← Chapters

ကျုပ်လည်း တစ်ခုခု ပြောပြချင်တယ်

Vol. 23 Ch. 318

ကျုပ်လည်း တစ်ခုခု ပြောပြချင်တယ်

Vol. 23 Ch. 318

မိုဝူကျီက အားရပါးရ ရယ်မောလိုက်ပြီး

“ခင်ဗျားရဲ့ သင်္ဘောပျံကို သိမ်းထားလိုက်ပြီး ကျုပ်သင်္ဘောပျံပေါ်ပဲ တက်လာလိုက်ပါ။ ခင်ဗျားကို ကျုပ်သွားရာ လမ်းမှာ လောကတိုင်ကို သွားမဲ့ သင်္ဘောပျံနဲ့ တွေ့တဲ့အထိ ကူညီပေးပါ့မယ် ...”

“ကျေးဇူးပါရှင် ...” အမျိုးသမီးလေးက ရှက်ရွံ့စွာ ပြုံးရင်း သင်္ဘောပျံကို သိမ်းကာ မိုဝူကျီ၏ သင်္ဘောပျံဆီ တက်လာလေ၏။ သူမက မိုဝူကျီ သင်္ဘောပျံကို တစ်ခုခု ညစ်ပတ် သွားမည်ကို စိုးထိတ်နေဟန် ပေါ်နေသည်။

“အခက်အခဲ မရှိတဲ့လူဆိုတာ ဘယ်ရှိပါ့မလဲ။ ဒါပေမဲ့လည်း အကြည့်နဲ့တင် ခင်ဗျားက ဒီနေရာနဲ့ မသက်ဆိုင်တာ သိသာတယ် ...” မိုဝူကျီက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

အမျိုးသမီးက မည်သို့ ပြန်ဖြေရမည်ကို မသိသည့်ဟန်ဖြင့် ရှက်ရွံ့စွာ ပြုံးလိုက်သည်။ သူမက မိုဝူကျီအတွက် စကား များသည့်သူနှင့် မတူချေ။

မိုဝူကျီ၏ နံရိုးများတွင် စူးခနဲ ဖြစ်လာသော်လည်း မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ် သွားလေ၏။ သူက ပြုံးနေဆဲ ဖြစ်သော်လည်း စိတ်ထဲ၌ လူသတ်ချင်စိတ်မှာ ကြီးထွား လာနေသည်။

ဤရှက်တတ်ပြီး ရိုးသားဖြူစင် လှပုံပေါ်သည့် အမျိုးသမီးလေးက သင်္ဘောပျံပေါ် ရောက်ရောက်ချင်း သူ့အား အဆိပ်ခတ်ခဲ့၏။ ထို့အပြင် မိုဝူကျီက မည်သည့် အဆိပ်မှန်းပင် မခွဲခြမ်းနိုင်ပေ။

သူသာ အဆိပ်ဖြေ ချီသွေးကြော မဖွင့်ရသေးပါက ထိုအမျိုးသမီး လက်တွင်း ကျရောက်တော့မည် ဖြစ်၏။ ထိုသည်က မိုဝူကျီကို တစ်ဖက်လူမှာ မည်မျှပင် ရိုးသား ဖြူစင်သည့်ပုံ ပေါ်နေစေကာမူ သတိလွှတ်ထား၍ မဖြစ်ကြောင်း ထောက်ပြနေလေ၏။

အဆိပ်ဖြေ ချီသွေးကြောထဲ ဝင်သွားသည့် အဆိပ်များမှာ ဝိညာဉ်စွမ်းအား ယွမ်အဖြစ် ပြောင်းလဲ သွားသည့်အတွက် မိုဝူကျီက အံ့ဩသွားလေသည်။ ဝိညာဉ်စွမ်းအားယွမ် ထွက်ပေါ်လာမှုက အားပြင်းလေလေ အဆိပ်ပြင်းလေလေ ဖြစ်၏။

မိုဝူကျီက သူ့ပတ်ဝန်းကျင်ကို တစ်ချက်ကြည့ ်လိုက်သည့်အခါ မယုံသင်္ကာ ဖြစ်စရာ ကောင်းသည့် အချက်ကို မပြောနိုင်ပေ။ သို့သော်လည်း ပတ်ဝန်းကျင် လေထု၌ အဆိပ်များနှင့် ပြည့်နေပြီ ဖြစ်ကြောင်း သိ၏။

ဤသည်က မိုဝူကျီအတွက် ကြောက်မက်ဖွယ် အဆိပ်ပညာရှင်နှင့် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်၏။ မိုဝူကျီက စစ်မှန်ခြင်း နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူပင် ခံနိုင်ရည် ရှိလိမ့်မည်ဟု မသေချာပေ။

လောက အင်မော်တယ် အဆင့်ရော ...

မိုဝူကျီက ခြေနှစ်လှမ်း နောက်ဆုတ်လိုက်ပြီး နဖူးကို လက်ဖြင့်ဖိထားပြီး ထိုင်ချ လိုက်တော့သည်။

“အစ်ကိုကြီး အဆင်ပြေရဲ့ လားဟင် ...” အမျိုးသမီးလေးက ဂရုတစိုက် မေးလိုက်လေ၏။

မိုဝူကျီက ခေါင်းခါပြကာ

“ကျုပ် အဆင်ပြေပါတယ်။ ကျုပ် ခန္ဓာကိုယ်က နည်းနည်း အဆင်မပြေ ဖြစ်ရုံပါပဲ ... ခဏလောက် ထိုင်နားလိုက်ရင် ကောင်းသွားမှာပါ။ ဒါနဲ့ ဟုတ်သား မင်းကို ဘယ်လို ခေါ်ရမလဲ ...”

အမျိုးသမီးလေးက မိုဝူကျီဆီမှ အကြည့် ခွာပြီးတော့ ကျယ်ဝန်းလှသည့် ဟင်းလင်းပြင် တဆုံးကြည့်ကာ သက်ပြင်း အသာချလိုက်ပြီး

“ကျွန်မမှာ နာမည်မရှိဘူး။ နာမည်ရှိတယ် ဆိုတာကလည်း သူများက ပေးထားတာတော့ ရှိတယ် ... အဆိပ် နတ်သမီးလေး တဲ့ ...”

မိုဝူကျီက သူနှင့် အထီးကျန် ကြိုးနီကြားမှ စကားဝိုင်းကို ပြန်စဉ်းစားမိ သွားသည်။ အထီးကျန် ကြိုးနီတွင်လည်း နာမည် မရှိချေ။ သူများပေးထားသည့် နာမည်သာ ရှိလေ၏။ နှိုင်းယှဉ်၍ ပြောရလျှင် အဆိပ်နတ်သမီးနှင့် အထီးကျန် ကြိုးနီတို့မှာ တူညီသော်လည်း လုံးဝကွဲပြား နေပြန်သည်။

“ဘာလို့လဲ ဆိုတော့ လောက အင်မော်တယ် အဆင့် ကျင့်ကြံသူကို ကျွန်မ အဆိပ်ခတ် သတ်နိုင်ခဲ့လို့ ... ပြီးတော့ ကျွန်မက ကြင်နာပြီးတော့ ဖော်ရွှေတဲ့ဟန် ပေါ်တော့ကျ လူအများကြီးက ကျွန်မကို နတ်သမီးလေးတဲ့ ...” အဆိပ်နတ်သမီး၏ လေသံမှာ နူးညံ့ ညင်သာလှပြီး သူမအသံတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်များ လုံးဝမရှိပေ။

ထိုသည်က အမှန်ပင် နတ်သမီးအသံ ဖြစ်သော်လည်း သူမ လုပ်သမျှ အရာအားလုံးက အလွန် ရက်စက်လှသည်။ ထို့အပြင် သူမက ကြင်နာ ဖော်ရွေတတ်သည့် ပုံပေါ်သည်ကို သူမကိုယ်တိုင်လည်း ကောင်းကောင်း သိလိမ့်မည်။

“အဆိပ် နတ်သမီးတဲ့လား ...” မိုဝူကျီက ဖြူစင်ရိုးသား လှသော အမျိုးသမီးလေးကို တအံ့တဩ ကြည့်ကာ ပြောလိုက်သည်။

“မင်းကို လူသား နတ်သမီးလေးလို့ ခေါ်သင့်တာပါ။ ဘာလို့များ မင်းကို အဆိပ် နတ်သမီးလို့ သမုတ်ကြတာလဲ ... မင်းက အရမ်း လှပတယ် ပြီးတော့ လူတွေကလည်း မင်းကို သဘောကျ ကြလိမ့်မယ် ...”

“အဲဒါဆို ရှင်ရော ကျွန်မကို ကြိုက်လား ...” အဆိပ်နတ်သမီးက မိုဝူကျီကို ရုတ်တရက် မေးလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြကာ

“ကျုပ်က မင်းကို ကျုပ် ဒုတိယ သဘောအကျဆုံး အမျိုးသမီးအဖြစ် ဆက်ဆံ ခဲ့ပြီးပြီလေ ...”

“အဲဒါဆိုရင်တော့ ကျွန်မအတွက် ဂုဏ်ယူရမှာပဲ ... ဒါနဲ့ ဟုတ်သား ... စောစောလေးက ရှင့်ကို အဆိပ်ခတ်တာ ကျွန်မလို့ ပြောရင် ကျွန်မကို သဘောကျတာ လျော့သွား မှာလားဟင် ...” အဆိပ်နတ်သမီးက မိုဝူကျီကို ဖြူစင်လှသည့် မျက်ဝန်းဖြင့် ငေးကြည့်ရင်း မေးလိုက်သည်။

မိုဝူကျီက သက်ပြင်းချမိ လိုက်သည်။ ဤအမျိုးသမီးလေးနှင့် ယှဉ်လျှင် အော်စကာ ရသူများက ဘာမှ မဟုတ်ကြသေးပေ။ သာမန်လူ တစ်ယောက်က ထိုမျှ စိတ်နှလုံးကို လှုပ်ရှား စေနိုင်သည့် ရိုးသား ဖြူစင်လှသည့် အပြစ်ကင်း မျက်ဝန်းများကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဤသည်က ပုံရိပ်ယောင် အစီအရင်ထက်ပင် အားကောင်း နေလေသည်။ ပုံရိပ်ယောင် အစီအရင်မှာ သူ့အားနည်းချက်နှင့်သူ ရှိသေးလေ၏။

“မင်းက ကျုပ်ကို အဆိပ်ခတ် ထားတာလား ...” မိုဝူကျီက အမူအရာပြောင်းကာ ရုတ်တရက် မေးလိုက်သည်။

သူက ဆေးပညာ လောကတွင် ကျင်လည်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သောကြောင့် မည်သည့် နေရာတွင် ဖြစ်စေ သူတို့က အခြားသူများနှင့် တွေ့ဆုံသည့် အကြိမ် အများစုမှာ ဟန်ဆောင် ပန်ဆောင်များ ဖြစ်ကြသည်။ ယခုသူနှင့် အဆိပ်နတ်သမီး ကဲ့သို့ ဖြစ်လေ၏။

“ဘာလို့လဲ ဆိုတော့ ရှင်က ၇၃၁ကို သတ်ခဲ့တယ်လေ ...” အဆိပ်နတ်သမီးက ပြန်ဖြေလိုက်သည်။

“မင်းက ကျိုးပျက် ဂိုဏ်းသားလား ...” မိုဝူကျီက နောက်ဆုံး၌ အဖြစ်အပျက်ကို နားလည် သွားလေသည်။ အစပိုင်းတွင် သူက ယန်မျိုးနွယ်စုက မှတ်မိသွား၍ သူ့ကို တားဆီးသည် ဖြစ်ကြောင်း တွေးထင်မိခဲ့သည်။ သူက သူ့ကိုမည်သို့ ရှာတွေ့သွားကြောင်း စဉ်းစားမိနေဆဲ ဖြစ်သည်။ ယခု ဤအမျိုးသမီးလေးက နံပါတ် ၇၃၁အကြောင်း ပြောသည့်အခါမှ ကိစ္စများကို စဆုံးနားလည် သွားတော့သည်။ သူ သတ်လိုက်သည့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်မှ မျက်နှာဖြူ အမျိုးသားမှာ ကျိုးပျက်ဂိုဏ်းမှ နံပါတ် ၇၃၁ မဟုတ်ပေဘူးလား ...

သူက စိတ်ဝိညာဉ် အမှတ်အသားများကို ရှာမတွေ့သော်လည်း နံပါတ် ၇၃၁ ကျင့်ကြံသူက သူ့ခန္ဓာတွင် အမှတ်အသားများ ချန်ရစ်ထားခြင်း ဖြစ်ရမည်။ ကျိုးပျက်ဂိုဏ်းက ရှာတွေ့ဖို့ရန် သုံးလ ကြာလောက်မည်ဟု ထင်ထားသော်လည်း သိပ်မကြာခင်တွင် သူတို့က တွေ့ရှိသွားကြလေသည်။

“ရှင်က အရမ်း တည်ငြိမ်လိုက်တာ ... ရှင်က အစစ်အမှန် ရေအဆင့်လေးနဲ့ နံပါတ် ၇၃၁ကို သတ်နိုင်ခဲ့တာ အံ့ဩစရာတော့ မရှိတော့ပါဘူး။ တကယ်လို့ ကျွန်မလည်း ရှင်နဲ့ တစ်ယောက်ချင်း ရင်ဆိုင်တိုက်ရင် ကျွန်မက ရှင့်ကို နိုင်မှာ မဟုတ်ဘူး ...” အဆိပ်နတ်သမီးက ခေါင်းညိတ်ကာ မိုဝူကျီကို အသိမှတ်ပြုရင်း ပြောလိုက်သည်။

မိုဝူကျီက အသက်ဝဝ ရှူကာ အဆိပ် နတ်သမီးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ကျုပ်က ခင်ဗျားလို အလှပဂေလေး လက်ချက်နဲ့သေဖို့ ဆန္ဒရှိပါတယ်။ ပျိုနီပန်းလေး အောက်မှာ သေရမယ်ဆိုရင် ဝိညာဉ်ဖြစ် သွားရင်တောင် ကြည်နူး နေမိဦးမှာပါ ... ဒါနဲ့ ကျုပ်ကို ဘယ်လိုများ ရှာတွေ့ခဲ့တာလဲ ဆိုတာတော့ နားမလည်ဘူးဗျာ ...”

မိုဝူကျီ၏ နောက်ဆုံးစကားက အမှန်တကယ် သိချင်နေသည့် အရာ ဖြစ်လေ၏။ သူ မည်မျှပင် ကြိုးစားစေကာမူ သူက သူ့ခန္ဓာပေါ်မှ အမှတ်အသားကို မမြင်တွေ့နိုင်ပေ။ အကယ်၍ အဆိပ်နတ်သမီးက အာကာသ အကျယ်ကြီးထဲတွင် သူ့ကို ရှာတွေ့နိုင်၍ သူ့အပေါ်တွင် သိသာ ထင်ရှားသည့် အမှတ်အသား ရှိကို ရှိရမည်။

သူက လူသိခံ၍ မဖြစ်ရာ ကျိုးပျက်ဂိုဏ်း၏ စိတ်ဝိညာဉ် အမှတ်အသားဖြင့် အာကာသထဲ လျှောက်သွားနေပါက အချိန်ကိုက် ဗုံးကြီး သယ်ဆောင် ထားသလို ဖြစ်မနေဘူးလား ... မိုဝူကျီက ထိုသို့သော အရာကို အလိုမရှိပေ။

“ကျွန်မက လှတယ်လို့ ရှင် ထင်ရဲ့လားဟင် ...” အဆိပ်နတ်သမီးက ရုတ်တရက် မေးလိုက်ပြန်သည်။

မိုဝူကျီက ခေါင်းညိတ်ပြကာ ရိုးရိုးသားသား ပြောလိုက်လေ၏။

“ခင်ဗျားက တကယ်ကို အရမ်း လှပြီးတော့ ဖြူစင်တယ် ...”

“တကယ်ကျ ကျွန်မက အဆိပ်ပြင်းတယ် ဟုတ်တယ် မလား ...” အဆိပ် နတ်သမီးက ရယ်မောကာ ခေါင်းခါလိုက်ပြီး

“ရှင့်ကို မပြောပြနိုင်တာ အားနာပါတယ် ... ရှင်ကလူကောင်းပဲ ပြီးတော့ ရှင့်ဆီမှာ သန့်စင်မှုလေး မြင်ရပေမဲ့လည်း ရှင့်ကို သတ်ရလိမ့်မယ် ... အဲဒါကြောင့် ကျွန်မ ရှင် ပျောက်ကွယ် မသွားမချင်း အဖော်ပြု ပေးပါ့မယ်။ တကယ်လို့ ပြန်လည် မွေးဖွားလာရင် ကျိုးပျက်ဂိုဏ်းကို ဘယ်တော့မှ ရန်မစမိပါစေနဲ့ ...”

မိုဝူကျီက လှောင်ပြုံးပြုံးကာ

“ကျုပ်လည်း တစ်ခုတော့ ပြောချင်တယ်။ တကယ်လို့ ကျိုးပျက်ဂိုဏ်းက ပြန်လည်မွေးဖွား လာရင်လည်း ကျုပ်နဲ့ လာပြီး မဆန့်ကျင်နဲ့ ... ကျုပ်နာမည်လည်း မှတ်ထားဦး မိုဝူကျီပဲ ...”

“ရှင် ...” အဆိပ် နတ်သမီးက တစ်ခုခု လွဲမှားနေကြောင်း ခံစားမိရကာ “ရှင်” ဟူသော စကားတစ်လုံးသာ ရေရွတ် နိုင်လိုက်သည်။ မိုဝူကျီလက်က သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင် ထားလေသည်။

ထိုအထဲကို သဘာဝ စွမ်းအားများ စီးဆင်းသွားပြီး သူမဝိညာဉ် လမ်းကြောင်းများကို လှည့်ပတ်ခြင်းမှ တားဆီးထားသည့် အတွက် မလှုပ်မယှက် ဖြစ်နေလေ၏။

“ရှင်က ကျွန်မအဆိပ်ကို မကြောက်ဘူးလား ...” အဆိပ်နတ်သမီးက မိုဝူကျီကို တအံ့တဩ ကြည့်ကာ မေးလိုက်မိသည်။ သူမအတွက် သူမအဆိပ်ကို မကြောက်သည့် သူကို ပထမဆုံး အကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ဤနှစ်များအတွင်း သူမက လောက အင်မော်တယ် အဆင့်ကိုပင် သတ်နိုင်ခဲ့ရာ သူမရှေ့မှ အစစ်အမှန် ရေအဆင့် ကျင့်ကြံသူလေး အပေါ် မည်သို့ သက်ရောက်မှု မရှိရတာလဲ ...

မိုဝူကျီက ခပ်ယဲ့ယဲ့ ရယ်မောလိုက်ပြီး

“တကယ်လို့ ကျုပ်ကို အဆိပ်ခတ် သတ်နိုင်မယ် ဆိုရင် ဒီနေ့အထိ အသက် ရှင်နေမှာ မဟုတ်တော့ဘူး ...”

မိုဝူကျီ ပြောလိုက်သည့် စကားမှာ လေလုံး ထွားလိုက်ခြင်းသာ ဖြစ်၏။ အကြောင်းမှာ သူ့ ၁၀၃ခုမြောက် ချီသွေးကြောကို ဖွင့်မထားနိုင်လျှင် သူက ဤအဆိပ်ကြောင့် အကြိမ်ပေါင်းများစွာ သေဆုံးပြီး လောက်လေပြီ ဖြစ်၏။

“ရှင်က တကယ် တော်တဲ့လူပဲ ... ကျိုးပျက်ဂိုဏ်းတော့ ရှင့်ကို ဆန့်ကျင်မိလို့ နောင်တ ရရတော့မယ် ...” သူမက ပြောလိုက်ပြီးနောက် စတင်၍ သွေးမည်းများ အန်လာလေသည်။

မိုဝူကျီ၏ သဘာဝ စွမ်းအားများက အမျိုးသမီး ခန္ဓာအတွင်း အလျင်အမြန် စီးဆင်းသွားပေမဲ့ တစ်ဖက်က အလိုမရှိသည့် အတွက် သူမ မျက်နှာ မည်းသထက် မည်းလာသည်ကိုသာ ထိုင်ကြည့် နေနိုင်လေသည်။

“ကျုပ်က မင်းကို သတ်ပစ်မယ်လို့ မပြောဘူးလေ ... ဘာကြောင့် ကိုယ့်ဘာသာ သတ်သေ ပစ်ရတာလဲ။ ကျိုးပျက်ဂိုဏ်း ကနေ ထွက်တာ ဘာမှားလို့လဲ ... မင်းလည်း လွတ်လပ်ခွင့်ကို ရနိုင်တယ်လေ ...” မိုဝူကျီက ထိုအမျိုးသမီး သေခြင်း၊ ရှင်ခြင်းကြောင့် မဟုတ်ဘဲ သူ့ခန္ဓာပေါ်မှ စိတ်ဝိညာဉ် အမှတ်အသားကြောင့် စိုးရိမ် လာမိသည်။

“ကျိုးပျက်ဂိုဏ်း ဝင်ပြီးတာနဲ့ လွတ်လပ်ခွင့်က ပြာအဖြစ် ပြောင်းသွားပြီ ...”

အဆိပ်နတ်သမီးမှာ မိမိဘာသာ အပြစ် တင်ဟန်ဖြင့် ပြုံးကာ ထိုစကားနှစ်ခွန်း ပြောပြီးနောက်တွင် သူမ ရုတ်တရက် မေးလိုက်သည်။

“ရှင်က ဘာလို့ ကျွန်မကို ရှင့်ရဲ့ ဒုတိယ သဘောအကျဆုံး အမျိုးသမီးလို ဆက်ဆံတာလဲ ... ရှင့်အတွက် ပထမ အမျိုးသမီးက ဘယ်သူများလဲ ...”

သူမက အရူးမဟုတ်ပေ။ သူမက မိုဝူကျီသည် သူ့ဒုတိယ သဘောအကျဆုံး အမျိုးသမီး အဖြစ် မဆက်ဆံခဲ့သည်ကို သိ၏။

မိုဝူကျီက ခါးသီးစွာ ပြုံးလိုက်ရင်း

“ကျုပ်ချစ်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးက ကျုပ်နောက်ကျောထိုး သစ္စာဖောက်ပြီး ကျုပ်ကို သတ်ခဲ့တယ် ...”

“သတ်ခဲ့တာလား ...” အဆိပ်နတ်သမီးက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ

“အဲလိုဆိုရင် ရှင်က သေသွားပြီးပြီးပေါ့ ... ရှင်က ...”

မိုဝူကျီက တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်ပြ လိုက်ပြီး

“မင်း ပြောတာမှန်တယ်။ ကျုပ်က တစ်ခါ သေပြီးပြီ။ ဒါက ပြန်လည် မွေးဖွား လာပြီးနောက် ဒုတိယဘဝပဲ ... အဲဒါကြောင် ကျုပ်က လွယ်လွယ် အသတ်မခံနိုင်ဘူး ... ကျိုးပျက်ဂိုဏ်း ဖြစ်နေရင် တောင်ပေါ့ ...”

“မြန်မြန် ကျွန်မကို ကယ်ပါ ... ကယ် ...” အဆိပ်နတ်သမီးက အသက်ရှင်ချင်စိတ် ပြင်းပြ လာလေသည်။ မိုဝူကျီက သူ့ဘဝအကြောင်း ဖော်ထုတ်ခဲ့သော်လည်း သူ့ခန္ဓာပေါ်မှ စိတ်ဝိညာဉ် အမှတ်အသား ရှာရန် အလို့ငှာ သူမကို ကယ်တင်နိုင်ရန် မျှော်လင့်နေဆဲ ဖြစ်လေ၏။

နှမြောစရာ ကောင်းသည်မှာ သူမခန္ဓာကိုယ်မှ အဆိပ်မှာ ကြောက်မက်ဖွယ် ကောင်းလှ၍ သူမ အရေပြားများက ကွာကျလာလေသည်။

“အမှတ်အသား ... ရှင့်ရဲ့ ဝိညာဉ်လမ်းကြောင်း လှည့်ပတ်ခြင်း ကျင့်စဉ် ...”

အဆိပ်နတ်သမီးက မြေပြင်ပေါ်သို့ လဲကျမသွားခင် ထိုစကားလေးသာ ပြောသွား နိုင်လေသည်။

အမွှေးတိုင် တစ်ဝက်စာ အကြာတွင် သူမက မိုဝူကျီ ရှေ့မှ လုံးဝပျောက်ကွယ် သွားလေသည်။ မည်သည့် အစအနမှ မကျန်ရှိခဲ့ဘဲ အဝတ်များသာ ကျန်ရှိနေလေ၏။

မိုဝူကျီက လေအေးများ ရှူရှိုက်လိုက်ပြီး

ဘယ်လောက်တောင် ပြင်းလိုက်တဲ့ အဆိပ်လဲ ... သူမနာမည် အဆိပ် နတ်သမီးမှာ နာမည်သပ်သပ် မဟုတ်ပေ။

အဆိပ် နတ်သမီးက သူ့ဝိညာဉ် လမ်းကြောင်း လှည့်ပတ်ခြင်း၌ အမှတ်အသား ထားခဲ့သောကြောင့် သူမအသက်ကို တောင်းဆိုဖို့ရန် ဆန္ဒရှိဟန် ရသည်။

ထိုအတွေးဖြင့် မိုဝူကျီက တစ်စုံတစ်ခုကို နားလည် သွားဟန်ဖြင့် ခြေချိတ်ကာ ထိုင်ချလိုက်သည်။ သူ့ချီသွေးကြော ၁၀၃ ခုလုံးကို စတင်၍ ဆက်တိုက် လှည့်ပတ်လိုက်ပြီး စိတ်စွမ်းအားက သူ့လှည့်ပတ်ခြင်းကို ဆက်တိုက်စစ်ဆေး ကြည့်နေလိုက်သည်။

နေ့ဝက် အကြာတွင် မိုဝူကျီက တစ်ခုခု ထူးခြားလာကြောင်း ခံစားမိလေသည်။ သူ့ဝိညာဉ် လမ်းကြောင်း လှည့်ပတ်မှုအတွင်း သဘာဝ စွမ်းအားလေးက မှေးမှိန်နေသော အရှိန်အဝါလေးဖြင့် တည်ရှိနေပြီး သူ့သဘာဝ စွမ်းအားများကို လှည့်ပတ်ပြီးသည့် အခါမှ ထိုအရှိန်အဝါလေးမှာ သိသာ လာလေသည်။

သူ့အတွေ့အကြုံနှင့် စွမ်းဆောင်ရည်တို့ အရ ထိုအရှိန်အဝါလေးမှာ ဘာဖြစ်ကြောင်း သေချာမသိပေ။ မိုဝူကျီက ခန္ဓာပေါ်တွင် အမှတ်အသား ချန်ရစ်ထားခြင်းကို အနည်းငယ် သိသော်လည်း ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်းအတွင်း အမှတ်အသား ချန်ထားနိုင်သည့် ကိစ္စကိုတော့ အတော်လေး အံ့အားသင့် မိလေသည်။

***

All Chapters