← Chapters

မင်း ငါ့ကို မေးလား

Vol. 23 Ch. 305

မင်း ငါ့ကို မေးလား

Vol. 23 Ch. 305

လောကတိုင်ရှိ ပထမအလွှာ ခန်းမအတွင်း ဖန်းချီ မျက်လုံးများက စိတ်ပျက်မှုများ ကြီးစိုး နေလေသည်။ ဘေးတွင် ရပ်နေကြသော ရုန်ဟယ်နှင့် ရှုန်းရှင်းထန် တို့မှာလည်း အတူတူပင် ဖြစ်ကြပြီး သုံးယောက်လုံးမှာ သွေးများစွန်းကျန် နေလေ၏။ သူတို့က အာကာသမှ ပြန်ရောက်လာခါစ ဖြစ်သည်။

“စီနီယာချူ ... ကျုပ်တို့က ဒီနေရာနဲ့ မသက်ဆိုင်ဘူး ထင်ပါတယ်ဗျာ အဲဒါကြောင့် ဒီမှာပဲ နှုတ်ဆက် ရတော့မယ်။ အစ်ကိုမို ပြန်လာရင် အစ်မချူကပဲ ကျုပ်ကိုယ်စား နှုတ်ဆက် ပေးပါဦး ...” ဖန်းချီ အသံမှာ အက်ရှရှ ဖြစ်နေကာ ပျောက်ဆုံး ရွှံ့ညွန်တောသို့ သွားစဉ်နှင့် ယှဉ်လျှင် စိတ်ဓာတ် ကျနေလေသည်။

ချူချင်းလောင်က နှုတ်ခမ်းကို ကိုက်ထားပြီး …

“ကျွန်မ တို့တွေက ဒီကို အဖွဲ့အနေနဲ့ လာတာလေ။ အတူတူ ထွက်သွား ကြတာပေါ့။ ကျွန်မမှာ ရမှတ်တွေ ရှိသေးတယ် ဆိုတော့ ရှင်တို့ကို နည်းနည်းပေးလို့ ရပါသေးတယ် ...”

ရှုန်းရှင်းထန်က ဦးညွှတ်ကာ ...

“အစ်မချူ ကူညီတာ ကျေးဇူးတင်ပါတယ်။ ကျုပ်တို့တွေက အစ်မရဲ့ အမှတ်တွေ အများကြီး သုံးပြီး သွားပြီလေ။ အစ်မအတွက်လည်း ညီမလေး ကျီဟန်ကို ခေါ်ပြီး သွားလာနေရတာ လွယ်မှာ မဟုတ်ဘူး။ လောကခန်းမမှာ နေမယ်ဆိုရင် ရမှတ်တွေ လိုမယ်မှန်း ကျုပ်တို့ မသိခဲ့ဘူး။ သိများသိခဲ့ရင် တခြားနည်း တစ်ခု စဉ်းစား ထားမိကြမှာ ...”

ဖန်းချီနှင့် မိုဝူကျီ အပါအဝင် အခြား သုံးယောက်က လောကခန်းမ၌ အနားယူဖို့ရာပင် ရမှတ်များ လိုအပ်လိမ့်မည်မှန်း မသိကြပေ။ အကြောင်းမှာ သူတို့က လောက ခန်းမအတွင်း မသက်ဆိုင်သူများကို ဝင်ခွင့် မပြုချင်လို၍ ဖြစ်ရမည်။ လောကတိုင် ဖြစ်နေပါက သူတို့က တစ်ရက်ထက် ပိုနေမိလျှင် ရမှတ်ဖြင့် ပေးချေရန် လိုအပ်လေသည်။

ဤနေရာ၌ ကျင့်ကြံဖို့ နေရာကောင်း ရှာခြင်းအတွက် ရမှတ် လုံလုံလောက်လောက် ရှိရမည် ဖြစ်သည်။

သို့သော်လည်း သူတို့ သုံးယောက်မှာ အာကာသထဲ သွားဖို့ရာ အားနည်းလွန်းသည့် အတွက် သူတို့ ရရှိလာသော ရမှတ်များမှာ လူတစ်ယောက် အတွက် ရက်အနည်းငယ်သာ ဖူလုံလေ၏။ အကယ်၍ သူတို့သာ အချိန် အတော်ကြာနေဖို့ ကြံစည်ထားလျှင် ချူချင်းလောင် အမှတ်များက သူတို့အတွက် မလုံလောက်တော့ပေ။

ကျင့်ကြံခြင်း စစ်တပ်ထဲ ဝင်ခြင်းကို သူတို့ သုံးယောက်လုံး မတွေးဝံ့ပေ။ သူတို့ကို ကျင်းမျိုးနွယ်စုက လိုက်နေပြီး စစ်တပ်ထဲ ဝင်လိုက်သည်နှင့် သူတို့ကိုသူတို့ ဖော်ထုတ်ပြီးသား ဖြစ်သွား ပေလိမ့်မည်။ ကျင်းမျိုးနွယ်စု၏ စွမ်းဆောင်ရည်ဖြင့် သူတို့ကို ရှာတွေ့ဖို့ရာ အချိန် သိပ်ကြာမည် မဟုတ်ပေ။

ချုချင်းလောင်က ဖန်းချီနှင့် ကျန်လူများကို ခေါ်ထားခြင်းသည် သူမနှင့် ကျီဟန်တို့ ကျင့်ကြံခြင်း အပေါ် သက်ရောက်မှု ရှိလာမည်ကို တွေးမိသောကြောင့် စတင်၍ တွေဝေ လာမိသည်။ သူမက ထိုအရာများကို စိတ်ထဲ မထားပေ။ နောက်တစ်ဆင့် တက်လှမ်းဖို့ရာ ရက်အနည်းငယ်ဖြင့် ဖြစ်လာခြင်း မဟုတ်ပေ။ သူမ ပို၍ အလိုရှိသည်က ကြယ်တာရာ တိုက်ပွဲမှ တစ်ဆင့် အတွေ့အကြုံများမှ ကိုယ်ပိုင်အင်အား တိုးမြင့်စေ လိုခြင်းသာ ဖြစ်၏။

မိုဝူကျီကြောင့် သူတို့ သုံးယောက်နှင့် မိတ်ဆွေ ဖြစ်လာခြင်း ဖြစ်၏။ အကယ်၍ သူတို့သုံးယောက်သာ ထွက်သွားလိုလျှင် သူမက အတင်း နေခိုင်းရန် အကြောင်းအရင်း မရှိချေ။ သူမက သူတို့ အပြုအမူများကို နားလည်ရာ အကယ်၍ သူမသာ သူတို့နေရာ ဖြစ်နေပါက သူမသည်လည်း တူညီစွာ လုပ်ဆောင်မိ လောက်လေသည်။

“ဖန်းချီလား ...” အသံက ရုတ်တရက် ထွက်ပေါ် လာသော်လည်း လူသတ်ငွေ့များ ပါရှိနေလေ၏။

ဖန်းချီနှင့် အပေါင်းအပါများက လှည့်ကြည့် လိုက်သည့်အခါ လောကတိုင် ခန်းမ ဝင်ပေါက်ကို ဖြတ်၍ ဝင်လာသော အမျိုးသား သုံးယောက်နှင့် အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရသည်။ ဖန်းချီက သူ့ကို လှမ်းခေါ်သည့် သူမှာ ကျင်းမျိုးနွယ်စု၏ အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ ကျင်းချီလန်း ဖြစ်ကြောင်း သိလိုက်သည်။

“တန်ဝူ ...” ဖန်းချီက ကျင်းချီလန်းကိုပင် ဂရုမစိုက်ဘဲ ဘေးနားမှ အမျိုးသမီးကိုသာ အာရုံစိုက်ထား ကြည့်နေပြီး တစ်ကိုယ်လုံးမှာ တုန်ယင် နေလေသည်။ ဝမ်းနည်းမှုများနှင့် ပြည့်နေသည့် သူ့မျက်လုံးထဲမှ အရိပ်အယောင်များပင် အနည်းငယ် လျော့ပါးသွားဟန် ရှိလေသည်။

သူ့စိတ်ထဲ၌ ကျင်းတန်ဝူက ဖြူစင် ရိုးသားကာ ကျင်းမျိုးနွယ်စု၏ လခြမ်းကွေး သော့ကို အချစ်အမှတ်အသား အဖြစ် ပေးမိခဲ့၍ သူမကို သော့ခတ်ထားပြီး ညှဉ်းပန်းနှိပ်စက် ခံခဲ့ရလေသည်။ သူက ကျင်းမျိုးနွယ်စုဆီ အဖမ်း မခံရသော်လည်း သူ့စိတ်ထဲတွင် ထိုအချိန်မှစ ခံစားခဲ့ရသည်။ အခြား အရာအတွက် မဟုတ်ဘဲ သူက ကျင်းတန်ဝူကို လွမ်းဆွတ် အောက်မေ့၍ ဖြစ်လေသည်။

သို့သော် လတ်တလောတွင် ကျင်းတန်ဝူ ခန္ဓာပေါ်တွင် အမာရွတ်များ၊ နှိပ်စက်ထားသည့် ဒဏ်ရာများ လုံးဝမရှိချေ။ သူမက ယခင် ရိုးသားဖွယ် အပြုံးများဖြင့် ဆက်လက် ပြုံးနေဆဲ ဖြစ်သည်။ သူမ ကျင့်ကြံဆင့် အတွက် သူမှာ ယွမ်ဒန်အဆင့် ရောက်ရှိသွားပြီ ဖြစ်ရာ သူမ အရှိန်အဝါက သူ့ထက်ပင် ကျော်လွန် နေသေးသည်။ ထိုမျှတင် မကသေးပေ။ သူမက သူမ ဘေးနားမှ မျက်နှာလေးထောင့် အမျိုးသားနှင့် တာအို လက်တွဲဖော် အလား ရင်းနှီးလှသည်။

ကျင်းတန်ဝူက ဖန်းချီနှင့် အခြားလူများကို တွေ့လိုက်သည့် အခါ မျက်မှောင်ကြုတ်မိ သွားသည်။

“ဘယ်သူတွေလဲ ...” ကျင်းတန်ဝူဘေးမှ မျက်နှာ လေးထောင့်နှင့် အမျိုးသားက မေးလိုက်ပြီး ဖန်းချီက ကျင်းတန်ဝူ နာမည် ခေါ်သည်ကို ကြားလိုက်စဉ် အမူအရာ ပြောင်းသွားလေ၏။

ကျင်းတန်ဝူက မြန်မြန် ပြောလိုက်သည်။

“အစ်ကိုယန်ဒေါင် ... အဲဒီလူက ဖန်းချီတဲ့ သူက ကျင်းမျိုးနွယ်စုရဲ့ အစောင့် ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူက စရိုက်မကောင်းဘဲ ကျင်းမျိုးနွယ်စုက ပစ္စည်းကို ခိုးသွားပြီး ထွက်ပြေးသွားလို့ သူ့ကို လိုက်ဖမ်းနေတာ ကြာလှနေပြီ။ သူက လောက ခန်းမထိ ရောက်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ ... သူ့သတင်း ပျောက်နေတာ မထူးဆန်းတော့ပါဘူး ...”

ဖန်းချီက သူ့နှလုံးသား အစိမ်းသက်သက် ခွဲသွားသလို ခံစားလိုက်ရပြီး သွေးတစ်ပွက် အန်မိလိုက်သည်။ ယခုအချိန်အထိ သူက အမှားအမှန် မတွေးတတ်သည့် အရူးတစ်ယောက်သာ ဖြစ်ခဲ့သည်။

“အစ်ကိုမို ပြောတာ မှန်နေတာပဲ ...” ရှုန်းရှင်းထောင်က ဖန်းချီကို ပြန်လည် သတိပေးလိုက်ပြီး လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ လိုက်သည်။ ဖန်းချီကား သူတို့ အစ်ကိုကြီး ဖြစ်ကာ သူတို့ကို နားလည်မှု လွဲတာက လက်ခံ နိုင်ပေသည်။ သို့သော် မိုဝူကျီ၏ ကြင်နာမှုကို ပြန်လည် တုံ့ပြန်သည့် ပုံစံကား အတော်လေး လွန်လွန်းသည်။ ယခင်က မိုဝူကျီက ကျင်းတန်ဝူသည် သူ့ကို လိမ်ညာ၍ ဖန်းချီလက်ထဲရှိ လခြမ်းကွေး သော့မှာ အတုဖြစ်ကြောင်း သတိပေးခဲ့ သော်လည်း ဖန်းချီက မယုံကြည်ခဲ့ပေ။ အကယ်၍ ရုန်ဟယ်ကြောင့်သာ မဟုတ်လျှင် ဖန်းချီက မိုဝူကျီ မပါရှိဘဲ ထွက်သွား လောက်မိသည်။

ဖန်းချီက အသက်ဝဝ ရှူကာ

“ရှင်းထန်၊ ဟယ်အာ ... ငါ မင်းတို့ကိုပါ ဆွဲသွင်းမိပြီ။ အစ်ကိုမိုက တကယ်ကို လူကဲခတ် တော်တယ်။ ငါ့လိုမျိုး အမှိုက်အတွက်နဲ့ တစ်ဆင့်တည်း ဖြစ်ဖို့ မလိုဘူး။ ငါ ဖန်းချီက -ျီးကို တန်ဖိုးကြီး ရတနာ တစ်ခုလိုမျိုး ယုယနေခဲ့ မိတယ် ... ငါ့ဘေးနားက အရေးကြီးတဲ့ လူတွေကို လျစ်လျူရှု ထားမိတယ် ...”

“အစ်ကိုကြီးချီ ...” ရုန်ဟယ်က မျက်လုံးများ ဝေဝါး လာသည်ကို ခံစားမိ လိုက်သည်။ အကြောင်းမှာ ဖန်းချီသည် သူမကို ပထမဆုံးအကြိမ် ဟယ်အာဟု ခေါ်ဆိုခြင်း ဖြစ်၏။

“ချီလန်း ... လောကခန်းမ၏ တာဝန်ခံဆီ သွားပြီးတော့ ငါ့ကျင်း မျိုးနွယ်စုက ပြစ်မှု ကျူးလွန်ထားတဲ့ အစေခံကို ပြန်ခေါ်သွားတယ်လို့ သတင်းပို့လိုက် ...” ရှေ့ဆုံးမှ လျှောက်လာသည့် ဝတုတ်တုတ် အမျိုးသားက ရုတ်တရက် ထပြောလိုက်သည်။

ကျင်းချီလန်းက အရိုအသေပြုကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ... ဦးလေးစန် ...”

ကျင်းချီလန်းက ပြောပြီးနောက်တွင် အလျင်အမြန် ပြေးထွက် သွားလေသည်။

ချူချင်းလောင်က တစ်ခုခု ဝင်ပြောမည့် ဆဲဆဲတွင် ဖန်းချီက တားလိုက်သည်။

“အစ်မချူ ... ဟယ်အာနဲ့ ရှင်းထန်ကို ခေါ်ထုတ် သွားပေးပါ။ ကျင်းကျန်းစန်က ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်၆ ကျင့်ကြံသူပဲ ...”

ဖန်းချီက ချူချင်းလောင်သည် သူ့အား ကူညီမည်ကို စိုးရိမ်၍ မြန်မြန် ပြောလိုက်ရသည်။ သူက ချူချင်းလောင်ကို ဤကိစ္စထဲ မပါဝင်စေချင်ပေ။

ချူချင်းလောင်က ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၆သည် သူမထက် အားကောင်းနေဆဲ ဖြစ်၍ ကြောင်သွားလေ၏။ အကယ်၍ သူမသာ တစ်ယောက်တည်း ဖြစ်နေလျှင် ကိစ္စမရှိသော်လည်း သူမဘေးတွင် ကျီဟန် ရှိနေသေးသည့် အချိန် မလုပ်ရဲချေ။

ကျင်းကျန်းစန် အမည်ရှိ ဝတုတ်တုတ် ကျင့်ကြံသူက ဖန်းချီ စကားများကို ကြားကာ အေးစက်စက် ရယ်မောလိုက်ပြီး

“မင်းက ကျင်းမျိုးနွယ်စုက ပစ္စည်းကို ခိုးပြီးတော့ ထွက်ပြေးလို့ ရမယ် ထင်နေလား ...”

သူက ပြောလိုက်ရင်း ဝတုတ်တုတ် ကျင့်ကြံသူက ချူချင်းလောင်နှင့် အခြားလူများ လမ်းကို ပိတ်ထားလိုက်သည်။ ကျင်းချီလန်းက သတင်း သွားမပို့ခင်အထိ သူက ဘာမှ မလုပ်ရဲသော်လည်း သူ့အတွက် ထောက်ခံချက် ရဖို့ရာ လွယ်ကူမည် ဖြစ်ကြောင်း ယုံကြည်သည်။ ထို့အပြင် ဖန်းချီနှင့် အခြားလူများမှာ သေးနုပ်သည့် နယ်လှည့် ကျင့်ကြံသူများသာ ဖြစ်ပြီး ကျင်းမျိုးနွယ်စုမှာ ယန်မျိုးနွယ်စု နောက်ခံ ရှိနေလေပြီ ဖြစ်၏။ အကြောင်းမှာ ကျင်းတန်ဝူနှင့် အတူတူ လမ်းလျှောက် လာသူမှာ ယန်မျိုးနွယ်စု၏ လူငယ် ပါရမီရှင် ယန်ယန်ဒေါင် ဖြစ်၏။

ယန်မျိုးနွယ်စုမှာ ကြယ်တာရာ ဘုရင်တောင်မှ မျိုးနွယ်စုကြီး သုံးခုထဲ ပါဝင်သည့် အတွက် ယန်ယန်ဒေါင်မှာ ပါရမီရှင်ဟု ယူဆ၍ ရနေပြီ ဖြစ်သော်လည်း သူ့ညီ ဖြစ်သူ ယန်ယန်းနန်မှာ သူ့ထက် ပိုစွမ်းဆောင်ရည် ကောင်းပြီး လူသား အဆင့်ဇယား အဆင့်တစ် ဖြစ်၏။

အမွှေးတိုင် တစ်ဝက်စာခန့် အကြာတွင် ကျင်းချီလန်းက လက်ထဲတွင် အမှတ်အသားပြား ကိုင်လျက် ပြန်ရောက်လာသည်။ သူက အမှတ်အသားပြားကို ဖက်တီး ကျင်းကျန်းစန်အား ပေးကာ

“ဦးလေးစန် ... ဒါက ကျင်းမျိုးနွယ်စု ကနေ သူခိုးကို ဖမ်းဖို့ရာ ခွင့်ပြုစာပဲ။ သုံးယောက် ဖမ်းခွင့် ပြုထားတယ်”

စကားအဆုံးတွင် သူက အသံနိမ့်၍

“အခြား နှစ်ယောက်က ချူမျိုးနွယ်စုကပဲ။ သူတို့အထဲ တစ်ယောက်က ချူကျောင်ရှန်းရဲ့ သမီး ချူချင်းလောင်ပဲ ... အဲဒါကြောင့် သူတို့ကို မထိတာ ပိုကောင်းမယ် ...”

ကျင်းကျန်းစန်က ခေါင်းညိတ်ပြကာ ကျင်းချီလန်းကို ပြောလိုက်သည် ...

“ဖန်းချီနဲ့ အခြား နှစ်ယောက်ကို ဖမ်းပြီးတော့ ကျင်းမျိုးနွယ်စုဆီ ချက်ချင်း ပြန်ခေါ်ခဲ့စမ်း ...”

“အစ်မချူ ... ကျီဟန်ကို ခေါ်ပြီးတော့ ထွက်သွားသင့်ပြီ ...” ဖန်းချီက ပို၍ပင် တည်ငြိမ် နေလေသည်။

ချူချင်းလောင်က သက်ပြင်းချ လိုက်သည်မှာ ထွက်မသွား ချင်သော်လည်း ရင်လည်း ရင်မဆိုင်ရဲပေ။ တစ်ဖက်လူမှာ သူမထက် အားကောင်းသည့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ဖြစ်နေသည်။ သူမက သူနှင့် ရင်ဆိုင်ရဲလျှင်ပင် တိုက်ပွဲ တစ်ကွက် မထုတ်သေးခင် ကျီဟန်နှင့် သူမတို့က မလွတ်မြောက် နိုင်လောက်ချေ။

လောကတိုင်၌ နေ့တိုင်းလိုလို တိုက်ပွဲများ ဖြစ်လေ့ရှိကြ၍ ကျင်းမျိုးနွယ်စုက ဖန်းချီနှင့် အခြားလူများကို ဖမ်းဖို့ ကြံစည်သည့် အခါ ဘေးနားမှ ကျင့်ကြံသူများက ပွဲကြည့်ဖို့ရာ ဝိုင်းလာကြသည်။

ကျင်းကျန်းစန်က ကျင်းချီလန်းကို တိုက်ပွဲအား မြန်မြန် အဆုံးသတ်ပြီး လူများစွာရှေ့ အချိန်မဖြုန်းဖို့ရာ မျက်နှာရိပ် မျက်နှာကဲ ပြလိုက်သည်။

ကျင်းချီလန်းက ခေါင်းညိတ်ပြရင်း ရှေ့တိုးလာကာ ဖန်းချီကို ဖမ်းဆီးဖို့ အသင့်ပြင် လိုက်သည်။ အစစ်အမှန် ရေအဆင့် ၃ ဖြစ်သည့် သူက ယွမ်ဒန်အဆင် ကျင့်ကြံသူ လေးများကို ဖမ်းဖို့ရန်က ထမင်းစား ရေသောက် ဖြစ်၏။

ဖန်းချီက သူ့အသက်အတွက် တိုက်ခိုက်ဖို့ရန် အဆင်သင့် ဖြစ်နေလေပြီ။ အကယ်၍ သူတို့သာ လောကတိုင် အပြင်ဘက်ကို ခေါ်ဆောင်သွား ခံလိုက်ရပါက သူတို့အတွက် ဆိုးရွားလှသည့် အဖြစ်အပျက်များ စောင့်ကြိုနေကြောင်း ပြောနိုင်သည်။ ဖန်းချီနှင့် ရှင်းထန်တို့ကို တစ်ခါတည်း သေမိန့်ချခံ နိုင်သော်လည်း ရုန်ဟယ်ကိုမူ ကျင်းမျိုးနွယ်စုသို့ ပြန်ခေါ်သွား နိုင်ချေ ရှိကာ ထိုနေရာတွင် ရှင်မည့်အစား သေခြင်းကသာ ပို၍ ကောင်းနေပေ လိမ့်မည်။ သူမကို နှစ်ကိုယ်တူ ကျင့်ကြံခြင်း အဆောက်အဦဆီ မရောင်းစားခင် လူဘယ်လောက်ကများ သူမကို နှိပ်စက်၍ မတော်မလျော် ပြုမူကြမည်ကို မည်သူ သိမည်နည်း။

သို့သော်လည်း ဖန်းချီက တစ်ဖက်လူမှာ ပြိုင်ဘက် မဟုတ်နိုင်ကြောင်း အရင် သတိထားမိ လိုက်သည်။ ကျင်းချီလန်းက သူ့ထက် များစွာ အားကောင်းပြီး သူ့အား အကောင်းဆုံး အရှိန်အဝါပင် ကျင်းချီလန်းရှေ့၌ ဘာမှ မဟုတ်တော့ပေ။

ဖန်းချီက ရုန်ဟယ်ကို ပူပန်မိသောကြောင့် သက်ပြင်းချမိ လိုက်သည်။ အကယ်၍ အခုချိန်သာ သူ လှုပ်ရှားနိုင်ပါက ရုန်ဟယ်ကို နောင်တွင် လူမဆန်သည့် အပြုအမူများ မခံစားရစေရန် သူကိုယ်တိုင် သတ်လိုက်မည်။

“ဂျွတ် ...” အရိုးကျိုးသံကိုပင် ကြားလိုက် ရပြီးနောက် ဖန်းချီ တစ်ကိုယ်လုံး တင်းကျပ်မှုများ ဖြေလျော့ သွားလေသည်။ ထိုစဉ် ကယ်တင်ရှင် အသံ တစ်သံကို ကြားလိုက်ရ၏

“ငါ့မိတ်ဆွေတွေကို ဖမ်းဖို့ ကြိုးစား ရဲတယ်ပေါ့ ... ငါ့ဆီက ခွင့်တောင်းလား ...”

“အစ်ကိုမိုလား ...” ဖန်းချီက သူ့ရှေ့တွင် ရပ်နေသော မိုဝူကျီကို မြင်သည့်အခါ ပါးစပ် ဟောင်းလောင်း ဖြစ်သွားလေသည်။

သူက မိုဝူကျီသည် အစစ်အမှန် ရေအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ဖူး လေသည်။ ထိုစဉ်အခါက မိုဝူကျီသည် သူ့နည်းသူ့ဟန်ဖြင့် လှည့်ကွက်များဖြင့် ထိုသူ့အား သတ်ပစ် နိုင်ခဲ့သည်။

သို့သော် ယခုတွင် ကျင်းချီလန်းကို မိုဝူကျီက လည်ပင်းမှ ကိုင်မြှောက် ထားသည့်အတွက် အသက်ရှူကျပ် နေလေသည်။ စောစောလေးမှ အရိုးကျိုးသံမှာ ကျင်းချီလန်း၏ လည်ပင်းမှ ဖြစ်ပေလိမ့်မည်။

ဖန်းချီက ကျင်းချီလန်းမှာ အစစ်အမှန် ရေအဆင့် ၃မှန်း သေချာလေသည်။ တစ်နှစ်အတွင်း မိုဝူကျီ အင်အားက ထိုမျှ အံ့အာသင့်ဖွယ် အဆင့်ထိ တိုးမြင့်လာပြီး အစစ်အမှန် ရေအဆင့် ကျင့်ကြံသူကိုပင် ကြက်ကလေး အလား ဆက်ဆံနိုင် လောက်အောင်အထိ မည်မျှ အားကောင်းလာ သနည်း။

ဖြစ်ရော ဖြစ်နိုင်ပေရဲ့လား ...

မိုဝူကျီက လက်ကို ယမ်း၍ ကျင်းချီလန်းကို ပစ်လွှင့် လိုက်သည့်အခါ လောကတိုင်မှ တိုင်လုံးနှင့် ဆောင့်မိ သွားလေသည်။

အကယ်၍ လောကတိုင် အတွင်း မဟုတ်ပါက သူက ကျင်းချီလန်းကို ချက်ချင်း သတ်မိလိမ့်မည်။

“ဘယ်သူလဲ။ ငါတို့ ကျင်းမျိုးနွယ်က သူခိုး လာဖမ်းတာကို တားရဲတယ်လား ...” ကျင်းကျန်းစန်က မိုဝူကျီကို ကြည့်ကာ ရှေ့တိုးလာရင်း အရှိန်အဝါများ ထုတ်လွှင့်လိုက်သည်။

မိုဝူကျီက လက်တစ်ချက် ဝှေ့ယမ်း လိုက်သည့်အခါ ကျင်းကျန်းစန် အရှိန်အဝါများက တစ်မုဟုတ်ချင်း ပျောက်ကွယ် သွားလေသည်။ သူက အစစ်အမှန် ရေအဆင့် ၄တွင် ဖြစ်သော်လည်း ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက သူ့အား အရှိန်အဝါဖြင့် ဖိနှိပ်၍ မရပေ။ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်ကိုပင် အလွယ်တကူ သတ်ပစ် နိုင်လေရာ သူကဲ့သို့ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ၆ ကျင့်ကြံသူလေးက ဖိနှိပ်ဖို့ ကြိုးစား ရဲသည်လား ...

သူက အိပ်မက် မက်နေခြင်းသာ ဖြစ်လိမ့်မည် ...

***

All Chapters