← Chapters

တောင်းပန်ပြီးတော့ ထွက်သွားရောလား

Vol. 23 Ch. 307

တောင်းပန်ပြီးတော့ ထွက်သွားရောလား

Vol. 23 Ch. 307

လောကအဆင့် ဇယားတွင် နာမည် ချန်ထားနိုင်သည့် ကျင့်ကြံသူမှာ ကျင်းမျိုးနွယ်စုက ရန်စလို့ ရသည့်သူ မဟုတ်ချေ။ တစ်ဖက်လူက နယ်လှည့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် သူတို့က ရန်စ၍ မဖြစ်သေးချေ။ ထိုသည်က အရေးကြီးဆုံး အကြောင်းအရင်း မဟုတ်သေးပေ။ အရေးကြီးဆုံးမှာ မိုဝူကျီက လောကအဆင့် ဇယားဝင်သည့်လူ ဖြစ်နေသည့် အတွက် ထိုကိစ္စအား ဤအတိုင်း ပြီးဆုံး သွားစေမည် မဟုတ်ပေ။

ဘေးနားမှ လူများက မိုဝူကျီသည် လောကအဆင့် ဇယား ဝင်နေသည့် သူမှန်း ကြားလိုက် ရသည့်အခါ အားလုံးက အားကျစွာ ကြည့်လိုက်ကြသည်။

ကျန်းမိုနယ်မြေတွင် အဆင့်ဇယား လေးခု ရှိပြီး အလေးစား အကောင်းဆုံးမှာ ကောင်းကင်၊ မြေကမ္ဘာနှင့် လူသားအဆင့် ဇယားတို့ မဟုတ်ဘဲ လောက အဆင့်ဇယား ဖြစ်လေသည်။ ပင်မဇယားနှင့် ဆင့်ပွား ဇယားတို့တွင် လူ ၁၀၀၀၀ ရှိသည့်အတွက် အထင်ကြီးစရာ မရှိဟု ထင်လို့ မရပေ။ ကျန်းမိုနယ်မြေမှ ထိုလူ ၁၀၀၀၀ကို ဖြန့်ကြက် လိုက်သည့်အခါ သူတို့မှာ ဖီးနှစ် အမွေးကဲ့သို့ပင် ရှားပါးလှရာ အားလုံးကို ကျင့်ကြံသူ များစွာက အထင်ကြီး လေးစားကြလေ၏။

ကမ္ဘာပေါ်တွင် ဘွဲ့ရ ကျောင်းသား ၁၀၀၀၀ သာရှိပြီး ထိုသူများကို ကမ္ဘာအနှံ့ ပို့ဆောင် လိုက်ပါက ထိုသူများက မည်မျှ သေးငယ် သွားမည်နည်း။ အကယ်၍ ကမ္ဘာမြေကို ကျန်းမို နယ်မြေဆီ လွှင့်လိုက်ပါက ကျန်းမို နယ်မြေ၏ အရွယ်အစားနှင့် ယှဉ်လျှင် ကမ္ဘာမြေကို ရှာတွေ့နိုင်တောမ့ည် မဟုတ်ပေ။

ချုချင်းလောင်က မိုဝူကျီသည် လောကအဆင့် ဇယားတွင် ရောက်နေကြောင်း ကြားသိ ရသည့်အခါ အမှန်ပင် အံ့ဩမိ သွားသည်။

သူမက ယန်မျိုးနွယ်စု မပါမချင်း ကျင်းမျိုးနွယ်စုသည် သူတို့ကို ဆက်လက်၍ ဖိအား မပေးနိုင်ကြောင်း သိလိုက်သည်။

ချူချင်းလောင်က ထိုအတွေး တွေးမိနေစဉ် ကျင်းတန်ဝူဘေးမှ အမျိုးသားက ရှေ့ထွက်လာကာ မိုဝူကျီကို လက်နှစ်ဖက်ယှက် နှုတ်ဆက်ကာ

“ခင်ဗျား နာမည်က မိုဝူကျီနော် ပြီးတော့ ခင်ဗျားက လောကအဆင့် ဇယားထဲ ရောက်နိုင်ခဲ့ တယ်ပေါ့ ...”

မိုဝူကျီက ထိုသူ့ကို မသိသော်လည်း သူ့ဘေးတွင် ရှိနေသော အမျိုးသမီးမှာ ကျင်းတန်ဝူ ဖြစ်ကြောင်း ခန့်မှန်းမိ လိုက်သည်။ သူက ကျင်းတန်ဝူဘေးတွင် ရပ်နေသောကြောင့် ထိုသူမှာ ကျင်းတန်ဝူ၏ ချစ်သူ ဖြစ်နိုင်ကြောင်း မှန်းဆမိ၏။ ထိုလူက အစစ်အမှန်ရေ အလယ်အလတ် အဆင့်သာ ရှိနေပြီး အဝါရောင် မုတ်ဆိတ်လူကြီး စကားကို ဘာမှမပြောဘဲ ဝင်ဖြတ် ပြောရဲသည်က ထိုလူဇစ်မြစ်မှာ မရိုးရှင်းကြောင်း သတိထားမိ လိုက်သည်။

“ဟုတ်တယ် ...” မိုဝူကျီက လေးလေးနက်နက် ပြောလိုက်သည်။

သူက ရှားမျိုးနွယ်စုဝင် တစ်ဦးကို သတ်ထားသည့် အတွက် တစ်ဖက်လူမှာ ရှားမျိုးနွယ်စုထက် အားသာလျှင်လည်း ဘာအရေးလဲ ...

“ကျုပ် နာမည်က ယန်ယန်ဒေါင်ပါ ... ကျုပ်က ကြယ်တာရာ ဘုရင်တောင်က လာတာ။ ကျင်းမျိုးနွယ်စုနဲ့ ပတ်သက်ပြီးတော့ ခင်ဗျားရဲ့သဘော မတူညီတာကို ပြောစရာ မရှိပေမဲ့ ကျုပ်အမျိုးသမီးကိုတော့ မစော်ကားသင့်ဘူး ... ခင်ဗျား ပြောလိုက်တဲ့ အရှက်မဲ့တဲ့ အမျိုးသမီး ကျင်းတန်ဝူဆိုတာ ကျုပ်အမျိုးသမီးပဲ” ယန်ယန်ဒေါင် အသံမှာ အေးစက်နေပြီး လူသတ်ငွေ့များ ပါဝင်နေလေသည်။

အဝါရောင် မုတ်ဆိတ်နှင့် အမျိုးသားက သက်ပြင်းချမိ လိုက်သည်။ အကြောင်းမှာ မိုဝူကျီက လောက ဆင့်ပွားအဆင့် ဇယားကို တက်လှမ်း နိုင်သောကြောင့် ခိုင်လုံသည့် အကြောင်းပြချက် မရှိဘဲ ကျင်းမျိုးနွယ်စု ကဲ့သို့သော သာမန် မျိုးနွယ်စုလေးက မိုဝူကျီကို ဘာမှ မလုပ်နိုင်ချေ။ သို့သော်လည်း ယန်မျိုးနွယ်စုမှာ သာမန်မျိုးနွယ်စု မဟုတ်ချေ။ လောက ပင်မအဆင့် ဇယားတွင် ရှိနေသူမှသာ ယန်မျိုးနွယ်စု၏ အနိုင်ကျင့်မှုမှ ရှောင်လွဲနိုင်စွမ်း ရှိလိမ့်မည်။

လောက ပင်မအဆင့် ဇယားပေါ်တွင် လူ၁၀၀၀ ရှိပြီး သူတို့များမှာ ဤကမ္ဘာ၏ အထူးချွန်ဆုံး ပါရမီရှင်များပင် မဟုတ်ပါလော။ လောက အင်မော်တယ် များစွာနှင့် မြေကမ္ဘာ အင်မော်တယ် တချို့ပင် တည်ရှိကြသေး၏။ အနိမ့်ဆုံးမှာ စစ်မှန်ခြင်း နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်၌ ဖြစ်ကြသည်။

မိုဝူကျီက သက်ပြင်း ချလိုက်မိတော့သည်။ ထိုလူမှာ ကြယ်တာရာ ဘုရင်တောင်မှ ရောက်လာကာ နာမည်မှာလည်း ယန်ယန်ဒေါင် ဖြစ်နေပြီး အဝါရောင် မုတ်ဆိတ်နှင့် လူကြီး စကားကိုပင် ဝင်ဖြတ် ပြောရဲလေသည်။ မိုဝူကျီက ထိုလူမှာ ကြယ်တာရာ ဘုရင်တောင် ယန်မျိုးနွယ်စုမှ ဖြစ်ကြောင်း ရာနှုန်းပြည့် သေချာ၏။ ဖန်းချီက ကျန်းတန်ဝူဆီမှ ခေါင်းဆုံးရှုံး လုမတတ် အရူးလုပ်ခံ ရသည်မှာ မထူးဆန်းတော့ပေ။ ကျင်းတန်ဝူမှာ ဖန်းချီကို ကန်ထုတ်ပြီး နောက်တွင် မြန်မြန်ဆန်ဆန် ယန်မျိုးနွယ်စုမှ ကျင့်ကြံသူ ခြေသလုံးဖက် ထားနိုင်ခြင်းက မရိုးရှင်းလှပေ။

မိုဝူကျီ၏ အဖြေကိုပင် မစောင့်တော့ဘဲ ယန်ယန်ဒေါင်က ဆက်ပြောလိုက်သည်။

“ခင်ဗျားကို အနိုင်မကျင့်တော့ဘူး။ ကျုပ်တို့တွေ ကိုယ့်အသက်ကို ကိုယ်တိုင် တာဝန်ယူပြီး လောက ခန်းမရဲ့ သေမင်းတိုက်ပွဲ စင်မြင့်မှာ တွေ့ကြမယ် ...”

ယန်ယန်ဒေါင် စကားများကို ကြားပြီး လူအုပ်ကြီးက အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။

မိုဝူကျီက ချူချင်းလောင်ကို လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။

“သေမင်းတိုက်ပွဲ စင်မြင့်က ဘာလဲ ...”

ချူချင်းလောင်က တီးတိုး ပြောလိုက်သည်။

“လောကခန်းမ အတွင်းမှာ တကယ်လို့ လူနှစ်ယောက်က တစ်ခုခု မကျေနပ် ကြတာနဲ့ နှစ်ဖက်လုံးက သဘောတူရင် သူတို့က သေမင်းတိုက်ပွဲ စင်မြင့်ကို စိန်ခေါ်လို့ ရတယ် ...

သေမင်းတိုက်ပွဲ စင်မြင့်နဲ့ ပတ်သက်ပြီးတော့ စည်းကမ်းတွေက လူနှစ်ယောက် ဝင်လာတာနဲ့ တစ်ဖက်လူက အရင်ဆင်းသွား ရတယ်။ ဆိုလိုတာက တိုက်ပွဲက နှစ်ယောက်လုံး သေတဲ့အခါ ဒါမှမဟုတ်ရင် တစ်ယောက် သေတဲ့အခါမှာ အဆုံးသတ်တယ်။ သေမင်းတိုက်ပွဲ စင်မြင့် အပြင် စိန်ခေါ်တိုက်ပွဲလည်း ရှိသေးတယ်။ စိန်ခေါ်တိုက်ပွဲက နည်းနည်း သက်ညှာတယ် ပြောရမယ်။ တစ်ဖက်လူက ရှုံးတာ ဝန်ခံတာနဲ့ ပြိုင်ပွဲကွင်းကနေ ထွက်သွားလို့ ရပြီ ...”

မိုဝူကျီက ယန်ယန်ဒေါင်သည် သူ့အား လူသတ်ချင်စိတ်ဖြင့် ကြည့်နေသည်ကို တွေ့၍ ခေါင်းညိတ်ပြ လိုက်သည်။ သူက မျိုးနွယ်စုကြီးများမှ လူများက ထိုသို့သော မောက်မာပြီး သူတို့ကိုယ် သူတို့ ယုံကြည်ချက် မြင့်မားကြောင်း သိ၏။

ယုံကြည်ချက် အားဖြင့် မိုဝူကျီက မျိုးနွယ်စုကြီးများမှ လူများကို ရှုံးမည် မဟုတ်ပေ။ သူက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“မင်းက ငါ့ပြိုင်ဘက် မဟုတ်သေးဘူး။ ငါ့ကို စိန်ခေါ်ရင် မင်းအသက်ပဲ ဆုံးရှုံးလိမ့်မယ် ...”

“ဟားဟား ...” ယန်ယန်ဒေါင်က ပြက်လုံး တစ်ခု ကြားလိုက်ရသည့် အလား အားရပါးရ ရယ်မောလိုက်သည်။

ယနေ့ မတိုင်ခင်အထိ ယန်ယန်ဒေါင်က သူနှင့် အဆင့်တူ ကျင့်ကြံသူသည် သူ့အား ပြိုင်ဘက် မဟုတ်ကြောင်း အပြောခံ ရသည်မှာ ပထမအဆုံး အကြိမ် ဖြစ်၏။

“မင်းမှာ သတ္တိရှိရင် သေမင်းတိုက်ပွဲ စင်မြင့်ကို လက်ခံလိုက် ... မဟုတ်ရင် ခွင့်လွှတ်မှု ရအောင် တောင်းခံပေတော့။ ငါ့အမျိုးသမီး ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ရင်တော့ မင်းက လောကအဆင့် ဇယားမှာ ရောက်နေတာကို မူတည်ပြီးတော့ တစ်ခါ လွှတ်ပေးလိုက်မယ် ...” ယန်ယန်ဒေါင်သည် နဂိုက မောက်မာ နေသော်လည်း ယခုတွင်မူ သူက ဒေါသူပုန် ထနေလေသည်။

သူက လူသားအဆင့် ဇယားတွင် နံပါတ်တစ် မဖြစ်ဖူးသော်လည်း သူက လူသားအဆင့် ဇယား၌ ထိပ်ဆုံး ၁၀၀ထဲ ရှိနေဆဲ ဖြစ်သည်။ သူက အစစ်အမှန် ရေအဆင့် တက်လှမ်းပြီးနောက် သူ့စွမ်းအားမှာ သိသိသာသာ မြန်ဆန်တိုးတက် လာပေသည်။

မိုဝူကျီက လောကအဆင့် ဇယားထဲ ရောက်နေတော့လည်း ဘာအရေးလဲ ... သူ အာကာသထဲ ဝင်သည့်အခါ လောကအဆင့် ဇယားကား အနီးအနား ဖြစ်လာလိမ့်မည်။

“မင်းက တိုက်ချင် နေမှတော့ တိုက်ကြတာပေါ့ ...” မိုဝူကျီက စိတ်မပါစွာ ပြောလိုက်သည်။

သူက ယန်မျိုးနွယ်စုနှင့် ရန်ငြိုးရန်စ မရှိချင်သော်ငြား ဤယန်ယန်ဒေါင်မှာ သူ့အား သေခြင်းတိုက်ပွဲ စင်မြင့်ကို ဆက်လက် စိန်ခေါ် နေသေးသည်။ သူ့၌ ကြောက်စရာ မရှိပေ။ သူက ရှားမျိုးနွယ်စုကို စိတ်အနှောင့်ယှက် ပေးထားပြီးပြီ ဖြစ်ရာ နောက်ထပ် ယန်မျိုးနွယ်စုကို ရန်စဖို့ရာက ဘာဆိုဘာမှ မဟုတ်ပေ။

“မင်းမှာ သတ္တိရှိသားပဲ။ မင်းကို အခွင့်ကောင်း မယူပါဘူး။ ငါတို့တွေ သုံးရက်ကြာတဲ့ အခါ သေမင်းတိုက်ပွဲ စင်မြင့်မှာ တွေ့မယ် ...” ယန်ယန်ဒေါင်ကို ရယ်မောကာ ကျင်းကျန်းစန်နှင့် အခြားလူများကို ပြောလိုက်သည်။

“သွားကြစို့ ... ဒုတိယ အထပ်မှာ တစ်ခုခု သွားလဲလှယ်ဖို့ လိုတယ် ...”

သူ့စကားအရ သူက သုံးရက်အကြာမှ သေမင်းတိုက်ပွဲကို စိတ်ထဲ မထားမှန်း သိသာလှသည်။

မိုဝူကျီက လောကအဆင့် ဇယားမှလူ ဖြစ်ကြောင်း သိပြီးနောက်တွင် သူက ဖန်းချီနှင့် အခြားလူများကို ခေါ်ဆောင် သွားဖို့ရာ စိတ်ကူးကို လက်လျှော့ပြီးသား ဖြစ်၏။ အကြောင်းမှာ သူက ထိုသူများနှင့် မိုဝူကျီ ကွာဝေးသွားမည့် အချိန်ကို မစောင့်နိုင်တော့ပေ။ သူက ယန်ယန်ဒေါင်သည် မိုဝူကျီကို စိန်ခေါ်လိုက်သည့် ကိစ္စအား ကျေနပ်နေလေသည်။ ထိုသို့ဆိုလျှင် သူတို့ ကျင်းမျိုးနွယ်စု အတွက် ပြဿနာအိုးလည်း ရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။ လောကအဆင့် ဇယားမှ ပါရမီရှင်က ကျင်းမျိုးနွယ်စုနှင့် ရန်ဖက် ဖြစ်လာလျှင် သေချာပေါက် ကောင်းမည် မဟုတ်ပေ။

ယန်ယန်ဒေါင် မိုဝူကျီကို သတ်ပြီးနောက်မှ ထိုသူများကို ခေါ်ဆောင်သွားရန် သုံးရက်တာ စောင့်ဆိုင်းခြင်းက မများလှပေ။

“ခဏနေဦး ...” မိုဝူကျီက အားလုံးကို တားလိုက်သည်။

သူတို့က ခဏရပ်ကာ သူ့အား ပြန်လှည့်ကြည့်သည့် အချိန် သူက ကျင်းကျန်းစန်ကို လှမ်းအော်ကာ

“ခင်ဗျားတို့ ကျင်းမျိုးနွယ်စုက ကျုပ်မိတ်ဆွေကို လာစွပ်စွဲ သွားပြီးတော့ ဒီလို ထွက်သွားလို့ ရရိုးလား ...”

မိုဝူကျီက ကျင်းကျန်းစန်နှင့် အဝါရောင် မုတ်ဆိတ် အမျိုးသားတို့၏ တုံ့ပြန်ချက်အရ သူ လောကအဆင့် ဇယား ရောက်သွားသည့် အတွက် အာဏာနည်းနည်း ရှိလာကြောင်း ရိပ်စားမိသည်။ အကယ်၍ သူ့တွင် အာဏာတချို့ ရှိလျက်နှင့် အသုံးမချပါက သူက မိုဝူကျီ မဟုတ်တော့ပေ။

ကျင်းကျန်းစန်က စောစောစီးစီး ထွက်သွား ချင်သော်လည်း မိုဝူကျီက ပြဿနာရှာ လာလိမ့်မည်ဟု ထင်မထားပေ။ မိုဝူကျီက အမှန်ပင် သူ့အား တား၍ပင် အပြစ်ရှာ လိုက်သေးသည်။

“ဘာလို့လဲ။ မင်းက ကျင်းမျိုးနွယ်စုကို ပြဿနာ ရှာချင်နေတာလား ...” ယန်ယန်ဒေါင်က သူ့မျိုးနွယ်စုတွင် သိသိသာသာ မောက်မောက်မာမာ မနေရန် စည်းကမ်း ရှိသောကြောင့် မျက်မှောင်ကြုတ်မိ လိုက်သည်။ သို့သော် ယခုတွင် သူက မောက်မာ မနေသော်လည်း ဤနယ်လှည့် ကျင့်ကြံသူက လောကအဆင့်ဇယား ရောက်ပြီးနောက်တွင် သူ့ရှေ့လာပြီး မောက်မာ ပြနေသည်လား ...

မိုဝူကျီက ယန်ယန်ဒေါင်ကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။

“အရှင်တို့က ကျုပ်ကို စိန်ခေါ်ချင်တာကို ကျုပ်ကလည်း ပွင့်ပွင့်လင်းလင်း လက်ခံပေးတယ် မလား။ ခင်ဗျားတို့ ယန်မျိုးနွယ်စုက ကျင်းမျိုးနွယ်စု အတွက် တိုက်ပေးချင်တယ် ဆိုရင်လည်း လာခဲ့စမ်းပါ ... ကျုပ် မိုဝူကျီက လက်ခံလိုက်မယ် ...”

အကယ်၍ ယန်ယန်ဒေါင်က သူ့အား စိန်ခေါ်လိုလျှင် မိုဝူကျီက သတ်ပစ်မည် ဖြစ်ရာ ထိုသို့ဆိုမှတော့ သူက ယန်မျိုးနွယ်စုနှင့် ရန်ဖက် ဖြစ်မည့် ကိစ္စကို စိတ်ပူနေစရာ မလိုတော့ပေ။

မိုဝူကျီ စကားများကို ကြားပြီး ဘေးနားမှ လူများက လေအေးများ မှုတ်ထုတ် လိုက်လေသည်။

ဤလူက လောကအဆင့် ဇယားကို ဝင်နိုင်တော့ အတော်လေး ထူးချွန်တယ် ဆိုပေမဲ့ ဒါက အတော်လေး ရူးသွပ်မနေ လွန်းဘူးလား ... ယန်မျိုးနွယ်စုကို လူမြင်ကွင်းမှာ စိန်ခေါ် လိုက်တာလား ...

သို့သော်လည်း မိုဝူကျီဆီမှ စကားက ယန်ယန်ဒေါင်ကို ပြောစရာ ရှာမတွေ့ ဖြစ်သွားစေသည်။ သူက မိုဝူကျီကို မကြောက်သော်လည်း ယန်မျိုးနွယ်စုမှ စည်းကမ်းများကိုတော့ ကြောက်ရွံ့ရ၏။ သူတို့မျိုးနွယ်စုမှ စည်းကမ်း တစ်ခုမှာ မျိုးနွယ်စု နာမည် အသုံးပြု၍ တခြား မျိုးနွယ်စုအတွက် လက်စားချေဖို့ရာ ခွင့်ပြုပေးမည် မဟုတ်ပေ။ ယခု မိုဝူကျီက ယန်မျိုးနွယ်စုကို ပွင့်လင်းမြင်သာ စိန်ခေါ်လိုက်သည့် အတွက် သူ ပြန်ပြော လိုက်ပါက စည်းကမ်း တစ်ခုကို ချိုးဖောက်ပြီးသား ဖြစ်သွားလိမ့်မည်။

မိုဝူကျီက ယန်ယန်ဒေါင် ပြန်မပြောတော့ သည်ကို မြင်၍ သူ့အား ဂရုမစိုက်တော့ဘဲ ကျင်းကျန်းစန်ရှေ ရပ်ကာ ပြောလိုက်လေသည်။

“ကျုပ်မိတ်ဆွေ ဆီက ခိုးသွားတာကို ပြန်ပေး လိုက်ပြီးတော့ တောင်းပန်လိုက် ...”

“မင်းက အနိုင်ကျင့် နေတာပဲ။ ကျုပ် ကျင်းမျိုးနွယ်စုရဲ့ ကျင်းချီလန်းက မင်းကြောင့် လည်ပင်းရိုးတောင် ကျိုးပြီးသွားပြီ ဘာထပ်လိုချင် သေးတာလဲ ...”ကျင်းကျန်းစန်က ဒေါသ ထွက်လာပြီး ယန်ယန်ဒေါင်က ဘာမှ ဝင်မပြောသည်ကို သတိပြုမိသည့် အခါ အဝါရောင် မုတ်ဆိတ်နှင့် အမျိုးသားကိုသာ ကြည့်လိုက်သည်။

စစ်မှန်ခြင်း နတ်ဘုရား အဆင့် အဝါရောင် မုတ်ဆိတ်နှင့် အမျိုးသားက အရူးမဟုတ်ပေ။ သူက မိုဝူကျီသည် ယန်မျိုးနွယ်စုကိုပင် မျက်လုံးထဲ မထားမှန်း သိရက်နှင့် သူက ဘာကြောင့် ဝင်ကူညီပေး ရမည်နည်း။ ထို့အပြင် သူတို့ စကားများနှင့် တုံ့ပြန်မှုများ အရ ကျင်းမျိုးနွယ်စုက မိုဝူကျီ၏ မိတ်ဆွေကို အမှန်ပင် စွပ်စွဲခဲ့ဟန် ရသည်။

မိုဝူကျီက အားရပါးရ ရယ်မောလိုက်ပြီး

“ခင်ဗျားတို့ ကျင်းမျိုးနွယ်စုက အရင်စတာလေ။ ကျုပ်တို့က ကိုယ့်ဘာသာ ခုခံခွင့်တောင် မရှိဘူးလား။ ကျင်းမျိုးနွယ်စုက ခြယ်လှယ်လွန်းတာ သိပေမဲ့ ဒီနေရာက စည်းကမ်းကိုတော့ လိုက်နာသင့်တယ် မလား ...”

စကားပြောနေစဉ် သူက တိုက်ရန် ပြင်ဆင် လိုက်သောကြောင့် ချူချင်းလောင်ကို ကြည့်လိုက်သည်။ ကျင်းမျိုးနွယ်စုမှာ အရင် စခဲ့သော်လည်း အဝါရောင် မုတ်ဆိတ်နှင့် အမျိုးသားက ဘာမှ မပြောသည့်အတွက် သူတိုက ဦးဆုံး စတိုက်ရင်လည်း အဆင်ပြေသည့် သဘောပင် မဟုတ်ပါလား ...

ဤနေရာတွင် ကြောက်ရွံ့ မနေသင့်သော်လည်း တိုက်ဖို့ရာ အကြောင်းအရင်း မရှိခြင်းကိုမူ ကြောက်လန့် သင့်ပေ၏။ အကြောင်းအရင်း ရှိသော်လည်း မတိုက်ခိုက် ရဲသည်က ရှက်စရာ အကောင်းဆုံး အပြုအမူ ဖြစ်၏။

အကယ်၍ သူက ယနေ့ အရေးသာနေစဉ် ကျင်းမျိုးနွယ်စုနှင့် ရင်မဆိုင်ပါက နောင်တစ်ချိန် လောကခန်းမ အတွင်း ဝင်လာချိန် ခေါင်းငုံ့ နေရလိမ့်မည်ကို စိုးရိမ်မိသည်။

“ဟားဟား ...” ကျင်းကျန်းစန်က ရယ်မောလိုက်သည်။

“မင်းက လောက အဆင့်ဇယား အမြီးပိုင်းလေး ရောက်တာနဲ့ ငါတို့ကို ခြောက်လှန့်လို့ ရပြီ ထင်နေလား ... ငါတို့ ကျင်းမျိုးနွယ်စုက နေဟုန်ဇောမြို့မှာ နေလားတာ နှစ်များစွာ ကြာနေပြီ။ ငါတို့တွေက အထိအခိုက် အနာတရတွေ ကြားကနေ ကြီးထွား လာကြတာ ...”

ကျင်းကျန်းစန်က ပြောနေရင်း ရပ်လိုက်ရသည်။ အကြောင်းမှာ မိုဝူကျီက ရှစ်မြှောင့်ထောင့် သံမဏိတူကို ဆွဲထုတ်ကာ သူ့ဆီ လွှဲရိုက်လိုက်၍ ဖြစ်သည်။

ဘေးနားမှ လူများက မိုဝူကျီကို တအံ့တဩ ကြည့်နေကြပြီး မိုဝူကျီ၌ အကြောင်းပြချက် ရှိသော်လည်း အစစ်အမှန် ရေအဆင့် ကျင့်ကြံသူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်၆ ကျင့်ကြံသူနှင့် ရင်ဆိုင် ရဲသည်ကို မျက်မြင်ကိုယ်တွေ့ မြင်ရခြင်းက သူတို့အတွက် မယုံကြည်နိုင်ဖွယ် ဖြစ်၏။

***

All Chapters