နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ပြန်လည် ထွက်ပေါ်လာခြင်
Vol. 22 Ch. 294
ခဏအကြာတွင် မိုဝူကျီက အားအပြည့်ဖြင့် ထွက်နိုင်မည် မဟုတ်ကြောင်း သတိပြုမိ လိုက်သည်။ သူ့သဘာဝ စွမ်းအားများနှင့် စိတ်စွမ်းအားသာ ပြတ်လပ်သွားပါက သေချာပေါက် သေဆုံး သွားလိမ့်မည်။
ထိုစဉ် မိုဝူကျီက လျှပ်စီးပမာဏ အများအပြားကို ပစ်လွှင့် လိုက်တော့သည်။ မူလက သူသည် ပညာရှင် နှလုံးသားကို လွှမ်းခြုံကာ အကာအကွယ် အဖြစ် အသုံးပြုမည် ဖြစ်ကာ လျှပ်စီးများကို မလိုအပ်ပေ။ သို့သော်လည်း သူက ကင်းမြီးကောက်များကို သတ်လေလေ သူတို့က လမ်းပိုပိတ် လာလေလေ ဖြစ်ကြောင်း သတိပြုမိ လာလေသည်။ ထိုအရာက မပြီးဆုံးတော့ချေ။ သူက ရှေ့တိုးလာလေလေ ကင်းမြီးကောက်များက ပိုထူထပ် လာလေလေ ဖြစ်နေ၏။
မိုဝူကျီက သူ့ရှေ့မှ နေရာကို တိုက်ခိုက်နှုန်း တိုးမြင့်ဖို့ရာ ကြိုးစား လိုက်သောကြောင့် ထင်ထားသည့် အတိုင်း ကင်းမြီးကောက် များစွာက သူ့လမ်းပိတ်ရန် ရောက်ရှိ လာကြသည်။
သူ့လျှပ်စီးချက်များကို အဝေးသို့ ဆက်တိုက် ပစ်လွှတ် နေရသည်။ သူ့ဘေးနားမှ ကင်းမြီးကောက်များကို မဟုတ်ဘဲ ဟိုးအဝေး နေရာကို ဖြစ်၏။
မိုဝူကျီ တိုက်ခိုက်မှု အပြီးတွင် သူက ရှေ့၌ လမ်းကိုပင် မမြင်ရတော့ချေ။
အကြောင်းမှာ အာကာသ ကင်းမြီးကောက်များက အဆက်မပြတ် သူ့လမ်းကို ပိတ်ထားဆဲ ဖြစ်ကာ သူ့စိတ် စွမ်းအားဖြင့် သူ့အနောက်ဖက်မှ ကင်းမြီးကောက်များက ပါးလာကြောင်း သတိထားမိ လိုက်သည်။
အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး ထိုသည်က လွတ်မြောက်မည့် အခိုက်အတန့် ဖြစ်မှန်း သိလိုက်သည်။ အချိန်တိုအတွင်း လှည့်ထွက်နိုင်ပြီး မြန်မြန်ဆန်ဆန် သင်္ဘောပျံကို ထုတ်ယူ နိုင်သရွေ့ လွတ်မြောက်နိုင်ချေ ရှိလေသည်။
သူက အလွန် မြန်ဆန်ဖို့ရာ အတွက် ထိုကင်းမြီးကောက်များမှာ ဉာဏ်မကောင်းသလို ဉာဏ်တုံးသည့် အထဲလည်း မပါကြပေ။ သူတို့သာ သူ နောက်လှည့်သွားကြောင်း တွေ့ရှိ သွားသည်နှင့် ပို၍ သတိထား ကြလိမ့်မည်။ နောက်တစ်ကြိမ် ထိုသို့ အခွင့်အရေး ပေါ်လာလျှင်ပင် ပို၍ ခက်ခဲ သွားလိမ့်မည်။
ပညာရှင် နှလုံးသား၌ တိုက်နိုင်စွမ်း မရှိသေးခြင်းက နှမြောဖွယ် ဖြစ်စရာ ကောင်းလှသည်။ မဟုတ်လျှင် သူက အစိမ်းရောင် မီးတောက်လှိုင်းများ ထုတ်လွှင့် လိုက်သည့်အခါ အာကာသ ကင်းမြီးကောက် မည်မျှပင် ဖြစ်နေစေကာမူ ပြက်လုံး တစ်ခုသာ ဖြစ်သွားပေလိမ့်မည်။
ရှေ့ကို လျှပ်စီးတချို့ ထုတ်လွှင့်လိုက်ပြီး နောက်တွင် မိုဝူကျီက လုံးဝန်း သင်္ဘောပျံကို ထုတ်ယူ လိုက်တော့သည်။
မိုဝူကျီ ရုတ်တရက် လှည့်ထွက်လိုက်မှုက လမ်းပိတ်ဆို့ ထားသည့် ကင်းမြီးကောက်များကို ခဏတာ ကြောင်သွားစေသည်။ သူတို့ ရှေ့တက်လာသည့် အချိန်တွင် သူ့သင်္ဘောပျံကို စတင်ပြီးပြီ ဖြစ်ရာ ပုံရိပ် ဝါးဝါးလေးသာ ချန်ထား ရစ်ခဲ့တော့သည်။
နှစ်နာရီ အကြာတွင် ကင်းမြီးကောက်များကို စိတ်စွမ်းအားဖြင့် မခံစားမိသည့် အခါမှ ချွေးတစ်လုံးလုံး ထိုင်ချ လိုက်တော့သည်။
ထိုသည်က သေမင်း ခံတွင်းဝ အနီးကပ်ဆုံး အထဲမှ အနီးဆုံး ဖြစ်ခဲ့သည်။
***
“ဟမ် ... မြေကမ္ဘာ အဆင့်ဇယား အဆင့် ၉၈၃၁ မှာ ပေါ်လာတဲ့ နာမည်က အဆန်းကြီးနော် ... နယ်လှည့်ကျင့်ကြံသူ ၂၇၀၅တဲ့ ...” ကိုးမိုမြို့ နေရာကျယ်ကြီးတွင် တစ်ယောက်က မြေကမ္ဘာအဆင့်မှ ပုံမှန် မဟုတ်သည့် နာမည်ကို သတိပြုမိ လိုက်သည်။
မိုဝူကျီက အစစ်အမှန် ရေအဆင့် ကျင့်ကြံသူကို သတ်လိုက်ပြီးနောက်
“နယ်လှည့် ကျင့်ကြံသူ ၂၇၀၅” နာမည်သည် မြေကမ္ဘာ အဆင့်ဇယားတွင် ပေါ်လာလိမ့်မည်ဟု မသိပေ။ ကျန်းမိုနယ်မြေတွင် “နယ်လှည့်ကျင့်ကြံသူ ၂၇၀၅” အမည်ထက် “မိုဝူကျီ ” ကပို၍ ကောင်းပေသည်။
“မူလ အဆင့် ၉၈၃၁က ဘယ်သူဆိုတာ ငါသိတယ်။ သူက ဖူကျီကျဲလေ။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် တစ်ပိုင်း ရောက်နေပြီးတော့ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၆ ကျင့်ကြံသူ ဒဏ်ရာ ရနေတာကို သတ်လိုက်တဲ့ တစ်ယောက်လေ ... အဲဒီ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၆ ကျင့်ကြံသူက မူလအဆင့် ၉၈၃၁လေ။ ဒါပေမဲ့ ဖူကျီကျဲက သတ်လိုက်တော့ သူက မြေကမ္ဘာ အဆင့်ဇယားထဲ ရောက်လာတာ ...”
ကျင့်ကြံသူများ အတွက် ကောင်းကင်၊ မြေကမ္ဘာနှင့် လူသားအဆင့် ဇယားပေါ်ရှိ အမည် ၁၀၀၀၀က သိပ်၍ မများပေ။ အများစုက ထိုအဆင့်ဇယား သုံးခုပေါ်မှ နာမည်များကို ကြက်တူရွေးနှုတ်တိုက် ရွတ်ဆို နိုင်ကြလေသည်။
“ဟုတ်တယ် ... ကျုပ်လဲ ကြားမိတယ်။ အဲဒီလူ စိန်ခေါ်ခံရမှာ စိုးနေပြီးတော့ အမြဲတမ်း ပုန်းကွယ်နေတာလေ။ ဒီလို အလိမ်အညာ ဖူကျီကျဲနဲ့ တွေ့သွားတာ ဆိုတော့ ဒီနယ်လှည့် ကျင့်ကြံသူ ၂၇၀၅က အတော်လေး ကံကောင်း သွားတာပေါ့။ ဒါနဲ့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က အဲဒီသူ ...”
နောက်ကျင့်ကြံသူ တစ်ယောက်က နယ်လှည့် ကျင့်ကြံသူကို စကားပြောနေရင်း မှတ်မိ သွားလေသည်။ ထိုသို့ နာမည်ကြီး ပုဂ္ဂိုလ် ... အဆင့်ဇယား သုံးခုလုံးကို မသိသည့် သူများတွင်ပင် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကို မသိသည့်သူ ဟူ၍ မရှိပေ။
“ဟားဟား ... ခင်ဗျားက မှတ်မိသား ... အရင် လူသား အဆင့်တစ်က ဘယ်သူလဲ။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ပဲ မဟုတ်ဘူးလား။ ကျုပ်ကြားတာတော့ ဂူရှောက်ယီတောင် သူ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး ဆိုပြီး ဝန်ခံ ထားတာတဲ့ ...”
ပတ်ဝန်းကျင်က လူများက လေအေးများ ရှူရှိုက်မိ လိုက်ကြပြီး အမှန်ဖြစ်ကြောင်း မယုံကြည်နိုင်ပေ။
လူသား အဆင့်ဇယား အဆင့်တစ် နယ်လှည့်ကျင့်ကြံသူ ၂၇၀၅က မြေကမ္ဘာ အဆင့်ဇယားသို့ ရောက်လာခြင်းက သေချာပေါက် အမှန်ဖြစ်ကာ အံ့အားသင့်စရာ မရှိပေ။ အံ့အားသင့်စရာ ကောင်းသည်က နယ်လှည့်ကျင့်ကြံသူ ၂၇၀၅က လူသား အဆင့်ဇယား အဆင့်တစ် ဖြစ်လာတာပင် အချိန်မည်မျှမှ မကြာမြင့်သေးပေ။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ယွမ်ဒန်အဆင့် ဖြစ်နေလျှင်ပင် မြေကမ္ဘာ အဆင့်ဇယား၌ ယနေ့ အချိန်အထိ ယွမ်ဒန်အဆင့် ကျင့်ကြံသူ မရှိသေးပေ။
အညံ့ဆုံးပင် အစစ်အမှန်ရေ အဆင့်ထဲ၌ ရှိနေပြီး အဆင့်ဇယား ဝင်ကြသူများမှာ အလွန့်လွန် ကံကောင်းကြသူများ ဖြစ်ကာ မကြာခင် ပျောက်ကွယ် သွားတတ်ကြသည်။ ဥပမာကောင်းကား ဖူကျဲကျီသာ ကြည့်ပါလေ ...
နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ယွမ်ဒန်အဆင့် တက်လှမ်း သွားလျှင်ပင် နှစ်တိုလေးအတွင်း အစစ်အမှန် ရေအဆင့်သို့ ရောက်နိုင်မည် မဟုတ်ပေ။ သူက အစစ်အမှန် ရေအဆင့်များ ရောက်နေပြီများလား ... မြေကမ္ဘာ အဆင့်ဇယား၌ အစစ်အမှန်ရေ အဆင့် ကျင့်ကြံသူများ ရှိသော်လည်း ထိုအရာမှာ သူတို့အတွက် မဟုတ်ပေ။ ထိုအရာကား ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူများ၏ ပိုင်နက်သာ ဖြစ်ကြသည်။
“နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ... ကျုပ်ကြားတာတော့ သူ့တာအို လက်တွဲဖော်က ကြယ်တာရာ ဘုရင်တောင်ရဲ့ ကြယ်တာရာ တိုက်ပွဲ သခင်လေးကြောင့် အာကာသထဲ ရောက်သွားတာဆို ...”
“မဟုတ်တာတွေ လျှောက်ပြော မနေနဲ့ ... မဟုတ်ရင် မင်းကိုယ်မင်း ဘယ်လို သေသွားတယ် ဆိုတာ သိလိုက်မှာ မဟုတ်ဘူး ...”
အဆင့်ဇယားများ ရှိနေသည့် ကျန်းမိုနယ်မြေမှ နေရာတိုင်းတွင် ထိုအကြောင်းအရာကို ဆွေးနွေး နေကြလေသည်။ အစပိုင်းတွင် နယ်လှည့်ကျင့်ကြံသူ ၂၇၀၅က လူသားအဆင့် ဇယားပေါ်၌ နာမည်ချန်ရစ် ထားပြီးနောက် ပျောက်ကွယ်သွားရာ ယခုအခါ အားလုံး၏ စကားဝိုင်းမှ ခေါင်းစဉ်တစ်ခု ဖြစ်လာနေပြန်ပြီ ဖြစ်၏။
***
ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာ သခင်တောင်
သာမန် ဝတ်စုံများကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်း အမျိုးသားကြီးက လက်နှစ်ဖက် နောက်ပစ်လျက် တောင်စောင်းတွင် မတ်တတ်ရပ်ကာ အဝေးမှ ရှည်လျားစွာ စီးဆင်းလာသော မြစ်များကို လှမ်းကြည့် နေလေသည်။
ဝတ်စုံအညိုနှင့် လူအိုကြီးက အမြန်အဆန် ဝင်လာပြီး လူလတ်ပိုင်း အမျိုးသား နောက်တွင် ရပ်ကာ
“ကြယ်တာရာ သခင် ... နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ထပ်ပေါ်လာပါပြီ။ ကျုပ်ကြားတာတော့ သူက မြေကမ္ဘာ အဆင့်ဇယားမှာ အဆင့် ၉၈၃၁ ဖြစ်သွားတယ်တဲ့ ...”
“အင်း ... ကြာချိန်နဲ့ဆိုရင် သူက အများဆုံး ယွမ်ဒန်အဆင့်မှာပဲ ရှိဦးမှာ မလား။ ယွမ်ဒန်အဆင့်နဲ့ မြေကမ္ဘာအဆင့် ဇယားကို ဝင်နိုင်တာ သူက တော်တော်လေး အံ့ဩဖို့ ကောင်းနေပြီ မလား ... ကြယ်တာရာ ဘုရင်တောင်ရဲ့ လူသားဘုရင် အဆင့်ဇယားမှာ အဆင့်တစ်ရတာ အံ့ဩစရာတော့ မရှိတော့ပါဘူး ...” ကြယ်တာရာ သခင်ဟု ညွှန်းဆိုထားသည့် လူလတ် အမျိုးသားက လှည့်ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဒါနဲ့ ရှားမျိုးနွယ်စု ကနေ ပျောက်ဆုံး နယ်မြေကို လွှတ်လိုက်တဲ့ လူတွေရော ပြန်ရောက်ပြီလား ...”
ဝတ်စုံအညိုနှင့် အမျိုးသားက အမြန်အဆန် ဝင်ပြောလိုက်သည်။
“မရောက်သေးပါဘူး။ လောက အင်မော်တယ် ဂူချီအပါအဝင် ဘယ်သူမှ ပြန်ရောက် မလာသေးပါဘူး။ ကြည့်ရတာ ပျောက်ဆုံး နယ်မြေက ထိပ်တန်း အဆင့်မြင့် ကျင့်ကြံသူက သူတို့အားလုံး နေခိုင်းထားတယ် ထင်တယ် ...”
လူလတ်အရွယ် ကြယ်တာရာသခင်က ခေါင်းညိတ်ကာ
“မဖြစ်နိုင်လောက်ဘူး။ အရင်တုန်းက ပျောက်ဆုံး နယ်မြေရဲ့ စည်းမျဉ်း စည်းကမ်းတွေ မပျက်စီးခင်က သူတို့မှာ ပါရမီရှင်များစွာ ရှိတယ်။ ကျန်းမိုနယ်မြေနဲ့ ယှဉ်ရင် ဟိုမှာ ပိုများပြားတယ် ... မင်းက ရှားမျိုးနွယ်စုကို ဆက်စောင့်ကြည့် ထားလိုက်၊ သူတို့ကို ပျောက်ဆုံး နယ်မြေကို ထပ်မသွား စေနဲ့တော့။ ဒါပေမဲ့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ကျန်းမိုနယ်မြေကို ရောက်နေပြီ ဆိုတော့ ရှားမျိုးနွယ်စုက ပျောက်ဆုံး နယ်မြေကို သွားချင်သေးမလား သိချင်မိသား ...”
“ဟုတ်ကဲ့ပါ ကြယ်တာရာသခင် ... ကျုပ် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ရှာပြီးတော့ နောက်ကနေ ကာကွယ်ပေးသင့်လား။ မဟုတ်ရင် ရှားမျိုးနွယ်စုတွေက သူ့ကို ဒုက္ခပေးကြလိမ့်မယ် ထင်တယ် ...” ဝတ်စုံအညိုနှင့် လူအိုကြီးက တီးတိုး ပြောလိုက်လေ၏။
အချိန် အတော်ကြာ တိတ်ဆိတ် နေပြီးနောက် လူလတ်အရွယ် ကြယ်တာရာ သခင်က သက်ပြင်း ချလိုက်ပြီး
“အကာအကွယ် လိုအပ်နေတဲ့ ပါရမီရှင်က တကယ့် ပါရမီရှင် မဟုတ်ဘူး။ သူ့ကို ဒီအတိုင်း ထားလိုက် ... တကယ်လို့ သူသာ အသက်ရှင် နိုင်ခဲ့မယ်ဆိုရင် သူက ငါတို့ကျန်းရှင်းကို ကယ်တင်မဲ့သူ ဖြစ်လာမှာပဲ။ သူ အသက်မရှင်ခဲ့ဘူး ဆိုရင်တော့ ထပ်ပြောစရာ မလိုတော့ဘူး။ ပြီးတော့ သူက ဒီလောက်အထိ လုပ်နိုင်လာတာက သူ့မှာ အကာအကွယ် ပေးမဲ့သူ မရှိတဲ့ နယ်လှည့် ကျင့်ကြံသူ မလို့ပဲ ...”
ထိုသို့ ပြောပြီးနောက်တွင် ကြယ်တာရာ သခင်က ခေါင်းခါလိုက်ကာ သူ့ကိုယ်သူ ရေရွတ်ဟန်ဖြင့်
“အဲဒီလူက ပညာသင် ကျောင်းသားပုံစံနဲ့ ဖြူဖျော့နေတာ နှမြောစရာပဲ။ သူက စံပြလူတော့ မဟုတ်သေးဘူး ...”
သူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ မည်သို့ပုံ ဖြစ်ကြောင်းကို ရှားမျိုးနွယ်စုမှ အသေးစိတ် ရရှိထားလေသည်။
တစ်ချိန်တည်းတွင် ကြယ်တာရာ ဘုရင်တောင် ကြယ်တာရာ တိုက်ပွဲခန်းမ ရှာမျိုးနွယ်စု၌ ရှားမူက ကျင့်ကြံရာမှ ထွက်လာလေသည်။ လွန်ခဲ့သည့်နှစ် အနည်းငယ် ပျောက်ဆုံး နယ်မြေမှ ပြန်ရောက်လာသည့် အချိန်နှင့် ယှဉ်လျှင် သူ့ဝန်းကျင်၌ တည်ငြိမ် စူးရှသော အရှိန်အဝါများ ရှိနေလေ၏။ ထိုအရှိန်အဝါများ ငြိမ်ကျ သွားသည့်အခါ သူက အဆင့်မြင့် ကျင့်ကြံသူ ပုံစံ ပေါ်လာလေသည်။
“သခင်လေး ... နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အကြောင်း သိရပါပြီ ...” ပုတိုတို ရိုဒီက စိတ်လှုပ်ရှားစွာ ပြေးလာလေသည်။ ချိန်ဟောင်ယီ အသတ်ခံရသည်မှ စ၍ ရှားမူ၏ အလုပ်များကို သူ့အား အပ်နှံ ထားလေသည်။
“ဘယ်မှာလဲ ...” ရှားမူက ရုတ်တရပ် ထရပ်ကာ တအံ့တဩ မေးလိုက်လေသည်။ သို့သော်လည်း သူက သူ့ဖခင် သင်ကြားမှုများကို တွေးမိသည့်အခါ နောက်တစ်ကြိမ် ပြန်ထိုင်လိုက်ပြီး သူ့စိတ်အတွင်းမှ ဒေါသတရားကို ချိုးနှိမ် ထားလိုက်သည်။
ရိုဒီက ပြန်ဖြေလိုက်သည်။
“သူက မြေကမ္ဘာ အဆင့်ဇယားကို အဆင့် ၉၈၃၁နဲ့ ဝင်လာတာပါ ...”
ထိုသည်က ရှားမူကို အနည်းငယ် ကြောင်အမိ သွားစေသည်။ ထို့နောက် သူက ပြန်ပြောလိုက်ကာ ဒီလောက် အချိန်တိုအတွင်း အဆင့် ၉၈၃၁ထိ ရောက်နိုင်တယ် ဆိုတော့
“ဒီကောင်က အတော်လေး အံ့ဩဖို့ ကောင်းတာပဲ ...”
သူက အမှန်ပင် တုန်လှုပ်မိ သွားသည်။ ယနေ့အထိ ဇွတ်ကြိုးစားခဲ့၍သာ မြေကမ္ဘာ အဆင့်ဇယား ထိပ်တန်း အယောက် ၁၀၀၀တွင် ဝင်နိုင်ရုံမျှသာ ဖြစ်၏။ တစ်ချိန်တည်းတွင် သူက သူ့အဆင့်မှာ အတုအယောင် ဖြစ်ကြောင်း သေချာသိ၏။ လက်တွေ့တွင် သူက အဆင့် ၂၀၀၀ အပြင်ဘက် ရောက်ရှိ နေနိုင်သည်။
“ဒီကိစ္စကို အဖေ့ကို ပြောပြရမယ် ...” ရှားမူက ဆုံးဖြတ်ချက် ချလိုက်တော့သည်။
နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ချိန်ဟောင်ယီကို ချောင်းမြောင်း သတ်ဖြတ်နိုင်သည့် အတွက် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို တစ်ကိုယ်တော် သွားရောက် ရင်ဆိုင်ခြင်းက သေဖို့ မြေကျင်း သွားတူးတာသာ ဖြစ်နေလိမ့်မည်။ ထို့အပြင် သူက နယ်လှည့် ကျင့်ကြံသူ၏ တာအို လက်တွဲဖော်ကို သေသည်အထိ တွန်းပို့မိခဲ့ရာ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သူ့ကို မကျေမနပ် ဖြစ်နေပေလိမ့်မည်။
တံခါးဝမှ ပျော်ရွှင်နေသည့် အသံတစ်ခု ထွက်ပေါ်လာရာ
“ငါ့သားက တော်တော်လေး တိုးတက်လာပုံပဲ ... မလုပ်ခင် အကြံစည် ချတတ်လာပြီ ...”
“အဖေ ...” ရှားမူက တစ်ဖက်သို့ မတ်တတ်ရပ်ကာ ဝင်လာသည့် အမျိုးသားကို နှုတ်ဆက်လိုက်သည်။ ဝင်လာသူမှာ ကြယ်တာရာ ဘုရင်တောင် ကြယ်တာရာ တိုက်ပွဲ ခန်းမသခင် ရှားတန်တောက် ဖြစ်၏။
“ခန်းမသခင်ကို နှုတ်ဆက်ပါတယ် ...” ရိုဒီက ထွက်မသွားခင် ရှားတန်တောက်ကို လေးလေးစားစား နှုတ်ဆက်လိုက်သည်။
ရှားတန်တောက်က ရှားမူ ထပေးလိုက်သည့် နေရာတွင် ဝင်ထိုင်ကာ ဝင်ပြောလိုက်သည်။
“ကြယ်တာရာ သခင်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို သတိပြုမိနေပြီ။ အဲဒါကြောင့် မင်း လှုပ်ရှားတဲ့အခါ သိသာစေလို့ မဖြစ်ဘူး။ အဲဒါက ရှားမျိုးနွယ်စုကို လာထိခိုက် နိုင်တယ် ... အရင်ဆုံး သူ့နေရာ ရှာကြည့်လိုက် ...”
“ဟုတ်ကဲ့ပါ အဖေ ...” ရှားမူက ပြန်ဖြေလိုက်သည်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သည် သေချာပေါက် သူ့လက်၌ သေရလိမ့်မည်။ သူက လွန်ခဲ့သည့် နှစ်အနည်းငယ်မှ ရှားမူ မဟုတ်တော့ပေ။ သူ့ဖခင်က မပြောလျှင်ပင် သူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို သိသာအောင် သတ်မည် မဟုတ်ပေ။
***