← Chapters

ယန်ယန်ဒေါင်၏ ပိုင်ဆိုင်မှု

Vol. 23 Ch. 313

ယန်ယန်ဒေါင်၏ ပိုင်ဆိုင်မှု

Vol. 23 Ch. 313

ယန်ချီရန် မျက်လုံးများမှ ဒေါသမီးများ တောက်လောင် လာသည့်အလား

“အဲဒီလူရှုပ်က လခြမ်းကွေးသော့ သုံးချောင်းကို ယူသွားတယ်လေ ...”

“ဘာ ...” ယန်မျိုးနွယ်စုမှ လူအများစုမှာ အံ့ဩတကြီး မတ်တတ်ရပ်မိ လိုက်ကြသည်။ ယန်ဖင်းကျီပင် ပါးစပ် ဟောင်းလောင်း ဖြစ်သွားလေ၏။

“ခေါင်းဆောင် ... လခြမ်းကွေး သော့တွေက လခြမ်းကွေး အင်မော်တယ် နန်းတော်မှာ အသုံးပြုနိုင်တာ အတည်ပြု ပြီးသွားပြီ မလား ...” ယန်ဖင်းကျီက တည်ငြိမ်ဖို့ ကြိုးစားရင်း မေးလိုက်သည်။

ယန်ချီရန်က ခေါင်းညိတ်ပြကာ

“ဟုတ်တယ် ... လခြမ်းကွေးသော့က လခြမ်းကွေး အင်မော်တယ် နန်းတော်ကပဲ ... တခြား စကားနဲ့ဆိုရင် အဲသော့တွေက ယန်မျိုးနွယ်စု အနေနဲ့ လွန်ခဲ့တဲ့ နှစ်၃၀၀၀ ကတည်းက ရထားတာတွေ ...”

သူ့စကား အဆုံးတွင် ယန်ချီရန်က မတ်တတ်ရပ် နေသည့် အကြီးအကဲများကို နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

“အားလုံး ထိုင်ကြပါဦး ... ဒီကိစ္စက ကျုပ်တို့ ယန်မျိုးနွယ်စုရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ် ဆိုတော့ အလျင် မလိုသင့်ဘူး ...”

သူတို့က သူ့ညွှန်ကြားချက်ကို လိုက်နာကြသည် ဆိုသော်လည်း သူတို့က အသက်ပြင်းပြင်း ရှူထုတ်နေကြဆဲ ဖြစ်သည်။ မည်သူမျှ တည်တည်ငြိမ်ငြိမ် မရှိသည်မှာ သိသာလှသည်။

ကြယ်တာရာ ဘုရင်တောင်မှ မျိုးနွယ်စုကြီး သုံးခုက မည်သို့ ဖြစ်တည် လာသနည်း။ သူတို့က ကြယ်တာရာ ဘုရင်တောင်နှင့် အတူ တစ်နေရာမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ သူတို့ တည်ရှိခြင်းမှာ လခြမ်းကွေး အင်မော်တယ် နန်းတော်ကြောင့်သာ ဖြစ်၏။

လခြမ်းကွေး အင်မော်တယ် နန်းတော်မှာ နှစ်သုံးထောင် တစ်ကြိမ် ထွက်ပေါ်လာလေ့ ရှိသည်။ ထိုနန်းတော်တွင် တံခါး ၉၉ပေါက် ရှိသည်ဟု ပြောကြလေသည်။ နောက်ဆုံး တံခါးမှလွဲ၍ ကျန်သော တံခါး ၉၈ ပေါက်မှာ လခြမ်းကွေး သော့နှင့် ဖွင့်နိုင်လေသည်။

လခြမ်းကွေးသော့ အချောင်း တစ်ရာပေါ်လာသည့် အကြောင်းအရင်း ရှိလေသည်။ မည်သည့်သော့မဆို လဝန်းဖြစ်ရန် ပူးပေါင်း၍ ရသော်လည်း သော့နှစ်ချောင်းတည်း ကသာ ပေါင်းစပ် လိုက်သည့်အခါ အပြည့်အဝ လဝန်း ဖြစ်ပေါ် လာလေသည်။ မည်သည့် အင်အားနှင့်မှ သူတို့ကို ပိုင်းခြား၍ မရနိုင်ပေ။ ထိုသော့ကို လခြမ်းကွေး အင်မော်တယ် နန်းတော်မှ နောက်ဆုံး တံခါးဖွင့်ရန် အသုံးပြု နိုင်လိမ့်မည်။

လခြမ်းကွေး အင်မော်တယ် နန်းတော်ရှိ တံခါး တစ်ချပ်ချင်းစီ နောက်တွင် အဖိုးတန် ရတနာများစွာ ခိုအောင်း နေလေသည်။ တစ်ခါတစ်ရံတွင် တစ်ခုသာ တွေ့ရသော်လည်း တစ်ခါတစ်ရံ၌မူ အများကြီး ရှိတတ်၏။ လွန်ခဲ့သည့်နှစ် ၃၀၀၀က ယန်မျိုးနွယ်စု၊ ရှားမျိုးနွယ်စုနှင့် မော့မျိုးနွယ်စုတို့မှာ လခြမ်းကွေးသော့ ကိုယ်စီ ရရှိခဲ့ကြသည်။ သူတို့က လခြမ်းကွေး အင်မော်တယ် နန်းတော်ဆီ ဝင်ရောက်ပြီး တံခါးတစ်ချပ်စီ ဖွင့်နိုင်ခဲ့ကြသည်။ ထိုလခြမ်းကွေး သော့သုံးချောင်းကြောင့် ကြယ်တာရာ ဘုရင်တောင်၏ မျိုးနွယ်စုကြီး သုံးခု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

နှစ်များစွာ ကုန်ဆုံး လာသည်နှင့် လခြမ်းကွေး အင်မော်တယ် နန်းတော်မှ ပွင့်လာသည့် တံခါးများမှာ များပြား လာလေသည်။ ပိတ်လျက် ကျန်ရှိနေသည့် တံခါးများက နည်းသထက် နည်းလာလေပြီ။ တစ်ချိန်တည်းတွင် ကျန်ရှိနေသည့် လခြမ်းကွေး သော့များလည်း နည်းပါးလာပြီ ဖြစ်၏။

အားလုံးက ယန်ယန်ဒေါင်၌ သော့သုံးချောင်း ရှိသည်ကို ကြားပြီး ဒေါသ ထွက်လာရသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ ယန်ချီရန်၏ သွေးများ ပွက်ပွက် ဆူသည်အထိ ဒေါသူပုန် ထနေသည့် အကြောင်းအရင်းလည်း ဖြစ်သည်။

ယန်ဖင်းကျီက အသက်ဝဝ ရှူထုတ်လိုက်ကာ

“ယန်ဒေါင်က ဘယ်လိုလုပ် သော့သုံးချောင်း ရသွားတာလဲ။ သူ့မှာ သော့သုံးချောင်း ရှိနေပြီကို လောက ခန်းမကို ဘာသွားလုပ်တာလဲ ...”

မျိုးနွယ်စုကြီးများသာ လခြမ်းကွေး အင်မော်တယ် နန်းတော်အကြောင်း သိကြလေသည်။ သာမန် လူများနှင့် ဂိုဏ်းအသေးလေးများမှာ ထိုသို့နေရာကို ကြားပင် ကြားဖူးကြမည် မဟုတ်ပေ။

ယန်ဖင်းကျီလည်း စိတ်ရှုပ်ထွေး သွားလေသည်။ လခြမ်းကွေး အင်မော်တယ် နန်းတော် နောက်တစ်ကြိမ် ထပ်ဖွင့်လှစ်ရန် နှစ်ပိုင်းလေးသာ လိုတော့လေ၏။ ယန်ဒေါင်က သူ့အတွက်သူ သိမ်းထား ချင်လျှင်ပင် သူက လခြမ်းကွေး အင်မော်တယ် နန်းတော်ကို ယခု ဝင်နိုင်ဦးမည် မဟုတ်ပေ။

ယန်ချီရန်က ရှင်းပြလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ် လောက်က ယန်ဒေါင်က အခွင့်အလမ်းကောင်းနဲ့ တွေ့ပြီးတော့ အမွေအနှစ်တစ်ခု လက်ခံ ရရှိခဲ့တယ်။ ငါတို့တွေက အများကြီး မတွေးခဲ့ကြဘူး ...”

ယန်ဖင်းကျီက ယန်ချီရန် ဆိုလိုသည့် အဓိပ္ပာယ်ကို သိ၏။ ယန်ယန်ဒေါင်က နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ကို သတ်ပြီး အမွေအနှစ် နေရာ တစ်ခုကို ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ယန်မျိုးနွယ်စုက ထိုသို့ ကိစ္စရပ်မျိုးတွင် ဝင်စွက်ဖက်လေ့ မရှိပေ။ သူတို့၏ စည်းကမ်းများမှာ နှိမ့်ချ နေရန်နှင့် ယန်မျိုးနွယ်စု ဝင်များက ရရှိသည့် ရတနာများမှာ ယန်မျိုးနွယ်စုလည်း ပိုင်ဆိုင်ခြင်း ဖြစ်သည်။

ထိုသည်က ယန်မျိုးနွယ်စု၏ ချမ်းသာ ကြွယ်ဝမှုကို တည်တံ့စေရန် ဖြစ်ကာ မျိုးနွယ်စုကြီး သုံးခု၌ ဖြည်းဖြည်းချင်း ထိပ်ဆုံး တက်လှမ်းနိုင်ရန် ပြုလုပ်ထားသည့် စည်းကမ်းများ ဖြစ်၏။

“အမွေအနှစ်တွေ အပြင် ယန်ဒေါင်မှာ သော့တစ်ချောင်း ရလာသေးတယ်။ ပြီးတော့ နေဟုန်ဇောမြို့ ကျင်းမျိုးနွယ်စု ဆီကနေ သော့နှစ်ချောင်း ရလာတာ ...”

ယန်ဖင်းကျီက ယန်ချီရန် ပြောသည်များကို မအံ့ဩတော့ပေ။ ယန်မျိုးနွယ်စုတွင် ယန်ယုယင်နှင့် လက်ထပ်ထားသော ကျင်းမျိုးနွယ်စုမှ ကျင်းရှောင်ရှောင် ရှိနေသည် မဟုတ်ပါလော။

“မင်းပြောတာက ယန်ဒေါင်က လောကအဆင့် ဇယားဝင်နေတဲ့ နယ်လှည့် ကျင့်ကြံသူကို စိန်ခေါ်တာက ယန်မျိုးနွယ်စုရဲ့ ဝိညာဉ်ကျောက်စိမ်း ရေကန်ကြောင့်လို့ ပြောချင်တာလား။ ဒါက အလုပ်မဖြစ်ဘူးလေ။ ယန်ဒေါင်က အခုမှ အစစ်အမှန်ရေ အဆင့် ၅ ပဲ ရှိသေးတာမလား။ သူက ဝိညာဉ်ကျောက်စိမ်း ရေကန်ထဲ ဝင်နိုင်ခဲ့တယ် ဆိုရင်တောင် သူ့အတွက် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်က နှစ်အနည်းငယ် အတွင်း မဖြစ်လာနိုင်ဘူးလေ မဟုတ်ဘူးလား ...” ယန်ဖင်းကျီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူက လခြမ်းကွေး အင်မော်တယ် နန်းတော်အတွင်း ဝင်ဖို့ရာ စိတ်စွမ်းအားကို တံခါး အပြင်တွင် ထားခဲ့ရမည်ကို သိထားသည်။ ထိုသို့ဆိုလျှင် လခြမ်းကွေးသော့ ပိုင်ဆိုင် ထားလျှင်ပင် ဝင်ဖို့ရန် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ဖြစ်ရန် လိုအပ်ပေ သေးသည်။

ယန်မျိုးနွယ်စုက ကိစ္စများကို တစ်ခုချင်းစီ ဖြေရှင်းလေ့ရှိပြီး ဘယ်တော့မှ အလောတကြီး မဆောင်ရွက်ပေ။ ယန်ဒေါင်မှာ မည်မျှပင် ပါရမီရှင် ဖြစ်စေကာမူ သူက အစစ်အမှန်ရေ အဆင့် ၅ မှ အဆင့် ၉ သို့ ရောက်ဖို့ရာ နှစ်နှစ်မှ သုံးနှစ်အထိ အချိန်ယူခဲ့ ရလေသည်။ ထို့အပြင် ယန်ဒေါင်လို လူမျိုးသည် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် မတက်လှမ်းခင် အစစ်အမှန် ရေအဆင့် ၁၀ အထိ တက်လှမ်းမည့် လူစားမျိုး ဖြစ်သည်။ ထိုသည်က အခြေခံ ခိုင်မာရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယန်မျိုးနွယ်စု၏ နည်းစနစ်ကို အသုံးပြုလျှင် အစစ်အမှန် ရေအဆင့်၉မှ အဆင့် ၁၀ ရောက်ဖို့ရာ အနည်းဆုံး သုံးနှစ်တော့ အချိန်ယူရမည်။

ယန်ဒေါင်အတွက် အနည်းဆုံး ခြောက်နှစ် လိုအပ်လေသည်။ ခြောက်နှစ် အကြာတွင် လခြမ်းကွေး အင်မော်တယ် နန်းတော်က ပွင့်လာမည် ဖြစ်သည်။ ထိုကြောင့် ယန်ဖင်းကျီက စိတ်ရှုပ်ထွေး နေခြင်း ဖြစ်သည်။

ယန်ချီရန်က ရှင်းပြလိုက်သည်။

“မင်းပြောတာ မှန်တယ် ... ယန်မျိုးနွယ်စုရဲ့ ဝိညာဉ်ကျောက်စိမ်း ရေကန်ထဲ ဝင်ဖို့ နည်းလမ်း နှစ်ခုရှိတယ်။ ပထမတစ်ခုက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်ကနေ စစ်မှန်ခြင်း နတ်ဘုရားအဆင့် တက်လှမ်းနိုင်တဲ့ အခါမှာ ... နောက်တစ်ခုက လောကအဆင့် ဇယားကို ဝင်နိုင်တဲ့အခါမှာ ဒါမှမဟုတ် လောကအဆင့် ဇယားက လူကို အနိုင်ရခဲ့တဲ့ အခါမှာပေါ့ ... ယန်ဒေါင်က မိုဝူကျီကို စိန်ခေါ်တာက ယန်မျိုးနွယ်စုရဲ့ ဝိညာဉ်ကျောက်စိမ်း ရေကန်ဆီ ဝင်ပြီးတော့ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် တက်လှမ်းချင်တာ ဖြစ်ရမယ်။ သူ့ကျင့်ကြံဆင့်က အစစ်အမှန်ရေ အလယ်အလတ် အဆင့် မကတော့ဘူး။ အစစ်အမှန် ရေအဆင့် ၉ ရောက်နေပြီ။ သူ လေ့ကျင့်နေတုန်း အကြီးအကဲမှူးရဲ့ စိတ်စွမ်းအားက ရောက်သွားလို့ သိလိုက်ရတာ။ သူ အသတ်ခံ ရပြီးတော့မှ ငါတို့တွေ သူက လခြမ်းကွေး သော့တစ်ချောင်း အမွေ ရထားမှန်း သိလိုက်ရတယ်။ ကျင်းမျိုးနွယ်စုက သော့နှစ်ချောင်းနဲ့ ဆိုရင် သူ့ဆီမှာ စုစုပေါင်း သုံးချောင်း ရှိတယ် ...”

ခန်းမအတွင်း လုံးဝ တိတ်ဆိတ် သွားလေသည်။ ယန်ဒေါင်မှာ သည်းခံအား ကောင်းလေသည်။ သူက ယန်မျိုးနွယ်စု၏ ရှားပါးသော ပါရမီရှင် ဖြစ်သော်လည်း တစ်ကိုယ်ကောင်း ဆန်နေခြင်းက နှမြောစရာ ကောင်းလှပေသည်။ ထိုသည်က သူ့ကျရှုံးမှု ဖြစ်သွားစေခြင်း ဖြစ်သည်။ သူက စိန်ခေါ် တိုက်ပွဲတွင် နယ်လှည့်ကျင့်ကြံသူ လက်ချက်ဖြင့် သေဆုံး သွားရလေသည်။

“ခေါင်းဆောင် ... ကျုပ်တို့ မျိုးနွယ်စုက လခြမ်းကွေး သော့တွေ ပြန်ရဖို့ လိုအပ်တယ်။ ဘာလို့ လူလွှတ်ပြီး မရှာရတာလဲ ...” ယန်ဖင်းကျီက အကြံပြု လိုက်သည်။ အခြား မျိုးနွယ်စုသာ ထိုလခြမ်းကွေးသော့ သုံးချောင်းရသွားပါက ယန်မျိုးနွယ်စု အတွက် ကြီးမားသည့် တိုက်ခတ်မှုကြီး ဖြစ်လာမည်ကို သေချာ နေလေသည်။

အခုချိန်အထိ တိတ်ဆိတ်နေသည့် အကြီးအကဲမှူး ယန်ယန်းက ဝင်ပြောလိုက်သည်။

“ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အချို့နဲ့ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်ဆိုရင် ဒီကိစ္စ ဖြေရှင်းဖို့ လုံလောက်ပြီ။ လောက အင်မော်တယ် အဆင့်ကို သွားမလွှတ်နဲ့ မဟုတ်ရင် မလိုလားအပ်တဲ့ အာရုံစိုက် ခံရတာတွေ ဖြစ်လာလိမ့်မယ် ...”

“အကြီးအကဲမှူး ... ကျုပ်တို့ ယန်မျိုးနွယ်စုက ပါရမီရှင်က လောကခန်းမမှာ အသတ်ခံရတာ ဆိုတော့ လူလွှတ် စုံစမ်းတာက အဓိပ္ပာယ် ရှိပါတယ် ...” ယန်ချီရန်က ရှင်းပြလိုက်သည်။

ထိုစဉ် ယန်ဖင်းကျီ လက်ပေါ်သို့ အလင်းနီနီ ကျရောက် လာလေသည်။

ယန်ဖင်းကျီက မျက်မှောင်ကြုတ်ရင်း အကြီးအကဲမှူး ပြောသည်ကိုပင် မစောင့်ဘဲ ခေါင်းခါကာ

“ခေါင်းဆောင် ... ကျုပ်လည်း အကြီးအကဲမှူးနဲ့ သဘောတူတယ်။ ကျုပ် သိတဲ့သတင်းတွေ အရဆိုရင် လောကအဆင့် ဇယားမှာ အဆင့် ၉၉၅၁ ရတဲ့ နယ်လှည့် ကျင့်ကြံသူက ပုံမှန်တော့ မဟုတ်ဘူး။ သူက လတ်တလော ကြယ်တာရာ တိုက်ပွဲမှာ ထူးချွန်ခဲ့တော့ လောကအဆင့် ဇယားကို ဝင်ခဲ့ရုံတင် မကဘူး။ မော့လန်ဟန်ရဲ့ အမိန့်အလံနဲ့ ဖိတ်ကြားချက်လည်း ရခဲ့သေးတယ် ...”

သူ ယန်ယန်ဒေါင် အသတ်ခံရသည်ကို ကြားကြားချင်း မိုဝူကျီ အကြောင်းရှာရန် ချက်ချင်း အမိန့် ထုတ်လိုက်ခြင်း ဖြစ်သည်။ အချိန်တိုအတွင်း စစ်ဆေးမှု ရလဒ်က ရောက်ရှိ လာလေသည်။

ယန်ဖင်းကျီ စကားလုံးများက ယန်ချီရန်ကို ခဏတာ ဆွံ့အ သွားစေသည်။ သူအကြောက်ဆုံးမှာ မိုဝူကျီက အခြား မျိုးနွယ်စုနှင့် ပူးပေါင်း သွားမည်ကို ဖြစ်၏။ ယခု သူ့အကြီးမားဆုံး အကြောက်တရားက လာမှန်ကန် နေပေသည်။

ယန်ဖင်းကျီက ဆက်ပြောလိုက်သည်

“အဲဒီနယ်လှည့် ကျင့်ကြံသူ မိုဝူကျီက အတော်လေး အထက်စီး ဆန်တယ်။ သူက ယန်ဒေါင်ဆီက စိန်ခေါ်ခံရတုန်း မော့လန်ဟန် အလံကို အသုံးပြုခဲ့တာ မဟုတ်ဘူး။ အဲဒါကြောင့် မော့မျိုးနွယ်စုလည် သိကြလိမ့်မယ်။ သူတို့က မိုဝူကျီကို ပိုပြီးတော့တောင် သဘောကျ သွားတာ ဖြစ်နိုင်သေးတယ်။ အခုချိန် သူ့ကို ယန်ဒေါင် ကိစ္စကြောင့် ချဉ်းကပ်လိုက်ရင် သူတို့က သေချာပေါက် ကာကွယ်ပေးမှာပဲ ...”

ထိုအသိပေးချက်က ခန်းမ တစ်ခုလုံးကို တိတ်ဆိတ် သွားစေပြန်သည်။ မျိုးနွယ်စုကြီး သုံးခုတွင် ယန်မျိုးနွယ်စုမှာ မော့မျိုးနွယ်စု အပေါ်လေးတင် ဖြစ်၏။

သို့သော်လည်း အားလုံးက ယန်မျိုးနွယ်စုတွင် အားကောင်းသော ကျင့်ကြံသူများ ရှိကြသည်ကို သိကြ၏။ တကယ့် အရည်အချင်းနှင့် ယှဉ်လာလျှင် မော့မျိုးနွယ်စုမှာ ယန်မျိုးနွယ်စုနှင့် ယှဉ်နိုင်ပေသည်။

ကျန်းမိုနယ်မြေရှိ အာကာသ စစ်တပ် ဆယ်ခုတွင် ယန်မျိုးနွယ်စုက အဆင့် ၆ ဖြစ်နေသည့် နက်ဗျူလာ စစ်တပ်ကို ကွပ်ကဲလေ၏။

တစ်ဖက်တွင် မော့မျိုးနွယ်စုမှာ မြောက်ဘက် ကြယ်တာရာ စစ်တပ်နှင့် ကြယ်တာရာ လမ်းကြောင်း စစ်တပ်ကို ဦးစီးကြပြီး မြောက်ဘက် ကြယ်တာရာ စစ်တပ်မှာ ပထမ နေရာတွင် ရှိလေသည်။ ကြယ်တာရာ လမ်းကြောင်း စစ်တပ်မှာ နက်ဗျူလာ စစ်တပ်နှင့် ကပ်လျက် အဆင့် ၇တွင်ရှိ၏။

“လောကခန်းမမှာ မကြာခင် လေလံပွဲ လုပ်တော့မှာ။ ဒီအခွင့်အရေးကို သုံးပြီးတော့ အဲဒီကို သွားလို့ ရမယ်ထင်တယ်။ မိုဝူကျီအတွက် သူ့ကို အရင် ထိန်းချုပ်လို့ ရအောင် အာရုံစိုက် ထားကြတာပေါ့။ တကယ်လို့ အဲဒီလူက အစစ်အမှန် ရေအဆင့်လေးနဲ့ လောကအဆင့် ဇယားထဲ ရောက်ပြီး အစစ်အမှန်ရေ အဆင့် ၉ ဖြစ်တဲ့ ယန်ဒေါင်ကိုတောင် အနိုင်ရတယ် ဆိုတော့ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်လိုမျိုး အရည်အချင်း ရှိလိမ့်မယ်။ သူ့ကို အထင် မသေးသင့်ဘူး ...” ယန်ချီရန်က ယန်ဖင်းကျီဆီမှ စကားများကို နားထောင်ပြီးနောက် အနှစ်ချုပ် ပြောလိုက်သည်။

သူက မကျေနပ်သေးဘဲ ဆက်ပြောလိုက်သည်။

“ငါတို့တွေ မော့မျိုးနွယ်စုကို တိုက်ခိုက်ရမယ် ဆိုရင်တောင် လခြမ်းကွေး သော့တွေ ပြန်ရရမယ် ...”

မိုဝူကျီက ယန်ယန်ဒေါင် လက်စွပ်ကို ထုတ်ကာ လေ့လာ ကြည့်လိုက်သည်။ သို့သော်လည်း သူက ချက်ချင်း မမွမ်းမံသေးပေ။ ထို့အစား သိမ်းထား လိုက်လေ၏။ ယန်ယန်ဒေါင်က ယန်မျိုးနွယ်စုက ဖြစ်ပြီး ပါရမီရှင် တစ်ယောက်လည်း ဖြစ်သည်။ လက်စွပ်တွင် သေချာပေါက် ပစ္စည်းကောင်းများ ပါပေလိမ့်မည်။ အထဲတွင် ဘာမှ မပါလျှင်ပင် မိုဝူကျီက သူ့ပုဆိန်လှံရှည် တိုက်ကွက်ကို စိတ်ဝင်စားမိသည်။

သူက မမွမ်းမံ သေးသည်မှာ ယန်မျိုးနွယ်စုက သူ့နောက် လိုက်လာမည်ကို စိုးရိမ်၍ ဖြစ်သည်။ ယန်မျိုးနွယ်စုသာ သူ့နောက် လိုက်လာပါက အာကာသထဲ ထွက်ပြေးရမည် ဖြစ်သည်။ သူက ယန်ယန်ဒေါင် လက်စွပ်တွင် ဝိညာဉ် အမှတ်အသား ပါရှိမည်ကို စိုးရိမ်မိ နေလေသည်။

စည်းကမ်း ထိန်းသိမ်းရေးမှူးများ အတွက် မိုဝူကျီက ဘာမှ မသက်ဆိုင်ပေ။ သူက နယ်လှည့် ကျင့်ကြံသူ ဖြစ်သည့်အတွက် ယန်မျိုးနွယ်စုနှင့် မည်သို့ပင် ဖြစ်စေ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

တံခါးခေါက်သံ မြည်လာ၍ ဖွင့်လိုက်သည့်အခါ မိုဝူကျီက ချူချင်းလောင်နှင့် အခြားလူများ ပြန်ရောက်လာကြောင်း တွေ့လိုက်ရသည်။ သို့သော် သူက ဇဝေဇဝါ ဖြစ်သွားလေသည်။ အဖွဲ့နောက်တွင် မိုဝူကျီ တစ်ခါမျှ မတွေ့ဖူးသည့် လူတစ်ယောက် ပါရှိလေသည်။

“အစ်ကိုမို ... ဒီမှာ အစ်ကို အမှတ်အသားပြားပါ။ ကျွန်မတို့တွေ အမှတ် ၉၀၀၀ ရထားတယ်။ အဲဒါက ကျွန်မတို့အတွက် အသုံးဝင် လာလိမ့်မယ် ...” ရုန်ဟယ်က အားရပါးရ ဖြီးကာ မိုဝူကျီကို အမှတ်အသားပြား ပြန်လည် ပေးအပ်လိုက်သည်။

“ကျေးဇူးပါ ...” သူက အမှတ်အသားပြားကို ယူကာ ခါးတွင် ချိတ်ထား လိုက်လေ၏။ သူက လောက အမှတ်အသားပြားကို ကြည့်လိုက်သည့် အခါ သူတို့ အသုံးပြုနိုင်သည့် အမှတ်များမှာ ၉၀၀၀၀ကျော် ရှိနေလေပြီ။

သူက ချူချင်းလောင် နောက်မှ လူလတ်အရွယ် အမျိုးသားကို ကြည့်လိုက်သည်။ သူက ရင်းနှီး ဖော်ရွေဟန် ရှိပြီး သူ့မျက်လုံး၌ ရွှင်မြူးနေဟန် ပေါ်သည်။ သို့သော်လည်း မိုဝူကျီက လူများစွာ မြင်တွေ့ဖူးပြီး ကိစ္စများကို ကြုံတွေ့ဖူးလေသည်။ သူက ထိုလူမှာ ထင်သလောက် ရင်းနှီး ဖော်ရွေလိုသည့် သူ မဟုတ်ကြောင်း သိ၏။ ချူချင်းလောင်က မြန်မြန် မိတ်ဆက်ပေး လိုက်သည်။

“ဝူကျီ ... ဒါက ကြယ်တာရာ ရှာဖွေရေး ကုန်သည် အိမ်တော်က ဆိုင်ရှင် ဖုန်းလေ ...”

မိုဝူကျီက မပြောခင် ထိုပြုံးဖြီးနေသည့် လူက သူ့အား နှုတ်ဆက် လိုက်လေသည်။

“ကျုပ်က ကြယ်တာရာ ရှာဖွေရေး ကုန်သည် အိမ်တော်က ဖုန်းကျီမင့်ပါ။ ဒီက တာအို ရောင်းရင်းက ကြယ်တာရာ ရှာဖွေရေး ကုန်သည် အိမ်တော်က နောက်ငါးရက် အကြာမှာ လုပ်မဲ့ လေလံပွဲကို စိတ်ဝင်စားတယ် ဆိုလို့ လာပြီး ဆွေးနွေးတာပါ ...”

***

All Chapters