နှစ်တစ်ရာအတွင်း ဘယ်သူက အာခီမီပညာချင်း ယှဉ်မလဲ
Vol. 10 Ch. 137
ဤလောကတွင် ဓားချီကို သုံး၍ ဆေးလုံးဖော်စပ်သူ နောက်တစ်ယောက် ရှိနေသေးသည်။
ကျန်းမင်သည် စိတ်ခံစားချက် ပြင်းထန်လွန်းသဖြင့် တဆတ်ဆတ်တုန်နေ၏။
ဆေးပေါင်းဖိုအတွင်းမှ ဓားချီသည်ကား သူ ကျင့်ကြံဖူးသော ဓားချီထက် များစွာ သန့်စင်အားကောင်းသည်။
“သခင်လေး… မင်း… မင်း ဓားချီနဲ့ ဆေးဖော်တာလား”
ကျန်းမင် အကြီးအကျယ် စိတ်လှုပ်ရှားနေသည်။
ဓားချီအာခီမီ။
ထိုနည်းစနစ်သည် သူတစ်ယောက်တည်းသာ လေ့လာကာ အများက အထင်သေးရှုံ့ချခြင်းကို ခံခဲ့ရ၏။
ထိုနည်းစနစ်မှာ အမှန်တကယ် အောင်မြင်ရန် အခွင့်အလမ်း ရှိသလား။
တကိုယ်တော်ကျင့်ကြံသူတစ်ယောက်အနေဖြင့် အာခီမီပညာရပ်တချို့နှင့် အခြေခံအသိပညာတို့များကိုသာ သင်ယူခွင့်ရခဲ့ကာ သူသည် တခြားသော အရာများကို ကိုယ်တိုင်ဆင်ခြင်လေ့လာခဲ့ရသည်။
နှစ်ပေါင်းများစွာ သူသည် အာခီမီသုတေသနများဖြင့် အချိန်ကုန်နေခဲ့၏။
သူသည် သန့်စင်မြူနှင်းဆေးလုံးကို တစ်ချိန်လုံး လေ့လာဖော်စပ်နေခဲ့သည်။
ထိုကိစ္စတွင် အချိန်ပေးလေလေ သူ့ ရွယ်တူများမှာ အာခီမီပညာရပ်များနှင့် ကျင့်ကြံဆင့်တို့ သူ့ကို ကျော်ဖြတ်လေလေ ဖြစ်သည်။
သူက ဓားချီအာခီမီကိစ္စကို ပြောတိုင်း တခြားလူများက မဖြစ်နိုင်ကြောင်း မှတ်ချက်ပေးကြသည်။
ထိုကိစ္စကြောင့်ပင် လူများစွာတို့၏ လှောင်ပြောင်ရှုံ့ချမှုကို သူ ခံစားခဲ့ရသည်။
သူသည် အာခီမီပညာရပ်ကို မည်မျှ ရူးသွပ်ပါစေ၊ တခြားလူများ၏အဆက်မပြတ် လှောင်ပြောင်ရှုံ့ချမှုတွင် မည်သူက တောင့်ခံနိုင်မည်နည်း။
စိတ်ထဲတွင် မည်သို့ မနာကျင်ဘဲ နေမည်နည်း။
ယခု ဟန်မူယဲ့ကို ကြည့်ကာ ကျန်းမင် အလွန်ကြောက်ရွံ့နေသည်။
ဟန်မူယဲ့က ခေါင်းယမ်းမည်ကို သူ ကြောက်ရွံ့နေ၏။
“ကျုပ် ဓားချီကို သုံးပြီး ဆေးလုံးဖော်စပ်တယ်”
ဟန်မူယဲ့၏အဖြေကား အလွန်တရာ တည့်တိုးဆန်သည်။
ထိုစကားများက ကျန်းမင်အား အလွန်မောပန်းသွားစေဟန်တူသည်။ သူက စားပွဲပေါ်မှ သေရည်အိုးကို ပါးစပ်တွင် တေ့ကာ မော့ချလိုက်သည်။
သေရည်ကို အိုးလိုက်မော့လိုက်မှ သူ၏စိတ်နှလုံးအတွင်းမှ ဆာလောင်မွတ်သိပ်မှုကို ပြေလျော့စေ၏။
“ကောင်းတယ်…”
“သေရည်ကောင်းပဲ”
သူ၏ရူးသွပ်သော အမူအရာက ဘေးနားမှ လူများကို ပိုမိုအထင်သေးစေသည်။ သူတို့က ဘေးကိုပင် နေရာရွှေ့သွားကြ၏။
“ကျန်းမင် သေရည်သောက်ပြီး ရူးသွားတာလား”
“ဟွင်း… သူက ဓားချီနဲ့ဆေးလုံးဖော်စပ်တဲ့ အရူးအလုပ်တောင် လုပ်သေးတာပဲ။ ဒါက အသေးအမွှားပဲရှိတယ်”
ဘေးနားမှ လူများက ဝေဖန်ပြောဆိုကြသည်။
ဟန်မူယဲ့က ခေါင်းယမ်းကာ အဝေးကို ကြည့်နေသည်။
တခြားတစ်ဖက်တွင် မိသားစုခေါင်းဆောင်မူသည် ခေါင်းဆောင်တောက်ရင်ဘေးတွင် ထိုင်ကာ စကားပြောနေသည်။
သူတို့နှစ်ယောက်လုံး ပြုံးနေကာ စိတ်ဝင်စားဖွယ်ရာ တစ်စုံတစ်ခုကို ပြောနေကြဟန်ရ၏။
ထိုအဖြစ်က မူမိသားစုခေါင်းဆောင်ကို အာရုံစိုက်နေသူများအား နားမလည် ဖြစ်စေသည်။
မူမိသားစုခေါင်းဆောင်ကား အိမ်ရှင်ဖြစ်ရာ ဧည့်သည်များကို လိုက်လံနှုတ်ဆက်ခြင်းက ပုံမှန် ဖြစ်သည်။
ယခုမူကား သူတို့နှစ်ယောက်က ဝမ်းသာအားရ ပြောဆိုနေကြသည်မှာ ထင်ရှား၏။
ထိုမျှ မကသေးပေ။
သူတို့က ဆေးပင်ဆေးမြစ်များကိုပင် ထုတ်ယူကာ ပြောဆိုနေကြသည်။
သူတို့က အာခီမီပညာရပ်ကို ဆွေးနွေးနေကြသည်လား။
အာခီမီစံအိမ်ငယ်ကို မီးရှို့ရန် ကြိုးစားခဲ့သော ခေါင်းဆောင်တောက်ရင်အား မူမိသားစုခေါင်းဆောင်က အမှန်ကယ် အာခီမီအကြောင်းများကို ဆွေးနွေးနေသည်လား။
ထိုမြင်ကွင်းက လူအများအပြားကို စိတ်ရှုပ်ထွေးစေသည်။
သေရည်အိုးကို စားပွဲပေါ်၌ ပြန်တင်ကာ ကျန်းမင်က ဟန်မူယဲ့အား ကြည့်သည်။
“သခင်လေး… ခင်ဗျားမှာ ဆေးလုံးတွေ ရှိလား”
ဟန်မူယဲ့က ခေါင်းညိတ်ကာ ကျန်းမင်၏လက်ထဲသို့ ဆေးလုံးတစ်လုံး ထည့်ပေးလိုက်သည်။ ထို့နောက် သူက ထရပ်ကာ ထွက်လာခဲ့သည်။
တခြားတစ်ဖက်တွင် ခေါင်းဆောင်တောက်ရင်က သူ့အား လာရန် ခေါ်နေပြီ ဖြစ်သည်။
ကျန်းမင်၏လက်ထဲတွင် အညိုရောင်ဆေးလုံးတစ်လုံး ကျန်ရစ်၏။
“ကျွတ်… မင်းက ဒါကို ဆေးလုံးလို့ ခေါ်သေးတာလား”
အနီးတွင် တစ်စုံတစ်ယောက်က ရယ်မောလိုက်သည်။
ထိုဆေးလုံးသည် မည်သည့်အာခီမီပညာရှင်မဆို ဖော်စပ်နိုင်သော ဆေးလုံးများဖြစ်သည်။
“ဓားချီအာခီမီဟာ ဆေးဂုဏ်သတ္တိကို ပိုသန့်စင်စေတယ်လို့ တချို့က ပြောကြတယ်။ ဒါပေမဲ့ အဲဒါဟာ မတန်ဘူးလေ။ ဘယ်အရူးက အဲလို လုပ်မှာလဲ”
တစ်စုံတစ်ယောက်က ကျန်းမင်နှင့် ဟန်မူယဲ့တို့အား လှောင်ပြောင်သည်။
လမ်းလွဲစနစ်လား။
ကျန်းမင် သူ၏လက်ကို အသာဆုပ်လိုက်သည်။
သူ ဘာမှ မပြောပါ။
စားပွဲပေါ်၌ကား ဟန်မူယဲ့ ထားခဲ့သော ဆေးပေါင်းဖို ရှိနေသေးသည်။
ဟန်မူယဲ့က ဆေးပေါင်းဖိုအား မယူသွားခဲ့ပါ။
ဆေးပေါင်းဖိုမှာ ဝိညာဉ်ကျောက်တုံး သိန်းချီတန်သော ရတနာဖြစ်သည်။ သို့သော် ထိုဆေးပေါင်းဖိုသည် သူ၏လက်ထဲမှ ဆေးလုံးနှင့် ယှဉ်ပါက အမှိုက်ဖြစ်သွားပေလိမ့်မည်။
ဆေးလုံးအတွင်းမှ စွမ်းအင်သည် သန့်စင်ကာ အားကောင်းသည်။ ၎င်းသည် မီးခိုးရောင် ဖြစ်သော်လည်း သူ့အတွင်းမှ ဆေးဂုဏ်သတ္တိသည် အမှန်တကယ် သန့်စင်လွန်း၏။
၎င်းသည် သန့်စင်လွန်းရကား အပြစ်အနာအဆာကင်းသည်ဟုပင် ပြောနိုင်၏။
ပို၍ မယုံကြည်စရာ ကောင်းသည်ကား ဆေးလုံးတွင် တခြား မလိုလားအပ်သော ဆေးဂုဏ်သတ္တိလည်း အနည်းငယ်မျှပင် မပါဝင်ခြင်းပင်။
၎င်းသည် ကျန်းမင်၏ တစ်ဘဝစာလုံး ရည်မှန်းလာခဲ့သော အာခီမီရည်မှန်းချက် ဖြစ်သည်။
ဓားချီဖြင့် အဆုံးစွန်ထိ သန့်စင်ခြင်း။
ကျန်းမင်၏အမြင်တွင် ဆေးလုံးဖြစ်စေ၊ ဆေးပေါင်းဖိုဖြစ်စေ သခင်လေးဟန်၏အာခီမီနည်းစနစ်နှင့် မယှဉ်နိုင်ပါ။
ထိုမျှ သန့်စင်သော နည်းစနစ်သည် သူ အမှန်တကယ် လိုလားသော ရည်မှန်းချက် ဖြစ်သည်။
သူ့ရှေ့မှ ဆေးပေါင်းဖိုကို ကြည့်ကာ ကျန်းမင် ဟက်ဟက်ပက်ပက် ရယ်မောသည်။ အနီးမှ လူများက သူ့အား အရူးတစ်ယောက်လို ကြည့်နေကြ၏။
…
လူအုပ်ကြားထဲမှ ဖြတ်သွားရင်း ဟန်မူယဲ့သည် ခေါင်းဆောင်တောက်ရင်တို့အနီးသို့ အလျင်အမြန် ရောက်လာသည်။
“ဟန်မူယဲ့ … ခေါင်းဆောင်ချူဟွေ့ကို နှုတ်ဆက်လိုက်…”
သူ ရောက်သွားလျှင် ခေါင်းဆောင်တောက်ရင်က ရယ်မော၍ ပြောသည်။
“ဂျူနီယာဟန်မူယဲ့က ခေါင်းဆောင်မူကို နှုတ်ခွန်းဆက်ပါတယ်”
ဟန်မူယဲ့က ဦးညွှတ်သည်။
မူမိသားစုခေါင်းဆောင်က ဟန်မူယဲ့အား ကြည့်ကာ ပြုံးလျက် ပြောသည်။
“ခေါင်းဆောင်တောက်ရင်နဲ့ အကြီးအကဲစုလျန့်တို့က မင်းရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းကို အတော်လေး ချီးကျူးကြတယ်။ စုလျန့်က မင်းအတွက် အသက်ရှည်ဆေးဖော်စပ်ပေးဖို့တောင် တောင်းဆိုတယ်ဆိုမှတော့ မင်းရဲ့ အရည်အချင်းက မသေးဘူးပဲ”
ခေါင်းဆောင်မူ၏စကားကို ကြားလျှင် ဟန်မူယဲ့က ထပ်မံ၍ ဦးညွှတ်သည်။
“ကျုပ်အတွက် အသက်ရှည်ဆေးလုံး ဖော်စပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်”
“ဒါက ကျွန်တော့ရဲ့ မွေးနေ့လက်ဆောင်ပါ။ ခေါင်းဆောင် သဘောကျမယ်လို့ မျှော်လင့်ပါတယ်”
ဟန်မူယဲ့က သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းဝိညာဉ်ဝါးမြစ်အား ထုတ်လိုက်သည်။
ထို့နောက် သူက ချီအားအနည်းငယ်ကို ဝါးမြစ်ထံသို့ ပို့လွှတ်လိုက်လျှင် ဝါးမြစ်သည် တစ်ပတ်ခန့်ရှည်သော ဝါးဖူးငယ် ဖြစ်လာသည်။
ချီအားအနည်းငယ်ဖြင့် သူသည် ဝါးမြစ်အား ချစ်စရာအသွင်သို့ ပြောင်းလဲပစ်၏။
“ကျောက်စိမ်းဝိညာဉ်ဝါးဖူး…”
မူမိသားစုခေါင်းဆောင် ဝမ်းသာသွားသည်။ သူက လက်ဆန့်တန်းကာ ဝါးဖူးငယ်အား ယူလိုက်သည်။
“ပြောရရင် ဒီဝါးဖူးလေးဟာ ဒီလို အသွင်ပြောင်းလိုက်မှ ပိုပြီး သဘာဝစွမ်းအားတွေနဲ့ လှနေတာပဲ”
ကျောက်စိမ်းဝိညာဉ်ဝါးမြစ်မှာ တန်ဖိုးကြီးရှားပါးသော်လည်း မူမိသားစုခေါင်းဆောင်ကဲ့သို့ ပညာရှင်က သိပ်ဂရုမစိုက်ပါ။
သို့သော်လည်း သူက ဟန်မူယဲ့၏အစီအစဉ်ကို သဘောကျသည်။
ခေါင်းဆောင်တောက်ရင်ကလည်း ပြုံးလိုက်၏။
ဟန်မူယဲ့၏လက်ဆောင်က မူမိသားစုခေါင်းဆောင်ကို သဘောကျစေသည်မှာ ရှားပါးကိစ္စဖြစ်သည်။
ဒင်…
ခေါင်းလောင်းသံတစ်ချက် မြည်လာရာ နောက်ထပ် အခန်းအနားအစီအစဉ်တစ်ခု စတင်တော့မည်မှာ ထင်ရှားသည်။
ရင်ပြင်ကျယ်ထဲတွင် သီးသန့်ပြင်ဆင်ထားသော နေရာတစ်ခု ရှိသည်။
ထိုနေရာတွင် မူမိသားစုလူငယ်တချို့သည် ဆေးပေါင်းဖိုများဖြင့် ရပ်နေကြ၏။
ခေါင်းဆောင်မူက တစ်ဘက်လှည့်ကာ ခေါင်းဆောင်တောက်ရင်အား မေးသည်။
“တာအိုရောင်းရင်းမူ… ဒီနေ့ ကျုပ်တို့ မိသားစုက လူငယ်မျိုးဆက်တွေ ဆေးဖော်စပ်ဖို့ အစီအစဉ်လုပ်ထားတယ်။ သူတို့ထဲက ဘယ်သူတွေ ထူးချွန်လဲ စောင့်ကြည့်ရအောင်”
“ဟဟ… ကောင်းတယ်… ကောင်းတယ်…”
ခေါင်းဆောင်တောက်ရင်ကလည်း လက်ကို ပွတ်ကာ ပြုံးသည်။
မူမိသားစုလူငယ်များ ဆေးဖော်စပ်သည်ကို ကြည့်ကာ အကဲဖြတ်ခွင့်ရခြင်းသည် အာခီမီပညာရှင်တစ်ဦးအတွက် ဂုဏ်ယူစရာကိစ္စဖြစ်သည်။
ဟန်မူယဲ့က မရေမတွက်နိုင်သော အဖိုးကြီးများ ခေါင်းဆောင်တောက်ရင်ကို မီးတောက်နေသော မျက်လုံးများဖြင့် ကြည့်နေသည်ကို သတိထားမိ၏။
ခေါင်းဆောင်တောက်ရင်က သူတို့၏ပါးကို ရိုက်မည်ဟု ပြောခဲ့သည်။ ၎င်းကား ကြွားဝါခြင်း မဟုတ်ပါ။
သည်နေရာမှ အာခီမီပညာရှင်များအားလုံးထဲတွင် ဓားပညာတစ်ဝက်၊ အာခီမီပညာတစ်ဝက် လေ့ကျင့်သော ခေါင်းဆောင်တောက်ရင်တစ်ဦးတည်းသာ ခေါင်းဆောင်မူနှင့်အတူ လူငယ်များကို အကဲဖြတ်ခွင့်ရသည်။
“ကျုပ်တို့ မူမိသားစုဟာ အာခီမီမိသားစုပဲ။ အာခီမီဟာ ကျုပ်တို့ အခြေခံအုတ်မြစ်ဖြစ်တယ်။ ဒီနေ့ဟာ ကျုပ်တို့ မိသားစုခေါင်းဆောင်ရဲ့ မွေးနေ့ ဖြစ်တယ်။ မွေးနေ့ကို ဂုဏ်ပြုဖို့ ကျုပ်တို့ လူငယ်မျိုးဆက်ဟာ ဆေးလုံးဖော်စပ်မှာ ဖြစ်ပါတယ်”
အဖြူရောင်ဝတ်စုံဖြင့် ကျယ်လောင်စွာ ပြောလိုက်သူကား မူမိသားစုခေါင်းဆောင် မူချွန်းဟွေ့၏ အကြီးဆုံးသား၊ ဒုတိယမျိုးဆက်မှ မူလင်းရီ ဖြစ်သည်။
သူ၏ကျင့်ကြံဆင့်မှာ အမြုတေဖွဲ့စည်းခြင်းသို့ ရောက်နေပြီး ဖြစ်သည်။ သူ၏အာခီမီပညာရပ်မှာလည်း နက်ရှိုင်းကောင်းမွန်၏။
မူမိသားစု အောင်မြင်ခြင်းမှာ မူမိသားစုခေါင်းဆောင်တစ်ဦးတည်းကြောင့်တော့ မဟုတ်ပါ။ ဒုတိယမျိုးဆက်များ၏ ကြိုးစားအားထုတ်မှုများနှင့်လည်း များစွာသက်ဆိုင်သည်။
မူလင်းရီ ပြောလျှင် အောက်မှ မီးတောက်များ ဖြစ်ပေါ်လာသည်။
ချီအလင်းများ တောက်ပသွားကာ ဆေးရနံ့များ လှိုင်လှိုင်ထွက်ပေါ်လာ၏။
မြင်ကွင်းကား အလွန်ပနံသင့်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဆေးခန်းဆောင်မှာ ၎င်းကို မမှီပါ။
မူမိသားစုဂျူနီယာများ ဖော်စပ်သော ဆေးလုံးများမှာ နဝမတန်းစားနှင့် အဌမတန်းစားများ ဖြစ်ကြသည်။
ယနေ့ ရောက်လာကြသော အာခီမီပညာရှင်များမှာ ၎င်းတို့ကို စိတ်မဝင်စားကြပေ။
သို့သော်လည်း ယခု ဆေးလုံးဖော်စပ်နေကြသော မူမိသားစုလူငယ်များမှာ မူမိသားစု၏အတော်ဆုံးများ ဖြစ်ကြသည်။ သူတို့၏အရည်အချင်းများမှာ အထင်သေး၍ မရပါ။
ဟူး…
တိုးညင်းသောအသံနှင့်အတူ လူငယ်တစ်ယောက်သည် ပထမဆုံးဆေးလုံးကို ဖွဲ့စည်းနိုင်ခဲ့သည်။
မူလင်းရှီက ဆေးလုံးကို ပန်းကန်ပြားတစ်ချပ်တွင် တင်ကာ အစေခံတစ်ယောက်အား မူမိသားစုခေါင်းဆောင်ထံသို့ သွားပို့စေသည်။
ခေါင်းဆောင်မူက ခေါင်းဆောင်တောက်ရင်အား ပြုံးလျက် ခေါင်းညိတ်ပြသည်။
“ဟီးဟီး… ဒါက လုံးဝန်းချောမွေ့နေတာပဲ။ ချီအလင်းကလည်း တောက်ပနေတယ်။ ဒါက အရည်အသွေးကောင်းတဲ့ဆေးလုံးပဲ”
“နဝမတန်းစားဆေးလုံး၊ ကျောက်စိမ်းအဆီအနှစ်ဆေးလုံးကို ၁၅ မိနစ်အတွင်း ဖော်စပ်နိုင်တယ်။ ဆေးလုံးလည်း ၂လုံး ဖွဲ့စည်းနိုင်တယ်။ ဒါက ရှားတာပဲ”
“ကျေးဇူးပါ ခေါင်းဆောင်…”
အကဲဖြတ်ခံရသော လူငယ်က ကျေးဇူးတင်စွာဖြင့် ဦးညွတ်သည်။
တခြားသော အာခီမီပညာရှင်များ၏အမူအရာမှာသိပ်မကောင်းပါ။
ဒါက ဂျူနီယာတစ်ယောက်ကို အကဲဖြတ်တာလား။
ဘယ်သူက ဒီလို အကဲဖြတ်တာမျိုး မသိလို့လဲ။
ခေါင်းဆောင်တောက်ရင်ကား ထိုနေရာတွင် တည်ငြိမ်စွာ ထိုင်နေသည်။ တစ်စုံတစ်ယောက်က ဆေးလုံးဖော်စပ်ပြီးသည်နှင့် သူက စကားလုံးအချို့ဖြင့် အကဲဖြတ်၏။
နဝမတန်းစားနှင့် အဌမတန်းစားဆေးလုံးများကို အကဲဖြတ်ခြင်းက သူ့အတွက် ထမင်းစားသကဲ့သို့ လွယ်ကူလှသည်။
ထိုအထဲတွင် လူငယ် သုံးယောက်ခန့်မှာ အတော်လေး ထက်မြက်ကြသည်။
ယနေ့ကား မူမိသားစုလူငယ်မျိုးဆက်များ နာမည်ကျော်ကြားရန် အခွင့်အလမ်း ဖြစ်သည်။
အာခီမီဆေးလုံးဖော်စပ်ခြင်း အစီအစဉ် ၂ခုပြီးသောအခါ ဟန်မူယဲ့ ပြုံးသည်။
ထောင့်တစ်နေရာသို့ ခေါင်းငုံ့ကာ လမ်းလျှောက်သွားနေသူမှာ မူဝမ် မဟုတ်ပေဘူးလား။
သို့သော်လည်း မူဝမ်အား သတိထားမိသူမှာ ဟန်မူယဲ့အပြင် တခြားလူများ မရှိပါ။
သီးသန့်နေရာတွင် သတ်လတ်ပိုင်းအရွယ်လူတစ်ဦး ရှေ့ဆုံးမှ တည်ငြိမ်စွာ ရပ်နေသည်။
မူမိသားစု၏အကြီးဆုံးသခင်လေး မူထန်ကျစ်။
အပြင်ဘက်တွင် မရေမတွက်နိုင်သော လူများက မူမိသားစု၏နံပါတ် ၁ဂျူနီယာကို ကြည့်နေကြ၏။
သူ့ဘေးမှ မူကျီးယွီဖြစ်စေ၊ မူမိသားစုမှ တခြားဂျူနီယာဖြစ်စေ မူထန်ကျစ်နှင့် ယှဉ်ပါက မှိန်ဖျော့သွားပေသည်။
“မူမိသားစုရဲ့အကြီးဆုံးသားဟာ အာခီမီပညာရပ်မှာ ထူးချွန်တယ်ကြားတယ်။ ငါတို့ ဒီနေ့ အမြင်ကျယ်အောင် သူ လုပ်နိုင်လိမ့်မယ်”
အဖိုးအိုတစ်ဦးက တီးတိုးပြောသည်။
စားပွဲရှေ့တွင် ထိုင်ကာ မူချွန်းဟွေ့ကလည်း ပြုံးလျက် ခေါင်းညိတ်သည်။
“အစ်ကိုထန်ကျစ်… ခင်ဗျား ဒီနေ့ ဘာဆေးလုံး ဖော်စပ်မှာလဲ”
အသံတစ်သံကို ကြားရသည်။
အဖြူရောင်ဝတ်စုံဝတ်ကာ ရပ်နေသော ချန်မင်းက စူးရှသော မျက်လုံးများဖြင့် ကြည့်နေသည်။
“မူမိသားစုက မူထန်ကျစ်… မင်ဟွာတောင်ကြားက ချန်မင်း… နောက်နှစ်တစ်ရာကျရင် သူတို့နှစ်ယောက်ဟာ သေချာပေါက် အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အာခီမီကြယ်နှစ်စင်း ဖြစ်လာမှာပဲ”
အာခီမီပညာရှင်တစ်ဦးက ပြောသည်။
နှစ်တစ်ရာ ကြာပြီးနောက်…
သူတို့နှစ်ယောက်က ကြယ်နှစ်စင်း ဖြစ်လာမည်လား။
ဟန်မူယဲ့က ထောင့်တစ်နေရာတွင် ထိုင်နေသော ကျန်းမင်အား လှမ်းကြည့်သည်။
သူသည်လည်း လွန်ခဲ့သော နှစ်တစ်ရာက ထိုသို့သော ဂုဏ်သတင်းအား ပိုင်ဆိုင်ခဲ့သည်။
ကျန်းမင်က သေရည်ခွက်ကို ကောက်ကိုင်ကာ ဟန်မူယဲ့အား ပြုံးပြသည်။
ဟန်မူယဲ့က ခေါင်းယမ်းကာ နောက်လှည့်လျှင် မူဝမ်၏ရှက်သွေးဖျာနေသော အကြည့်ဖြင့် ဆုံမိပြန်သည်။