← Chapters

ဘေးကျပ်နံကျပ်

Vol. 22 Ch. 297

ဘေးကျပ်နံကျပ်

Vol. 22 Ch. 297

သူကိုယ်တိုင်မှ လွဲ၍ ချိန်စုယင် တစ်ယောက်သာ လျှပ်တစ်ပြက် လျှပ်စီးကို အသုံးပြုနိုင်လေသည်။ ဤနေရာတွင် တစ်ယောက်ယောက် လျှပ်တစ်ပြက် လျှပ်စီးကို အသုံးပြုထားဟန် ရှိသည်။ ဆိုလိုသည်က ချိန်စုယင်သည် ဤနေရာတွင် ရှိနေပြီး လှုပ်ရှားနိုင်စွမ်း ရှိသေးကြောင်း ဖြစ်၏။ အကယ်၍ ချိန်စုယင်က ဤနေရာတွင် လျှပ်တစ်ပြက် လျှပ်စီးကို အသုံးပြုခဲ့၍ သားရဲ ရှိနေတာများလား ...

ထိုသို့သော အခြေအနေမျိုးတွင် ရှင်သန်နိုင်သည့် သားရဲများမှာ သေချာပေါက် သာမန်သားရဲများ ဟုတ်မည် မဟုတ်ပေ။

မိုဝူကျီက တစ်နေရာလုံးကို စစ်ဆေးကြည့်ရန် စိတ်စွမ်းအား ထုတ်လွှင့်လိုက်သည်။ စက္ကန့်ပိုင်းလေး အတွင်း သူက လွန်ခဲ့သည့် နာရီအနည်းငယ်က သေနေသည့် မာန်ဖီလေဟုန် သားရဲကို တွေ့လိုက်ရသည်။ ထိုအရာက တောင်စောင်း အပြင်ဘက်တွင် လဲနေပြီး အဝင်ဝကို ပိတ်ဆို့ထားသလို ဖြစ်နေသည်။

မိုဝူကျီက မာန်ဖီလေဟုန်သားရဲဆီ ချဉ်းကပ်လာရင်း ထိုအရာမှာ အရွယ် မရောက်သေးသည့် အကောင်လေးမှန်း သိလိုက်သည်။ အရှည်အားဖြင့် ဆယ်မီတာသာ ရှိ၏။ ဆယ်မီတာသာ ရှည်သော်လည်း မာန်ဖီလေဟုန် သားရဲများ၏ စွမ်းရည်ကား ကြောက်မက်ဖွယ် ဖြစ်၏။ ပြောရလျှင် အစစ်အမှန်ရေ အစောပိုင်း အဆင့်နှင့် နှိုင်းယှဉ်၍ ရပေသည်။ မိုဝူကျီက ချိန်စုယင်သည် ယွမ်ဒန်နောက်ပိုင်း အဆင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းမိ လိုက်သည်။ ဖြစ်နိုင်တာ သူမက ဤသားရဲကို သတ်လိုက်တာ များလား ...

ဆူးနစ်လေဂိတ် ကဲ့သို့ နေရာမျိုးသည် မာန်ဖီလေဟုန် သားရဲအတွက် နေစရာကောင်း တစ်ခု ဖြစ်၏။ ထိုသို့သော အစစ်အမှန်ရေ အစောပိုင်း အဆင့်တွင် ရှိနေသည့် သားရဲသည် ရှိန်စရာ ဖြစ်၏။ ချိန်စုယင်က ဤနေရာ၌ ရှိနေလျှင်ပင် သူမအတွက် ဘယ်တော့မှ အနိုင်ရနိုင်မည် မဟုတ်ပေ။

မိုဝူကျီက သားရဲပေါ်မှ ဒဏ်ရာများကို လေ့လာ ကြည့်လိုက်သည်။ ထိုအရာများသည် လျှပ်တစ်ပြက် လျှပ်စီးနှင့် ဓားပညာရပ်များကြောင့် ရထားသည်များ ဖြစ်၏။ ထိုအရာများကြား၌ ဓားအလင်း တစ်ချက်က မာန်ဖီလေဟုန် သားရဲ၏ ဒန်တျန်းနေရာကို ထိုးစိုက်မိ ထားလေသည်။ သိသာလှစွာ ချိန်စုယင်၏ ဓားပညာရပ်မှာ သူ့ပျောက်ကွယ်ဓား ပညာရပ်ထက် မနိမ့်ကျလှပေ။ သူက သူမက မည်သို့သော ဓားပညာရပ်မျိုးကို အသုံးပြု သွားကြောင်း စိတ်ဝင်စားမိ သွားသည်။

မာန်ဖီလေဟုန် သားရဲပေါ်ရှိ ဒဏ်ရာများကြောင့် ချိန်စုယင် လက်ချက်မှန်း သိသွားလေသည်။

မိုဝူကျီက နေရာ တစ်ခုလုံးကို စိတ်စွမ်းအင် အသုံးပြု၍ ရှာဖွေကြည့် လိုက်သည်။ အတွင်းပိုင်း အထိ ဝင်ရောက် လိုက်သော်လည်း ချိန်စုယင်ကို မခံစားမိသေးပေ။

အပြင်ဘက်မှ လေပြင်းများက အနည်းငယ် ငြိမ်သက် သွားလေသည်။ မိုဝူကျီ မာန်ဖီလေဟုန် သားရဲ ရှိရာဆီ ပြေးဝင်မသွားခင် ခဏရပ်လိုက်သည်။

အပြင်ရှိ လေပြင်းများကြောင့် ဤသားရဲမှာ မကြာခင် တစ်စစီ ဖြစ်သွားပေလိမ့်မည်။

မိုဝူကျီက စတင်၍ ထွက်လာလိုက်သည်။ ထို့နောက် အတွေးတစ်ခု ပေါ်လာလေ၏။ သူသာ ချိန်စုယင် ဆိုလျှင် ဤအတိုင်း ထွက်သွားမည် မဟုတ်ပေ။ မာန်ဖီလေဟုန် သားရဲက အဝင်ဝတွင် ရှိနေသော်လည်း အပြင်ဘက်ထက် စာလျှင် အတွင်းပိုင်းက ပိုလုံခြုံပေသည်။

နောက်တစ်ကြိမ် သူက စိတ်စွမ်းအား အသုံးပြု၍ ထပ်မံ ရှာဖွေလိုက်သည်။ ဤတစ်ကြိမ်တွင် သူက တောင်စောင်းကြားရှိ အဝင်ဝ တစ်ဖက်ကို ကြိုးစားကြည့် လိုက်သည်။

မိုဝူကျီက ဂူတစ်လုံးကို ချက်ချင်း ခံစားမိလိုက်သည်။ ထိုဂူ အဝင်ဝကို ကျောက်တုံးများဖြင့် ဖြစ်ကတတ်ဆန်း ပိတ်ထားလေသည်။

မိုဝူကျီက အဝင်ဝဆီ ပြန်သွားလိုက်ပြီး ကျောက်တုံးများကို တစ်ဖက် တွန်းပစ်လိုက်ကာ ဂူအထဲ ဝင်လိုက်သည်။

ဂူထဲတွင် အလင်းကျောက်တုံး တချို့ ရှိသော်လည်း မိုဝူကျီက ဝင်လိုက်လိုက်ချင်း  ချိန်စုယင်ကို တွေ့လိုက်ရသည်။ ချိန်စုယင် အဝတ်များမှာ တစ်စစီ စုတ်ပြဲ နေလေသည်။ သူမ လည်ပင်းနှင့် လက်မောင်းတို့တွင် ပေနေသည်က သွေးလား၊ မြေကြီးလား ဆိုတာ မပြောနိုင်တော့ပေ။ အားလုံးက ညိုမည်း နေလေသည်။

မိုဝူကျီက ချိန်စုယင် ဘေးကို တစ်ဟုန်ထိုး ပြေးဝင်သွား လိုက်သည်။ သူက သူမကို ပွေ့လိုက်သည့်အခါ အသက် မရှူတော့ကြောင်း သတိပြုမိ လိုက်သည်။

သူ့နှလုံးသား တင်းကျပ် သွားလေသည်။ ချိန်စုယင်မှာ မှီခိုကင်းသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမက အထူးချွန်ဆုံးထဲမှ တစ်ယောက် ဖြစ်ကာ ရှားမူကြောင့်သာ မဟုတ်လျှင် သူမက ဘယ်အထိ သွားနိုင်မည်ကို မပြောနိုင်ပေ။

သို့သော် တစ်ခုခုတော့ မှားယွင်း နေလေသည်။ ချိန်စုယင်‌ သေဆုံးတာ ကြာပြီ ဖြစ်သော်လည်း သူမ ခန္ဓာမှာ ဘာကြောင့် ပျော့ပျော့ပျောင်းပျောင်း ရှိနေသေးတာလဲ ...

မိုဝူကျီက ရေတစ်ပုံး ထုတ်ယူကာ ချိန်စုယင်ကို ဆေးကြောပေး လိုက်သည်။

ခဏအကြာတွင် မြေကြီးများ အားလုံး ဆေးကြောပြီးပြီး သွားလေသည်။ သို့သော်လည်း မိုဝူကျီက တအံ့တဩ ဖြစ်သွားလေသည်။ သူမ ခန္ဓာပေါ်တွင် တစ်လက်မမှ ဒဏ်ရာ ကင်းလွတ်သည့် နေရာဟူ၍ မရှိပေ။ သူမက ခန္ဓာကာကွယ်ရေး ဝတ်စုံကို ဝတ်ဆင် ထား၍သာ အရေးကြီး အင်္ဂါများ မထိခိုက်မိခြင်း ဖြစ်သည်။ မဟုတ်လျှင် သူမက ထို့ထက်  အခြေအနေ ဆိုးပေလိမ့်မည်။

သူမ လက်မောင်း တစ်လျှောက်လုံးနှင့် လည်ပင်းမှ ပေါင်တံအထိ သွေးများ၊ ဒဏ်ရာများဖြင့် ပြည့်နှက် နေလေသည်။ သူမ မျက်နှာတွင်လည်း ဆူးလေပွေကြောင့် ဖြစ်ပေါ်လာသည့်  ခြစ်ရာများဖြင့် ပြည့်နေလေသည်။

မိုဝူကျီက သက်ပြင်းသာ ချမိလိုက်တော့သည်။ သူက မအံ့ဩတော့ပေ။ သူ ဆူးနစ်လေဂိတ်သို့ ဝင်လာစဉ်က သူက ချိန်စုယင်ထက်ပင် ဆိုးရွားသေး၏။ တစ်ချက်တည်း ကြည့်ရုံဖြင့် ချိန်စုယင် ဝတ်ဆင်ထားသည့် ခန္ဓာအကာအကွယ် ဝတ်စုံမှာ အဆင့်မြင့် ဖြစ်ကြောင်း ပြောနိုင်လေသည်။

သူက စိတ်စွမ်းအားဖြင့် စစ်ဆေး ကြည့်တော့မည့် ဆဲဆဲတွင် ချိန်စုယင်၏ အားနည်းလှသော နှလုံးခုန်သံကို ခံစားမိ လိုက်သည်။ ထို့နောက် ပျောက်ကွယ် သွားပြန်သည်။ သူမကို ပွေ့ထားခြင်းသာ မဟုတ်လျှင် ခံစားမိမည် မဟုတ်ပေ။

သူခံစားမိ လိုက်သည့် အားဖျော့ဖျော့ သွေးခုန်နှုန်းလေးက သူ့မှန်းဆချက်ကို သေချာ သွားစေသည်။ သူမက အသက်ရှိနေဆဲ ဖြစ်ကာ အနည်းဆုံးတော့ လုံးဝ မသေဆုံးသေးပေ။ သူမတွင် အသက် ရှင်နိုင်ခြေလေး ရှိနေသေး၏။ ဖြစ်နိုင်သည်က သူမက အိပ်မောခြင်း ကျင့်စဉ်အချို့ကို အသုံးပြု ထားခြင်းသာ ဖြစ်ရမည်။ အဓိက ဂိုဏ်းများက ဗဟုသုတ စုံလင်ပေသည်။ မိုဝူကျီက ထိုနည်းစနစ်ကို ကြားသာ ကြားဖူးလေရာ တစ်ခါမျှ မကြုံတွေ့ဖူးသေးပေ။ တစ်ဖက်တွင် ချိန်စုယင်ကား ကောင်းကင်ဖွေရှာ နန်းတော် ဓားရေကန်၏ တပည့် ဖြစ်လေသည်။ ဤနည်းစနစ်များ သူမနှင့် မစိမ်းသက်လောက်ချေ။

မိုဝူကျီက ချိန်စုယင် အသက် ရှင်နေကြောင်း အတည်ပြု ပြီးနောက် သူမက သူ့ကို ပြန်၍ မတုံ့ပြန်သဖြင့် စိတ်စွမ်းအားဖြင့်  သူမ ဝိညာဉ် လမ်းကြောင်းများကို စစ်ဆေးကြည့် လိုက်သည်။

ချိန်စုယင်က သူ့ရင်ခွင်ထဲတွင် ရှိနေပြီး ခန္ဓာ အကာအကွယ် ဝတ်စုံနေရာမှ လွဲ၍ အဝတ် မပါရှိတော့ပေ။ ထို့အပြင် သူမ လက်ရှိ အခြေအနေဖြင့် မြင်ကွင်းကား ကျေနပ်စရာ မကောင်းလှပေ။

သူရော အတူတူ မဟုတ်ပေဘူးလား ...

တကယ်တော့ သူက သူမထက်ပင် ပိုဆိုးရွား နေသေးသည်။ ဤသို့သော နေရာမျိုးတွင် အဝတ် ဝတ်ဖို့ရာ မတတ်နိုင်သော်လည်း သူ့တွင် သူမကဲ့သို့ ခန္ဓာ အကာအကွယ် ဝတ်စုံပင် မပါရှိချေ။

အစစ်အမှန် ရေအဆင့်လား ...

မိုဝူကျီက ချိန်စုယင်၏ သဘာဝ ရေကန်ကို ခံစားမိ၍ အံ့ဩမိ သွားသည်။ သူ အစစ်အမှန် ရေအဆင့်သို့ ရောက်သွားသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ချီသွေးကြော ရာကျော်ကို တစ်ချိန်တည်း ဖွင့်၍  ဝိညာဉ် စွမ်းအားများ စုပ်ယူခဲ့၍ ဖြစ်သည်။ ထိုသည်က သူ့ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်ကို ကျေးဇူး တင်ရမည် ဖြစ်သည်။ ချိန်စုယင်က ထူးချွန် လှ၍သာ အစစ်အမှန် ရေအဆင့်သို့  ရောက်နေပြီ ဖြစ်၏။

ကျန်းမို နယ်မြေတွင် လေ့ကျင့်ခြင်းက ပျောက်ဆုံး နယ်မြေထက် အဆထောင်ပေါင်း များစွာ ပိုကောင်းကြောင်း ပြောနိုင်လေသည်။

သို့သော် ချိန်စုယင်၏ သဘာဝ ရေကန်မှာ ခြောက်သွေ့ နေလေကာ စွမ်းအား တစ်စက်မျှ မကျန်ရှိတော့ပေ။ ပို၍ ဆိုးရွားသည်က သူမ သဘာဝ ရေကန်တွင် ပျက်စီးမှု လက္ခဏာ အရိပ်အယောင် ရှိနေလေသည်။ သူမက နောက်ဆုံး အခြေအနေ ရောက်သွား၍ အိပ်မောကျ သွားသည်မှာ အံ့ဩစရာ မရှိတော့ပေ။ မိုဝူကျီက သူမ စိတ်ဓာတ် စွမ်းအားကိုပင် မခံစားမိတော့ပေ။ သူမ ဝိညာဉ်လည်း ဆိုးရွားစွာ ထိခိုက်ထားသည်မှာ သေချာလှသည်။

ရုတ်တရက် ဆိုသလို ချိန်စုယင် မျက်ဝန်းထောင့်မှ ပါးပြင်သို့  မျက်ရည်နှစ်စက် စီးကျလာလေသည်။ မိုဝူကျီက ထပ်တူခံစားမိသွားသည်။ ချိန်စုယင်မှာ အမျိုးသမီး တစ်ဦး ဖြစ်သော်လည်း သူမ လဲလျောင်း နေသည်ကို သူကြည့်နေရုံကပင် ဆိုးရွားလှပြီ ဖြစ်ရာ သူက စိတ်စွမ်းအားဖြင့် အတွင်းပိုင်းအထိ သေချာ လေ့လာနေသေး၏။

သို့သော်လည်း သူ့တွင် ရွေးချယ်စရာ မရှိပေ။ သူမကို အဝတ် လွှမ်းခြုံပေးလျှင်ပင် သူတို့ အပြင်ထွက်သည်နှင့် စုတ်ပြဲ သွားဦးမည် ဖြစ်၏။ သူမကို မသေစေချင်သည့် အတွက် စိတ်စွမ်းအားဖြင့် စစ်ဆေး ကြည့်ရမည်။

ချိန်စုယင် တစ်ကိုယ်လုံးမှာ တုန်ယင် နေလေသည်။ မိုဝူကျီက အဝတ်တချို့ ထုတ်ကာ သူမခန္ဓာကို ကာထားပေး လိုက်သည်။ ထို့နောက် သူက အားနာစွာ ဆိုလိုက်သည်။

“စီနီယာချိန် ... ကျုပ်က မိုဝူကျီပါ။ ကျုပ် ခင်ဗျားကို ကယ်ပြီးမှ ဆက်ပြောကြတာပေါ့။ အရမ်း စိတ်မလှုပ်ရှားပါနဲ့။ အဲလို ဆက်ဖြစ်နေရင် ကျုပ် ကယ်နိုင်မှာ မဟုတ်ဘူး ...”

သူမ ဒဏ်ရာများကို  စတင် မကုသပါက ချိန်စုယင်က သေဆုံး သွားတော့မည် ဖြစ်၏။ သူမက ဤသို့ ဆက်လုပ်နေမည် ဆိုလျှင် သူမဝိညာဉ်က ခန္ဓာမှ ထွက်သွားလိမ့်မည်။

သူ့စကားများကို ကြားပြီး ချိန်စုယင် ခန္ဓာကား တဖြည်းဖြည်း ငြိမ်သက် သွားသော်လည်း မျက်ရည်များက စီးကျနေဆဲ ဖြစ်သည်။ သူမက ရှက်ရွံ့နေတာ သိသာလှ၏။

မိုဝူကျီက စိတ်စွမ်းအားဖြင့် ဂူအတွင်းကို စစ်ဆေးကြည့် လိုက်သည်။ သူက မီတာ ၂၀၀ - ၃၀၀လောက် ကျယ်ဝန်းသော ဟင်းလင်းပြင်ကို တွေ့လိုက်ရသည်။ အကြည့်နှင့်တင် ဤနေရာမှာ မာန်ဖီလေဟုန် သားရဲနေရာ ဖြစ်ကြောင်း သိလိုက်သည်။ မာန်ဖီလေဟုန် သားရဲအတွက် ဆူးနစ်လေဂိတ်တွင် နေစရာရှာတွေ့ ထားသည်ဆိုပါက ထိုနေရာက အတော်လေး ကောင်းပေလိမ့်မည်။

မိုဝူကျီက မာန်ဖီလေဟုန် သားရဲဂူကို ရောက်ရောက်ချင်း သိပ်သည်းလှသော ဝိညာဉ် စွမ်းအားများကို ခံစားမိ လိုက်သည်။

ဆူးနစ်လေဂိတ်ရှိ ဝိညာဉ် စွမ်းအားများက အတော်လေး အံ့အားသင့်စရာ ကောင်းလှ၏။ မကြာသေးခင်ကပင်  သူက ဤအခြေအနေများကို အသုံးချ၍ ယွမ်ဒန်အဆင့်မှ အစစ်အမှန် ရေအဆင့် တက်လှမ်း ခဲ့သေးသည် မဟုတ်ပါလော။ သို့သော်လည်း ဤနေရာရှိ ဝိညာဉ် စွမ်းအားများမှာ ပိုသန့်စင်ပြီး ကြွယ်ဝလေသည်။

သူ့စိတ်ထဲတွင် ဤနေရာတွင် အချိန်တစ်ခုအထိ နေပြီး လေ့ကျင့်ရန် ဆုံးဖြတ်ထား၏။ အကယ်၍ သူက ဤနေရာ၏ အခွင့်ထူးများကို မခံစားလျှင် ဤခရီးကား အလကား ဖြစ်သွားပေလိမ့်မည်။

မိုဝူကျီက ချိန်စုယင်ကို ဂရုတစိုက် ကျောက်တုံးပေါ် တင်ချပေးလိုက်သည်။ ထို့နောက် သူက သူမအပေါ် လွှမ်းခြုံပေး ထားသည့် ဝတ်ရုံကို ဆုတ်ဖြဲပေး လိုက်သည်။ အကယ်၍ သူက သူမကို ကယ်တင်လိုလျှင် ပြင်ပ ဒဏ်ရာများကို အရင်ကုသရမည် ဖြစ်သည်။ မဟုတ်လျှင် ဘယ်လို ကယ်တင်ရ မည်နည်း။

သူက ကြည်လင် ကျောက်စိမ်းဆေးလုံး ၂လုံးကို အမှုန့်အဖြစ် ဝါးကာ သူမဒဏ်ရာများ အပေါ် အုံပေးလိုက်သည်။ ထို့နောက် ဆေးနှစ်လုံးကို ထုတ်ယူကာ ချိန်စုယင်ကို တိုက်ကျွေးလိုက်သည်။

ကြည်လင်ကျောက်စိမ်း ဆေးလုံးမှာ မိုဝူကျီ၏ ဒဏ်ရာ ကုသဆေး အကောင်းဆုံး ဖြစ်၏။ ထိုသည်က အဆင့်၅ ဒဏ်ရာ ကုသရေး ဆေးလုံး ဖြစ်ရာ ချိန်စုယင် ခန္ဓာပေါ်မှ ဒဏ်ရာများကို ကုသပေး နိုင်သော်လည်း သတိပြန်လည် လာအောင်တော့ မကူညီနိုင်ချေ။

သူမက အသက်မျှင်းမျှင်းလေး ရှူနေသည် ဖြစ်၍ ကြည်လင်ကျောက်စိမ်း ဆေးလုံးကို မမျိုချနိုင်ပေ။ ထို့ကြောင့် သူက သူမကို ကူညီပေးရုံမှ အပ ရွေးချယ်စရာ မရှိတော့ပေ။

စိတ်စွမ်းအားနှင့် သဘာဝ စွမ်းအားများနှင့် အတူ သူမကို ကြည်လင်ကျောက်စိမ်း ဆေးလုံးကို စုပ်ယူနိုင်ရန် ကူညီပေးလိုက်သည်။

ကြည်လင်ကျောက်စိမ်း ဆေးလုံးမှာ အာနိသင် ပြလာလေ၍ ဒဏ်ရာများမှာ တဖြည်းဖြည်း ပျောက်ကင်းသွားပြီး အသားအရေမှာ ကြည်လင် လာလေသည်။

လေးနာရီ ကုန်ဆုံး သွားပြီးနောက် အပြင်ပန်းတွင် ချိန်စုယင်က အပြည့်အဝ ပြန်ကောင်းလာဟန် ရှိသည်။ သူမလည်ပင်းနှင့် လက်မောင်းမှ အသားရေမှာ တစ်ဖန် ဝင်းလာလေ၏။ ယခုမှသာ မိုဝူကျီက ချိန်စုယင် ခန္ဓာက မည်မျှ ပြည့်စုံကြောင်း ပင့်သက်ရှိုက်မိ လိုက်သည်။

အကယ်၍ မိုဝူကျီက ကောင်းကောင်း မသိပါက ချိန်စုယင်သည် ပြန်ကောင်း လာပြီဟုသာ တွေးမိလိမ့်မည်။ အနည်းဆုံးတော့ သူမ သွင်ပြင်အရ ဖြစ်သည်။ သို့သော်လည်း ချိန်စုယင်က အတွင်းပိုင်း ဒဏ်ရာ ရထားလေရာ သူမ သဘာဝ ရေကန်က ခြောက်သွေ့နေဆဲ ဖြစ်၏။

ထို့အပြင် ချိန်စုယင်မှာ သူမကိုယ် သူမ သက်သာစေရန် ဝိညာဉ် စွမ်းအားများလည်း စုပ်ယူနိုင်စွမ်း မရှိပေ။

မိုဝူကျီက သူမ ဝတ်ဆင်ထားသည့် ခန္ဓာအကာအကွယ် ဝတ်စုံကို ကြည့်ပြီး သတိပြုမိ သွားသည်။ ချိန်စုယင်တွင် ဘာမျှ မကျန်ရှိတော့ပေ။ သူမ သိုလှောင် လက်စွပ်ပင် မရှိတော့ရာ ရှာလို့ပင် မတွေ့တော့ချေ။

သူက အားရပါးရ သက်ပြင်း ချလိုက်ပြီး

“စီနီယာချိန် ... ကျုပ်ကလည်း စွမ်းရည်က ကန့်သတ်ချက်နဲ့ဗျာ ဒီအထိပဲ ကူညီပေးနိုင်လိမ့်မယ် ...”

ရုတ်တရက် ဆိုသလို တစ်စုံတစ်ခုကို အမှတ်ရမိ သွားသည်။ သူက ချိန်စုယင် အသိစိတ်ကို မခံစားမိသော်လည်း လုံးဝ ပျောက်ဆုံး သွားသည်တော့ မဟုတ်သေးပေ။ စောစောလေးမှ မျက်ရည်များက သူမ အားနည်းနေကြောင်း သက်သေပင် မဟုတ်ပါလော။

မိုဝူကျီက သူမ သဘာဝ ရေကန်ကို မူလ အခြေအနေ ပြန်ဖြစ်ရန် မကူညီနိုင်သော်လည်း ချိန်စုယင် ဝိညာဉ်နှင့် ပတ်သက်၍ တစ်ခုတော့ ကူညီနိုင်လေသည်။

အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ပန်း  ...

ထိုသည်မှာ ကြားခံ ဝိညာဉ်ဆေးပင် ဖြစ်ကာ ဝိညာဉ်ကို ကုသရာ၌ အလွန် ထိရောက်လေသည်။ ဝိညာဉ်အတွက် သေလုနီးပါး ဒဏ်ရာပင် ကုသနိုင်လေသည်။ သူက သူကိုယ်သူ သုံးဖူးရုံသာမက ကျင်းလန်ပင်းကိုလည်း ကူညီဖူး၏။

တွေဝေ မနေတော့ဘဲ သူက အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ပန်းကို ထုတ်ယူလိုက်သည်။ ထို့နောက် ပွင့်ချပ်တစ်လွှာ ခူးကာ ချိန်စုယင် ပါးစပ်ထဲ ထည့်ပေးလိုက်သည်။

***

All Chapters