တကိုယ်တော်ကျင့်ကြံသူ ကျန်းမင်
Vol. 10 Ch. 136
ခေါင်းဆောင်တောက်ရင်၏စကားက ဟန်မူယဲ့အား ရယ်မောစေသည်။
ခေါင်းဆောင်တစ်ယောက်ဖြစ်သော သူက တခြားလူများ၏ ဝေဖန်မှုများကို သိပ်ဂရုမစိုက်တော့ဟု သူ တွေးခဲ့သည်။
သို့ဆိုလျှင် သူကား အချိန်အခါကောင်းကို တမင်စောင့်နေခြင်း ဖြစ်သည်။
ခေါင်းဆောင်မူသည်ပင် သွေးကြောဖွင့်ဆေးလုံးဖော်စပ်နည်းအသစ်သည် ဖြစ်နိုင်သည်ဟု ပြော၏။ သည်တစ်ကြိမ် ခေါင်းဆောင်တောက်ရင်သည် သူ့အား အထင်သေးသူများအား အမှန်တကယ် ပါးရိုက်နိုင်လောက်သည်။
အခန်းအနားကား မစတင်သေးပါ။ မူမိသားစုခေါင်းဆောင်လည်း မရောက်သေးချေ။ ဟန်မူယဲ့သည် ရှေ့ဆုံးတွင် မဟုတ်သော်လည်း ခေါင်းဆောင်တောက်ရင်နှင့် အကြီးအကဲစုလျန့်တို့နောက်၌ ထိုင်နေခြင်း ဖြစ်သည်။
သူက နောက်လှည့်ကြည့်လျှင် မူမိသားစုတပည့်များနှင့် အတူထိုင်နေသော မူဝမ်အား မြင်သည်။
မူဝမ်အနီးမှ လူများကလည်း သူ့အား မြင်ကြသည်။ တချို့ဆိုလျှင် ဟန်မူယဲ့ထံသို့ လက်ညိုးထိုးကာ တစ်စုံတစ်ခု ပြောဆိုနေကြသည်ကို မြင်၏။ သူတို့၏အကြည့်များမှ သူတို့ ပြောသော စကားများမှာ မကောင်းသော မှတ်ချက်များ ဖြစ်မည်မှာ သေချာသည်။
အာခီမီပညာရှင်များ၏အမြင်တွင် ဓားသမားတစ်ယောက် မည်မျှ ထူးချွန်ခြင်းက အရေးပါဟန် မတူပါ။
အာ…
ထိုစဉ် ဟန်မူယဲ့က မထင်မှတ်ထားသောလူတစ်ယောက်ကို မြင်သည်။
ထိုလူအား သူ ယခင်က မြင်ဖူးသည်။
သို့သော်လည်း သူ မြင်ဖူးခဲ့သည်မှာ ဆေးပေါင်းဖို၏မှတ်ဉာဏ်ထဲမှ ဖြစ်သည်။
ကျန်းမင်။
ကျောက်စိမ်းသစ်တောမှ တကိုယ်တော်ကျင့်ကြံသူ၊ ဓားချီဖြင့် ဆေးဖော်စပ်ရန် ကြိုးစားသူ။ သန့်စင်မြူနှင်းဆေးလုံးကို ဖော်စပ်သူ။
ထိုလူ၏ အာခီမီအပေါ် ရူးသွပ်မှုက ဟန်မူယဲ့အား အမှတ်တရ ဖြစ်စေသည်။
ကျင့်ကြံခြင်းကား ရူးသွပ်ဖွယ်ကောင်းသော ကိစ္စဖြစ်သည်။
ထိုအခိုက်တွင် ကျန်းမင်တွင် သုန်မှုန်သော အမူအရာ ရှိနေသည်။ သူသည် စိမ်းညိုရောင်ဝတ်စုံကို ဝတ်ထားကာ သူ၏ဆံပင်ဖြူများကို သိပ်ရပ်စွာ စည်းထား၏။
သူသည် ဆေးဖော်စပ်စဉ်ကကဲ့သို့ ရူးသွပ်ပုံ မပေါ်တော့ပါ။
သူသည် ထောင့်တစ်နေရာတွင် အဆင့်နိမ့်ကျင့်ကြံသူများနှင့်အတူ ထိုင်နေ၏။
တကိုယ်တော်ကျင့်ကြံသူဖြစ်သော ကျန်းမင်အတွက် အခမ်းအနား၌ နေရာကောင်းရရန် မလွယ်ကူပါ။
ကျင့်ကြံသူများတွင် အားကောင်းသော အာရုံခံနိုင်စွမ်း ရှိသည်။ ဟန်မူယဲ့က သူ့ကို စက္ကန့်ပိုင်းမျှသာ ကြည့်ခြင်းဖြစ်သော်လည်း ကျန်းမင်က ပြန်ကြည့်၏။
ဟန်မူယဲ့အား မြင်လျှင် သူက အံ့အားသင့်သွားသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တစ်ယောက်လား။
သူသည် တကိုယ်တော်ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သည်။ သူက ထိုသို့သော နောက်ခံကောင်းသောသူများနှင့် အဆက်အဆံမရှိချေ။
ဟန်မူယဲ့က နှုတ်ဆက်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။
ထိုအဖြစ်က ကျန်းမင်အား နားမလည် ဖြစ်စေ၏။
သို့သော် သူက ခေါင်းပြန်ညိတ်ပြသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် လက်ရှိတွင် အင်အားအဆမတန် ကြီးထွားလာခဲ့သည်။ လူငယ်သည် ခေါင်းဆောင်တောက်ရင်၏အနီးတွင်ပင် ထိုင်နေရာ သူသည် သေချာပေါက် သာမန် မဟုတ်နိုင်ပေ။
တကိုယ်တော်ကျင့်ကြံသူတစ်ဦးအတွက် ၎င်းနှုတ်ဆက်မှုက အမှန်တကယ် ဂုဏ်ယူစရာ ဖြစ်သည်။
ထိုစဉ် ခေါင်းလောင်းသံနှင့်အတူ ကောင်းကင်တွင် ကောင်းချီးနိမိတ်ပုံရိပ်များ ဖြစ်ပေါ်လာကာ ပန်းပွင့်များ ကျဆင်းလာ၏။
အခမ်းအနားကား စတင်လေပြီ။
မိသားစုခေါင်းဆောင်မူကို ဟန်မူယဲ့က ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
မီးခိုးရောင်ဝတ်စုံကို ဝတ်ထားသော အဖိုးအိုသည် မုတ်ဆိတ်ရှည်ကြီးများရှိကာ သူ့တကိုယ်လုံးအား ဆေးရနံ့အငွေ့အသက်များ အားကောင်းစွာ ရစ်ပတ်ထား၏။
၎င်းသည် သူ၏အာခီမီကျင့်ကြံခြင်း မည်မျှ အဆင့်မြင့်သည်ကို ကိုယ်စားပြု၏။
သူ့တွင် ရိုးရှင်းသော မျက်နှာ၊ ကြင်နာသော မျက်လုံးများနှင့် ဆေးရနံ့များ ရှိနေ၏။
၎င်းကား ပုံမှန် မြင်နေကျ အာခီမီပညာရှင်တစ်ဦး၏ ပုံစံလည်း ဖြစ်သည်။
“တာအိုရောင်းရင်းများ… မူချွန်းဟွေ့ဟာ အသက် ၈၀၀ နေလာခဲ့ပြီးပါပြီ။ ခင်ဗျားတို့ ဒီနေ့ ရောက်လာခဲ့တာ အရမ်းပဲ ကျေးဇူးတင်ရပါတယ်”
ကြီးမြတ်သော ကျင့်ကြံသူတစ်ဦး၏အသံသည် ကျယ်လောင်ကာ ကြည်လင်ပြတ်သား၏။
ဂိုဏ်းကြီးများ၏ ကိုယ်စားလှယ်ဖြစ်သော ခေါင်းဆောင်တောက်ရင် ဖြစ်စေ၊ တခြားသော လူများဖြစ်စေ သူတို့အားလုံးက ထရပ်ကာ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်ကြသည်။
နှစ် ၈၀၀ မျှသော ကျင့်ကြံခြင်းကာလသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ရှားပါးသည်တော့ မဟုတ်ပါ။
ကမ္ဘာမြေအဆင့်များသည်ပင် နှစ်တစ်ထောင်ခန့် အသက်ရှင်နိုင်ကြ၏။
သို့သော်လည်း နှစ်ပေါင်း ၈၀၀ အတွင်း မူချွန်းဟွေ့သည် အနောက်ဘက်နယ်စပ်ကုန်းမြေအတွက် အများကောင်းကျိုးကို များစွာ သယ်ပိုးခဲ့သူ ဖြစ်သည်။
သူ၏အထက်လမ်းလုပ်ရပ်များကြောင့် များစွာသောလူတို့က လေးစားစွာ ဆက်ဆံရသည်။
ဟန်မူယဲ့က လူသူပရိသတ်များအား ကြည့်ကာ သက်ပြင်းချသည်။
ဓားသမားတစ်ဦးသည် လောကထိပ်ဆုံးသို့ ရောက်ရန် ရည်မှန်း၏။ အာခီမီပညာရှင်တစ်ယောက်သည်ကား ထောင်သောင်းများစွာသော လူတို့၏ချီးကျူးဂုဏ်ပြုမှုကို တန်ဖိုးထားသည်။
ကောင်းကင်ကို လက်နောက်ပစ်ကာ ရပ်လျက် ကြည့်နေသော မူချွန်းဟွေ့အား ကြည့်ကာ ဟန်မူယဲ့ တစ်စုံတစ်ခုကို နားလည်လာခဲ့သည်။
ကျင့်ကြံသူများမှာလည်း လူသားများသာ ဖြစ်သည်။
လူသားများမှာ တစ်စုံတစ်ခုကို အမြဲလိုချင်တပ်မက်ကြပေသည်။
လိုချင်တပ်မက်ကင်းမဲ့ကာ စိတ်ခံစားချက်များအားလုံးကို ဖြတ်တောက်နိုင်ပါက ၎င်းသည် အမှန်တကယ် အင်မော်တယ်တစ်ဦး ဖြစ်လာခြင်း ဖြစ်ပေမည်။
မူမိသားစုတပည့်များက အမွှေးနံ့သာစားပွဲတစ်ခုကို သယ်လာကြသည်။ မူချွန်းဟွ့က အမွှေးနံ့သာတိုင်ကို ကိုင်ကာ လောကကြီးအား ဦးညွှတ်ဂါရဝပြုသည်။
သူသည်ကား အာခီမီကျင့်ကြံသူ ဖြစ်သည်။ သူ၏အာခီမီသည် လောကကြီးမှ မွေးဖွားပေးသော ဆေးပင်ဆေးမြစ်များနှင့် သဘာဝစွမ်းအင်တို့အပေါ် မူတည်သည်။
ဓားသမားတစ်ဦးက ဓားတစ်လက်ကိုင်စွဲကာ ကောင်းကင်ဘုံနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမပြုလျှင်ပင် လုံလောက်နေပြီ ဖြစ်သည်။
အခမ်းအနားမှာ ဟန်မူယဲ့ နားမလည်သော ထုံးတမ်းဓလေ့များဖြင့် ကျင်းပြနေခဲ့သည်။
သူ၏အမြင်တွင် အခမ်းအနားသည် စားသောက်ဖွယ်ရာများဖြင့် စားသောက်အောင်ပွဲခံခြင်း ဖြစ်သည်။
သို့သော်လည်း စားပွဲပေါ်မှ သေရည်နှင့် စားသောက်ဖွယ်ရာများမှာ ချက်ချင်း သုံးဆောင်၍ မရသေးပါ။
မူမိသားစုမှ တိုက်ရိုက်မျိုးဆက်များသည် မူချွန်းဟွေ့အား သွားရောက် ကန်တော့ကာ မွေးနေ့လက်ဆောင်များ ပေးကြသည်။
၎င်းတို့အထဲတွင် ရှားပါးဆေးပင်များနှင့် ရတနာများ ဖြစ်သည်။
သူတို့မှာ ဒုတိယမျိုးဆက်များ၊ တတိယမျိုးဆက်များအထိ ပါကာ အများစုမှာ ကမ္ဘာမြေအဆင့်ကျင့်ကြံသူများ ဖြစ်ကြ၏။
မူချွန်းဟွေ့ကလည်း လက်ဆောင်များကို လက်ခံကာ ချီးကျူးစကားများ၊ အားပေးစကားများ ပြောသည်။
နောက်ပိုင်း လက်ဆောင်လာပေးသူများမှာကား အခြေခံအုတ်မြစ်အဆင့်များနှင့် ချီစုစည်းခြင်း ဂျူနီယာများ ဖြစ်ကြသည်။
“သူက မူမိသားစုရဲ့ အကြီးဆုံးသား မူထန်ကျစ်ပဲ”
“မူမိသားစုလူငယ်မျိုးဆက်ထဲမှာ ခေါင်းဆောင်မူရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ မျှော်လင့်ခြင်း ခံရသူပဲပေါ့။ သခင်လေးမူထန်ကျစ်ဟာ အတော်လေး ကျော်ကြားတယ်”
အနီးအနားမှ ဆွေးနွေးသံများကို ကြားရသည်။
မူဝမ်နှင့် တခြားလူများရှေ့တွင် သတ်လတ်ပိုင်းအရွယ် ခရမ်းဖျော့ရောင်ဝတ်လူတစ်ဦး ရှိနေသည်။
သူသည်ကား မူမိသားစု၏ နံပါတ် ၁ ဂျူနီယာ မူထန်ကျစ် ဖြစ်သည်။
သူ့တွင် တခြားလူငယ်များထက် ပိုမိုသိပ်သည်းသော ဆေးချီအငွေ့အသက်များ ရှိနေသည်။ သူ၏ကျင့်ကြံဆင့်မှာလည်း အခြေခံအုတ်မြစ် အဆင့်တွင် ရှိသည်။
သူ၏ ဦးဆောင်မှုနှင့်အတူ မူမိသားစုတပည့်များသည် မူချွန်းဟွေ့အား ကန်တော့ကြ၏။
မူထန်ကျစ်က သူ ဖော်စပ်ထားသော သတ္တမတန်းစားဆေးလုံးကို လက်နှစ်ဆက်ဖြင့် ကမ်းပေးသည်ကလွဲပြီး တခြားလူများမှာ လက်ဗလာဖြင့်သာ ဖြစ်သည်။
မူမိသားစုခေါင်းဆောင်သည် သူတို့၏ လက်ဆောင်သေးသေးလေးများအား စိတ်မဝင်စားပါ။
သူတို့၏စိတ်ဆန္ဒများသည်သာ လုံလောက်ပေသည်။
မူမိသားစုဝင်များမှ လက်ဆောင်များ ပေးပြီးသည်တွင် တခြားဂိုဏ်းမှ လူများက ရှေ့ကို တက်သွားကြသည်။
ဦးဆုံး ထရပ်သူတို့ကား လင်တောက်ဂိုဏ်းမှ တာအိုဆရာများ ဖြစ်သည်။
အပြင်လူများသည် သူတို့ ပေးသော လက်ဆောင်များကို မမြင်ကြရပါ။
ခေါင်းဆောင်မူက လက်ဆောင်များကို လေးနက်စွာ လက်ခံကာ သူတို့အား ပြန်ထိုင်ရန် အချက်ပြသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပါတ် ၁ ဂိုဏ်းမှာ မည်မျှ အရှိန်အဝါ ကြီးသည်ကို တွေ့နိုင်၏။
သူတို့ပြီးလျှင် ရှန့်ယန်မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများ၊ ထိုက်ရီဓားဂိုဏ်းမှ လူများ စသည်ဖြင့် လက်ဆောင်ပေးကြ၏။
ဂိုဏ်းကြီးသုံးဂိုဏ်းပြီးလျှင် ဖုန်းလင်ဓားဂိုဏ်းမှ လူများ ထရပ်ကြ၏။
သို့သော်လည်း သူတို့ ထရပ်စဉ်မှာပင် ခေါင်းဆောင်တောက်ရင်က သူ၏ခန္ဓာကိုယ်ကို မတ်လိုက်၏။
ရင်ပြင်တစ်ခုလုံးမှ လူများ မင်တက်သွားကြသည်။
ဖုန်းလင်ဓားဂိုဏ်းနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတို့သည် မကြာခင်ကမှ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ထားသည်။
သို့သော်လည်း ယခုအချိန်အခါတွင်တော့ လှုပ်ရှားရန် မသင့်တော်ပါ။
သို့သော်လည်း ဖုန်းလင်ဓားဂိုဏ်းမှ လူများမှာ ထင်ထားသည်ထက် ပိုမို ကြောက်လန့်ကြဟန်တူသည်။
ခေါင်းဆောင်တောက်ရင် ထရပ်သည်ကို မြင်သည်နှင့် သူတို့က ချက်ချင်း ပြန်ထိုင်ကြ၏။
ခေါင်းဆောင်တောက်ရင်နှင့် အကြီးအကဲစုလျန့်တို့သည် ရှေ့ကို တက်သွားကာ သူတို့ ပြင်ဆင်ထားသော လက်ဆောင်များအား ပေးကြသည်။
သူတို့ ပြန်ရောက်လာမှ ဖုန်းလင်ဓားဂိုဏ်းမှ လူများ သေတ္တာတစ်လုံးနှင့်အတူ ရှေ့ကို တက်သွားကြ၏။
လက်ဆောင်ပေးခြင်းဖြစ်စဉ်သည် ဟန်မူယဲ့ ထင်ထားသကဲ့သို့ ယှဉ်ပြိုင်ခြင်းအလျဉ်းမရှိပါ။ ၎င်းတို့အားလုံးမှာ သေတ္တာများဖြစ်ကာ အတွင်း၌ ဘာပါသည်ကို ခန့်မှန်းရန် ခက်ခဲသည်။
ထိုသေတ္တာအများစုမှာ ဗလာဟင်းလင်း ဖြစ်ရန် များသည်။ စစ်မှန်သော လက်ဆောင်များမှာ ယခင်ကတည်းက ပို့ဆောင်ကာ စာရင်းများထဲ၌ မှတ်တမ်းတင်ထားပြီး ဖြစ်ရပေမည်။
ဂိုဏ်းများနှင့် ဂုဏ်သိက္ခာကြီးများသူများက လက်ဆောင်များ ပေးပို့ပြီးသောအခါ မူမိသားစုခေါင်းဆောင်က ထရပ်ကာ အားလုံးကို ကျေးဇူးတင်သည်။ ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်ကို ကြည့်လိုက်လျှင် သူသည် ရှေ့တွင် ချထားသော သစ်သီးများထံသို့ လက်လှမ်းသည်ကို မြင်၏။
နောက်ဆုံးတွင် သူ စားသောက်နိုင်ပြီ ဖြစ်သည်။
ရိုးရိုးသားသားပြောရလျှင် ဟန်မူယဲ့သည် ဂိုဏ်း၌ အစားသောင်းကျန်းသူ မဟုတ်ပါ။
ယနေ့တွင် သူသည် သူ့ရှေ့မှ ဝိညာဉ်သစ်သီးများအား စိတ်ဝင်စားမိသည်။ ၎င်းတို့အားလုံးမှာ စားကောင်းမည့်ပုံ ပေါ်နေသည်။ ထို့အပြင် ကျင့်ကြံခြင်းလောက၌ ပထမဆုံးအကြိမ် ထိုမျှ များပြားသော အသီးအနှံများကို မြင်ဖူးခြင်း ဖြစ်သည်။
ကံမကောင်းသည်ကား ရုပ်ရည်မှာ အရသာကို ကိုယ်စားမပြုပါ။
လှပသော သစ်သီးများမှာ ချိုချဉ်ဖန်ခါးအရသာများထက် ပိုမိုကွဲထွက်မနေချေ။
ထို့အပြင် ထိုသစ်သီးများတွင် ပါဝင်သော သဘာဝစွမ်းအင်များမှာလည်း ဟန်မူယဲ့ ထင်သကဲ့သို့ အားကောင်းပြင်းထန်နေခြင်း မရှိချေ။
ထိုသစ်သီးများမှာ သာမန်သစ်သီးများသာ ဖြစ်သည်။
သူကား အနည်းငယ် စိတ်ပျက်မိသည်။
သူ မော့ကြည့်လိုက်လျှင် မူမိသားစုခေါင်းဆောင်သည် သေရည်ခွက်များကို မြှောက်ကာ မိတ်ဆွေများနှင့် ခွက်ချင်းတိုက်နေသည်ကို တွေ့ရတော့သည်။
သူက စတင်၍ ခွက်ချင်းတိုက်လျှင် ရင်ပြင်တစ်ခုလုံးမှာလည်း ပိုမိုလှုပ်ရှားသက်ဝင်လာ၏။
အတော်များများမှာ အချင်းချင်း ရင်းနှီးခင်မင်ကြဟန်တူကာ အာခီမီပညာရပ်အကြောင်းများကို စတင်၍ ပြောဆိုကြသည်။
ထင်သည့်အတိုင်း သူတို့အားလုံးမှာ အာခီမီပညာရှင်များ ဖြစ်ကြသည်။ တစ်စုံတစ်ယောက်က ယမန်နေ့ညက သူ၏အာခီမီဆေးပေါင်းဖို မည်သို့ ပေါက်ကွဲသွားကြောင်း၊ မည်မျှ ဒေါသထွက်ရကြောင်း ပြောဆိုနေသည်။ တခြားလူများကလည်း ထိုကိစ္စကို ဝေဖန်သုံ့သကြသည်။
“စားတာသောက်တာ ရပ်လိုက်တော့ … သွားစကားပြောချေ”
ဘေးတွင် ထိုင်နေသော ခေါင်းဆောင်တောက်ရင်က ခေါင်းကြီးငုံ့ကာ စားနေသော ဟန်မူယဲ့အား ပြောသည်။
ဟန်မူယဲ့က ခေါင်းမော့ကြည့်လျှင် မိန်းကလေးကျင်းယွမ်သည်ပင် တခြားသော မိန်းကလေးတချို့နှင့် ရယ်မောပြောဆိုနေသည်ကို တွေ့ရသည်။
အကြီးအကဲစုလျန့်သည်လည်း သေရည်ခွက်ကို ကိုင်ကာ တခြားသော အာခီမီပညာရှင်တချို့နှင့် စကားပြောနေသည်။
“ခေါင်းဆောင်… ခင်ဗျား မသွားဘူးလား”
တခြားလူများက အာခီမီပညာရပ်များကို ဆွေးနွေးနေသည်ကို မြင်လျှင် ဟန်မူယဲ့က မေးသည်။
“ဟွင်း… ငါ သွားဖို့ လိုသလား”
ခေါင်းဆောင်တောက်ရင်က နှာခေါင်းရှုံ့သည်။
ဟန်မူယဲ့ သူ၏သေရည်ခွက်ကို ကိုင်ကာ ထွက်လာသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူ နောက်ပြန်လှည့်ကြည့်လျှင် ခေါင်းဆောင်တောက်ရင်သည် တစ်ဦးတည်း ထီးထီး ထိုင်နေသည်ကို တွေ့ရ၏။
မြင်ကွင်းကား အနည်းငယ် ဆွေးမြေ့ဖွယ်ပင် ကောင်းနေသည်။
ခေါင်းဆောင်တောက်ရင်က သူသည် ပေါင်းသင်းဆက်ဆံရေးမကောင်းသည်ကို နားလည်ကာ ဟန်မူယဲ့အား တခြားလူများနှင့် စကားပြောရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။
သူက ဟန်မူယဲ့အား သူ့လို ပစ်ပယ်မခံစေလိုပေ။
“အဲဒါ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ခေါင်းဆောင်တောက်ရင်မလား။ သူက ဘာလို့ တခြားလူတွေနဲ့ စကားမပြောတာလဲ”
လူငယ်တစ်ယောက်က တီးတိုးပြောသည်။
“ရှူး… မင်းကို ငါပြောမယ်။ အရင်တုန်းက ခေါင်းဆောင်တောက်ရင်ဟာ အာခီမီစံအိမ်ငယ်ထဲကို ဝင်ဖို့ တားဆီးခံရတယ်။ သူဟာ အမြင့်ဆုံးအရည်အသွေးဆေးလုံးကို အကြိမ်ကြိမ် ဖော်စပ်ဖို့ ကျရှုံးခဲ့တယ်လေ။ နောက်ဆုံး သူက ဒေါသတကြီးနဲ့ အာခီမီစံအိမ်ငယ်ကို မီးရှို့ဖို့ ကြိုးစားခဲ့သေးတယ်”
“အဲဒီလူက ဒေါသကြီးတယ်”
“မထူးဆန်းတော့ပါဘူး… ထားလိုက်တော့… သူ့ အကြောင်း မပြောတော့ဘူး”
ခေါင်းဆောင်တောက်ရင်က အာခီမီစံအိမ်ငယ်အား မီးရှို့ရန် ကြိုးစားခဲ့သည်ကို ဟန်မူယဲ့ မသိခဲ့ပါ။
သို့သော်လည်း သူ တွေးကြည့်လျှင် ဆေးလုံးဖော်စပ်ရန် အကြိမ်ကြိမ် ကျရှုံးခဲ့ပါက သူလည်း ဒေါသ ထွက်လောက်ပေသည်။
ဟန်မူယဲ့သည် သေရည်ခွက်ကိုင်ကာ ထောင့်တစ်နေရာသို့ ရောက်လာသည်။
သေရည်ကို ခေါင်းငုံ့ကာ သောက်နေသော ကျန်းမင်သည် ဟန်မူယဲ့အား အံ့အားသင့်စွာ မော့ကြည့်သည်။
“ကျုပ်ဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဟန်မူယဲ့ပါ။ တာအိုရောင်းရင်းကျန်းကို နှုတ်ဆက်ပါတယ်”
ဟန်မူယဲ့က ကျန်းမင်၏စားပွဲ၌ တိုက်ရိုက်ထိုင်ကာ ခွက်ကို မြှောက်ပြသည်။
ကျန်းမင်ကလည်း သေရည်တစ်ခွက် သောက်ကာ နားမလည်စွာ ကြည့်သည်။
“သခင်လေးဟန်… ကျုပ်ကို ဘယ်လိုသိပါသလဲ”
ဘေးတွင် လူအများအပြားကလည်း စိတ်ဝင်စားစွာ ကြည့်သည်။
သည်နေရာရှိ လူအများစုမှာ တကိုယ်တော်ကျင့်ကြံသူများဖြစ်ရာ သူတို့၏ကျင့်ကြံဆင့်များမှာလည်း သာမန်ဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်တစ်ဦး လာရောက်ပြောဆိုခြင်းက ထူးခြားသည့်ကိစ္စဖြစ်သည်။
ကျန်းမင်ကား ယခင်က နာမည်ကျော်ကြားခဲ့သော်လည်း ယခုလက်ရှိတွင် သူ့အား မည်သူမှ အလေးအနက် မထားကြတော့ပါ။
ကျန်းမင်၏မေးခွန်းကို ကြားလျှင် ဟန်မူယဲ့က ပြုံးလျက် လက်ဝှေ့ယမ်းလိုက်သည်။ သူ့လက်တွင် ဆေးပေါင်းဖိုငယ်တစ်လုံး ပေါ်လာ၏။
သိုလှောင်လက်စွပ်…
အနီးမှ လူများက အလိုအလျောက် လှမ်းကြည့်ကြသည်။
ကောင်လေးသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အကြီးအကဲတစ်ဦး၏ ဒုတိယမျိုးဆက် တပည့်၊သား ဖြစ်ရပေမည်။
မဟုတ်လျှင် သူက မည်သို့ ငယ်ငယ်ရွယ်ရွယ်နှင့် သိုလှောင်လက်စွပ် ပိုင်ဆိုင်မည်နည်း။
ကျန်းမင်ကား ဆေးပေါင်းဖိုကို မြင်သည်နှင့် မှတ်မိသွားကာ သူ့မျက်လုံးများထဲ စိတ်မကောင်းဟန်များ ပေါ်လာသည်။
“ဒီဆေးပေါင်းဖိုဟာ ကျုပ်လက်ထဲမှာ ရှိခဲ့တယ်ဆိုတာ သခင်လေးသိတာပေါ့”
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လူတစ်ယောက်အတွက် ဒီဆေးပေါင်းဖိုရဲ့ ဇစ်မြစ်ကို လိုက်ဖို့ သိပ်မခက်ခဲဘူး”
ကျန်းမင်က ဟန်မူယဲ့အား ပြောသည်။
“သခင်လေး… ခင်ဗျားက ဒီဆေးပေါင်းဖိုအတွက် လျောကြေးတောင်းဖို့ ကျုပ်ကို လိုက်ရှာနေတာလား”
“အရင်က ကျုပ်ဟာ ဓားချီကို သုံးပြီး ဆေးဖော်စပ်ခဲ့လို့ ဆေးပေါင်းဖိုဟာ ထိခိုက်သွားတယ်လေ။ ဒါက စိတ်မကောင်းစရာပဲ”
“ဒါပေမဲ့ ဒီဆေးပေါင်းဖိုအတွက် လောလောဆယ် လျော်ပေးဖို့ မတတ်နိုင်မှာ စိုးရတယ်”
ဆေးပေါင်းဖိုကောင်းတစ်လုံးသည် ဓားသမားတစ်ဦး၏လက်ထဲမှ ဓားကောင်းတစ်လက်အလား တန်ဖိုးထားခံရသည်။
ဆေးပေါင်းဖိုကောင်းတစ်လုံး ပျက်စီးသွားခြင်းအတွက် ဟန်မူယဲ့က စိတ်ဆိုးသည်မှာ သဘာဝကျပေသည်။
ကျန်းမင်က ဓားချီကို သုံးကာ ဆေးဖော်သောကြောင့် ဆေးပေါင်းဖို ပျက်စီးလုနီးပါး ဖြစ်သွားသည်ကို ကြားလျှင် အနီးမှ လူများက သူ့အား အထင်သေးစွာ ကြည့်ကြသည်။
“သေချာကြည့်…”
ဟန်မူယဲ့က တီးတိုးပြောကာ သေရည်ကို ဆက်သောက်သည်။
သေချာကြည့်ရမည်လား။
ကျန်းမင်က မျက်မှောင်ကြုတ်ကာ ဆေးပေါင်းဖို့ကို ကြည့်သည်။
သူ၏အမူအရာက ပြောင်းလဲလာသည်။ သူက အလိုအလျောက်ပင် လက်ဆန့်တန်းကာ ဆေးပေါင်းဖိုအား ထိတွေ့လိုက်၏။
ဟူး…
သူ၏လက်က ဆေးပေါင်းဖိုကို ထိလိုက်သည်နှင့် ပြင်းထန်အားကောင်းသော ဓားချီအငွေ့အသက်များအား သူ ခံစားရသည်။
ဓားချီ…။