← Chapters

လျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက်

Vol. 24 Ch. 319

လျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက်

Vol. 24 Ch. 319

အမွှေးတိုင်တစ်တိုင် အကြာတွင် မိုဝူကျီက သူ့ချီသွေးကြောအတွင်းမှ အဆိပ်များ ပါနေသော သဘာဝ စွမ်းအားများကို ထုတ်လွှင့်လိုက်သည်။ ထိုစွမ်းအား အမျှင်လေး ထွက်ပေါ်လာသည့် အချိန်တွင် သူ့ပညာရှင် နှလုံးသားက  လောင်ကျွမ်းလာပြီး ဗလာနတ္ထိအဖြစ် အကုန်ရှင်းလင်း ပစ်လိုက်သည်။

မိုဝူကျီ မျက်နှာက အနည်းငယ် ဖြူဖျော့ လာလေသည်။ သူ့သဘာဝစွမ်းအားကို ဖြတ်ထုတ်လိုက်ခြင်းက သူ့ခန္ဓာအတွက် ဆိုးကျိုး ဖြစ်စေလိမ့်မည်။ သို့သော်လည်း သူက စိတ်သက်သာရာ ရသွားလေသည်။ ထို့နောက် သူက အခြေအနေ နားလည် လာသည့်အခါ စိတ်မှာ ရှင်းလင်း သွားလေသည်။

လောကခန်းမအတွင်း သူ ချလိုက်သည့် ဆုံးဖြတ်ချက်မှာ အနည်းငယ် အလောတကြီး နိုင်သော်လည်း အထီးကျန် ကြိုးနီက ကူညီခဲ့၍ အောင်အောင်မြင်မြင် လွတ်မြောက် လာနိုင်ခြင်း ဖြစ်ပေသည်။

သင်္ဘောပျံဖြင့် ဆက်လက် ရွက်လွှင့်ရင်း မိုဝူကျီက ယန်ယန်ဒေါင်၏ သိုလှောင်လက်စွပ်ကို ထုတ်ယူလိုက်သည်။

သူက ဤလက်စွပ်ကို ထုတ်ယူသည် ဖြစ်စေ၊ မထုတ်ယူသည် ဖြစ်စေ ယန်မျိုးနွယ်စုနှင့် ရန်စ ဖြစ်ပြီးသွားလေပြီ။ မိုဝူကျီက ထိုအရာကို ချန်ထားခဲ့ရအောင် လူတုံးမဟုတ်ပေ။ ထို့အပြင် ယန်ယန်ဒေါင်က သာမန် အစစ်အမှန်ရေအဆင့် ၉ကျင့်ကြံသူ မဟုတ်ပေ။ သူက ယန်မျိုးနွယ်စုဝင် ဖြစ်ရုံသာမက သူ့ပုဆိန်လှံရှည်နှင့်ပင် သူ့သိုလှောင်လက်စွပ်မှာ စစ်ဆေးကြည့်ရန် တန်နေလေပြီ ဖြစ်၏။

ယန်ယန်ဒေါင်၏ အမှတ်အသားကို မိုဝူကျီက အလွယ်တကူ ချေဖျက် လိုက်သည့်အခါ သူ့မျက်စိရှေ့တွင် ပစ္စည်းများ အစုံလိုက် အပုံလိုက် ပေါ်လာလေသည်။

မိုဝူကျီက ယန်ယန်ဒေါင်သည် သာမန် အစစ်အမှန်ရေ ကျင့်ကြံသူများထက် ပို၍ ကံကောင်းကြောင်း စိတ်ထဲမှ အံ့ဩတကြီး တွေးမိလိုက်သည်။  စိတ်စွမ်းအင် ကျောက်တုံးများအပြင် ဝိညာဉ်ဆေးလုံးများမှာ အနိမ့်ဆုံး အဆင့် ၃ ဆေးလုံးများဖြစ်ပြီး အများစုမှာ အဆင့် ၄ နှင့်အထက် ဖြစ်ကြသည်။ မိုဝူကျီက ဝိညာဉ်ဆေးပင်များနှင့် ပန်းပဲပစ္စည်းများကို ဝေ့ကာ ကြည့်လိုက်သည်။

သူ့အကြည့်များက ကျင့်စဉ်အချို့နှင့် ကျောက်စိမ်းသေတ္တာ လေးလုံးအပေါ်သို့ ကျရောက်သွားသည်။ ပုံမှန်အားဖြင့် ကျောက်စိမ်း သေတ္တာများကို အဖိုးတန်ပစ္စည်းများ သိမ်းဆည်းလေ့ ရှိကြသည်။ မိုဝူကျီက ကျင့်စဉ်များကို လှန်လှော ကြည့်လိုက်သော်လည်း မကြာခင် စိတ်ပျက် သွားလေသည်။ ထိုကျင့်စဉ်များက အဆင့်နိမ့်များ မဟုတ်ဘဲ ရွမ် ရတနာအဆင့် ဖြစ်နေသော်ငြား မိုဝူကျီအတွက် အသုံးမတည့်ချေ။

သူက ပုဆိန်လှံရှည်ကို လိုချင်သော်လည်း ရှာမတွေ့ပေ။ သို့သော်လည်း ယန်ယန်ဒေါင် လက်စွပ်အတွင်း သင်္ဘောပျံဆီမှ ကျေနပ်စရာများ တွေ့လိုက်ရသည်။ ထိုသင်္ဘောပျံမှာ သူလက်ရှိ မောင်းနှင်နေသည့် သင်္ဘောပျံထက် မဆိုးချေ။

မိုဝူကျီက သူ့မျှော်လင့်ချက်များကို ကျောက်စိမ်း သေတ္တာများဆီ ရွှေ့ထား လိုက်တော့သည်။ ကျောက်စိမ်း‌သေတ္တာ အတွင်း ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး နှစ်တုံး တွေ့လိုက် ရသည့်အတွက် မိုဝူကျီက အံ့ဩမိသွားသည်။ သူက သူမြင်လိုက်ရသည့် အရာကို အလွန်ပင် သဘောကျလေသည်။ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးများက အလွန်အမင်း အဖိုးတန်လှပြီး တန်ဖိုးမှာ ကျင့်ကြံခြင်း တစ်ခုတည်း၌ အသုံးတည့်ခြင်း မဟုတ်ပေ။

ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကို သူ့အတွက် သိမ်းဆည်း လိုက်ပြီးနောက် မိုဝူကျီက ဒုတိယမြောက် ကျောက်စိမ်း သေတ္တာကို ဖွင့်လိုက်သည်။ ထိုအတွင်း၌ မိုဝူကျီက ရင်းနှီးလှသော လခြမ်းကွေးသော့ကို မြင်လိုက်ရသည်။

မိုဝူကျီက လခြမ်းကွေးသော့ကို ချက်ချင်း ကောက်ယူ လိုက်ပြီးနောက် ယန်ယန်ဒေါင်က ကျင်းတန်ဝူနှင့်အတူ ရှိနေရသည့် အကြောင်းအရင်းကို နားလည် သွားလေပြီ။ သူက ကျင်းတန်ဝူ၏ ချမ်းသာသည့် ခင်ပွန်းလောင်း ရှာနိုင်သည့် အရည်အချင်းကိုပင် ချီးကျူး မိခဲ့သေးသည်။ သို့သော်လည်း ကြည့်ရသည်မှာ ယန်ယန်ဒေါင်က သူမနှင့် ရှိနေခြင်းမှာ လခြမ်းကွေး သော့ကြောင့် ဖြစ်နေလေသည်။

ကျင်းတန်ဝူ   ... ထိုအရူးမက သူမကို ဘဝနှင့် ရင်းကာ ချစ်မြတ်နိုးသည့် ဖန်းချီကို ကန်ထုတ်ပြီး သူမကို အသုံးချနေသည့် ယန်ယန်ဒေါင်ကို ရွေးချယ် သွားလေသည်။

မိုဝူကျီက သူ့၌ ကျင်းတန်ဝူကို ရူးမိုက်လွန်း လှသည်ဟု ပြောဖို့ အခွင့်အရေး မရှိကြောင်း ရုတ်တရက် ခံစားမိလိုက်သည်။ အကယ်၍ ကျင်းတန်ဝူသာ ရူးမိုက်သည် ဆိုပါက သူလည်း အရူး တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ ကမ္ဘာမြေမှာ ရှိစဉ်က ရှားရိုယင်နှင့် အပြိုင် သူ့အချစ်ကို လာယှဉ်ပြိုင်ကြသည့် အမျိုးသမီးများကို ရှောင်ရှားခဲ့တာပဲ မဟုတ်ပါလား ...

မိုဝူကျီက ခေါင်းကိုခါကာ ထိုအတွေးများကို ဘေးချိတ် ထားလိုက်သည်။ သူ့လက်ထဲမှ လခြမ်းကွေးသော့သည် ဖန်းချီ၏ မိသားစုပိုင် အရာမှန်း မသိသေးချေ။ မဟုတ်လျှင် သူက ဖန်းချီကို ပြန်ပေးမည် ဖြစ်သည်။ ထို့နောက် သူက တတိယမြောက် ကျောက်စိမ်း သေတ္တာကို ဖွင့်လိုက်သည့်အခါ အံ့ဩတကြီး ဖြစ်သွားစေသည်က နောက်ထပ် လခြမ်းကွေး သော့တစ်ချောင်း ထပ်ရှိနေခြင်း ဖြစ်ပေသည်။

ကြည့်ရသည်မှာ ကျင်းမျိုးနွယ်စု၏ လခြမ်းကွေးသော့နှင့် ဖန်းချီ၏ သော့ နှစ်ချောင်းလုံးမှာ ဤနေရာတွင် ရှိနေလေသည်။ အကြည့်နှင့်တင် ထိုသော့များက အတု မဟုတ်ကြောင်း ပြောနိုင်လေသည်။ မိုဝူကျီ၏ စိတ်စွမ်းအားဖြင့် သူက အထဲရှိ ပဟေဠိ ပုစ္ဆာကို နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေနိုင်စွမ်း မရှိပေ။

လခြမ်းကွေး သော့နှစ်ချောင်းကို အတူတူ ထားလိုက်သည့်အခါ လပြည့်ဝန်း ဖြစ်ပေါ် သွားလေသည်။ သို့သော်လည်း မိုဝူကျီက ထိုလပြည့်ဝန်းမှာ အပြည့်အဝ ပြည့်စုံမှု မရှိကြောင်း ခံစားမိနေသည်။

ဘာများလဲ ....

ထိုအရာတော့ သူ မပြောတတ်ပေ။

ထို့နောက် မိုဝူကျီက စတုတ္ထကျောက်စိမ်း သေတ္တာကို ဖွင့်ကြည့် လိုက်လေသည်။ သေတ္တာ ဖွင့်လိုက်သည်နှင့် မိုဝူကျီ မျက်စိရှေ့တွင် ရင်းနှီးနေသည့်  လပြည့်ဝန်းတစ်ခု ပေါ်လာလေသည်။

ဒီဟာက ....

မိုဝူကျီက ထိုလခြမ်းကွေး သော့နှစ်ချောင်းကို မြန်မြန် ပြန်ထား လိုက်ပြီးနောက် ဤအရာက လခြမ်းကွေး သော့နှစ်ချောင်း ပေါင်းစပ် ထားခြင်းကြောင့် လပြည့်ဝန်း ဖြစ်ပေါ်လာခြင်း မဟုတ်ဘူးလား။

မိုဝူကျီက ဤလပြည့်ဝန်းမှာ လခြမ်းကွေး သော့နှစ်ချောင်းက ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ထိုပေါင်းစပ်မှုမှာ ပြီးပြည့်စုံလှသည့်အတွက် လိုအပ်ချက်များ၊ ပြစ်ချက်များ တစ်ခုမျှ ရှာမတွေ့ပေ။ ယခင် သော့နှစ်ချောင်းကို အတူတကွ ထားလိုက်သည့်အခါ ထိုသို့သော ပြီးပြည့်စုံမှုကို မခံစားမိပေ။ ဤအရာကသာ ပြီးပြည့်စုံမှု အဓိပ္ပာယ်ကို ဖွင့်ဟ ပြနေသကဲ့သို့ ဖြစ်၏။

ခဏတာ စူးစမ်းပြီးနောက် မိုဝူကျီက ထိုအရာများကို ဘေးချ ထားလိုက်သည်။ ရုတ်တရက်ဆိုသလို ကြယ်တာရာ ရှာဖွေရေး ကုန်သည်အိမ်တော်မှ ပထမ လေလံပစ်သည့် အရာမှာ အဘယ်ကြောင့် မှတ်တမ်းစာအုပ် ဖြစ်နေကြောင်း နားလည် သွားလေသည်။ ထိုမှတ်တမ်း စာအုပ်တွင် လခြမ်းကွေးသော့များနှင့် လခြမ်းကွေး အင်မော်တယ် နန်းတော်အကြောင်း ပါဝင်လေသည်။

ထိုမှတ်တမ်းစာအုပ် လေလံပွဲ ရောက်လာသည်မှာ တိုက်ဆိုင်ခြင်း သပ်သပ်တော့ မဟုတ်နိုင်ပေ။ ယန်မျိုးနွယ်စုက သူ့တွင် လခြမ်းကွေး သော့ရှိကြောင်း အတည်ပြုချင်၍သာ ဖြစ်ရမည်။ တခြားနည်းနှင့်ဆိုရလျှင် လခြမ်းကွေးသော့များမှာ ယန်မျိုးနွယ်စုအတွက် အလွန် အရေးပါလေသည်။ ထို့ကြောင့် လခြမ်းကွေး သော့များနှင့် လခြမ်းကွေး အင်မော်တယ် နန်းတော်နှင့် ဆက်စပ်နေခြင်းမှာ ဖြစ်နိင်လေသည်။

သူက ယန်ယန်ဒေါင် လက်စွပ်ကို ယခင်က ဖွင့်မကြည့်ခဲ့သည်မှာ ကံကောင်း လှပေသည်။ မဟုတ်လျှင် သူက ထိုမှတ်တမ်း စာအုပ်ကို လက်လျှော့မည် မဟုတ်ပေ။

ယန်မျိုးနွယ်စုမှာ ကြယ်တာရာ ဘုရင်တောင်မှ မျိုးနွယ်စုကြီး သုံးခုအနက်မှ တစ်ခု ဖြစ်လေသည်။ သူတို့က ထိုသော့များကို ဤမျှ တန်ဖိုးထားနေပါက ထိုသော့များမှာ လုံးဝ ရိုးရှင်းလိမ့်မည် မဟုတ်ပေ။

သူတို့က ပို၍ အရေးပါလေလေ မိုဝူကျီက ယန်မျိုးနွယ်စုကို ပေးချင်စိတ် နည်းလေလေ ဖြစ်သည်။

မိုဝူကျီက လခြမ်းကွေး အင်မော်တယ် နန်းတော် ကိစ္စကို ဘေးဖယ်ထားရန် ဆုံးဖြတ် လိုက်လေ၏။

သူ့အားနည်းချက်မှာ သူ့တွင် တုတ်နည်းစနစ်များ မရှိသေး၍ ဖြစ်လေသည်။ သို့‌သော် ယခုတွင် သူ့၌ တုတ်နည်းစနစ် ရပြီဖြစ်ရာ သေချာ ကြည့်ကြည့်ရမည်။

မိုဝူကျီ ဝယ်လာသည့် တုတ်နည်းစနစ်မှာ ကျင့်စဉ် ကူးပြောင်းခြင်း သလင်းကျောက် မဟုတ်ဘဲ ရှေးဟောင်း စာစောင်တစ်စောင် ဖြစ်လေသည်။ ထိုစာစောင်ကို ပိတ်ထားသည့် အတွက် အပြင်ပန်းမှ “နိဗာန တုတ်အရိပ်” ဟူသော  စာလုံးသုံးလုံးသာ တွေ့မြင်နိုင်လေသည်။

ထိုစာစောင်ပေါ်မှ ကန့်သတ်ချက်များကို ချိုးဖျက်ပြီးနောက် မိုဝူကျီက သတိတကြီး လှန်ကြည့်လိုက်သည်။

သူက ချက်ချင်းဆိုသလို မှင်တက်မိ သွားသည်။

ဒါက ဘယ်လိုလုပ် ကောင်းကင်အဆင့် ကျင့်စဉ် ဖြစ်နိုင်ပါ့မလဲ ...  ဒါက သက်သက်ရိုက်စားပဲ ...

သူက ကောင်းကင်ကျင့်စဉ်အတွက် အမှတ်များစွာ သုံးလိုက်ရသော်လည်း အထဲ၌ တိုက်ကွက်တစ်ခုသာ ပါရှိလေသည်။ ထိုအကွက်အတွက် နာမည်တစ်ခုသာ ပါရှိလေသည်။

ထိုတိုက်ကွက်၏ သီးသန့် တိုက်ခိုက်နည်းများကို မဖော်ပြထားဘဲ နာမည်အပြင် ပါရှိနေသော နည်းလမ်းမှာ သဘာဝစွမ်းအားကို အသုံးပြု၍ ကျင့်ကြံခြင်း ဖြစ်လေသည်။ ထိုသည်က သဘာဝ စွမ်းအားများကို အသုံးချသည့် စာအုပ် ဖြစ်နေလေသည်။

ထို့အပြင် ဤတိုက်ကွက် နာမည်မှာ နိဗာနနှင့် မည်သို့မျှ မအပ်စပ်ဘဲ လျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက်ဟု အမည်ဖြစ်နေသည်။

ရမှတ် ၁၃၅၀၀၀၀ နှင့် ထိုသို့သော အရာကို ဝယ်မိခဲ့လေသည်။ မိုဝူကျီက စကားပင် မည်သို့ဆိုရမှန်း မသိတော့ပေ။

ထို့အပြင် သူက ကြယ်တာရာ ရှာဖွေရေး ကုန်သည် အိမ်တော်သို့ သွား၍ ပြဿနာ ရှာ၍လည်း မရပေ။ ထိုအရာက အစစ်အမှန် ဟုတ်သည်၊ မဟုတ်သည် ပြဿနာ မဟုတ်ပေ။ အကြည့်နှင့်တင် ထိုအရာမှာ လောကဓံ တရားများကို ဖြတ်ကျော် လာရကြောင်း ပြောနိုင်လေသည်။ အမှန်ပင် ရှေးဟောင်း စာစောင် ဖြစ်လေ၏။

အကယ်၍ သူသာ ထိုအရာကို ရမှတ် ၁၀၀၀၀နှင့်သာ ဝယ်ယူထားပါက ဒေါသတကြီး လွှင့်ပစ်လောက် ချေပြီ။ သို့သော် ယခုမူ ရမှတ် ၁၃၅၀၀၀၀ ကုန်ကျထားရသည့် အတွက် မလွှင့်ရက်ပေ။

မိုဝူကျီက စိတ်ကိုလျှော့ထားပြီး ပြန်လေ့လာ ကြည့်လိုက်သည်။ အမွှေးတိုင် တစ်ဝက်ခန့်တွင် သူက လုံးဝ နစ်မျောသွားလေ၏။ ထိုအရာမှာ စာအုပ်အချို့၏ အရိပ်အမြွက် မဟုတ်ဘဲ တုတ်ကိုင်နည်း စနစ်များ ဖြစ်နေကာ သဘာဝ စွမ်းအားများကို ကိုင်တွယ်သည့် ထိပ်သီး နည်းလမ်းဟုပင် ဆိုလိုရနေသည်။

သူ့ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ်မှ အချိန်မရွေး လှုပ်ရှားနိုင်သည့်  မိုးမြေဗြောင်းဆန်ခြင်း ကဲ့သို့ နည်းလမ်း အမျိုးမျိုး အသုံးပြု၍ တုတ်နည်း စနစ်များမှာ ထင်မှတ်မထားသည့် ထောင့်များမှ ရိုက်နိုင်ကြောင်း ပြထားလေသည်။ တခြားနည်းနှင့် ဆိုရလျှင် ခေါင်းပေါ် တည့်တည့်သို့  တုတ် ကျရောက်လာမည်ဟု မြင်ပြီး မျက်လုံးရှေ့တွင် တုတ်ရောက် လာသည့်အခါ  တုတ်ကို မမြင်တွေ့နိုင်ဘဲ တုတ်အရိပ်မျှသာ ဖြစ်နေလိမ့်မည်။ အစစ်အမှန်တုတ်က ထင်မှတ် မထားသည့် ထောင့်နေရာမှ ပေါ်ထွက်လာမည် ဖြစ်ပေသည်။

လျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက် ... ထိုသည်က နာမည်နောက်မှ အဓိပ္ပာယ်အစစ်အမှန် ဖြစ်ပေသည်။

သူ့လျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက်မှာ ဘယ်နေရာက ရောက်လာမည်မှန်း သိမည် မဟုတ်ပေ။ ထိုအကွက်အတွက် အမြဲ သတိတကြီး ထားထားရလိမ့်မည်။

တိုက်ကွက်များ သီးသန့် မပါရှိသည်က အံ့ဩစရာတော့ မဟုတ်ပေ။ ထိုတုတ်ရိုက်ချက် အသုံးပြုသူ ကိုယ်တိုင်ပင် လျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက်မှာ ဘယ်နေရာမှ ပေါ်လာမည်မှန်း မသိပေ။

မိုဝူကျီ နှလုံးသားက ပြင်းထန်စွာ ခုန်လာလေသည်။ ချက်ချင်းဆိုသလို သူ့စိတ်ထဲ၌ နိဗာနတုတ်အရိပ် တိုက်ကွက်မှာ ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ်ထက် ကျော်လွန် သွားလေသည်။ ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း နည်းစနစ်မှာ လျှို့ဝှက် ပညာရပ် ဖြစ်သော်လည်း မပြီးပြည့်စုံသေးပေ။ တစ်ဖက်တွင် နိဗာနတုတ်အရိပ်မှာ ပြီးပြည့်စုံပြီး လျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက်မှာ မိုဝူကျီ အကြိုက်နှင့် ကွက်တိ ဖြစ်နေလေသည်။

သူက တစ်ဆင့်ချင်း လှုပ်ရှားရသည့် တိုက်ကွက်များကို မကြိုက်ပေ။ ထိုလှုပ်ရှားမှုများမှာ ကြိုတင်ခန့်မှန်း၍ ရနိုင်သည်။ သို့သော်လည်း ဤလျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက်မှာ လုံးဝ မမျှော်မှန်းနိုင်ပေ။

သူသာ ဤစာစောင်ထဲမှ သဘာဝ စွမ်းအားများ အသုံးပြုနည်းကိုသာ နားလည်သရွေ့ သူက လျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက် အသုံးပြုသူ ဖြစ်လာလိမ့်မည်။

***

တစ်ချိန်တည်းတွင် ကြယ်တာရာ ဘုရင်တောင် ကြယ်တာရာသခင် ခန်းမအတွင်း၌

အလယ်တွင် လူလတ် အမျိုးသားက ထိုင်ခုံပေါ်ထိုင်နေကာ သူ့နံဘေးနားတွင် ရပ်နေသော အကြီးအကဲ တစ်ယောက် ရှိလေသည်။ ထိုလူမှာ ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာသခင် ချီထုံဖြစ်၏။ ကြယ်တာရာ ဘုရင်တောင်တွင် အာဏာမျိုးစုံနှင့် အပိုင်းအခြားများစွာ ရှိသော်လည်း မည်သူကမျှ သူ့အား မလေးမစား မလုပ်ရဲကြပေ။

အချိန် ခဏအကြာတွင် ချီထုံက မျက်လုံးဖွင့်ကာ မေးလိုက်သည်  “ယန်မျိုးနွယ်စု ခေါင်းဆောင် ယန်ချီရန်နဲ့ ကြယ်တာရာတိမ်တိုက် ခန်းမသခင် ယန်ဖင်းကျီတို့က လောကခန်းမကို သွားခဲ့တာလား ...”

“ဟုတ်ပါတယ် ကြယ်တာရာသခင် ...” အကြီးအကဲက ပြန်ဖြေလိုက်သည်။

“ယန်ချီရန်နဲ့ ယန်ဖင်းကျီတို့က ယန်မျိုးနွယ်စုဝင် တစ်ယောက်အတွက် လူအုပ်ရှေ့ ထွက်ပေါ် လာကြတယ်ပေါ့ ...” ချီထုံက တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။

အကြီးအကဲက ဦးညွှတ်လိုက်ရင်း ပြန်ဖြေလိုက်လေ၏  “ဒီအစေခံ ထင်တာတော့ အဲလို သေချာပေါက် မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ဒီအစေခံလေးက သွားပြီး စုံစမ်း ကြည့်ခဲ့ပါတယ်။ ယန်ယန်ဒေါင်က တာအိုပညာရှင် စန်ပင်းရဲ့ အမွေအနှစ်ကို ရသွားပါတယ် ...”

“တာအိုပညာရှင် စန်ပင်း” မူလက တည်ငြိမ်နေသည့် ချီထုံက မတ်တတ်ရပ်ကာ အကြီးအကဲ စကားအတိုင်း ရေရွတ်မိလိုက်သည်။ ထို့နောက်မှ အသိ ပြန်ကပ်လာကာ ပြန်ထိုင်ချ လိုက်လေသည်။

အကြီးအကဲက တုံ့ပြန်လိုက်လေသည်  “ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၁၆၀၀ လောက်က လခြမ်းကွေးသော့ကို ရပြီး ပျောက်ကွယ်သွားတဲ့ တာအိုပညာရှင် စန်ပင်းနဲ့ အတူတူပါပဲ။ ဒါပေမဲ့ ယန်ယန်ဒေါင်ရဲ့ ပုဆိန်လှံရှည်က တာအိုပညာရှင် စန်ပင်းနဲ့ မဆက်စပ်ပါဘူး။ ယန်မျိုးနွယ်စု ဘာသာ ထုတ်ဖော်ထားတဲ့ ကိစ္စပါ။

ယန်ယန်ဒေါင် ပျောက်သွားပြီးနောက် ယန်မျိုးနွယ်စုက သူ့နေရာကို ရှာဖွေတော့မှ သူက တာအိုပညာရှင် စန်ပင်ရဲ့ အမွေအနှစ်တွေကို လက်ခံထားတာ သိလိုက်ရတာပါ ...”

“အဲဒါဆို သူနဲ့ လခြမ်းကွေးသော့ ရှိနေတယ်ဆိုတဲ့ သဘောလား ...” ချီထုံ မျက်လုံးများက အပြာရောင် အလင်းတစ်ချက် ဖြတ်ပြေး သွားလေသည်။

အကြီးအကဲက ခေါင်းခါလိုက်ပြီး

“အဲဒါထက် ပိုနေမှာကို စိုးရိမ်မိတယ်။ ယန်ယန်ဒေါင် အသတ် ခံရပြီးတဲ့နောက်မှာ ကျင်းမျိုးနွယ်စုကိုလည်း စုံစမ်းခဲ့တယ်။ အဲဒီမှာ သူ့မှာ လခြမ်းကွေးသော့ သုံးချောင်း ရှိနေတာကို သိလိုက်ကြတယ်။ တာအိုပညာရှင် စန်ပင်း အပိုင်အပြင် ကျင်းမျိုးနွယ်စုက တစ်ချောင်းနဲ့ နောက်တစ်ချောင်းက ကျင်းမျိုးနွယ်စုက နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ဆီက လုယက်ထားတာရယ်  စုစုပေါင်း သုံးချောင်းပါ ...”

“အဲလိုဆိုရင် ယန်ယန်ဒေါင် အသတ်ခံရပြီး နောက်ပိုင်း လခြမ်းကွေး သော့တွေက လောကအဆင့်ဇယား ဝင်လာတဲ့ မိုဝူကျီဆီမှာပေါ့ ...” ချီထုံက ပြောရင်း မျက်မှောင်ကြုတ်မိ လိုက်သည်။

“အခုတော့ အဲလိုပါ။ အခု ယန်မျိုးနွယ်စုတင် မကဘူး။ ရှားမျိုးနွယ်စု၊ မော့မျိုးနွယ်စုနဲ့ ဂိုဏ်းတော်တော် များများရယ် ကြယ်တာရာ ဘုရင်တောင်က ခန်းမ ဆယ်ခုလုံးက သိထားပြီးပါပြီ ...”

အကြီးအကဲက ထိုအထိ ပြောပြီးနောက် သက်ပြင်းချကာ   “အဲဒါကြောင့် အားလုံးက မိုဝူကျီကို ရှာချင်နေကြတာ။ သူတို့ရဲ့ အကြောင်းပြချက်က မိုဝူကျီက ရှားမျိုးနွယ်စုကနေ ရမှတ် ၅၀၀၀၀၀ ကို အလွဲသုံးစား လုပ်ပြီးတော့ လောကခန်းမရဲ့ စည်းမျည်းတွေကို ချိုးဖောက်တယ်ပေါ့ ...  အခု မိုဝူကျီ နေရာကို ပြောပြနိုင်ရင်  ဆုလာဘ်အနေနဲ့ ရမှတ် ၁၀၀၀ ၀၀၀ ချီးမြှင့်မယ်တဲ့  ...”

***

All Chapters