← Chapters

မြင်ကွင်းမှ ထွက်ခွာခြင်း

Vol. 23 Ch. 317

မြင်ကွင်းမှ ထွက်ခွာခြင်း

Vol. 23 Ch. 317

လေလံပွဲက ဆက်ကျင်းပနေဆဲ ဖြစ်ကာ မိုဝူကျီက သူ့ခုံနေရာကို သတိမပြုမိစေဘဲ ထွက်သွားစေရန် အတွက် ထိုင်ခုံတွင် အစီအရင်များစွာ ခင်းကျင်း ထားလိုက်သည်။

ဤလေလံပွဲတွင် လူ ၁၀၀၀၀၀ကျော် ရှိနေပြီး တစ်ယောက်ယောက် ထထွက် သွားလျှင်ပင် သတိထားမိကြမည် မဟုတ်ပေ။

နေရာက ထွက်သွားပြီးနောက် မိုဝူကျီက လေလံပွဲမှ ထွက်မသွားသေးဘဲ နေရာသို့ ပြန်မလာသေးခင် ခဏလောက် တခြားနေရာဆီ လျှောက်သွားလိုက်သည်။ ဤတစ်ကြိမ်၌ သူက နဂိုခုံနေရာသို့ ပြန်မသွားဘဲ အခြားနေရာလွတ် တစ်ခုံဆီ သွားခဲ့ခြင်း ဖြစ်၏။

ကြိုတင် ကာကွယ်သည့် အနေဖြင့် အထီးကျန် ကြိုးနီနှင့် သူ့အတွက် ခုံလေးခုံစာ ဝယ်ယူထားခြင်း ဖြစ်၏။

သူ့နေရာ အသစ်တွင် ထိုင်ပြီးနောက် စောစောလေးမှ တပ်ဆင်ထားသော အလံများက အသက်ဝင် လာကာ ထိုင်ခုံဝန်းကျင်၌ အကာအကွယ် ထပ်ပေါ် လာပြန်သည်။

လေလံပွဲက ဆက်လက် ကျင်းပနေဆဲ ဖြစ်ကာ မိုဝူကျီက ထပ်မံ၍ လေလံ မဆွဲတော့ပေ။ သူက နိဗ္ဗာန်တုတ် အရိပ်ကိုပင် ဖွင့်မကြည့်သေးဘဲ မျက်လုံးမှိတ်ကာ အနားယူ နေလေ၏။

တစ်ရက် ကုန်ဆုံး သွားပြီးနောက် ဒုတိယနေ့ဝက် အကြာတွင် ဖန်းကျီမင့်က ကောင်းကင်မှော် နည်းစနစ် ဖြစ်သည့် အတွေးမဲ့ တောက်ပအလင်းကို ထုတ်ယူ လိုက်တော့သည်။

ကြမ်းခင်းဈေးမှာ နိဗ္ဗာန်တုတ် အရိပ်ထက် ပိုမြင့်ပြီး မိုဝူကျီက ဤမှော် နည်းစနစ်ကို မည်မျှဖြင့် ရောင်းရမည်ကို သိချင်မိသည်။

လက်ရှိတွင် မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။

“မိုဝူကျီကို သေချာကြည့်ထား ... သူက ဒီနည်းစနစ်မှာ လေလံဆွဲဖို့ လှုပ်ရှားလိမ့်မယ် ...”

“အမှန်ပဲ ...” မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက သတိ မပေးလျှင်ပင် သူ့နောက်မှ ကျင့်ကြံသူမှာ မိုဝူကျီကို အနီးကပ် ကြည့်ထားရမည်မှန်း သိ၏။ ဤတစ်ကြိမ်တွင် ယန်မျိုးနွယ်စုက မိုဝူကျီအတွက် လေလံပွဲသို့ လူသိရှင်ကြား ရောက်ရှိလာခြင်း ဖြစ်သည်။

အတွေးမဲ့ တောက်ပ အလင်း၏ ဈေးနှုန်းမှာ ၁၀၀၀၀၀၀ အထိ မြင့်တက် သွားလေသည်။ ထိုဈေးနှုန်း ရောက်သွားသည့် အခါ ခေါ်နှုန်းမှာ တဖြည်းဖြည်း ကျသွားလေသည်။ နည်းစနစ် တစ်ခုအတွက် ၁၀၀၀၀၀၀ ထုတ်သုံးနိုင်သည့် လူက များများစားစား မရှိပေ။

“မိုဝူကျီက လေလံ မဆွဲသေးဘူးလား ...” မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက သူ့ရှေ့မှ စောင့်ကြည့်ရေး ပိတ်ကားကို ကြည့်နေရင်း စိတ်မရှည်စွာ ပြောလိုက်သည်။

“သူက လေလံ မဆွဲသေးဘူး ...” ထိုသို့ ပြောပြီးနောက် ကျင့်ကြံသူက စိုးရိမ်စွာဖြင့်

“အကြီးအကဲ ... ကျုပ်သွားကြည့် လိုက်ဦးမယ် ...”

နှစ်မိနစ် အကြာတွင် ကျင့်ကြံသူက အလောတကြီး ပြန်ရောက်လာပြီး ပြောပြလိုက်သည်။

“မိုဝူကျီက သူ့အခန်းထဲမှာ မရှိတော့ဘူး။ သူက ကူးပြောင်းအဆောင် သုံးပြီးတော့ ထွက်သွားပြီ ထင်တယ်။ ပြီးတော့ သူက လေလံပွဲက သိပ်မကြာခင်က ထွက်သွားတယ်လို့ သတင်း ရခဲ့သေးတယ် ...”

“ဘန်း ...” မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက စောင့်ကြည့်ရေး ပိတ်ကားကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ် လိုက်သည်။

“အာကာသဂိတ်တွေ ပိတ်ထား။ ငါ့ ယန်မျိုးနွယ်စုက သူ့ကို ငါတို့ စွမ်းအား တစ်ရက်ကျ သိစေရမယ် ...”

မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက အာကာသဂိတ်ကို မပိတ်ခင် မိုဝူကျီက ထွက်မသွားနိုင်မှန်း သိထားသော်လည်း စိတ်မကြည်မလင် ဖြစ်နေဆဲ ဖြစ်သည်။ အကယ်၍ ဂွန်းပေါင်၏ ဝင်နှောင့်ယှက် မှုကြောင့်သာ မဟုတ်ရင် သူက မိုဝူကျီအခန်းကို သေချာ စောင့်ကြည့်နိုင်မည် ဖြစ်ကာ မိုဝူကျီ ထွက်သွားသည်နှင့် တန်းသိပေ လိမ့်မည်။

သို့သော်လည်း ထိုဂွန်းပေါင်က ထိုသို့ လုပ်ခြင်းသည် ကြယ်တာရာ ရှာဖွေရေး ကုန်သည်အိမ်တော်၏ ဂုဏ်သတင်း ကျဆင်း သွားနိုင်သည့် အတွက် မလုပ်ရန် ဆုံးဖြတ်ထားကာ တောင်းဆိုထားခြင်း ဖြစ်သည်။ ယန်မျိုးနွယ်စုက ကြယ်တာရာ ရှာဖွေရေး ကုန်သည် အိမ်တော်ကို အပြည့်အဝ မထိန်းချုပ်နိုင်သဖြင့် ကူကယ်ရာ မဲ့နေလေသည်။

လေလံပွဲ အဆုံးသတ် လာခါနီးပြီ ဖြစ်သောကြောင့် နောက်ဆုံးပစ္စည်းကို ထုတ်ပြလိုက်သည်။ လေလံပွဲ ပြီးဆုံးသွားသည့် နောက်တွင် မိုဝူကျီ သတင်းမကြားသိ ရသဖြင့် မီးခိုးရောင် လူကြီးကို စိတ်မချမ်းမမြေ့ ခံစားနေရ စေသည်။

ယန်မျိုးနွယ်စုက အာကာသဂိတ်များ အားလုံးကို ပိတ်ထားကာ ဝင်လာသူနှင့် ထွက်သွားသူတို့ကို စစ်ဆေးသော်လည်း ထူးထူးခြားခြား မရှိပေ။ လူသောင်းချီ ဝင်နေသည့် အခိုက်အတန့်၌ စစ်ဆေးမည် ဆိုပါက ယန်မျိုးနွယ်စုက ကိုယ့်သေတွင်းကို တူးနေခြင်းသာ ဖြစ်နေလိမ့်မည်။ ဖြတ်သွား လာနေကြသော လူအားလုံးမှာ ကျင့်ကြံသူများ ဖြစ်ကြလေသည်။

လေလံပွဲ ပြီးဆုံးသည့် အခိုက်အတန့် ကြယ်တာရာ ရှာဖွေရေး ကုန်သည် အိမ်တော်မှ လူသောင်းချီ ထွက်လာ ကြလေသည်။ မိုဝူကျီက လေလံပွဲမှ ထွက်လာသည့်အခါ ချက်ချင်းဆိုသလို မနီးမဝေးမှ အထီးကျန် ကြိုးနီကို တန်းတွေ့လိုက် ရသည်။ အထီးကျန် ကြိုးနီက သူ့နဂိုအခြေအနေ ပြန်လည် ရောက်ရှိနေပြီ ဖြစ်၍ သူ့အန္တရာယ်ရှိသည့် အချိန်ကာလက ပြီးဆုံး သွားကြောင်း ဆိုလိုနေခြင်း ဖြစ်သည်။

မိုဝူကျီက လူအုပ်ကြားထဲ တိုးဝေ့ရင်း လောကတိုင်ဆီ ဦးတည် လိုက်တော့သည်။

အထီးကျန် ကြိုးနီ၏ အတွေ့အကြုံများ အရ လေလံပွဲ ပြီးဆုံးသည့် အခါတိုင်း လောကတိုင်မှ ကြယ်တာရာ တိုက်ပွဲအတွင်း လူသောင်းချီကာ ထွက်သွားလေ့ ရှိ၏။ လောကတိုင်မှ ထွက်ခွာကာ စူးရှလေမြို့သို့ ပြန်ကြသော သူများမှာ ပို၍ပင် များပြားသေး၏။

ယန်မျိုးနွယ်စုက မည်မျှပင် အားကောင်း စေကာမူ သူတို့က လောကတိုင်မှ လူအများကြီး ထွက်သွားသည့် အခါ တားဆီး၍ မစစ်ဆေး ရဲကြပေ။ ထို့အပြင် သူတို့က စူးရှလေမြို့သို့ သွားကြမည့် ကျင့်ကြံသူ များကိုလည်း စစ်ဆေးရန် လိုအပ်သေးသည်။

ပြောရမည် ဆိုလျှင် အထီးကျန် ကြိုးနီက ယန်မျိုးနွယ်စု စောင့်ကြည့် နေရာမှ လွတ်မြောက်သွားသည့် စက္ကန့်ပိုင်းလေး အတွင်း မိုဝူကျီကို ဖမ်းဆီးမည့် အကြံမှာ ကျရှုံးမှုသာ ဖြစ်သွားလေသည်။

မိုဝူကျီက လူအုပ်ကြားနှင့် အတူ လောကတိုင်သို့ သွားလိုက်သည်။ လောကတိုင် သုံးလွှာသို့ ရောက်သည့်အခါ ရင်းနှီးနေသည့် ပုံရိပ်လေးကို မြင်လိုက်၏။

ယန်အာ ...

သာမန်အခြေအနေ အောက်တွင် မိုဝူကျီက သွားနှုတ်ဆက်ဖို့ရာ တွန့်ဆုတ်နေမည် မဟုတ်ပေ။ သို့သော် လက်ရှိ အခြေအနေအရ သူက သွားနှုတ်ဆက်မိလျှင် သူမကိုပါ ပြဿနာထဲ ဆွဲသွင်းမိနိုင်ချေ ရှိ၏။ ထို့အပြင် မိုဝူကျီက ယန်အာဘေးမှ အမျိုးသမီး ကျင့်ကြံသူမှာ မော့လန်ဟန်ထက် အားနည်းသည့်ပုံ မပေါ်ပေ။ ထို့ကြောင့် အဆင့်မြင့် ကျင့်ကြံသူသာ ဖြစ်ရမည်။ ယန်အာဘေးတွင် ထိုသို့လူမျိုး ရှိနေခြင်းကြောင့် သူမတွင် တစ်ခုခု ဖြစ်လာမည် မဟုတ်ပေ။

မိုဝူကျီနှင့် အထီးကျန်ကြိုးနီ ခန့်မှန်းထားသည့် အတိုင်း ယန်မျိုးနွယ်စုဝင် တိုင်းက အာကာသ ဂိတ်ပေါက်၌ ရှိနေကြပြီး မျိုးနွယ်စုဝင်များမှာ ဘယ်သူကိုမှ မနှောင့်ယှက်ရဲကြပေ။

မိုဝူကျီက တခြား ကျင့်ကြံသူများနှင့် အတူ အာကာသဂိတ်ပေါက် အမှတ်၇ထဲ လိုက်ဝင် သွားလိုက်သည်။ သူ အာကာသထဲ ဝင်လိုက်သည့် အခိုက်အတန့် သူက လုံးဝန်း သင်္ဘောပျံကို ထုတ်ယူကာ ဟိုးအနက်ပိုင်းထိ မောင်းနှင် သွားလိုက်မည်။

“ယန်အာ ... သွားကြစို့။ သူလာမှာ မဟုတ်လောက်တော့ဘူး။ သူက ထွက်သွားလောက်ပြီ ...” ပဝါနှင့် အမျိုးသမီးက အာကာသ ဝင်ပေါက်ကို ဖြတ်သွားသည့်သူ နည်းပါး လာသည်ကို မြင်၍ ပြောလိုက်သည်။

ထိုလူနှစ်ယောက်မှာ ပိုင်စုတင်းနှင့် ယန်အာတို့ ဖြစ်ကြသည်။ ပိုင်စုတင်းက မိုဝူကျီသည် ယန်ယန်ဒေါင်ကို သတ်ပြီးသည်နှင့် လောကတိုင်မှ ချက်ချင်း ထွက်သွား နိုင်ကြောင်းကို ခန့်မှန်း ထားမိသည်။ သူမက ယန်အာကို ခေါ်လာသည်မှာ သူတို့က မိုဝူကျီကို ကူညီရန် ဖြစ်သည်။ သို့‌သော် သူတို့ အားထုတ်မှုများက အကျိုးမဲ့ သွားလေ၏။ သူမက မိုဝူကျီကို မမြင်တွေ့သလို သူ့ကို တားဆီးမည့် ယန်မျိုးနွယ်စုဝင် များလည် မတွေ့ပေ။

“အစ်မစုတင်း ... အခု ဘယ်သွားကြမလဲ …” ယန်အာက မေးလိုက်သည်။

ပိုင်စုတင်းက ရှေ့မှ ဧရာမ ခန်းမကြီးကို ညွှန်ပြကာ

“ဒါက ကြယ်တာရာ ပင်လယ်စစ်တပ်ရဲ့ ပိုင်နက်ပဲ။ အရင်တုန်းက ခေါင်းဆောင် ရှုရွမ်ယုက ငါတို့ကို သူတို့စစ်တပ်ဆီ ဝင်ဖို့ ဖိတ်ကြား ထားဖူးတယ်။ သူမပြောတာ အဓိပ္ပာယ် ရှိတယ်လို့ ထင်တယ်။ အဲဒါကြောင့် ငါတို့တွေ ကြယ်တာရာ ပင်လယ် စစ်တပ်ကို ဝင်ပြီးတော့ စစ်တပ်ကနေ ရမှတ်တွေ စုကြမယ် ပြီးသွားရင် ကြယ်တာရာ ဘုရင်ဆီ ဝင်ပြီးတော့ ကျင့်ကြံကြမယ်။ စိတ်မပူနဲ့ ... ငါ လောက အင်မော်တယ် အဆင့် ရောက်တာနဲ့ စန်ယီရှန်းဆီ သွားကြမယ် ...”

ယန်အာက ခဏတာ တွေဝေ သွားသော်လည်း ဘာမှတော့ မပြောပေ။

ပိုင်စုတင်းက သူမဘာသာ ရယ်မောလိုက်ပြီး

“ယန်အာ မင်းရော ငါ့စိတ် ပြောင်းတယ်လို့ ထင်လား ... အစပိုင်းတုန်းက ငါကကြယ်တာရာ ဘုရင်တောင် မသွားသေးခင် ကိုယ့်ဘာသာ တာဝန်တွေ လက်ခံပြီးတော့ ရမှတ်စုဖို့ ရည်ရွယ်ချက် ရှိတယ်။ အဲလိုဆိုရင် ငါတို့တွေ စစ်တပ် ဆယ်ခုကြားက ပဋိပက္ခတွေကြား မရောက်တော့ဘူး။ ဒါပေမဲ့ ငါက အတွေ့အကြုံ နည်းနေသေးတယ်လို့ ထင်တယ် ...”

“အစ်မစုတင်း ကလား ...” ယန်အာက ပိုင်စုတင်းကို နားမလည်စွာ ကြည့်လိုက်သည်။ သူမစိတ်ထဲ၌ ပိုင်စုတင်းမှာ လုံလုံလောက်လောက် ရင့်ကျက်နေပြီ ဖြစ်၏။ ကောင်းကင်ဖွေရှာ နန်းတော် တပည့်တွေ အားလုံးက ပိုင်စုတင်း၏ စောင့်ရှောက်မှု အောက်မှာသာ ရှိခဲ့၍သာ သူတို့ ကျင့်ကြံဆင့်မှာ မြန်မြန်ဆန်ဆန် တိုးတက်လာခြင်း ဖြစ်သည်။ အကယ်၍ ပိုင်စုတင်းသာ အတွေ့အကြုံ မလုံလောက်သေးလျှင် သူမက လမ်းဘေးကြွက်လေး ဖြစ်မနေဘူးလား ...

ပိုင်စုတင်းက သူမစိတ် စွမ်းအားကို သုံး၍ စစ်ဆေးကြည့် လိုက်ပြီးနောက် တီးတိုး ပြောလိုက်သည်။

“ငါ့ခန့်မှန်းတာသာ မမှားရင် မိုဝူကျီက အာကာသ ဂိတ်ပေါက်ကနေ ထွက်သွားတာ ကြာလှပြီ။ ယန်မျိုးနွယ်စုဝင်တွေက ဒီနေရာကို ရောက်နေကြပြီးပြီ။ ဒါပေမဲ့ ငါတို့က အဲဒီကိစ္စဘာမှ သတိမထား မိပေမဲ့ မိုဝူကျီက သိနေတယ် ဆိုတော့ သူက ငါတို့ထက် အတွေ့အကြုံ ပိုများနေတာ ဆိုတော့ ယန်မျိုးနွယ်စုက သူ့ပြိုင်ဘက် မဟုတ်ပါဘူး ... သူက လောကခန်းမ အတွင်းမှာ အတွေ့အကြုံရှိတဲ့ လူတစ်ယောက်ရဲ့ အကူအညီ ရခဲ့တယ်ဆိုတာ သေချာတယ်။ သူက လောက အဆင့်ဇယား ဝင်နိုင်တာ အံ့ဩစရာတော့ မရှိပါဘူး။ သူ့စွမ်းအားကို မပြောရင်တောင် သူ့အဲဒီ စွမ်းဆောင်ရည်နဲ့ဆို အဲဒီ ဂုဏ်ယူမှုနဲ့ တကယ်ကို ထိုက်တန်တယ် ...”

“သူက လေလံပွဲကို မပါဘဲ လေလံပွဲပြီးတော့မှ အားလုံးနဲ့ အတူတူ ထွက်သွားတာများ ဖြစ်နေမလား ...” ယန်အာက မေးလိုက်သည်။

ပိုင်စုတင်းက ခေါင်းခါလိုက်ပြီး ပြန်မဖြေပေ။ ယန်မျိုးနွယ်စုက မိုဝူကျီကို လေလံပွဲ ပါဝင်ဖို့ရာ စောင့်နေခြင်း ဖြစ်သည်။ အကယ်၍ မိုဝူကျီသာ လေလံပွဲ မပါဝင်ရဲလျှင် ယန်မျိုးနွယ်စုက ဖမ်းခေါ် သွားလောက်လေပြီ။

လောကခန်းမ ယန်မျိုးနွယ်စု နေရာတွင် ယန်ဖင်းကျီက ရောက်လာလာချင်း မိုဝူကျီကို မဖမ်းဆီး နိုင်လိုက်မှန်း သိ၍ နောင်တ အနည်းငယ် ရနေမိသည်။ သူက ထိုအစစ်အမှန် ရေအဆင့် ကျင့်ကြံသူလေးကို မဖမ်းမိသည်ကို မယုံနိုင်ပေ။ ယန်မျိုးနွယ်စုက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများကိုပင် လွှတ်ထားသော်လည်း ဖမ်းဖို့ရာ ကျရှုံးခဲ့လေသည်။ သူသာ သိရှိခဲ့ပါက အခြား မျိုးနွယ်စုများက သံသယဝင်လျှင်ပင် သူကိုယ်တိုင် လာလိမ့်မည် ဖြစ်၏။

ယခု သူက ဤနေရာသို့ ရောက်လာပြီ ဖြစ်သော်လည်း မိုဝူကျီက ထွက်ပြေး လွတ်မြောက်သွားပြီ ဖြစ်၏။ ယန်ဖင်းကျီက ခံစားချက် ကင်းမဲ့စွာ ထိုင်နေရင်း မီးခိုးရောင် ဝတ်စုံနှင့် လူကြီးကို အေးစက်စွာ ကြည့်ရင်း

“ယန်ကောင်းခိုင် ... အခြေအနေတွေကို အသေးစိတ် ရှင်းပြပါဦး ...”

“ဟုတ် ...” မီးခိုးရောင် ဝတ်စုံနှင့် လူကြီးက မပြောခင် အရိုအသေ ပေးလိုက်သည်။

“ကျုပ် အစကတည်းက စောင့်ကြည့်နေတဲ့ လူက လူမှားနေခဲ့တာ။ တကယ့် မိုဝူကျီက နိဗ္ဗာန်တုတ် အရိပ်ကို ၁၃၅၀၀၀၀နဲ့ ဝယ်သွားခဲ့တယ်။ ကျုပ်တို့က သူ့မှာ အများဆုံး ၁၁၀၀၀၀၀ ရှိမယ်လို့ပဲ ထင်ထားကြတာ။ ဒါပေမဲ့ သူက လေလံပွဲ မတိုင်ခင် တစ်ရက်မှာ သူက ရှားမျိုးနွယ်စုရဲ့ တစ်မူထူးခရာ တိုက်ပွဲစင်မြင့်ကို သွားပြီးတော့ အမှတ် ၅၀၀၀၀၀ ရလာတယ်။ အဲဒါကြောင့် ကျုပ်တို့ အထင်မှားအောင် နိဗ္ဗာန်တုတ် အရိပ်ကို ၁၃၅၀၀၀၀နဲ့ ဝယ်သွားတာ ... ကျုပ်တို့ လိုက်နေတဲ့သူ ပျောက်သွားတာကို သတိထားမိတော့ သူ့ခုံနေရာမှာ အကာအကွယ် အစီအရင် တပ်ဆင်ထားမှန်း တွေ့လိုက်ရတယ် ...”

ယန်ဖင်းကျီက ဆက်၍ ဒေါသ မထွက်တော့ဘဲ သူက ထိုအရာမှာ ယန်ကောင်းခိုင်၏ ဆုံးဖြတ်မှု မှားယွင်းမှုကြောင့် မဟုတ်ဘဲ လုပ်ဆောင် နိုင်စွမ်းကြောင့်သာ ဖြစ်လေ၏။ လုပ်ရည်ကိုင်ရည် ရှိသူက သူ့အာရုံကို တစ်နေရာတည်း ထားမည်လား ...

ယန်ကောင်းခိုင်က ထိတ်ထိတ်ပျာပျာ ဖြစ်နေဆဲ ဖြစ်သည်။ သူက အမှတ် အပို ၅၀၀၀၀၀ ရလာသည့် မိုဝူကျီအကြောင်းကို တစ်မူထူး ခရာတိုက်ပွဲစင်မြင့်မှ သိလာခြင်း ဖြစ်၏။

အာကာသထဲသို့ ဝင်ပြီးနောက်တွင် မိုဝူကျီက ဆက်တိုက် သွားလာခဲ့ပြီး စုစုပေါင်း ဆယ်ရက်ကျော်လောက် သွားလာပြီး နောက်တွင် သူက ရပ်တန့် လိုက်တော့သည်။ သူ ရပ်ချင်၍ မဟုတ်ဘဲ သင်္ဘောပျံ အဟောင်းတစ်စင်းက သူ့လမ်းပိတ်နေ၍ ဖြစ်လေသည်။

ဤသင်္ဘောပျံ ဦးထိပ်ပိုင်းတွင် လျှော်ထည်ဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦး ရှိနေလေသည်။

ဤအမျိုးသမီး မျက်နှာ၌ မိတ်ကပ် ကင်းစင်ကာ သဘာဝအတိုင်း ကြည်လင်နေသည်။ တစ်ပိုင်းတစ်စ တွေ့မြင်နေရသည့် လည်ပင်း သားလေးကပင် အလွန်ချောမွတ် နေလေသည်။ သူမဆံပင်ရှည်ကို နောက်တွင် နိုင်ငံတစ်ခု၏ မင်းသမီးတစ်ပါး ကဲ့သို့ သေချာချည်နှောင် ထားလေ၏။ ဖြူစင်လှသည့် မျက်ဝန်းအစုံက သူမကို ကြည့်မိရုံနှင့်ပင် စိတ်သက်သာရာ ရလာစေနိုင်သည်။

“ဒီက အစ်ကိုကြီးကို ကျွန်မ မနှောင့်ယှက်သင့်ပေမဲ့ တောင်းပန် ပါတယ်နော်။ ဒါပေမဲ့လည်း ကျွန်မက လမ်းပျောက်ပြီးတော့ သင်္ဘောပျံကလည်း ပျက်စီး သွားတော့ကျ ...”

ထိုအမျိုးသမီးလေးက မိုဝူကျီကို မြင်သည့်အခါ အမြန်အဆန် ပြောလိုက်သည်။ သူမ အသံမှာ ချိုသာလှပြီး စကားမပြောခင် ကတည်းမှ သူမ မျက်နှာလေးမှာ နီရဲနေပြီ ဖြစ်၏။

မိုဝူကျီက ခပ်ယဲ့ယဲ့ ရယ်မောလိုက်ကာ

“ကိစ္စမရှိပါဘူး ... ကျုပ် ခေါ်သွားပေးလို့ ရပါတယ်။ ဒါပေမဲ့ ကျုပ်က လောက ခန်းမကိုတော့ ပြန်မသွားသေးဘူး ...”

ဤအမျိုးသမီးလေးမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ဖြစ်ကာ သူ့ထက် အနည်းငယ်သာ အဆင့် ပိုမြင့်လေသည်။

“အာ ...” ထိုအမျိုးသမီးလေးမှာ မိုဝူကျီက လောက ခန်းမကို ပြန်မသွားသေးကြောင်း ပြောသည့်အခါ အံ့ဩ သွားလေသည်။ သူမက မပြောခင် တံတွေးမျိုချ လိုက်ပြီး

“အဲဒါဆို ကျွန်မ ...”

စကားနှစ်လုံး ပြောပြီးနောက်တွင် သူမက စကားဆက်မပြော တတ်တော့ဟန် ဖြစ်သွားလေသည်။

***

All Chapters