သည်။

သို့သော်လည်း သူက ဆေးလုံးကို ဆန်းစစ်ကြည့်သောအခါ ဆေး၏ဂုဏ်သတ္တိသည် အမြင့်ဆုံးအရည်အသွေးဆေးလုံးများထက် ပိုမိုသန့်စင်ကောင်းမွန်နေသည်ကို တွေ့ရ၏။

အာခီမီတာအိုတွင် အမြင့်ဆုံးအရည်အသွေးဆေးလုံးများထက် ပိုမိုအဆင့်မြင့်သော ဆေးလုံးများ ရှိသေးသည်လား။

မည်သည့်အဆင့်တွင် ရှိသနည်း။

ဟန်မူယဲ့သည် ထိုဆေးလုံး ၃လုံးကို စားသုံးခြင်းမပြုဘဲ သိမ်းဆည်းလိုက်သည်။

တိမ်မြူချီဆေးလုံးများကို စမ်းသပ်နိုင်သော်လည်း သူသည် စွမ်းအင်အသွင်ပြောင်းဆေးအမယ်များကို မဖြုန်းတီးရဲပါ။

ထိုဆေးအမယ်များမှာ ရှားပါးသည်။

သုံးရက်မှာ တခဏအတွင်း ကုန်ဆုံးသွား၏။ ဓားစံအိမ်သည် ကောင်းမိသားစု သွန်းလုပ်သော ဓားအသစ်များကိုလည်း လက်ခံရရှိခဲ့၏။

စိတ်ဝင်စားစရာကောင်းသည်ကား ထိုဓားများသည် အကြိမ်တစ်သိန်းခန့် သန့်စင်ထားကာ တချို့သော ဝိညာဉ်သတ္တုများအား ထည့်သွင်းရောစပ်ထားသည်။

လေလံပွဲတုန်းက ဝိညာဉ်ကျောက်တုံး တစ်သိန်းဖြင့် ရောင်းချခဲ့သော ဓားကို မှီငြမ်းကာ ကောင်းမိသားစုသည် ပုံစံတူ ဓားများကို အောင်မြင်စွာ ထုတ်လုပ်ရန် ကြိုးစားနေကြဟန်ရ၏။

သာမန်ဝိညာဉ်လက်နက်များသည်ပင် ဝိညာဉ်ကျောက်တုံး သောင်းကျော်တန် သတ္တုများဖြင့် ရောစပ်ထားသည်။

ကောင်းမိသားစုသည် ပိုက်ဆံဖြုန်းတီးနေသည်လား။

သို့သော် သူတို့သာ သည်နည်းအတိုင်း ဆက်လက်ကြိုးစားသွားပါက အမှန်တကယ် အောင်မြင်နိုင်လောက်၏။

ထိုကား ကောင်းသောအချက်ဖြစ်သည်။

ကောင်းမိသားစုသည် သူတို့သွန်းလုပ်သော ဓားများသာမက ဖီးနစ်ဦးခေါင်းတောင်မှ ဓားနှစ်လက်ကိုပါ ပို့ဆောင်ခဲ့၏။

၎င်းတို့မှာ သာမန်ဓားရှည်နှစ်လက်သာ ဖြစ်သည်။ ဟန်မူယဲ့က ဓားများကို စစ်ဆေးကြည့်၏။

ထိုဓားများမှာ မိစ္ဆာများ၏ဓား မဟုတ်ပါ။

၎င်းတို့သည် မိစ္ဆာများလက်အောက်ခံ ဖြစ်သွားသော ဂိုဏ်းသားတချို့၏ဓားများသာ ဖြစ်သည်။

ဖီးနစ်ဦးခေါင်းတောင်တွင် စတည်းချနေသော တပည့်များသည် ထိုဓားများကို ပို့ဆောင်ခြင်းက သူတို့၏တိုက်ခိုက်ရေးစွမ်းအားကို တမင် ကြွားဝါခြင်းလည်း ဖြစ်သည်။

မည်သို့ဆိုစေ ထိုဓားများမှ တစ်ဆင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များ၏စွမ်းရည်မှာ မိစ္ဆာများနှင့် သာမန်ဓားဂိုဏ်းမှ လူများထက် တစ်ဆင့်မြင့်သည်ကို တွေ့နိုင်၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အတွင်းစည်းတပည့်တစ်ဦးသည် သာမန်ဂိုဏ်းတစ်ဂိုဏ်းမှ အကြီးအကဲကို ယှဉ်နိုင်ပေသည်။

…

သုံးရက်ကြာပြီးနောက် ဟန်မူယဲ့သည် ဓားစံအိမ်အကြီးအကဲနှင့် ဟွမ်လောင်လျှိုတို့အား အသိပေးကာ တောင်ကုန်းဂိတ်တံခါးသို့ ခေါင်းဆောင်တောက်ရင်နှင့်အတူ ဆင်းလာခဲ့သည်။

ထိုနေရာတွင် အကြီးအကဲစုလျန့်နှင့် မိန်းကလေးကျင်းယွမ်တို့မှာ စောင့်ဆိုင်းနေကြပြီး ဖြစ်သည်။

အကြီးအကဲစုလျန့်နှင့် မိန်းကလေးကျင်းယွမ်တို့မှာ သားနားလှပစွာ ဝတ်ဆင်ထားသော်လည်း ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်တို့မှာကား သာမန်ဝတ်ဆင်နေကျ ဂိုဏ်းဝတ်စုံသာ ဖြစ်သည်။

အပြင်သို့ ခရီးထွက်သည့်အခါ အမျိုးသားကျင့်ကြံသူနှင့် အမျိုးသမီးကျင့်ကြံသူများအကြား အနည်းငယ်တော့ ကွာခြားပေသည်။

ခေါင်းဆောင်တောက်ရင်က လက်ဝှေ့ယမ်းလိုက်လျှင် ပေသုံးဆယ်ခန့် ရှည်လျားသော လှေတစ်စင်း ပေါ်လာသည်။

၎င်းသည် လှေပျံ ဖြစ်သည်။ လှေ၏ပုံပန်းသွင်ပြင်မှာ ကျန်းလင်ရတနာဆိုင်ရှင်၏လှေပျံနှင့် သိပ်မကွဲပြားပေ။

သို့သော်လည်း ခေါင်းဆောင်တောက်ရင်၏ကျင့်ကြံဆင့်ကား နက်ရှိုင်းရာ သူသည် လှေဦး၌ ထိုင်ကာ လှေကို ထိန်းချုပ်ရန် မလိုပါ။ သူသည် လှေဝါးမှ အခန်းထဲတွင် ထိုင်ကာ သူ့အာရုံကို ရံဖန်ရံဖန် လှေကို ထိန်းချုပ်ရန် အသုံးပြု၏။

“မူမိသားစုခေါင်းဆောင်နာမည်က မူချွန်းဟွေ့လို့‌ ခေါ်တယ်။ သူဟာ အရင်ကလည်း ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းဝင်ပဲ”

“နောက်ပိုင်း ဂိုဏ်းက ဆုတ်ယုတ်သွားတဲ့အခါ သူဟာလည်း မူမိသားစုဆီကို ပြန်သွားခဲ့ပြီး မိသားစုကို တိုးတက်အောင် ကြိုးစားခဲ့တယ်”

လှေဝမ်းတွင် အကြီးအကဲစုလျန့်က မူမိသားစုအကြောင်းကို ပြောပြနေသည်။

ကြီးမြတ်သော ကျင့်ကြံသူတစ်ဦး၏ အောင်မြင်မှုနောက်ကွယ်တွင် ပုံပြင်များ ရှိသည်။

မူချွန်းဟွေ့သည် ဂိုဏ်းငယ်တစ်ဂိုဏ်းမှ ဖြစ်သော်လည်း သူ၏အာခီမီပါရမီကား အလွန်ကောင်းမွန်၏။

လွန်ခဲ့သော နှစ်တစ်ရာက ဂိုဏ်းကြီးများအကြား တိုက်ပွဲဖြစ်သောအခါ မူမိသားစုခေါင်းဆောင်သည် သူတစ်ယောက်တည်းဖြင့် ရန်သူများကို ရင်ဆိုင်ခဲ့သည်။ မူရှန်မြို့က ကြားနေရန်အတွက် ဆေးလုံးများဖြင့် အလှဲအလှယ်လုပ်ခဲ့ရသည်။

နောက်ပိုင်းတွင် အနောက်ဘက်နယ်စပ်ကုန်းမြေနှင့် တောင်ပိုင်းကုန်းမြေတို့အကြား ပဋိပက္ခများ ဖြစ်သောအခါ နယ်ခြားမှ ရန်သူများကို ခုခံတိုက်ခိုက်သော ကျင့်ကြံသူများအတွက် မူမိသားစုက ဆေးလုံးများ အခမဲ့‌ ထောက်ပံ့ပေးခဲ့သည်။ သူတို့၏မိသားစုဝင်များသည်ပင် ရှေ့တန်းတွင် သွားရောက်တိုက်ခိုက်ခဲ့ကြ၏။

အကျော်ကြားဆုံး အချိန်အခါကား မူမိသားစုခေါင်းဆောင်သည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ အာခီမီပညာရှင်များနှင့် ပူးပေါင်းကာ တောင်ပိုင်းကုန်းမြေမှ ပညာရှင်များကို ရင်ဆိုင်စဉ်က ဖြစ်သည်။

ထိုတိုက်ပွဲ၌ တောင်ပိုင်းကုန်းမြေမှ ပညာရှင်များသည် မူမိသားစုခေါင်းဆောင်ကို မယှဉ်နိုင်ခဲ့ပါ။

ထိုတိုက်ပွဲအပြီးနောက် မူမိသားစုခေါင်းဆောင်သည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အတော်ဆုံးအာခီမီပညာရှင်အဖြစ် သတ်မှတ်ခံရ၏။ ဂိုဏ်းကြီးကိုးဂိုဏ်း၌ ဂိုဏ်းငါးခုက မူမိသားစုခေါင်းဆောင်အား ဧည့်အကြီးအကဲဂုဏ်ပုဒ်ကို ပေးခဲ့ကြသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ မူမိသားစုဟာ မဟာမိတ်တွေ မဟုတ်ပေမဲ့ မူမိသားစုက လူငယ်မျိုးဆက်တွေဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို လာကျင့်ကြံကြတယ်”

အကြီးအကဲစုလျန့်က ထိုသို့ ပြောကာ ဟန်မူယဲ့အား ပြုံးလျက် ကြည့်သည်။

“မူဝမ်ဟာ မူမိသားစုခေါင်းဆောင်ရဲ့ ရက် ၈၀၀ ဧည့်ခံပွဲကို လာလိမ့်မယ်”

“အဲဒီတုန်းက မင်းရဲ့ သက်တမ်းအကန့်အသတ်ပြဿနာကြောင့် ကောင်မလေး အတော်ဝမ်းနည်းခဲ့ရတယ်”

ထိုစကားကြောင့် ခေါင်းဆောင်တောက်ရင်က လှည့်ကြည့်သည်။

ဟန်မူယဲ့ သူ့အား လျစ်လျူရှုထားသည်။

ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူက ဘယ့်နှယ် လူငယ်မျိုးဆက်များ၏အတင်းအဖျင်းများကို စိတ်ဝင်စားရသနည်း။

အကြီးအကဲစုလျန့်၏အမူအရာက သုန်မှုန်သွားကာ ပြောသည်။

“မူမိသားစုကို တကယ်ကျော်ကြားစေခဲ့တာကတော့ မူမိသားစုခေါင်းဆောင် တည်ထောင်ခဲ့တဲ့ အာခီမီစံအိမ်ငယ်ပဲ”

ခေါင်းဆောင်တောက်ရင်က ခေါင်းညိတ်ကာ ပြောသည်။

“မှန်တယ်… အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အာခီမီပညာရပ်ဟာ သိပ်ထွန်းကားတာ မဟုတ်ဘူး။ အဖိုးကြီးမူက သူ့ကိုယ်ပိုင်ပညာရပ်တွေကို လူအများဆီသို့ ဖြန့်ဝေဖို့ဆိုတာ တော်တော်လေးစားစရာစိတ်ဓာတ်ပဲ”

ထို့အပြင် မူမိသားစုခေါင်းဆောင်သည် ကောင်းကင်ဘုံတစ်ဝက်အဆင့်ပညာရှင်ဖြစ်ကာ သူသည် ပဥ္စမတန်းစားဆေးလုံးကို ဖော်စပ်နိုင်သည်။

“မူရှန်မြို့ဟာ ဂိုဏ်းအသီးသီးက ဆေးလုံးတွေ ရောင်းဝယ်ဖောက်ကားတဲ့နေရာလို့လည်း ပြောလို့ရတယ်”

ဆေးလုံးဖော်စပ်ခြင်းက ဝိညာဉ်ကျောက်တုံး ရရှိရန် မဟုတ်ပေဘူးလား။

မူဝမ်သည် ယခင်က ပိုင်စုကျန်းနှင့် အဆက်အဆံရှိသည်မှာ မထူးဆန်းတော့ပါ။

တစ်ယောက်တွင် ဆေးလုံးရှိကာ နောက်တစ်ယောက်တွင် ဆေးဆိုင်ရှိသည်။

အကြီးအကဲစုလျန့်က ခေါင်းယမ်းကာ ပြောသည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေက အာခီမီပညာရပ်ဟာ ဆုတ်ယုတ်သွားခဲ့တာ ကြာပြီ။ ငါတို့က အလယ်ပိုင်းကုန်းမြေကို မယှဉ်နိုင်ဘူး”

“မူမိသားစုခေါင်းဆောင်ဟာ အလယ်ပိုင်းကုန်းမြေကို သွားခဲ့တယ်။ သူ ပြန်လာပြီးနောက် အာခီမီစံအိမ်ငယ်ကို တည်ထောင်ခဲ့တယ်။ သူက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အာခီမီပညာရပ်တွေကို တိုးတက်စေချင်ခဲ့တယ်”

ခေါင်းဆောင်တောက်ရင်က ပြုံးလျက် ပြောသည်။

“ဒီတစ်ခေါက် ငါ အာခီမီစံအိမ်ငယ်ထဲကို ဝင်ရမှ ဖြစ်မယ်”

မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အကြီးအကဲစုလျန့်က ခေါင်းညိတ်သည်။

“ခေါင်းဆောင်ပြောတာ မှန်တယ်… သွေးကြောဖွင့်ဆေးလုံးရဲ့ ပိုရိုးရှင်းတဲ့နည်းစနစ်ကြောင့် သူဟာ အာခီမီစံအိမ်ငယ်ထဲကို ဝင်ခွင့်ရနိုင်တယ်”

“တကယ်လို့ ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ ဆေးဖော်စပ်နည်းတစ်ခုနဲ့ အာခီမီစံအိမ်ကို ဝင်နိုင်ရင် ဒါဟာ ငါတို့ ဂိုဏ်းရဲ့ ဂုဏ်ယူစရာအောင်မြင်မှုပဲ”

ပြီးခဲ့သည့်ရက်များအတွင်း ခေါင်းဆောင်တောက်ရင်နှင့် ဆေးခန်းဆောင်မှ အကြီးအကဲများသည် သွေးကြောဖွင့်ဆေးလုံး၏ ပိုမိုရိုးရှင်းသော စနစ်ကို ဆွေးနွေး အဖြေရှာခဲ့ကြ၏။

ယခင်မူလနည်းစနစ်နှင့်စာပါက နည်းစနစ်အသစ်သည် ဆေးအမယ်ပိုမိုစားသုံး၏။

အာခီမီစံအိမ်ငယ်တွင် ဆေးဖော်စပ်နည်းလမ်းများစွာ ရှိသည်။

အကယ်၍ ထိုနည်းစနစ်သာ အာခီမီစံအိမ်ငယ်တွင် သိုလှောင်ခွင့်ရပါက ခေါင်းဆောင်သည်လည်း သေချာပေါက် အာခီမီစံအိမ်ငယ်ထဲသို့ ဝင်ခွင့်ရပေမည်။

လှေပျံ ဆက်လက်ပျံသန်းသွားခဲ့သည်။

….

လှေပျံ ရပ်တန့်သွားလျှင် ခေါင်းဆောင်တောက်ရင် ထရပ်သည်။

ဟန်မူယဲ့က အပြင်ကို လှမ်းကြည့်လျှင် ကြီးကျယ်ခမ်းနားသော ရှေးဟောင်းမြို့တစ်မြို့အား မြင်သည်။

သူတို့ရှေ့တွင်ကား အစိမ်းရောင်ဝတ်လူတစ်စု ဖြစ်သည်။

ဟန်မူယဲ့က သူတို့အား ကြည့်လိုက်ပြီးနောက် အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

ထိုလူစုထဲတွင် တစ်စုံတစ်ယောက်သည်လည်း ပြုံးနေသည်။

All Chapters