လောက အဆင့်ဇယား၌ အဆင့်ဝင် သွားခြင်း
Vol. 22 Ch. 304
အနားတွင် ကျင့်ကြံသူများစွာ ရှိနေသော်လည်း သူတို့က သားရဲများစွာကို မရှောင်နိုင်ကြပေ။ မိနစ်ပိုင်းလေး အတွင်း ကျင့်ကြံသူ များစွာကို ဝါးမျို သွားလေ၏။ သားရဲများကို သတ်ကြသော်လည်း သူတို့ အားလုံးကို အပြတ်ရှင်းပစ်ဖို့ရာ မဖြစ်နိုင်ပေ။
သူက စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူပင် အဆင့်၇ အာကာသ ကြွက်၏ တစ်လုပ်စာ အဖြစ် အဆုံးသတ် သွားသည်ကို ကိုယ်တွေ့ မြင်လိုက်ရသည်။
မိုဝူကျီ နှလုံးသားက အေးစက် သွားလေသည်။ ထိုမျှ များပြားလှသော သားရဲများကို ကျန်းမိုနယ်မြေ အတွင်း တစ်ခါတည်း ဝင်လာပါက မည်သို့ ဖြစ်သွားမည်နည်း။ ကျန်းမိုနယ်မြေမှ မြက်ပင်လေးပင် အသက်ရှင် ကျန်ရစ်မည် မဟုတ်ချေ။
မိုဝူကျီက အသိပြန်ကပ် လာသည်အထိ စောင့်မနေဘဲ သားရဲများစွာက သူ့အား ဝန်းရံ လာကြသည်။ မိုဝူကျီက အာကာသ ကင်းမြီးကောက်နှင့် တွေ့ဆုံစဉ်က အသက်လေး ဆုံးရှုံးတော့မလို ဖြစ်ခဲ့ရသည်ကို တွေးပြီး ထိတ်လန့် နေမိသည်။ ယခု အာကာသ ပျားအုပ်စုလိုက်က သူ့ဆီ ချီတက် လာကြသည့်အတွက် လွတ်မြောက်ရန် အခွင့်အရေး မရှိတော့ပေ။
သားရဲပျားများ အနီးသို့ ချဉ်းကပ် မလာခင် မိုဝူကျီက အဆုံးမဲ့ လျှပ်စီးမိုးကို ထုတ်လွှင့်လိုက်သည်။ အစစ်အမှန် ရေအဆင့် ၄သို့ တက်လှမ်းပြီး နောက်တွင် မိုဝူကျီ၏ အဆုံးမဲ့ လျှပ်စီးမိုးမှာ ဆယ်ဆမက အားကောင်း လာလေသည်။ တစ်ချက်တည်းဖြင့် သူ့ဝန်းကျင်မှ အာကာသ လိပ်ပြာများ၊ ကြွက်များနှင် အခြား သားရဲများကိုပါ ရှင်းပစ်နိုင်ခဲ့သည်။
မိုဝူကျီက သက်ပြင်း ချလိုက်သည်မှာ သူ့တွင် လေလွတ်မြောက်ရေး ပညာရပ်သာ မရှိပါက သားရဲများကြားတွင် ပိတ်မိ နေတော့မည် ဖြစ်သောကြောင့် လမ်းဖော်ရန် တစ်ပြုံတစ်ခေါင်း သတ်လိုက်ရခြင်း ဖြစ်သည်။ သို့သော်လည်း ကိစ္စများက ခြားနား လာသောကြောင့် သူ့၌ လေလွတ်မြောက်ရေး ပညာရပ်ရှိနေပြီး အစစ်အမှန်ရေ ခရမ်းရောင် စွမ်းအားများသာ သုံးစွဲလျှင် သူက ချက်ချင်း ထွက်ပြေးနိုင်သွား၏။
မိုဝူကျီက အင်အားများ တိုးလာသည်ကို နေသား မကျသေးချေ။ လျှပ်စီးမိုးများ ကျလာသည့် အချိန်တိုင်း သားရဲများစွာ အသတ်ခံ လိုက်ရသည်။ မိုဝူကျီက အကာအကွယ် ထုတ်ယူဖို့ပင် စိတ်မပါလေရာ သူတောင့်ခံ ထားနိုင်သရွေ့ ထိုသားရဲများကို ဆက်တိုက် သတ်ပစ်မည်။ သူတောင့်မခံနိုင်သည့် အခါမှ အကာအကွယ် ယူလိုက်တော့မည်။
လောက အမှတ်အသားပြားကို ခါးတွင် ချိတ်ဆွဲထား လိုက်လေသည်။ အကြောင်းမှာ လောကအဆင့် ဇယားအတွက် ရမှတ်များ ရနိုင်သည့် အခွင့်အရေးကို လက်လွတ်ခံ၍ မဖြစ်ပေ။
“ဘမ်းဘမ်း ဘမ်း ...” လျှပ်စီးမိုးများ ကျလာသည့်အခါ လျှပ်စီးများက ဆက်တိုက် ပေါက်ကွဲသွားပြီး သားရဲများစွာ သေဆုံး ကုန်ကြသည်။ မိုဝူကျီ၏ လောက အမှတ်အသားပြားမှ အမှတ်များမှာလည်း ဆက်တိုက် တိုးနေလေသည်။ သူ အဆင့်၆နှင့် အထက် သားရဲများကို မြင်သည့်အခါ ချက်ချင်း လှည့်ထွက်လိုက်သည်။ သူက အမှတ်များ ရရန် လာခြင်းဖြစ်ရာ အဆင့်၆ သားရဲအတွက် သူ့အသက်လေးနှင့် မတိုက်ခိုက်လိုပေ။
မိုဝူကျီက သားရဲများကြားတွင် အုတ်အုတ်သောင်းသောင်း ဖြစ်အောင်လုပ်ခဲ့သည့် အတွက် သူ့ကို သတိမပြုမိဖို့ရာ ခက်ခဲ လှပေသည်။ မကြာခင်တွင် သေမျိုး စစ်တပ်နှင့် ကျင့်ကြံသူများက မိုဝူကျီ၏ လျှပ်စီးမိုးနှင့် ရူးရူးမူးမူး သတ်ဖြတ်နေမှုကို သတိထားမိ သွားကြသည်။
“ဘမ်း ဘမ်း ဘမ်း ...” မိုဝူကျီ၏ လျှပ်စီးကြောင့် နောက်ထပ် သားရဲအုပ်ကြီး သေဆုံး သွားပြန်သည်။
ထိုစဉ် မိုဝူကျီ စိတ်က တည်ငြိမ် နေလေသည်။ အကြောင်းမှာ သူက လျှပ်စီးမိုးများစွာ ထုတ်လွှင့် လိုက်သော်လည်း သူ့ခရမ်း ရေကန်မှာ ပြည့်နေဆဲ ဖြစ်လေသည်။ သူက ထိပ်တန်း သားရဲများကို မတိုက်ပါက ဤအတိုင်း ရက်အနည်းငယ် ဆက်လက် တိုက်ခိုက် နေလျှင်ပင် ကိစ္စမရှိပေ။
“ဖူး ...” မိုဝူကျီက နောက်ထပ် အဆုံးမဲ့ လျှပ်စီးမိုးကို ထပ်မထုတ်နိုင်ခင် ဓားအလင်းက သူ့ဘယ်ဘက် ရင်ဘတ် အခြမ်းကို ဖြတ်သွားကာ သွေးများ ပန်းထွက် လာလေသည်။
အဆင့် ၇ သားရဲလား ...
မိုဝူကျီက သူမည်မျှပင် တော်နေစေကာမူ အဆင့်၇ သားရဲလက်ချက်မှ ပုန်းကွယ်ပြီး လွတ်မြောက်ဖို့ရာ မဖြစ်နိုင်ကြောင်း သိ၏။ သိပ်မကြာသေးခင်က အဆင့်၇ အာကာသ ကြွက်ပါးစပ်ထဲ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ အဆုံးသတ် သွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည် မဟုတ်ပါလော။
အကယ်၍ သူသာ အဆင့် ၇ သားရဲ အလိုက်ခံရလျှင် သူ့လေလွတ်မြောက်ရေး ပညာရပ်ကို အောင်အောင်မြင်မြင် ထွက်ပြေးနိုင်ပါ့ မလားဆိုတာ မသေချာပေ။
“ဘုန်း ဘုန်း ...” နောက်ထပ် ဓားအလင်း နှစ်ခု ရောက်ရှိလာပြီး မိုဝူကျီက အကြောများက ကပ်နေပြီး မရွေ့လျား နိုင်တော့သလို ခံစားလိုက်ရသည်။
လက်ရှိတွင် လေဟုန်ကို ခွင်း၍ သူ့ဆီ လာနေသော ဓားအလင်း နှစ်ချက်ကို ငေးကြည့် နေမိသည်။
မိုဝူကျီ၏ ခရမ်း ရေကန်က ချီသွေးကြော ၁၀၃ခုလုံးကို စတင် လှည့်ပတ်စေ လိုက်သည်။ ဓားအလင်း နှစ်ခုက သူ့ဦးခေါင်းကို ဖောက်မသွားခင် ချီသွေးကြော ၁၀၃ခုလုံးကို လှည့်ပတ် လိုက်သည့်အတွက် သူ့ခန္ဓာမှာ နဂိုအခြေအနေ အတိုင်း ပြန်ရောက်ရှိ သွားပြီး သူ့ခရမ်း ရေကန်က အတားအဆီးများ ကျိုးပျက် သွားလေသည်။
သူ့ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ်သည် ကျွမ်းအဆင့်၄ ဖြစ်သည့် မိုးမြေ ဗြောင်းဆန်ခြင်း အဆင့် ရောက်နေ၍ အသက်အန္တရယ် ခြိမ်းခြောက် လာနိုင်သည့် အရာများကို ရှောင်ရှား နိုင်သည့်အတွက် ကံကောင်း လှပေသည်။ မိုဝူကျီက ဤအန္တရာယ် ကျော်လွှား နိုင်သည်နှင့် ချက်ချင်း ထွက်သွားရန် ဆုံးဖြတ် လိုက်တော့သည်။
သူ့အနား အားကောင်းသည့် ခုခံသူ မရှိသည့် နေရာတွင် အမှတ်များကို ထပ်မံစုဆောင်း နေပါက သေခြင်းတရားကို ရှာနေသည်နှင့် တူနေပေ လိမ့်မည်။
“ဘမ်း ...” မိုဝူကျီက တိုက်ခိုက်မှုကို ရှောင်ရှားဖို့ မိုးမြေ ဗြောင်းဆန်ခြင်း အဆင့်ကို ထုတ်မသုံးခင် သူ့ရှေ့တွင် ဧရာမ အမှတ်အသားကြီး ပေါ်လာကာ ဓားအလင်းများကို ဖျက်ဆီးပစ် လိုက်သည်။
“မင်းက အဲဒီလို ဆက်သွား ဒီအာကာသ ခြင်္သေ့ကို ငါ့ဆီ အပ်ခဲ့ ...” မီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသားက မိုဝူကျီဘေး ဖျတ်ခနဲ ပေါ်လာကာ ပြောလိုက်သည်။
ထိုမှသာ သူ့ကို ဒဏ်ရာ ရစေသည်က အာကာသ ခြင်္သေ့မှန်း သိလိုက်ရသည်။ သေချာပေါက် အဆင့်၇ သားရဲ ဖြစ်၏။
လေးထောင့်သဏ္ဌာန် ကြီးမားသည့် အမှတ်အသားကြီးက မီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသား ဦးခေါင်းထက်တွင် ပေါ်နေပြီး သူက ထိုအမှတ်အသားကို ထပ်မံ မသုံးစွဲသေးခင် မိုဝူကျီက အာကာသ ခြင်္သေ့မျက်နှာမှ သတိတကြီး ထားနေဟန်ကို တွေ့လိုက်ရသည်။ ခြင်္သေ့ကြီးမှာ သူ့ကို သတ်ဖို့ရန် လက်လျှော့သွားဟန် ရှိသည်။
တစ်ယောက်က သူ့အား အဆင့်၇ သားရဲရန်မှ ကာကွယ် ပေးထားသောကြောင့် မိုဝူကျီက ချက်ချင်း ထွက်မသွားသေးဘဲ လျှပ်စီးမိုးကို သုံးကာ အမှတ်များ စုဆောင်းရင်း ဆက်လက် တိုက်နေလိုက်သည်။ ဤတစ်ကြိမ်တွင် သူက နောက်တစ်ကြိမ် ထိုသို့ အတိုက်ခံရမည်ကို စိုးရိမ်၍ စိတ်စွမ်းအားပါ ဖြန့်ကြက် ထားရသည်။
သားရဲများက အဆက်မပြတ် လာနေသောကြောင့် သတ်ဖို့ မကုန်နိုင်ပေ။ မိုဝူကျီက အားလုံးကို သတ်ဖို့ရန် မဟုတ်ဘဲ အမှတ်များ ရဖို့ရာသာ အာရုံစိုက် ထားလေ၏။
သားရဲများနှင့် ရင်ဆိုင်နေရသော ဤတိုက်ပွဲမှာ သားရဲများက အာကာသ အတွင်း ပြန်မဆုတ် သွားခင်အထိ နှစ်ရက်တာ ကြာမြင့်ခဲ့လေ၏။
ဤတစ်ကြိမ်တွင် မိုဝူကျီက အဆင့် ၇ သားရဲများ၏ သတ်ဖြတ်မှုကို နှစ်ကြိမ် ကြုံတွေ့ခဲ့ပြီး နှစ်ကြိမ်လုံးမှာ အချိန်မှီလေး လက်မတင် လွတ်မြောက် လာလေသည်။ ထို့အပြင် နှစ်ခါလုံးတွင် အဆင့်၇ သားရဲများက သူ့ကို တိုက်ခိုက်ဖို့ရာ အထိ အခွင့်အရေး မရလိုက်ကြပေ။ အကြောင်းမှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူက ပေါ်လာပြီး သားရဲများကို ရင်ဆိုင် ထားကြသည်။
ကျန်းမိုနယ်မြေ ကျင့်ကြံသူ စစ်တပ်မှာ သူတိုက အဆင့်မြင့် သားရဲများသည် အဆင့်နိမ့် ကျင့်ကြံသူလေး များပေါ် ရင်ဆိုင်ခြင်းကို ခွင့်မပြုကြပေ။
နှစ်ရက်အတွင်း မိုဝူကျီ၏ ခရမ်းရေကန်မှာ နဂိုပမာဏထက် တစ်ဝက်နီးပါး လျော့နည်း သွားလေသည်။
သားရဲများ နောက်ဆုတ် သွားသောကြောင့် ကျန်းမိုနယ်မြေ ကျင့်ကြံသူများက တစ်ခါ စုစည်း လိုက်ကြသည်။ စစ်တပ်တွင် ကျန်ရှိနေသည့် မီလီယံချီ ရှိသော ကျင့်ကြံသူများကို ကြည့်ကာ မိုဝူကျီက ကျင့်ကြံသူ သောင်းသိန်းချီ၍ ကျဆုံးသွားကြောင်း သိလိုက်သည်။
တစ်ခုတည်းသာ ခြားနားချက်မှာ သားရဲ အမျိုးမျိုးကား သူတို့အဆင့်က မည်သို့ပင် ဖြစ်နေပါစေ လာကြခြင်း ဖြစ်သည်။ သူက အဆင့်တစ် အာကာသကြွက်က သူ့ဆီ ပြေးလာသည်ကို မြင်သော်လည်း သူ့ရှေ့ ရောက်မလာခင် လျှပ်စီးချက် မိသွားရှာ၏။ ကျင့်ကြံခြင်း စစ်တပ်ထဲကို ဝင်မည့်သူများ အနေနှင့် အနည်းဆုံး လူသား အဆင့်လွန် အထက် ရှိရလေသည်။
မိုဝူကျီက လောက အမှတ်အသားပြားကို ဆွဲကာ ကြည့်လိုက်သည်။
“မိုဝူကျီ ... လောက ရမှတ် - ၂၆၈၁၁၊ အဆင့် - ၉၉၅၁”
မိုဝူကျီက အံ့ဩမိ သွားသည်။ နှစ်ရက်အတွင်း သူက လျှပ်စီးမိုးများဖြင့် သားရဲများစွာ သတ်ခဲ့ကာ တစ်ခါတစ်ရံတွင် အဆင့်၅ သားရဲများပင် ပါဝင်သေးသော်လည်း ဆင့်ပွားအဆင့် ဇယား၌သာ ဝင်သေးလေသည်။
သူက နောင်တွင် စစ်တပ်ကို မဝင်မချင်း ထိုသို့ အခွင့်အရေးမျိုး ရမလာကြောင်းကို သိ၏။ မဟုတ်လျှင် သူက အာကာသ သားရဲများကို တစ်ယောက်တည်း ရင်ဆိုင်ပါက ထွက်ပြေးရန်က တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်လေသည်။ လောက အဆင့်ဇယားတွင် အဆင့်တစ် ရမည့် အကြောင်းကို ခဏမေ့ထား သင့်သည်။ အကြောင်းမှာ လောက အဆင့် ဇယားပေါ်သို့ ရောက်ရန်ပင် ခရီးရှည်ကြီး ဖြစ်၏။
ထိုစဉ် မိုဝူကျီက သူ့ဆီ လာနေသည့် တစ်စုံတစ်ခုကို ခံစားမိလိုက်၍ ဘေးသို့ ကြည့်လိုက်မိသည်။
“မင်းက မဆိုးဘူးပဲ။ ဘယ်ဌာနကလဲ ...” ခန္ဓာကိုယ် ထောင်ထောင်မောင်းမောင်း မီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသားက လက်ကို နေရခက်စွာ မြှောက်ရင်း မေးလိုက်သည်။
ကြည့်ရသည်မှာ သူက မိုဝူကျီ ပခုံးကို ပုတ်ချင်လိုခြင်း ဖြစ်သော်လည်း မိုဝူကျီ အသိစိတ်ကြောင့် တုံ့သွားခြင်း ဖြစ်ရမည်။
မိုဝူကျီက မြန်မြန် သွက်သွက်လက်လက် ပြောလိုက်သည်။
“ဂျူနီယာနာမည်က မိုဝူကျီပါ။ အသက် ကယ်ပေးတဲ့ အတွက် စီနီယာကို ကျေးဇူး တင်ပါတယ်”
သို့သော်လည်း ထိုမီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသား အကူအညီ မပါလျှင်ပင် မိုဝူကျီက တိုက်ခိုက်မှုကို ရှောင်ရှားနိုင်မည် ဖြစ်ကာ သူက ဝင်ကူညီသောကြောင့် ကျေးဇူးစကား ဆိုသင့်ပေသည်။ ထို့အပြင် ဤလူမှာ စစ်မှန်ခြင်း နတ်ဘုရား အဆင့်၉တွင် ရှိနေသည့် အတွက် သူ့ထက် အဆင့်များစွာ မြင့်ပေသည်။
ထိုမီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသားက လက်ခါပြရင်း ပြောလိုက်သည်။
“မင်းက အရမ်း အားကောင်းတယ်။ ပြီးတော့ အဲဒီ လျှပ်စီးတွေက ငါ့ကိုတောင် အားကျွန်မိစေတယ်။ မင်းလို ပါရမီရှင်မျိုးကို ငါ ဘာလို့ မသိရတာလဲ ...”
မိုဝူကျီက ဤသို့သာ ပြန်ပြော နိုင်လေသည်။
“ဒီဂျူနီယာလေးက နယ်လှည့် ကျင့်ကြံသူပါ။ ဘယ်စစ်တပ်မှ မဝင်ရသေးလို့ စီနီယာက မသိသေးတာပါ ...”
“ဟုတ်ပြီ ... အဲဒါဆို ငါရဲ့ မြောက်ဘက် ကြယ်တာရာ စစ်တပ်ထဲ ဝင်မလား ...” ထိုလူက ရယ်ရယ်မောမော မေးလိုက်သည်။
“ဒါနဲ့ ငါ့နာမည်က မော့လန်ဟန် ... မြောက်ဘက် ကြယ်တာရာ စစ်တပ်ရဲ့ ကြယ်သုံးပွင့် ခေါင်းဆောင်ပဲ ...”
မိုဝူကျီက တစ်ခုခုကို သတိရသွားသဖြင့် ခဏတာ ကြောင်သွားမိသည်။ သူ ကျန်းမိုနယ်မြေကို ရောက်လာစဉ်က ကြယ်တာရာ ဘုရင်တောင်အကြောင်း နည်းနည်း ကြားဖူးနားဝ ရှိ၏။
ကြယ်တာရာ ဘုရင်တောင်တွင် ခန်းမဆယ်ခုနှင့် စစ်တပ်ဆယ်ခု ရှိလေသည်။ မော့လန်ဟန် စကားများမှ မိုဝူကျီသည် ဤမြောက်ဖက် ကြယ်တာရာ စစ်တပ်မှာ ကြယ်တာရာ ဘုရင်တောင် စစ်တပ် ၁၀ထဲမှ ဖြစ်နိုင်လေ၏။ ထို့အပြင် သူက ကြယ်တာရာ ဘုရင်တောင်ရှိ မျိုးနွယ်စုကြီး သုံးခု အကြောင်းကိုလည်း ကြားသိခဲ့သည်။ မော့မျိုးနွယ်စုလည်း တစ်ခု အပါအဝင် ဖြစ်သောကြောင့် ဤမော့လန်ဟန်က မော့မျိုးနွယ်စုဝင် လားဟုပင် သိချင်မိ သွားသည်။
မိုဝူကျီက လက်နှစ်ဖက် ယှက်ကာ အားနာစွာဖြင့် ပြောလိုက်ရသည်။
“စီနီယာမော့ ... ကျတော်က အခုတော့ စစ်တပ်ထဲ ဝင်ဖို့ စိတ်ကူး မရှိသေးဘူးဗျ။ ဒါပေမဲ့ ကျွန်တော် စစ်တပ်ထဲ ဝင်ဖို့ ဆုံးဖြတ်တဲ့ တစ်ရက်ကျ သေချာပေါက် မြောက်ဘက် ကြယ်တာရာ စစ်တပ်ကို လာခဲ့ပါ့မယ် ...”
မော့လန်ဟန် မျက်လုံးတွင် စိတ်ပျက်မှုများ ဖြတ်ပြေး သွားသော်လည်း မိုဝူကျီ စကားများ ကြားသည့်အခါ စိတ်ပျက်မှုများက အလျင်အမြန် ပျောက်ဆုံးသွားပြီး အမိန့်အလံ တစ်ခုကို ထုတ်ကာ ပေးလိုက်သည်။
“လောက ခန်းမထဲမှာ အကြံပက်စက်တဲ့ လူတွေ ရှိတတ်တယ်။ တကယ်လို့ တစ်ယောက်ယောက်က မင်းကို ထိရဲရင် ငါ့နာမည်ကို ပြောလိုက် ... မင်းရဲ့ အလားအလာတွေကို အရမ်း မျှော်လင့်ထားတယ်။ မင်း စစ်တပ်ထဲ ဝင်ဖို့ ဆုံးဖြတ်တဲ့ အချိန်ကျ ငါ မော့လန်ဟန်ကို လာရှာဖို့ သတိရပါ ...”
စကား ပြောပြီးသည်နှင့် မော့လန်ဟန်က စစ်တပ်အတွင်း တစ်မုဟုတ်ချင်း ပျောက်ကွယ် သွားလေသည်။
မိုဝူကျီက စစ်တပ်များနောက်မှ လိုက်ကြသော နယ်လှည့် ကျင့်ကြံသူများမှာ လောကခန်းမဆီ သွားနေကြကြောင်း သတိထားမိ၍ သူတို့နောက်မှ လိုက်ခါနီး ဆဲဆဲတွင် နောက်တစ်ယောက်က သူ့ကို တားလိုက်သည်။
ဤတစ်ကြိမ်တွင် ပြီးပြည့်စုံသည့် သွင်ပြင်ဖြင့် လောက ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦး ဖြစ်ကာ အလွန် ရဲရင့်ဟန် ပေါ်၏။ သို့သော်လည်း သူမက ရဲရင့်ဟန် ရှိသော်လည်း နူးညံ့ သိမ်မွေ့မှုများလည်း တွေ့မြင် နိုင်သေးသည်။
နောက်ထပ် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ဖြစ်နေ၍ မိုဝူကျီက လက်နှစ်ဖက် ယှက်လျက်
“ဂျူနီယာ မိုဝူကျီ စီနီယာကို နှုတ်ဆက်ပါတယ် ...”
အမျိုးသမီးက ခပ်ယဲ့ယဲ့ ရယ်မောလိုက်ပြီး
“မင်းကို အဲဒီလူက သူ့မြောက်ဘက် ကြယ်တာရာ စစ်တပ်ကို ဝင်ဖို့ ခေါ်သွားတယ် မလား ... ဒီက အစ်မကြီး စကားကို နားထောင် အဲဒီကို မသွားနဲ့ ... မြောက်ဘက် ကြယ်တာရာ စစ်တပ်က လောက ခန်းမမှာ နံပါတ်တစ် ဖြစ်နေပေမဲ့ ဝိညာဉ်နဲ့ အတွေ့အကြုံ မရှိတဲ့သူက သူတို့ဆီ သွားဝင်ရင် သေချာပေါက် ပေါက်ပေါက်မြောက်မြောက် ဖြစ်လာမှာ မဟုတ်ဘူး။ ငါတို့ ကြယ်တာရာ ပင်လယ် စစ်တပ်ကို လာဝင်လှည့် ... မင်းသာ ငါတို့ဆီ ဝင်တာနဲ့ ကြယ်တစ်ပွင့် ခေါင်းဆောင် ဖြစ်လာရမယ်လို့ ကတိပေးတယ် ...”
နောက်တစ်ယောက် သူ့အား လာဖိတ်ကြားနေခြင်း ဖြစ်ရာ မိုဝူကျီက လေးစားစွာ ငြင်းပယ် လိုက်ရသည်။
“စီနီယာရဲ့ ကြင်နာမှုအတွက် ကျေးဇူး တင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က စစ်တပ်ကို ဝင်ဖို့စိတ်ကူး မရှိသေးပါဘူးဗျ ...”
အမျိုးသမီးက မိုဝူကျီ ထိုသို့ ပြောမည်ကို သိနေသည့် အလား ပြန်ဖြေလိုက်သည်။
“စိတ်မပူပါနဲ့ ... မင်း စိတ်ပြောင်းသွားတဲ့ အချိန် လာရှာနိုင်တယ်။ ငါ့နာမည်က ရှုရွမ်ယုပဲ မေ့မပစ်နဲ့ဦး ...”
မိုဝူကျီက ကျေးဇူး စကားသာ ထပ်ဆိုလိုက် ရသည်။ သို့သော်လည်း သူ့စိတ်ထဲတွင် ဤရှုရွမ်ယုက မော့လန်ဟန်လောက် မရက်ရောလှပေ။ အနည်းဆုံးတော့ မော့လန်ဟန်သည် သူ့ကို ကိုယ်ပိုင် အမိန့်အလံ ပေးခဲ့သေးရာ ထိုအမျိုးသမီးက ဘာမျှ မပေးခဲ့ပေ။ အကယ်၍ သူသာ စစ်တပ်ကို ဝင်ချင်လာပါက မြောက်ဘက် ကြယ်တာရာ စစ်တပ်သာ ဝင်လိမ့်မည်။
မိုဝူကျီက ချူချင်းလောင်နှင့် အခြားသူများကို နှစ်ဝက် အကြာတွင် တွေ့ဆုံဖို့ရာ သဘောတူ ထားသဖြင့် လောကခန်းမဆီ အလျင်အမြန် ဦးတည် လိုက်တော့သည်။ သို့သော်လည်း တစ်နှစ်ခွဲလောက် ကြာသွားလေသည်။ သူက ကျန်သူများ မည်သို့ ဖြစ်နေကြောင်း သိချင်မိလာသည်။
***