← Chapters

လွတ်မြောက်လေ

Vol. 22 Ch. 300

လွတ်မြောက်လေ

Vol. 22 Ch. 300

မိုဝူကျီက စိတ်မပျက်ပေ။ ထို့အစား သူက စိတ်သက်သာရာ ရသွားဟန် သက်ပြင်းသာ ချလိုက်သည်။ ထိုအစီအရင် အလံများက ကျရှုံးသွားကာ အဝင်ပေါက်ပင် ပိတ်သွားသော်လည်း မိုဝူကျီအတွက် ဖုံးကွယ်ရေး အစီအရင်ကို မြင်နိုင်ရန် ခွင့်ပြုပေးလေသည်။

ချိန်စုယင်က မှန်ကန်ပေသည်။ ဤနေရာတွင် အမှန်ပင် ဖုံးကွယ်ရေး အစီအရင် ရှိနေလေသည်။ မိုဝူကျီက မူလ အစီအရင်အလံ ငါးခုကို အစားထိုး လိုက်သည့်အခါ ထွက်ပေါက် ပိတ်သွားရုံ သာမက ဖုံးကွယ်ရေး အစီအရင် ပေါ်လာသလို လမ်းကြောင်း အသစ်လည်း ပေါ်လာလေ၏။

သူက အစီအရင် အလံများနှင့် ဆက်စပ်နေကြောင်း အပြည့်အဝ မပြောနိုင်သေး သော်လည်း သူ အသုံးပြု လိုက်သည့် အလံများမှာ ရှင်းဟွမ် လက်ရာ ဖြစ်သောကြောင့် အဆင့်မြင့် ဖြစ်နေသည်က ငြင်းမရပေ။

အစီအရင် တာအိုကို မသိသူများ အတွက် သူတို့က ဤအခြေအနေတွင် လုံးဝ ကြောင်အနေမိ လိမ့်မည်။ သို့သော် မိုဝူကျီက ကွာခြားလှသည်။ ဤသို့သော အခြေအနေ ဖြစ်နေပါက သူက လျှို့ဝှက် ဝင်ပေါက်ကို ရှာတွေ့ရုံသာ လိုအပ်ကြောင်း သိ၏။

မိုဝူကျီက အစီအရင် အလံတချို့ ထုတ်ယူလိုက်ပြီး ပစ်လိုက်တော့သည်။ အစီအရင် အလံများက နေရာတကျ ဖြစ်သွားသည့်အခါ အကြား ကွက်လပ်တစ်ခု ပေါ်လာလေသည်။ မိုဝူကျီက ထိုကွက်လပ်ကို ရိုက်ချ လိုက်တော့သည်။

“ဘုန်း  ...” ကျောက်တုံးများနှင့် မြေကြီးများက တုန်ခါလာကာ မိုဝူကျီနှင့် ချိန်စုယင်တို့ရှေ့၌ လမ်းကြောင်းတစ်ခု ပေါ်လာလေသည်။

ချိန်စုယင်က မိုဝူကျီ ၏ အစီအရင် တာအိုအပေါ် နားလည်မှုကို တအံ့တဩ ဖြစ်နေမိသည်။ သူမက အစီအရင် တာအိုနှင့် ထိတွေ့ဖူးသော်လည်း ဤနေရာမှာ အခြားသော နေရာများနှင့် မတူပေ။ သို့သော်လည်း မိုဝူကျီက အလံတချို့ သုံးကာ လျှို့ဝှက် လမ်းကြောင်းကို ပွင့်လာစေခဲ့သည်။

ထို့အပြင် မိုဝူကျီက လမ်းကြောင်း ပွင့်လာဖို့ရာ ရိုက်ချက် တစ်ချက်တည်းသာ လိုအပ်လေ၏။ မိုဝူကျီ စွမ်းအားများက သူမထက် များစွာ ကျော်လွန် နေသည်မှာ သိသာလှရာ မိုဝူကျီ အဘယ်ကြောင့် ဤနေရာအထိ ရောက်လာ နိုင်သည်မှာ အံ့ဩစရာ မရှိတော့ချေ။ သူမ မသိသည်က မိုဝူကျီ ဤနေရာ ရောက်လာစဉ်က အစစ်အမှန် ရေအဆင့်ပင် မရောက်သေးကြောင်းကို ဖြစ်၏။ သူက ဆူးနစ်လေပြင်း အောက်တွင် များစွာခံစားခဲ့ ရလေသည်။

“ကျုပ်နောက်က လိုက်ခဲ့ပါ။ အထဲဝင်ပြီးတော့ ကြည့်ကြည့်ရအောင် ... အထဲက ဝိညာဉ် စွမ်းအားတွေက ပိုကြွယ်ဝတယ် အဲဒါကြောင့် ကောင်းတာရှိမှာ သေချာတယ် ...” မိုဝူကျီက ချိန်စုယင်ကို လက်ဟန်ပြကာ အထဲဝင်သွား လိုက်သည်။

လမ်းကြောင်းမှာ အနည်းငယ် အောက်ရောက် နေလေ၏။ သူတို့က လမ်းကြောင်းအတိုင်း ဝင်လာပြီးနောက် မိုဝူကျီနှင့် ချိန်စုယင်က လမ်းကြောင်းမှ နံရံများမှာ အမာကျောဆုံး လက်နက် ပစ္စည်းများထက်ပင် မာကျောသည့် ကျောက်တုံးများဖြင့် ပြုလုပ်ထားကြောင်း သိလိုက်၏။ ဆူးနစ်လေဂိတ် အတွင်း၍ သာမန် ကျောက်တုံးများမှာ အစအနမရှိ ပျောက်ကွယ် သွားပေလိမ့်မည်။

လမ်းကြောင်းက သိပ်မရှည်သော်လည်း အဆုံးသတ် မရောက်ခင် အမွှေးတိုင် တစ်ဝက်စာ ကြာချိန်လောက် လျှောက်လှမ်း လာရသည်။ အဆုံးသတ်၌ အခန်းသဘောမျိုး ဖြစ်နေသည့် ကျောက်သား ကွက်လပ် တစ်ခု ရှိနေသည်။ ကျောက်အခန်းမှာ ရိုးရှင်းကာ အလယ်တွင် ထိုင်ခုံရှိပြီး ထိုင်ခုံအပေါ်တွင် ကျောက်စားပွဲ ရှိလေသည်။ စားပွဲပေါ်တွင် အမွေအနှစ် လက်ဆင့် ကမ်းပေးသည့် ကျောက်သလင်း နှစ်လုံး ရှိလေသည်။ စားပွဲဘေးတွင် “ငါ့ ပညာရပ်တွေကို ဆက်ဆံဖို့ ဆန္ဒရှိရင် ငါ့ဆီ ဦးညွှတ် ဒူးထောက်ပါ ... မုန်တိုင်း ...” ဟူ၍  စာတန်း ပါရှိလေ၏။

မိုဝူကျီက ဤသို့သော လျှို့ဝှက် နေရာတွင် အမွေအနှစ်များ ရှိနေလိမ့်မည်ဟု ထင်မထားပေ။

ချိန်စုယင်က မိုဝူကျီကို ကြည့်ကာ ပြောလိုက်သည်။

“ကျွန်မမှာ ကျွန်မဂိုဏ်းရဲ့ အမွေအနှစ်တွေ ရှိတယ်။ ရှင်က နယ်လှည့် ကျင့်ကြံသူဆိုတော့ ရှင် ဒီအမွေအနှစ်ကို ဆက်ခံသင့်တယ်။ ဆူးနစ်လေဂိတ် အတွင်းမှာ သူ့အမွေအနှစ်တွေ ချန်ထားခဲ့တာ ဆိုတော့  စီနီယာ မုန်တိုင်းက ဘယ်လိုလူမျိုးလဲ ဆိုတာ သိချင်မိတယ် ...”

မိုဝူကျီက ခေါင်းခါကာ

“ကျုပ်မှာလည်း ကျုပ်ကိုယ်ပိုင် အမွေအနှစ်တွေ ရှိတယ်။ ဒီဟာတွေ မလိုတော့ဘူး။ ပြီးတော့ ခင်ဗျားက ဒီနေရာကို ရှာတွေ့တာ ဆိုတော့ ခင်ဗျားက ကံစပ်နေတဲ့ သူပဲ ...”

မိုဝူကျီက ဟန်ဆောင်နေခြင်း မဟုတ်ပေ။ သူက အမှန်ပင် အမွေအနှစ်များကို ဂရုမစိုက်ပေ။ ထို့အစား သူ့ကို စိတ်ဝင်စား စေသည်က ကျင့်ကြံဖို့ နေရာကောင်း ဖြစ်သည့်  သိပ်သည်းလှသည့် ဝိညာဉ် စွမ်းအားများသာ ဖြစ်လေ၏။

ချိန်စုယင်က မိုဝူကျီသည် မလိမ်ညာနေမှန်း သိ၍ သူက ဟန်ဆောင် နေတတ်သည့်သူ မဟုတ်မှန်းလည်း သိလေသောကြောင့် သူမက ရှေ့တိုးကာ သလင်းကျောက် နှစ်လုံးကို ကြည့်လိုက်သည်။ ခဏတွေဝေ နေပြီးနောက် သူမက ဒူးထောက်ရန် ရွေးချယ် လိုက်လေသည်။

ချိန်စုယင် ဘေးနားတွင် ဝိညာဉ် စွမ်းအားများ ရစ်ပတ်သွားပြီး လှပသည့် တေးဂီတများ ထွက်ပေါ်လာဟန် ရှိသည်။ အမွေအနှစ် သလင်းကျောက် နှစ်ခုက သူမဆီ ပျံသန်းသွားပြီး ချိန်စုယင် လက်ထဲ ဆင်းသက် သွားလေသည်။

ချိန်စုယင်က သလင်းကျောက်များကို ကိုင်လိုက်သည့် အခါ သူမ တစ်ကိုယ်လုံးမှာ မလှုပ်မယှက် ဖြစ်သွားကာ လက်များက စတင်၍ တုန်ယင် လာလေသည်။

မိုဝူကျီက ချိန်စုယင်တွင် တစ်ခုခု ဖြစ်သွားကြောင်း တွေးမိ၍ ရှေ့တိုးလာကာ အလောတကြီး မေးလိုက်သည်။

“စီနီယာ အစ်မချိန်  အဆင်ပြေရဲ့လား ...”

ချိန်စုယင်က သူမဘာသာ တည်ငြိမ်အောင် ထိန်းထားလိုက်ပြီး အသက်ဝအောင် ရှူကာ တုန်တုန်ယင်ယင်ဖြင့် မိုဝူကျီရှေ့သို့ သလင်းကျောက် တစ်လုံးကို တွန်းပို့လိုက်သည်။

“ဒါက ရှင့်အတွက် ...”

မိုဝူကျီက ချိန်စုယင်သည် ဤသလင်းကျောက်ကို သူ့အား အတင်းပေးချင် နေသည်ကို သိသော်လည်း သူမမျက်ဝန်းမှ လိုချင် တပ်မက်မှုကို တွေ့နေရသည်။ ချိန်စုယင်က ဤသလင်းကျောက်ကို လိုချင်နေမှန်း သိသာလှသည်။

မိုဝူကျီ စိတ်ထဲတွင် သံသယများ ပြည့်သွားလေသည်။ ချိန်စုယင်က သူ့ကို ကျေးဇူး ပြန်ဆပ်ချင်မှန်း သိသော်လည်း မိုဝူကျီက ချိန်စုယင် အကျင့်စရိုက်ကို အကြမ်းဖျင်းသာ နားလည် သေးလေသည်။ သို့သော်လည်း ကမ္ဘာပေါ်တွင် မည်သည့် အရာက ချိန်စုယင်ကို ဤမျှ လိုချင် တပ်မက်မှု ဖြစ်စေလာအောင် ပြုစားနိုင်တာလဲ သိချင်မိသည်။ သူက သလင်းကျောက်ကို လက်ခံလိုက်ပြီး စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့် လိုက်ပြီးနောက် နားမလည်စွာ မေးလိုက်သည်။

“ကျုပ်က ဒါအမွေအနှစ်ကို လက်မခံမချင်း ဖတ်မရဘူး။ ဘာများလဲ ...”

ချိန်စုယင်က တုန်တုန်ယင်ယင်ဖြင့်

“ဒါက အင်မော်တယ် အဆင့် အမွေအနှစ် ပညာရပ်ပဲ -  မုန်တိုင်း နည်းစနစ်တဲ့ ...”

အင်မော်တယ် အဆင့် ကျင့်စဉ်လား ...

မိုဝူကျီ နှလုံးသားလေးပင် တုန်လှုပ်မိ သွားသည်။ သူ သိထားသည့် အဆင့်မြင့်ဆုံး ကျင့်စဉ်မှာ ရတနာအဆင့် ကောင်းကင် ကျင့်စဉ် ဖြစ်လေ၏။ အင်မော်တယ် အဆင့်မှာ အထက်တွင် ရှိပြီး ကျင့်ကြံသူများကို ပျံသန်း နိုင်သည်ဟုပင်  ကောလာဟလ ရှိဖူးသည်။

ပျံသန်းနိုင်ခြင်းမှာ ဒဏ္ဍာရီထဲမှ အရာတစ်ခု ဖြစ်လေသည်။ ပျောက်ဆုံးနယ်မြေ သို့မဟုတ် ကျန်းမိုနယ်မြေပင် ဖြစ်စေ သူက ပျံသန်းနိုင်သည့်သူ ရှိသည်ဟု မကြားဖူးပေ။ လောက အင်မော်တယ် အဆင့် ဖြစ်လာသူများမှာ ဖီးနစ်ကဲ့သို့ ရှားပါးလှပြီ ဖြစ်ရာ ပျံသန်းနိုင်သည့်သူ ဆိုလျှင် ဘယ်လို ဖြစ်မည်နည်း။ ပျံသန်းနိုင်စွမ်းက ကျင့်ကြံသူ၏ ပါရမီ သို့မဟုတ် အထောက်အပံ့များနှင့် သက်ဆိုင်သည့် ပြဿနာ ရှိနေ၍ မဟုတ်ပေ။ ကျင့်ကြံသူများတွင် အသာလွန်ဆုံး ကျင့်စဉ်များ လိုအပ်ချက်ကြောင့် ဖြစ်၏။

သူက ချိန်စုယင် မျက်ဝန်းမှ လိုချင် တပ်မက်မှုများကို နားလည် သွားလေသည်။ ပျံသန်း နိုင်သည်အထိ ကျင့်ကြံနိုင်စေမည့် စာအုပ်ကို မည်သည့် ကျင့်ကြံသူက မလိုချင်ပဲ နေမည်နည်း။ အကယ်၍ သူသာ ကိုယ်ပိုင်ကျင့်စဉ် မဖန်တီးခဲ့ပါက ဤကျင့်စဉ် အတွက် သူ့တပ်မက်မှုက ချိန်စုယင် ထက်ပင် ကျော်လွန် နေနိုင်ကောင်း၏။

အကယ်၍ ဤကျင့်စဉ်သာ ပေါက်ကြားသွားပါက ဤဂြိုဟ်ပေါ်ရှိ အဆင့်မြင့် ကျင့်ကြံသူ အားလုံးက ထိုအရာအတွက် တိုက်ခိုက် ကြလိမ့်မည်။ များစွာသော သူများက လုယက်ရင်း သေဆုံး ကြရလိမ့်မည်။ အကယ်၍ သူမသာ သူ့ကျေးဇူးကို ပြန်ဆပ်ဖို့ရာ စိတ်ကူး ရှိမနေလျှင် သူမလည်း ထိုမုန်တိုင်း နည်းစနစ် ကို ပေးချင်မည် မဟုတ်လောက်ပေ။

“တကယ်လို့ ကျုပ် မမှားရင် ခင်ဗျားမှာ ရေခဲ ဝိညာဉ်ကြော ရှိတာ မဟုတ်ဘူးလား ...” မိုဝူကျီက ရိုးရိုးရှင်းရှင်း မေးလိုက်သည်။

တခြား သူများအတွက် အင်မော်တယ် ကျင့်စဉ်မှာ အလုအယက် ရောက်လာကြမည့် ကိစ္စဖြစ်သော်လည်း မိုဝူကျီက ဂရုမစိုက်ပေ။ သူ့အင်မော်တယ် မော်တယ် ကျင့်စဉ်က သာမန် လူသားအဆင့် ကျင့်စဉ် ဖြစ်သော်လည်း သူ့ပြုပြင်ပြောင်းလဲမှုဖြင့် ထိုအရာက အင်မော်တယ် မော်တယ် ကျင့်စဉ်နှင့် လုံးဝ ခြားနားသွားလေပြီ။ အခြားသော ကျင့်စဉ်များနှင့်လည်း ခြားနားလှသည်။  ထိုအရာမှာ ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ် ဖြစ်ကာ သူနှင့် သင့်တော်ပြီး သူ့အား ထိပ်တန်း အဆင့်ထိ ရောက်စေနိုင်သည်။ အင်မော်တယ် အဆင့် ဖြစ်နေရုံသာမက အင်မော်တယ် အထက် အဆင့် ဖြစ်နေလျှင်ပင် သူက ကျင့်စဉ်ကို ပြောင်းမည် မဟုတ်ပေ။

ထို့အပြင် သူက  တစ်ချက်တည်း ကြည့်ရုံဖြင့် မုန်တိုင်း နည်းစနစ်မှာ လေသဘာဝ ကျင့်စဉ် ဖြစ်ကြောင်း ပြောနိုင်လေသည်။ သူက ပြောင်းလဲ လိုလျှင်ပင် မလုပ်နိုင်ပေ။

ချိန်စုယင်က ခေါင်းညိတ်ပြကာ

“အင်း ...ကျွန်မမှာ လျှို့ဝှက် ဝိညာဉ်ကြောတွေ ရှိတယ် အဲဒါက လေသဘာဝ ဝိညာဉ်ကြောပဲ။ လေသဘာဝ ကျင့်စဉ်က အရှားပါးဆုံးလို့ ပြောလို့ ရတယ်။ အဲဒါကြောင့် ကျွန်မဆရာက ရေခဲသဘာဝ ဝိညာဉ်ကြောကို တိုးတက်အောင် လုပ်ခိုင်းခဲ့တာ ...”

မိုဝူကျီက မုန်တိုင်း နည်းစနစ်ကို ချိန်စုယင်ဆီ ပြန်ပေးလိုက်ကာ

“စီနီယာ အစ်မချိန် ... ဒီကျင့်စဉ်က ကျုပ်နဲ့ မကိုက်ဘူး။ ခင်ဗျားက အမွေအနှစ်တွေ ဆက်ခံထားပြီး လေဝိညာဉ်ကြောလည်း ရှိမှတော့ ခင်ဗျားပဲ သိမ်းထားသင့်တယ် ...”

ချိန်စုယင်က မိုဝူကျီကို တအံ့တဩ ကြည့်ကာ သူမက အင်မော်တယ် အဆင့် ကျင့်စဉ်ဖြင့် စိတ်မယိုင်သည့် သူကို တွေ့ရလိမ့်မည်ဟု ထင်မထားပေ။ သူက သူ့အတွက် မသုံးလျှင်ပင် သူက ကျင့်ကြံခြင်း အထောက်အပံ့များနှင့် လဲလှယ်နိုင်သေး၏။

မကြာခင်တွင် သူမက နားလည် သွားလေသည်။ မိုဝူကျီက အစေခံ တစ်ယောက်အတွက် အသက်ပင် စတေးရဲသည့်သူ ဖြစ်ကာ အင်မော်တယ် အဆင့် ကျင့်စဉ်ကို လက်လွတ်ခြင်းက ထူးဆန်း နေသည်တော့ မဟုတ်တော့ပေ။ ထို့အပြင် သူကိုယ်တိုင်က သာမန်လူသား မဟုတ်ချေ။

သူမက နောက်သလင်းကျောက် တစ်ခုကို ထိုးပေးလိုက်ကာ

“အဲဒါဆို ဒါကို ယူပါ့လား ...”

မိုဝူကျီက ကြည့်ပင် မကြည့်ဘဲ သူမဆီ တန်းပြန်ပေး လိုက်ပြီး

“ကျေးဇူးပါ ... ဒါပေမဲ့ ကျုပ်မှာ ကျုပ်ကိုယ်ပိုင် ကျင့်စဉ်တွေနဲ့ နည်းစနစ်တွေ ရှိတယ်၊ အဲဒါကြောင့် တကယ် မလိုပါဘူး ...”

“ဒါက လွတ်မြောက်ရေး ပညာရပ်ပဲ ... လွတ်မြောက်လေ ပညာရပ်တဲ့  ...” ချိန်စုယင်က ထိုစကားများကို တီးတိုး ပြောလိုက်သည့် အခိုက်အတန့် မိုဝူကျီက သူဆက်ပြောနေသည့် အရာကို ရပ်လိုက်တော့သည်။

အကယ်၍ သူနှင့် သင့်တော်သည့်အရာ ရှိပါက ဒြပ်ငါးမျိုး၏ လွတ်မြောက်ရေး ပညာရပ်များသာ ဖြစ်လိမ့်မည်။ အကယ်၍ တစ်ခုခုသာ သူ့အာရုံကို ရသွားပါက လွတ်မြောက်ရေး ပညာရပ်များသာ ဖြစ်ပေလိမ့်မည်။ သူ လိုအပ်နေသည်က လွတ်မြောက်ရေး ပညာရပ် ဖြစ်ပြီး ထိုလွတ်မြောက် ပညာရပ် အားလုံးတွင် သဘာဝနှင့် ဆက်စပ်နေသည့်  အရာများက အကောင်းဆုံး ဖြစ်လေသည်။ လေသဘာဝ လွတ်မြောက်ရေး ပညာရပ်သည် ဒြပ်ငါးမျိုး လွတ်မြောက် ပညာရပ်များကြားတွင် နာမည် အကြီးဆုံး ဖြစ်၏။ ယခု ချိန်စုယင်က ရရှိပြီးလေပြီ ဖြစ်၏။

မိုဝူကျီက အနေရ ခက်သွားလေသည်။ သူက ငြင်းဆန်ပြီးပြီ ဖြစ်လေရာ ချိန်စုယင်က လေသဘာဝ လွတ်မြောက်ရေး ပညာရပ် ဖြစ်ကြောင်း ပြောမှ သူ့စကားများကို ပြန်ရုပ်သိမ်းရန် အခက် တွေ့ပေလိမ့်မည်။

“ကံမကောင်းတာက စီနီယာမုန်တိုင်း ထားခဲ့တဲ့ လေလွတ်မြောက်ရေး  ပညာရပ်ကို လက်ခံတဲ့ ဒုတိယလူက အဆင့်တစ်ခု ကျသွားလိမ့်မယ် ...”

“ဘာလို့လဲ ...” မိုဝူကျီက ချိန်စုယင် စကားများကို ဖြတ်ကာ မေးလိုက်သည်။

ချိန်စုယင်က ရှင်းပြလိုက်သည်။

“စီနီယာမုန်တိုင်း ရှင်းပြ ထားတာက သူ့အမွေအနှစ်ထဲမှာ ချန်ထားတဲ့ အထဲ လေသဘာဝ လွတ်မြောက်ရေး ပညာရပ်ကို လွတ်မြောက်လေ ကနေ ဉာဏ်အလင်း ပွင့်ထားတာတဲ့။ တကယ်လို့ လေလွတ်မြောက်ရေး ပညာရပ်ကို အမွေအနှစ် အဖြစ် ဆက်ခံရင် လေသဘာဝပေါ် အခြေခံထားတဲ့ သူရရှိထားတဲ့ လေလွတ်မြောက်ရေး ပညာရပ်နဲ့ ကွဲလိမ့်မယ်တဲ့ ...”

“လေလွတ်မြောက်ရေး ပညာရပ်ကို လွတ်မြောက်လေကနေ ဉာဏ်အလင်း ပွင့်သွားတာလား ... အဲဒါက ဘာအဓိပ္ပာယ်လဲ ...” မိုဝူကျီက ချိန်စုယင် စကားများကို လုံးဝ နားမလည်နိုင်ပေ။

ချိန်စုယင်က ဆက်ပြောလိုက်သည်။

“စီနီယာမုန်တိုင်း ပြောတာတော့ လွတ်မြောက်လေက ဝိညာဉ် မြက်ပင်လေး တစ်ခုကနေ မွေးဖွား လာတာတဲ့။ အဲဒီဝိညာဉ် မြက်ပင်လေးက အလွန် ရှားပါးလွန်း ပြီးတော့ သာမန်မြက်တွေနဲ့ မကွာဘူးတဲ့။ အဲဒီမြက်လေးမှာ ဝိညာဉ် စွမ်းအားတွေ မရှိတာကြောင့် တာအို အရှိန်အဝါတွေလည်း မရှိသလို ဘာအဆင့်မှလည်း မရှိကြဘူး။ တစ်ခုတည်းသော သိသာစေတဲ့ အချက်က အဲဒီ မြက်လေးမှာ လေသဘာဝ အက္ခရာတွေနဲ့ ပြည့်နေပြီးတော့ မီးခိုးရောင် သန်းနေတယ် ...”

လွတ်မြောက်လေက မြက်ပင် အမျိုးအစားလား ... ဒါနဲ့ ငါ့မှာ ချိန်စုယင် ပြောပြတဲ့ မြက်နဲ့တူတဲ့ အပင် ရှိနေတာ မဟုတ်ဘူးလား ...

မိုဝူကျီက စိတ်ထဲမှ ဝမ်းသာသွားကာ မာန်ဖီလေဟုန် သားရဲ နှစ်ကောင် တိုက်ပွဲကြားမှ  ထိုသို့သော ကောင်းကင် သွေဖည်နေသည့်  ရတနာမျိုး ရရှိလာလိမ့်မည်ဟု ထင်မထားပေ။

လွတ်မြောက်လေဖြင့် သူက အဘယ်ကြောင့်  လေလွတ်မြောက်ရေး ပညာရပ်ကို အရေးစိုက် နေတော့မည်နည်း။ ချိန်စုယင်က လေလွတ်မြောက်ရေး ပညာရပ်ကို တွန်းပေး နေသည်ကို မြင်ပြီး မိုဝူကျီက ပြန်တွန်းပို့ လိုက်ကာ

“ဒါလည်း မလိုဘူး ...”

ချိန်စုယင်က မိုဝူကျီကို ကြောင်ကြည့်မိ လိုက်သည်။ အကယ်၍ မိုဝူကျီက အားလုံးကို ငြင်းဆန်နေလျှင် သူမက မည်သို့ လုပ်ရမည်ကို မသိတော့ပေ။ ဤနေရာတွင် ပစ္စည်းနှစ်ခုသာ ရှိပြီး မိုဝူကျီက အင်မော်တယ် အဆင့် ကျင့်စဉ်ကို သူမအား ပေးထားပြီးပြီ ဖြစ်ရာ ယခု သူက လေလွတ်မြောက်ရေး ပညာရပ်ကိုပါ ပေးနေသည်လား ...

“အစပိုင်းတုန်းက ကျုပ်က လွတ်မြောက်ရေး ပညာရပ်ကို လိုချင်ပေမဲ့ ခင်ဗျား စကားတွေအရ ကျုပ်ဆီမှာ ရှိနေပြီးသားမှန်း သတိထားမိ လိုက်မလို့။ အဲဒါကြောင့် လေလွတ်မြောက်ရေး ပညာရပ်ကနေ ဉာဏ်အလင်း ပွင့်‌အောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ လွတ်မြောက်ရေး ပညာရပ်က ကျုပ်အတွက် အရေးကြီးတယ်။ ဒီနေရာမှာ ဝိညာဉ်စွမ်းအား ပေါကြွယ်ဝတယ် ဆိုတော့ ခင်ဗျားလည်း အမွေအနှစ်ကို လက်ခံပြီးတော့ ကျင့်ကြံသင့်တယ် ...” မိုဝူကျီက ဘာကိုမှ ဖုံးကွယ် မနေတော့ပေ။ သူက ချိန်စုယင် သူ့ကို ကျေးဇူး တင်ရန်ပင် မတောင်းဆိုခဲ့ပေ။

“ဟုတ်ပြီ ...” ချိန်စုယင်က မိုဝူကျီသည် အဘယ်ကြောင့် လေလွတ်မြောက်ရေး ပညာရပ်ကို ငြင်းပယ်လည်း ဆိုသည့် အချက်ကို နားလည်သည့် အခါ သူက အနည်းငယ် ကတိုက်ကရိုက် နိုင်နေကြောင်း ခံစားမိလေသည်။

***

All Chapters