အထီးကျန် ကြိုးနီ
Vol. 23 Ch. 315
“ရှင် သူ့ကို တကယ် သတိပေး လိုက်တာလား။ ဒါပေမဲ့ မြေအောက်တိုက်ပွဲ စင်မြင့်တွေက အန္တရာယ်များ လွန်းတယ် ...” ချူချင်းလောင်က ဖန်းကျီမင့် ထွက်သွားပြီး နောက်တွင် မိုဝူကျီကို မေးလိုက်သည်။
မိုဝူကျီက ခေါင်းညိတ်ပြကာ
“အင်း။ ကျုပ်မှာ မှော်နည်းစနစ် လိုအပ်တယ်လေ။ ယန်မျိုးနွယ်စုက ကျုပ်ကို လွယ်လွယ်လေး လွှတ်ပေးမှာ မဟုတ်ဘူး။ ဒီလေလံပွဲကြောင့်သာ မဟုတ်ရင် လောကခန်းမက ထွက်ပြီးတော့ အာကာသထဲ ရောက်နေလောက်ပြီ ...”
ဖန်းကျီမင့် တောင်းဆိုချက်ကို အကြံပြုလိုက်ဖို့ရာ မိုဝူကျီက နောက်ဆုံး မိနစ်လေးမှ ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။ ဖန်းကျီမင့်နှင့် ချူချင်းလောင်တို့က မိုဝူကျီ မြေအောက်တိုက်ပွဲ စင်မြင့်တွင် တိုက်ရန် သဘောတူသည့် အကြောင်းအရင်းမှာ မှော်နည်းစနစ် ဝယ်ယူဖို့ရန်သာ ဖြစ်ကြောင်း သိ၏။
မိုဝူကျီ တစ်ယောက်သာ ဖန်းကျီမင့် တောင်းဆိုချက်ကို သဘောတူလိုက်သည့် အကြောင်းရင်းမှာ တုတ်နည်းစနစ်ကို မျက်စိကျွန်မိ၍ ဖြစ်ကြောင်း သိ၏။ သို့သော်လည်း ပို၍ အရေးကြီးသည့် အကြောင်းပြချက်မှာ လောကခန်းမမှ ထွက်သွား လွတ်မြောက်ရန် ဖြစ်သည်။
လေလံပွဲက သူ့ကို အချိန်နှောင့်နှေး စေသည့် တစ်ခုတည်းသော အရာဟု ဆိုလိုက်သော်လည်း ယခု အာကာသထဲ မသွားနိုင်သေးကြောင်း သိ၏။
အကယ်၍ ယန်မျိုးနွယ်စုမှ တုံ့ပြန်မှု နှေးကွေးနေပါက သူတို့အတွက် ကြယ်တာရာ ဘုရင်တောင်မှ မျိုးနွယ်စုကြီး သုံးခုအနက် တစ်ခု ဖြစ်လာရန် ခက်ခဲပေလိမ့်မည်။ ယန်မျိုးနွယ်စု မလှုပ်ရှား သေးသည်မှာ ကြယ်တာရာ ဘုရင်တောင်နှင့် ဆက်စပ်နေ၍လား သို့မဟုတ် တခြား တစ်ခုကြောင့်လေလား မသိရှိသော်လည်း မိုဝူကျီကို ကြောက်လန့် နေသည်တော့ သေချာပေါက် မဟုတ်ပေ။
သူက သူတို့သာ အကြောင်းပြချက် ရှာတွေ့ပါက ချက်ချင်းပင် သူ့နောက် လိုက်တော့မည် ဖြစ်ကြောင်း သိထားသည်။ မိုဝူကျီက ယန်မျိုးနွယ်စုမှ လူများသည် လောကခန်းမမှ အာကသထွက်ပေါက် အားလုံးကို စောင့်ကြည့် နေလိမ့်မည်ဟု ထင်နေမိသည်။
ဤလောကတွင် အခြားသူများကို ပြဿနာရှာရန် အကြောင်းပြချက် ရှာရသည်က လွယ်ကူလှသည်။ ယန်မျိုးနွယ်စုက သူ့ကို ဆက်နေစေ ချင်ပါက သူတို့တွင် သူ ထွက်သွားဖို့ တားမြစ်ဖို့ရာ အကြောင်းပြချက် ရာချီ ရှိပေလိမ့်မည်။
ကိစ္စကြီးကြီးမားမား အထိ ကြည့်ကာ ယန်မျိုးနွယ်စုက သူ့ကို လောကခန်းမမှ ထွက်သွားခွင့် ပြုလျှင်ပင် သူက မလုပ်ရဲချေ။ သူတိုက သူ့နောက် အာကာသထဲ လိုက်မလာဘူးဟု မည်သူက အာမ ခံပေးမည်နည်း။ ယခင်ကလည်း အလိုက်ခံရသေးသည် မဟုတ်ပါလော။ ထိုလူက သူ့အရည်အချင်းများကို အထင်သေး၍သာ ကံကောင်းခဲ့ခြင်း အပြင် ကင်းမြီးကောက်နှင့်လည်း ဆုံတွေ့ခဲ့သေး သောကြောင့်သာ ဖြစ်လေသည်။ မဟုတ်လျှင် သူက အန္တရာယ် ကင်းကင်း လွတ်မြောက်နိုင်မည် မဟုတ်ချေ။
ယန်မျိုးနွယ်စုတွင် အကြောင်းပြချက် ကင်းမဲ့နေသဖြင့် သူက တစ်ခု ပေးလိုက်မည်။ သူက လေလံပွဲ အပြီးတွင် မြေအောက်တိုက်ပွဲ စင်မြင့်ဆီ သွားမည် ဖြစ်၏။ ယန်မျိုးနွယ်စုသည် သူ ဘယ်ဦးတည်နေမှန်း သိမည် ဖြစ်ကာ သူတို့က တိုက်ပွဲစင်မြင့်၌ စောင့်ကြို နေနိုင်ပေသည်။
သူ့ကို စိတ်ရှုပ်ထွေး စေသည်က ဖန်ကျီမင့်မှာ ယန်မျိုးနွယ်စုက မိုဝူကျီကို ပထမ တိုက်ပွဲတွင် အဆုံးသတ်ပစ် လိုက်မည်ကို နည်းနည်းလေးမျှ စိုးရိမ်မနေပေ။ အကယ်၍ ယန်မျိုးနွယ်စုသာ သူ့ကို ပထမတိုက်ပွဲ၌ သတ်လိုက်ပါက ကြယ်တာရာ ရှာဖွေရေး ကုန်သည်အိမ်တော် အနေနှင့် သူ့အား အသုံးချ၍ ရမှတ်များ ရှာဖွေမည့် ကိစ္စကို မေ့ပစ် လိုက်ရမည်။
တစ်ခုတည်းသော ရှင်းပြချက်မှာ ကြယ်တာရာ ရှာဖွေရေး ကုန်သည် အိမ်တော်က မိုဝူကျီကို ယန်မျိုးနွယ်စု လက်ချက်မှ ကာကွယ် ပေးနိုင်ရန် ယုံကြည်ချက် ရှိနေ၍သာ ဖြစ်ရမည်။ ထို့မှသာ သူတို့အတွက် ရမှတ် လုံလုံလောက်လောက် ရပေလိမ့်မည်။ ထိုသည်က မထူးဆန်းပေ။ အကယ်၍ ကြယ်တာရာ ရှာဖွေရေး ကုန်သည် အိမ်တော်မှာ ဤသို့သော အထောက်အပံ့ မရှိပါက အောင်မြင်မှုကို မဆိုးထားနှင့် ... သူတို့က ယနေ့အထိ ရှိလာမည် မဟုတ်ပေ။
“အဲလိုဆိုရင် ရှင် ဂရုစိုက်သင့်တယ် ...” ချူချင်းလောင်က စိုးရိမ်ပူပင်စွာ ပြောလိုက်သည်။
“အစ်မချူ ... ကျုပ် အဆင်ပြေမှာပါ။ ယန်မျိုးနွယ်စု ဘက်က မလှုပ်ရှား သေးတာက ကျုပ်အကြောင်းကို နားမလည် သေးလို့ပဲ။ ကျုပ်က ဒီကိစ္စကို ဖြေရှင်းရဦး မှာပဲလေ ... လေလံပွဲ ပြီးရင်တော့ ကျုပ် အာကာသထဲ သွားဖြစ်လောက်မယ်။ အားလုံးလဲ ကိုယ့်ဘာသာ ဂရုစိုက်ကြပါ ...” မိုဝူကျီက ဖန်းချီနှင့် အခြားလူများ အားလုံးကို ကြည့်ကာ ပြောလိုက်သည်။ မုတ်ဆိတ်ဝါ အမျိုးသားက သူ့အကြောင်း သတင်း မဖြန့်ကြောင်း ယုံကြည်၍ ကျင်းမျိုးနွယ်စုလည်း ဖန်းချီတို့ အဖွဲ့ကို လာရှုပ်ရဲတော့မည် မဟုတ်ပေ။
ယန်မျိုးနွယ်စု အတွက် မိုဝူကျီက သူတို့က ဖန်းချီတို့ကို ဒေါသ လွှဲချလိမ့်မည် မဟုတ်မှန်း ခန့်မှန်းမိသည်။
ခဏလောက် တွေးတောပြီးနောက် မိုဝူကျီက အမိန့်အလံကို ထုတ်ပေးကာ ချူချင်းလောင်ကို ပေးလိုက်ပြီး
“တကယ်လို့ ယန်မျိုးနွယ်စုဖြစ်ဖြစ်၊ ကျင်းမျိုးနွယ်စု ဖြစ်ဖြစ် လာပြဿနာ ရှာတယ်ဆိုင် ဒီအလံကို ယူပြီးတော့ မြောက်ဘက် ကြယ်တာရာ စစ်တပ်က မော့လန်ဟန်ကို သွားရှာပါ။ ခင်ဗျားတို့တွေ မြောက်ဘက် ကြယ်တာရာ စစ်တပ်ကို ဝင်လို့ ရလိမ့်မယ် ...”
ယန်မျိုးနွယ်စုက သူတို့ကို ရန်လာစလိမ့်မည် မဟုတ်မှန်း ယုံကြည်သော်လည်း မိုဝူကျီက စိတ်ပူပင်ဆဲ ဖြစ်၏။ ယန်မျိုးနွယ်စုလို မျိုးနွယ်စုသည် အတွင်းတခြား၊ အပြင်တခြား လုပ်တတ်ကြသည်။ သူတို့က အမှောင်ရိပ်ထဲမှ တစ်ခုခု ကြိုးစားမည်ကို စိုးရိမ်မိခြင်း ဖြစ်သည်။
“မော့မျိုးနွယ်စုက မော့လန်ဟန်ကို သိတာလား။ အဲဒါဆိုရင် ရှင်လည်း မြောက်ဘက် ကြယ်တာရာ စစ်တပ်ကို သွားသင့်တယ်။ ယန်မျိုးနွယ်စုက လာပြုမူရဲမှာ မဟုတ်တော့ဘူး ...” ချူချင်းလောင်က စိတ်သက်သာစွာ ပြောလိုက်သည်။
မိုဝူကျီက ခေါင်းကိုခါကာ
“ကျုပ် နောင်တော့ ဝင်မှာပါ။ အခုတော့ မဟုတ်သေးဘူး ...”
ယခု သူက သေချာပေါက် မော့လန်ဟန်ကို သွားရှာမည် မဟုတ်ပေ။ သူက မော့မျိုးနွယ်စုနှင့် ယန်မျိုးနွယ်စုကြားမှ မြေစာပင် ဖြစ်လာကြောင်းကို တွေးမိ၏။ အနည်းဆုံးတော့ သူက အရေးသာသည့် အချိန် မဟုတ်သရွေ့ မြောက်ဘက် ကြယ်တာရာ စစ်တပ်ကို ဝင်မည် မဟုတ်ပေ။ ချူချင်းလောင်နှင့် အခြားလူများမှာ ယန်မျိုးနွယ်စု၏ ပစ်မှတ် မဟုတ်သည့် အတွက် သူတို့က ထိုအကြောင်းများ မတွေးဘဲ မော့လန်ဟန်ကို ချဉ်းကပ် နိုင်လေသည်။
ထို့အပြင် အကယ်၍ သူက ယခု မြောက်ဘက် ကြယ်တာရာ စစ်တပ်မှ မော့လန်ဟန်ကို သွားရှာပါက သူက ကျေးဇူးကြွေးကြီး တစ်ခု တင်သွားပေလိမ့်မည်။ ထိုအကူအညီကို ပြန်လည် ပေးဆပ်ဖို့ရာ သူ့အသက်လေးပင် စွန့်လွှတ် နိုင်ရလေသည်။ မိုဝူကျီက ထိုအရာကို အလိုမရှိပေ။ ချူချင်းလောင်နှင့် အခြားလူများမှာ အလံနှင့် သူ့ဆီ ရောက်သွားလျှင်လည်း အကူအညီ တစ်ခုတော့ ဖြစ်သေး၏။ သို့သော်လည်း ထိုအကူအညီမှာ သေးငယ်လှရာ အများဆုံး မော့လန်ဟန်က သူတို့ကို ခန့်အပ်ရန် ကူညီပေးခြင်းသာ ဖြစ်လိမ့်မည်။
သူက ထိုအရာကို နားလည်နိုင်ဖို့ရန် သူ့ဘာသာ အကြာကြီး နေခဲ့ပြီးလေပြီ။
“ဟုတ်ပြီ။ ကျွန်မတို့ လိုအပ်ရင် ဖန်းချီတို့အားလုံးကို မြောက်ဘက် ကြယ်တာရာ စစ်တပ်ကို ခေါ်သွား ပေးပါ့မယ် ...” ချူချင်းလောင်က မိုဝူကျီ၏ အမိန့်အလံကို လက်ခံလိုက်သည်။
***
ရက်အနည်းငယ် အကြာတွင် ချူချင်းလောင်နှင့် အခြားလူများက မိုဝူကျီသည် အာကာသထဲ သွားဖို့ရန် ပြင်ဆင် နေသည်ကို သိသဖြင့် မနှောင့်ယှက် ကြတော့ပေ။
လေလံပွဲနှင့် တစ်ရက်အကွာတွင် မိုဝူကျီက သူ ပိုင်ဆိုင်သမျှ ပစ္စည်းများကို ထုပ်ပိုးပြီး ကိစ္စတစ်ချို့ ရှင်းလင်းရန် ထွက်သွားလေသည်။ မိုဝူကျီက သူ့၌ ရမှတ် ၁၁၀၀၀၀၀ ရှိနေပြီ ဖြစ်ကြောင်း သိထားသော်လည်း သူ့အတွက် မလုံလောက်သေးပေ။
ထိုစဉ် တံခါးခေါက်သံ မြည်လာလေ၏။
မိုဝူကျီက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့် လိုက်သည့်အခါ အနက်ရောင် ဝတ်စုံနှင့် ပိန်ပါးပါး အမျိုးသားကို မြင်လိုက်ရသည်။ ထိုလူမှာ ဓားအိမ် မပါသည့် ဓားတစ်ချောင်းနှင့် တူလေသည်။ သူ့တစ်ကိုယ်လုံးမှ စူးရှသည့် ဓားစွမ်းအားများ ထွက်ပေါ် နေလေသည်။ အမှန်ပင် သူ့နောက်ကျောတွင်လည်း ဓားအိမ်မပါသည့် ဓားတစ်ချာင်း လွယ်ထားကာ သူ့လက်ကောက်ဝတ်၌ ဖဲကြိုးနီ ထုံးထားလေသည်။
အကြည့်နှင့်တင် ထိုလူမှာ အစစ်အမှန် ရေအဆင့် ကျင့်ကြံသူမှန်း သိလိုက်သည်။
မိုဝူကျီက တံခါးကို ဖွင့်ကာ
“မိတ်ဆွေ ဘာများလဲ ...”
ဝတ်စုံမည်းနှင့် အမျိုးသားက မိုဝူကျီကို ထက်အောက်စုန်ဆန် ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ကျုပ်က ခင်ဗျားကို လာရှာတာ။ ကျုပ်ကို အထဲ မခေါ်တော့ဘူးလား ...”
မိုဝူကျီက နှာခေါင်းရှုံ့ သရော်လိုက်သည်။ အစစ်အမှန် ရေအဆင့်တွင် ရှိသည့် ဤလူမှာ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။ သူက ထိုလူမှာ ယန်မျိုးနွယ်စုမှ ဖြစ်နေလျှင်ပင် ဘာမှမကြောက်ပေ။
“အထဲဝင်လာပါ ...” မိုဝူကျီက ဝတ်စုံမည်းနှင့် အမျိုးသားကို အထဲဖိတ်ကာ တံခါးပြန်ပိတ် လိုက်သည်။
“မင်းက မဆိုးပါဘူး။ စည်းကမ်း ထိန်းသိမ်းရေးမှူးကို ရိုက်ရဲပြီး ဘေးကင်းကင်း ရှိတာ ပထမဆုံး အကြိမ် ကြားဖူးတာပဲ။ ဟားဟား. ... ထားပါတော့ ... မင်က ယန်မျိုးနွယ်စုက လူတစ်ယောက်ကိုတောင် သတ်ရဲတယ်” ဝတ်စုံမည်း အမျိုးသားက ထိုင်ပြီးပြီးချင်း ပြောလိုက်သည်။
“တစ်ယောက်ယောက်က သတ်ဖို့ ကြိုးစားတာရင် ခန်းမသခင်ပဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ပြန်တိုက်ခိုက်ဖို့ မကြောက်ဘူး ...” မိုဝူကျီက အေးစက်စွာ ပြောလိုက်သည်။
ဝတ်စုံမည်း အမျိုးသားက လက်ခုပ်တီးတာ
“အမှန်ပဲ။ ငါက မင်းလို လူမျိုးကို တကယ်ကို သဘောကျတယ်။ ငါလည်း တစ်ယောက်ယောက်က ငါ့ကို သတ်ဖို့ ကြိုးစားရင် ဘယ်သူဖြစ်ဖြစ် ပြန်သတ်ပစ်မှာ ...”
မိုဝူကျီက တည်တည်တံ့တံ့ မေးလိုက်သည်။
“မိတ်ဆွေနဲ့ အရင်က တစ်ခါမှ မတွေ့ဖူးပါဘူး။ ဒီကို ဒီဟာတွေပြောဖို့ ရောက်လာတာလဲ ...”
“ယန်မျိုးနွယ်စုက မင်းနောက် လိုက်လာပြီဆိုတာ လာပြောတာ ...” ဝတ်စုံမည်း အမျိုးသားက လက်ဖြင့် စားပွဲပေါ်ကို ခေါက်နေရင်း ဖြေလိုက်သည်။
မိုဝူကျီက ဂရုမစိုက်ဘဲ
“အဲတော့ ဘာဖြစ်လဲ။ လောက ခန်းမမှာလဲ သူ့စည်းကမ်းနဲ့သူ ရှိပါတယ် ...”
ဝတ်စုံမည်း အမျိုးသားက မတုံ့ပြန်ပေ။ ထို့အစား သူက ပြောလိုက်သည်။
“မင်းလည်း လောကခန်းမက စည်းကမ်းတွေက အမှိုက်တွေ ဆိုတာ သိမှာပါ။ ယန်မျိုးနွယ်စုဝင် တွေက မင်းကို ကြယ်တာရာ ရှာဖွေရေး တိုက်ပွဲစင်မြင့်မှာ လာသတ်မယ်လို့ တွေးနေတာ မလား ...”
မိုဝူကျီက အံ့ဩ သွားလေသည်။ သူ မမေးခင် ဝတ်စုံမည်း အမျိုးသားက ဆက်ပြောလိုက်သည်။
“ကျုပ်လည်း သတင်းတွေ ရတာပေါ့။ ကျုပ် ခန့်မှန်းချက်အရ မင်း လေလံပွဲက ထွက်မသွားခင် မင်းကို သတ်ဖို့ရာ ကြံစည်နေတယ်။ မင်းက တိုက်ပွဲ စင်မြင့်ထိတောင် ရောက်လိုက်မှာ မဟုတ်ဘူး။ လောကခန်းမ ကနေ အယောင်ဆောင်ပြီး ထွက်သွားမယ်လို့ တွေးနေတယ် ဆိုရင်တော့ မင်း အိပ်မက်မက် နေတာပဲ ...”
“ခင်ဗျားက ဘယ်သူလဲ။ ကျုပ်ကို ဘာလို့ အဲဒါတွေ လာပြောပြ နေတာလဲ ...” သူ့ကိုသူ တည်ငြိမ်အောင် ပြုလုပ်ပြီး နောက်တွင် မိုဝူကျီက သူ့အကြံစည်မှာ အလုပ် မဖြစ်ကြောင်း သိလိုက်သည်။
သူက တစ်ခုကိုတော့ ပုံမဖော်နိုင်ပေ။ သဘောတရားများ အရ သူ့အကြံစည်တွင် လစ်ဟာမှု မရှိပေ။ ယန်မျိုးနွယ်စုက သူ့ကို စင်မြင့်ပေါ်တွင် သတ်ဖြတ်ခြင်းက ဖြစ်သင့်ပေသည်။ ယန်မျိုးနွယ်စုက အဘယ်ကြောင့် သူ လေလံပွဲမှ ထွက်မလာခင် သတ်ဖို့ ကြိုးစား ကြမည်နည်း။ မိုဝူကျီက ထိုဝတ်စုံမည်းနှင့် အမျိုးသား စကားမှာ မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ လေးလေးနက်နက် အတည်ယူလိုက်သည်။
ဝတ်စုံမည်း အမျိုးသားက ရယ်မောကာ
“ကျုပ်မှာ နာမည်မရှိဘူး။ ဒါပေမဲ့ နာမည်ပြောင်တော့ ရှိတယ် အထီးကျန် ကြိုးနီတဲ့။ မင်းကို သဘောကျလို့ ကူညီတာပဲ။ မင်း ငါ့ကို ယုံယုံ၊ မယုံယုံ ကိစ္စမရှိဘူး ...”
မိုဝူကျီက အထီးကျန် ကြိုးနီကို မကြားဖူးသော်လည်း ထိုလူစကားများမှာ မှန်မှန်၊ မမှန်မှန် ယုံကြည်ရမည် ဖြစ်၏။
“ကျုပ် အခုထွက်သွား သင့်တယ်လို့ ထင်လား ...” မိုဝူကျီက ယုံခြင်း၊ မယုံခြင်း မပြောဘဲ မေးလိုက်သည်။
အကယ်၍ အထီးကျန်ကြိုးနီက သူ့ကို ထွက်သွားသင့်ကြောင်း ပြောလျှင် သူက ထိုလူကို ချက်ချင်း မောင်းထုတ်လိုက်မှာ ဖြစ်၏။ လေလံပွဲက နောက်တစ်ရက်တွင် ကျင်းပမည် ဖြစ်ကာ ဤအခိုက်အတန့်တွင် ထွက်သွားခြင်းက သေခြင်းတရားနှင့် တူညီလေသည်။
“အခုချိန် ထွက်သွားရင် ကိုယ့်ဘာသာ သတ်သေသလို ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ငါ့ဆီမှာ အကြံတစ်ခု ရှိတယ်။ အဲဒါမတိုင်ခင် မင်းကို တစ်ခု ပြောပြရဦးမယ်။ ကြယ်တာရာ ရှာဖွေရေး တိုက်ပွဲစင်မြင့်က ယန်မျိုးနွယ်စု အပိုင်ပဲ ... လူတော်တော်များများ မသိကြဘူး။ အဲလိုပဲ တစ်မူထူး ခရာတိုက်ပွဲ စင်မြင့်က ရှားမျိုးနွယ်စု အပိုင်ပဲ ...” အထီးကျန် ကြိုးနီက ပြောလိုက်သည်။
“ဘာ ...” မိုဝူကျီက ရုတ်တရက် ဒေါသူပုန် ထလာလေသည်။ ယခု ဖန်းကျီမင့်သည် သူ့အား ရမှတ် ၁၀၀၀၀၀၀ ချေးရန် အဘယ်ကြောင့် ဆန္ဒရှိမှန်း နားလည် သွားလေ၏။
“မင်းကို ကူညီတာက ငါ့အစ်ကိုကြီးက စည်းကမ်း ထိန်းသိမ်းရေးမှူးနဲ့ တိုက်ခိုက်ပြီးတဲ့ နောက်မှာ အသတ်ခံခဲ့ ရတယ်။ အဲတုန်းက ရှားမျိုးနွယ်စုနဲ့ ကတောက်ကဆတ် ဖြစ်ကြတာ။ သူ့ဘက်က မှန်နေပေမဲ့ စည်းကမ်း ထိန်းသိမ်းရေးမှူးက အလိမ်အညာတွေ ရောပြီးတော့ အကြောင်းပြချက် မရှိဘဲ သူ့ကို သတ်ပစ်ခဲ့တာ ... ဒီနှစ်တွေ တစ်လျှောက်လုံး စည်းကမ်း ထိန်းသိမ်းရေးမှူးတွေက မျိုးနွယ်စုကြီး သုံးခုနဲ့ အထောက်အပံ့ ပေးသူတွေကိုပဲ ကျေနပ်အောင် လုပ်ဖို့ ကြိုးစားနေကြတာ ... သူတို့က ဘယ်ဘက်ပါး အရိုက်ခံ ရရင်တောင် ညာဘက်ပါး ထိုးကျွေးမဲ့ လူစားမျိုးတွေ ... ဒီနေရာမှာ မင်းက စည်းကမ်း ထိန်းသိမ်းရေးမှူးကို တိုက်ခိုက်ပြီးတော့ ဘေးကင်းကင်း ရှိနေတာ ပထမဆုံးပဲ ...”
အထီးကျန် ကြိုးနီက မရပ်မနား ပြောပြလိုက်သည်။
“မင်း ကံကောင်းတာ ဖြစ်နိုင်တယ်။ မင်းက ကျင်းမျိုးနွယ်စုကိုပဲ ရန်စမိတာလေ ဒါမှမဟုတ် ယူချင်းနီက ကိစ္စတွေ ဆူဆူညံညံ ဖြစ်တာ မကြိုက်တဲ့ စည်းကမ်း ထိန်းသိမ်ရေးမှူး ဖြစ်နေလို့ နေမယ် ...”
“ဒီမှာ တစ်ချိန်လုံး နေပြီးတော့ လက်စားချေဖို့ စောင့်နေတာလား ...” မိုဝူကျီက ရုတ်တရက် မေးလိုက်သည်။
အထီးကျန် ကြိုးနီက မလှုပ်မရှား ကျန်ရှိနေပြီး ဖြေလိုက်သည်။
“ငါက လက်စား ချေချင်ရုံတင် မဟုတ်ဘူး။ ဒီနေရာက စည်းမျဉ်းတွေကိုလည်း မျိုးနွယ်စုကြီး သုံးခုနဲ့ မပတ်သက် တာမျိုးကို အသစ် ရေးဆွဲပစ်ချင်တာ။ လောကခန်းမက ကျန်းရှင်း ကျင့်ကြံသူ အားလုံးရဲ့ အပိုင်ပဲ။ မျိုးနွယ်စုကြီး သုံးခုတည်းအတွက် မဟုတ်ဘူး။ အဲဒါ မတိုင်ခင်တော့ ငါက လူအများကြီးကို သတ်ရဦးမယ် ...”
မိုဝူကျီက အထီးကျန် ကြိုးနီ ရင်ထဲမှ ဒေါသ မီးတောက်ကို ခံစားမိလေသည်။ သူက ပြောလိုက်လေ၏။
“နောင်ကျ ခင်ဗျားကို ကူညီနိုင်ရင် ကူညီနိုင်မှာပါ။ အခုတော့ ကျုပ်တော့ တစ်မူထူး ခရာတိုက်ပွဲ စင်မြင့်ကို သွားရမယ် ...”
ကြယ်တာရာ ရှာဖွေရေး ကုန်သည် အိမ်တော်မှာ လောကခန်းမ၌ အကြီးမားဆုံး ကုန်သည်အိမ်တော် အမြဲတမ်း ဖြစ်ခဲ့လေသည်။ ဤကုန်သည် အိမ်တော်မှာ နိမ့်ချ နေသော်လည်း သူတို့က လေလံပွဲ ပစ္စည်းများစွာကို စုဆောင်းမိခဲ့ သေးသည်။
လောကခန်းမ၌ လေလံပွဲကြီး ကျင်းပချိန်ကား နှစ်နှစ်တစ်ခါသာ မြင်တွေ့နိုင်လေသည်။ ဤလေလံပွဲကို ဦးစီးဆောင်ရွက် သူမှာ ကြယ်တာရာ ရှာဖွေရေး ကုန်သည် အိမ်တော်သာ ဖြစ်၏။
မိုဝူကျီက လူလတ် အမျိုးသားအရွယ် အယောင်ဆောင် ထားပြီး လူအုပ်ကြား ပုန်းကာ ကြယ်တာရာ ရှာဖွေရေး ကုန်သည်အိမ်တော်၏ လေလံပွဲ အတွင်းသို့ ဝင်ရောက်သွား၏။ သူက အထီးကျန်ကြိုးနီ၏ ရုပ်ပြောင်းရုပ်လွှဲ အရည်အချင်းကို အတော်လေး အံ့ဩမိသည်။ သူ့အား မျက်နှာချင်းဆိုင် စိုက်ကြည့်နေပြီး ထိုလူ၌ နတ်ဘုရားအာရုံ မရှိသရွေ့ သူက ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားကြောင်း ခံစားမိမည် မဟုတ်ပေ။
လောကခန်းမ အတွင်း အသက်ရှင် နေထိုင်သူများမှာ မရိုးရှင်းကြပေ။
***