ငါ့လမ်းပိတ်ရင် မင်း သေရမယ်
Vol. 24 Ch. 322
အနက်ဝတ်စုံနှင့် ဖဲကြိုးနီ ချည်နှောင်ထားသည့် အမျိုးသားမှာ မိုဝူကျီကို လောကခန်းမမှ လွတ်မြောက်နိုင်ရန် ကူညီပေးလိုက်သည့် အထီးကျန်ကြိုးနီ ဖြစ်ပေသည်။ သူ့အစ်ကို လောကခန်းမ စည်းကမ်း ထိန်းသိမ်းရေးမှူးနှင့် ရှားမျိုးနွယ်စု လက်ချက်ဖြင့် အသတ်ခံရစဉ်မှ စ၍ မိုဝူကျီကို သူ့အလေးစားဆုံးသူ အဖြစ် မှတ်ယူခဲ့သည်။ ထိုသို့ စည်းကမ်း ထိန်းသိမ်းရေးမှူးကို ပြန်ပြောရဲသည်မှာ သူ့အစ်ကိုပြီးလျှင် မိုဝူကျီက ပထမဆုံးလူ ဖြစ်၏။
ထို့အပြင် မိုဝူကျီက သူ့စ်ကိုထက် ပို၍ ဉာဏ်ကောင်းကြောင်း ခံစားမိလေသည်။ အကြောင်းမှာ အနည်းဆုံးတော့ မိုဝူကျီက သူ့ကိုယ်သူ လွတ်လမ်းရှာထားပြီး သူ့ဘက်ရောက်အောင် ပြောတတ် ဆိုတတ်လေသည်။ အကယ်၍ သူသာ လက်စားချေလိုပါက မိုဝူကျီက သူ့အကောင်းဆုံးတွဲဖက် ဖြစ်လာလိမ့်မည်။ သို့သော်လည်း ဤတွဲဖက်ဆက်ဆံရေး မစတင်ရသေးခင် မိုဝူကျီကို အင်အားစုများက ဝန်းရံထားပြီ ဖြစ်၏။
အကယ်၍ သူသာ ထိုသို့ အဝိုင်းခံရလျှင်လည်း သူ့၌ အသက်ရှင်နိုင်မည့် အခွင့်အရေး ရှိမည် မဟုတ်ပေ။
“ဒါ နည်းနည်း လွန်လွန်းနေတယ် မထင်ဘူးလား။ အမှတ် ၅၀၀ ၀၀၀ က နည်းတာတော့ မဟုတ်ပေမဲ့ ဒီလိုထိ ဖြစ်ဖို့တော့ ...”
“ဟင်း ... ခင်ဗျား ဘာမှ မသိသေးဘူးမလား ... လခြမ်းကွေး အင်မော်တယ် နန်းတော်က ဘာလဲဆိုတာ အရင်ရှာကြည့်ကြည့် ... အမှတ် ၅၀၀ ၀၀၀ သူခိုးကို သွားဖမ်းတဲ့ သူတိုင်းမှာလည်း အမှတ်ပေါင်း မီလီယံနဲ ချီပြီး ရှိနေတာပဲ။ ခင်ဗျားတစ်ယောက်ပဲ အဲလိုဟာတွေ ယုံလိမ့်မယ် ... ”
“လခြမ်းကွေး အင်မော်တယ် နန်းတော်က ဘာလဲဆိုတာ မသိပေမဲ့ တစ်မူထူးခရာ တိုက်ပွဲစင်မြင့်က လောကခန်းမမှာ ဂုဏ်သတင်း ကျော်ကြားတယ်လေ။ အခု သူတို့က အမှတ် ၅၀၀ ၀၀၀ အလိမ်ခံရတော့ ဘယ်လိုလုပ် အလွတ်ပေးနိုင်ပါ့မလဲ။ ဒါက အမှတ် ၅၀၀ ၀၀၀ တင် မဟုတ်တော့ဘူး လောကခန်းမရဲ့ ဂုဏ်သတင်းနဲ့ပါ ဆက်စပ်နေတာလေ ...”
“ကျုပ်လည်း ကြားလိုက်တယ်။ မိုဝူကျီကို ရှားမျိုးနွယ်စုဆီ ခေါ်လာနိုင်တဲ့ ဘယ်သူမဆို ဆုလာဘ် ၁ ၀၀၀ ၀၀၀ ပေးမယ်တဲ့။ ပြီးတော့ ကြယ်တာရာ ဘုရင်တောင်ရဲ့ ကြယ်တာရာ တိုက်ပွဲခန်းမကို ဝင်ဖို့ ထောက်ခံပေးမယ်တဲ့ဗျာ။ အဲလို အခွင့်အရေးရတဲ့သူက ရှားမျိုးနွယ်စုရဲ့ လျှို့ဝှက်နယ်ပယ်ကို ဝင်ပြီးတော့လည်း ကျင့်ကြံနိုင်မှာတဲ့ ... ”
***
အထီးကျန်ကြိုးနီက ထိုစကားများကို ကြားသည့်အခါ နှလုံးသားက ပို၍ပင် အေးစက် သွားလေသည်။ မိုဝူကျီအတွက်ပင် မကဘဲ သူ့အတွက်ပါ ဖြစ်၏။ ကြယ်တာရာ ဘုရင်တောင်ကို မျိုးနွယ်စုကြီး သုံးခုက ထိန်းချုပ်ထားသည် ဖြစ်ရာ သူက သူ့အစ်ကိုအတွက် မည်သို့ လက်စားချေပေး နိုင်မည်နည်း။ သူက ကြယ်တာရာ စူးစိုက်ခန်းမလည်း ပါဝင်လာပြီ ဟုကြားထားရာ ထိုခန်းမမှာ ကြယ်တာရာသခင် လက်အောက်တွင် ရှိလေသည်။ ကြယ်တာရာသခင်ပင် ပါဝင်လှုပ်ရှားလာပြီ ဖြစ်ရာ ကြယ်တာရာ ဘုရင်တောင်တွင် ဖြူစင်သန့်ရှင်းသည့် နယ်မြေ မည်မျှ ကျန်ရှိဦးမည်လဲ ....
ထိုစဉ် ရွှေရောင်ဝတ်ရုံဖြင့် အမျိုးသားက လေထဲမှ လျှောက်လှမ်းလာကာ အော်ပြောလိုက်သည် “တာအိုရောင်းရင်း အပေါင်းတို့ .... လူတော်တော် များများလည်း ကျုပ်ကို သိကြလိမ့်မယ်လို့ ထင်ပါတယ်။ ကျုပ်က ယန်မျိုးနွယ်စုကဆိုတာ ဖုံးကွယ်မထားပါဘူး။ အရင် ယန်ယန်ဒေါင်နဲ့ မိုဝူကျီတို့ သေမင်းတိုက်ပွဲ ယှဉ်ပြိုင်စဉ်က ယန်ယန်ဒေါင်က မိုဝူကျီရဲ့ အကွက်ကျကျ စီစဉ်ထားတာကြောင့် သေဆုံးခဲ့ရတာပါ။ ဒါပေမဲ့ ကျုပ်တို့က များများစားစား မတွေးတော့ပါဘူး။ ပြိုင်ပွဲအတွင်း ညစ်ပတ်တဲ့ နည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အနိုင်ရယူနိုင်တာကလည်း သူ့စွမ်းဆောင်ရည် ဆိုတော့ ကျုပ်တို့ ယန်မျိုးနွယ်စုက ဒီကိစ္စကြောင့် သူ့ကို ရန်စထားမှာ မဟုတ်ပါဘူး ...
ဒါပေမဲ အခုတော့ ကျုပ်တို့ ယန်မျိုးနွယ်စုက မိုဝူကျီကြောင့် မျိုးသုဉ်း ပျောက်ကွယ်သွားပြီး အားလုံးရဲ့ စွပ်စွဲခြင်းကို ခံရမယ် ဆိုရင်တောင် ကျုပ်တို့ ယန်မျိုးနွယ်စုအနေနဲ့ မိုဝူကျီကို ဖမ်းပြီးတော့ အရိုးထိ ပြာချပစ်မှပါ။ လောကအဆင့်ဇယားကို ဝင်တဲ့ မိုဝူကျီက ဘယ်လိုလူစားမျိုးလဲ ဆိုတာရော သိကြလား။ ကျုပ်လည်း ဘယ်လိုပြောရမှန်း မသိပေမဲ့ ဒီမှတ်တမ်းကို ကြည့်ရင် အားလုံး နားလည် သွားကြမှာပါ ...”
ရွှေရောင်ဝတ်ရုံဖြင့် အမျိုးသားက လက်ဝှေ့ပြလိုက်ပြီး နောက်တွင် အားလုံးရှေ့၌ ဧရာမ ကြည့်ရှုရေး ပိတ်ကားတစ်ချပ် ပေါ်လာလေသည်။
ထိုပိတ်ကားမှာ မိုဝူကျီက အာကာသထဲ ရပ်နေပြီး သူနှင့် မနီးမဝေးတွင် သင်္ဘောပျံ ရောက်ရှိလာကြောင်း ပြသထားလေသည်။ သင်္ဘောပျံတွင် လူသုံးယောက်ပါရှိပြီး အားလုံးက စုံတွဲတစ်တွဲနှင့် ကလေးတစ်ယောက် ဖြစ်ကြောင်း သိလိုက်ရသည်။
ထိုကလေးမလေးမှာ အင်မတန် ချစ်ဖို့ကောင်းပြီး သင်္ဘောပျံမှ ထွက်လာပြီး သူမ မိဘများနှင့်အတူ မိုဝူကျီဆီ လျှောက်လာ လေသည်။
“အစ်ကိုကြီး လမ်းပျောက်နေတာ များလား ... သမီးတို့နဲ့ အတူ လိုက်ခဲ့လေ။ သမီးတို့လည်း လောကတိုင်ကို သွားကြမှာ ...” အပြစ်ကင်းစင်သည့် ကလေးမလေးက ခေါင်းကို မော့ကာ မေးလိုက်သည်။
မိုဝူကျီက ထိုကလေးမလေးကိုပင် မကြည့်ချေ။ သူ့မျက်နှာမှာ ခံစားချက် ကင်းမဲ့နေလေသည်။
ကလေးမလေးက မိုဝူကျီ ပြန်မဖြေသည်ကို မြင်သောအခါ သူမက ဆက်ပြောလိုက်သည် “အဲဆို သမီးတို့ သွားတော့မယ်နော် ...”
စကားပြောပြီး နောက်တွင် ကလေးမလေးက လှည့်ထွက် သွားလေ၏။ ထိုစဉ် မိုဝူကျီက ကလေးမလေး ဦးခေါင်းကို နောက်မှ ရိုက်ခွဲခဲ့ခြင်း ဖြစ်ပေသည်။
ကလေးမလေး၏ ယူကျုံးမရ အော်ဟစ်သံ အပြီးတွင် မှတ်တမ်းကား အဆုံးသတ် သွားလေသည်။
ရွှေရောင်ဝတ်ရုံနှင့် အမျိုးသား မျက်လုံးတွင် စိတ်ပျက်ခြင်းများ ကြီးစိုးလျက် “ကျုပ်တို့ ယန်မျိုးနွယ်စုက သူ့ကို သတ်မဲ့အကြောင်းကို နားလည် သွားကြပြီလား။ သူက လူတောင် မဟုတ်ဘူး တိရစ္ဆာန်သာသာပဲ။ ဒီကလေးမလေးက ယန်မျိုးနွယ်စုက အပြစ်ကင်းတဲ့ ကလေးလေးပါ။ သူမ မိဘနဲ့အတူ အာကာသထဲ အတွေ့အကြုံရလိုရငြား ထွက်သွားတော့မှ ဒီလိုအဖြစ်ဆိုးနဲ့ ကြုံရတယ်။
ကျုပ်တို့ ယန်မျိုးနွယ်စုက မိုဝူကျီကို ယန်မျိုးနွယ်စုဆီ ခေါ်လာနိုင်တဲ့ မည်သူမဆို ယန်မျိုးနွယ်စုရဲ့ ဝိညာဉ်ကျောက်စိမ်း ရေကန်မှာ ကျင့်ကြံခွင့်ပေးမယ်။ ကျန်ရှိနေတဲ့ ဆုလာဘ်တွေကလည်း အခု ဆုလာဘ်ထက် ဆယ်ဆ တိုးပေးပြီးတော့ ကြယ်တာရာ ဘုရင်တောင်က ကြယ်တာရာတိမ်တိုက်ခန်းမဆီ ဝင်ဖို့ အခွင့်အရေး ပေးမယ် ....”
“သူ့ကို သတ်ပစ်မယ် ”
“ခွေးကောင် ... ဒီလိုကောင်မျိုးက ဘယ်လိုများ အသက် ရှင်နေတာလဲ ”
“သတ်ပစ်မယ် ”
“သူ မသေမချင်း မကျေနပ်ဘူး ”
***
မှတ်တမ်းကို ပြပြီးသည်နှင့် လောကတိုင် ပထမအလွှာတွင် ကျင့်ကြံသူများ ပိုမိုဒေါသ ထွက်လာကြလေသည်။ အစပိုင်းတွင် အချက်ပြ အလင်းဓားကို လာရောက် ထုတ်ယူသူ များပြားသော်လည်း ယခုအခါ ပို၍ များပြား လာလေသည်။
မှတ်တမ်း ထုတ်ပြလိုက်သည့် အချိန်တွင် မိုဝူကျီကို ဖမ်းဆီးလိုသည့် ကျင့်ကြံသူများက တိုးပွားလာလေသည်။
ကြယ်တာရာခန်းမထဲမှ ခန်းမဆယ်ခုအနက် ရှစ်ခုမှာ ပါဝင်ပြီးပြီ ဖြစ်ရာ ဂိုဏ်းကြီးများလည်း ပိုမို ပါဝင်လာကြသည်။ မကြာခင်တွင် မိုဝူကျီကို ဖမ်းဆီးချင်ကြသော ဂိုဏ်းများမှာ ဆယ်ဂဏန်း ရောက်သွားလေသည်။ ထို့အပြင် ဂိုဏ်းအသေးလေးများနှင့် မိသားစု မျိုးနွယ်စုများပင် ပါဝင်လာကြလေသည်။
အထီးကျန် ကြိုးနီက လောကတိုင်မှ လှည့်ထွက်ရင်း သက်ပြင်း အရှည်ကြီးသာ ချလိုက်တော့သည်။
သူက မိုဝူကျီသည် သူ့အဆုံးသတ် ရောက်တော့မည် ဖြစ်ကြောင်း သိလိုက်သည်။ သူက လုပ်နိုင်သည့်အရာများ လုပ်ပေးခဲ့သော်လည်း ယခုအချိန်တွင် ဘာမှ မတတ်နိုင်တော့ချေ။
သူ့ကျင့်ကြံဆင့်မှာ အစစ်အမှန်ရေ ပြီးပြည့်စုံခြင်း အဆင့်သာ ရှိသေးသော်လည်း သူ့စွမ်းအား အစစ်အမှန်မှာ ကျင့်ကြံဆင့်တွင် မဟုတ်ဘဲ ရုပ်ဖျက်နိုင်စွမ်းနှင့် အာကာသပုံတူများ ဖန်တီးခြင် သို့မဟုတ် မှတ်တမ်း မှတ်သားခြင်း ကိစ္စတို့တွင် ဖြစ်၏။
ရွှေရောင်ဝတ်ရုံနှင့် အမျိုးသား ထုတ်ယူလာသည့် မှတ်တမ်းမှာ အစစ်အမှန် ဖြစ်သော်လည်း ဖြတ်တောက်ထားကြောင်း သတိထားမိလေသည်။ သူက မိုဝူကျီသည် ထိုသို့ ကလေးမလေးနှင့် ရင်ဆိုင်သည်ကို နားမလည်သော်လည်း သူ့စိတ်ထဲ၌ မိုဝူကျီမှာ ထိုသို့လူစားမျိုး မဟုတ်ကြောင်း ယုံကြည်နေမိသည်။
လောကခန်းမမှ စည်းကမ်း ထိန်းသိမ်းရေးမှူးကို မိတ်ဆွေအတွက် ဆန့်ကျင်ရဲသည့် သူသည် ထိုသို့ လုပ်လိမ့်မည်ဟု မယုံပေ။ ထို့အပြင် သူက ယန်မျိုးနွယ်စုမှ အားလုံးကို မိုဝူကျီအား ဖမ်းဆီး ခေါ်လာဖို့ ပြောသည့် နောက်ကွယ်မှ အကြောင်းအရင်းကို နားလည်လေ၏။
ယန်မျိုးနွယ်စုက မိုဝူကျီကို ဖမ်းခေါ်ပေးလာမည့် မည်သူ့ကိုမဆို ပေါပေါသီသီ ဆုချီးမြှင့်မည် ဖြစ်၏။ သူတို့က လခြမ်းကွေးသော့ ရလျှင်ပင် သူတို့က လောကခန်းမအတွင်း မဝင်နိုင်သည့်အတွက် အဖိုးတန် ရတနာတချို့နှင့်သာ လဲလှယ်ကြလိမ့်မည်။
“ဘိုးဘိုး .... ဒီလူက အရမ်း ကောက်ကျစ်တာပဲ။ သမီးလဲ ကျန်တဲ့လူတွေနဲ့ ပေါင်းပြီးတော့ ဒီဆန်ကုန်မြေလေးကို သတ်ပစ်ချင်တယ် ...” လောကတိုင်ထောင့်တစ်နေရာမှ မှတ်တမ်းထဲမှ ကလေးမလေးနှင့် ရွယ်တူလောက် ရှိသည့် ကောင်မလေးက မှတ်တမ်းကို ကြည့်ရင်း လက်သီးဆုပ်ကာ ပြောလိုက်လေသည်။
ကောင်မလေးဘေးတွင် ရပ်နေသောလူမှာ ခါးကုန်းနေသည့် အဘိုးအို ဖြစ်လေ၏။
အဘိုးအိုက ကောင်မလေး ဆံပင်ကို ချစ်စဖွယ် သပ်ပေးလိုက်ရင်း ပြောလိုက်သည် “မင်း ဘိုးဘိုးက အသက်ကြီးနေပြီ။ ဘိုးဘိုးတို့တွေ အရင်ပြန်ကြမလား။ မင်း ကျင့်ကြံဆင့် မြင့်လာမှ ထပ်လာကြမယ်လေ ...”
“ဟုတ်။ သမီး ကျင့်ကြံဆင့် မြင့်ဖို့ ကြိုးစားပြီးတော့ အဲဒီ ဆန်ကုန်မြေလေးကို မြန်မြန် သတ်ပစ်နိုင်အောင် လုပ်ရမယ်” ကောင်မလေးက စကား တစ်လုံးချင်းစီကို ရှင်းလင်းစွာ ပြောလိုက်သည်။
အဘိုးအိုက ပြန်မဖြေဘဲ မှတ်တမ်းကိုသာ ဆက်တိုက် ကျေးဇူးတင် မိနေတော့သည်။
အခြားသူများက မိုဝူကျီ သတ်လိုက်သည့် ကလေးမလေးကို မမှတ်မိကြသော်လည်း သူကတော့ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပေ။ ဤကလေးမလေးမှာ ငရဲနတ်သမီးဟု ခေါ်ပြီး သူမက ကလေးမလေး အရွယ် ဖြစ်နေသော်လည်း အသက်က ရာကျော်နေပြီ ဖြစ်၏။ အကြောင်းမှာ ထိုအမျိုးသမီးက အရွယ် မရောက်သေးသည့် ကောင်မလေးများ၏ သွေးကို အသုံးပြုပြီး သူမနည်းလမ်းဖြင့် သူမက ဆယ်နှစ်အရွယ်ကလေး အသွင် ဖြစ်နေခြင်း ဖြစ်ပေသည်။ ဤနည်းလမ်းမှာ သူမကို ငယ်ရွယ်စေသော်လည်း ဆိုးကျိုးမှာ ကျင့်ကြံဆင့်ကို အင်မတန် နှေးကွေး စေလေသည်။
လွန်ခဲ့သည့် နှစ် ၂၀၀ ခန့်က သူ့သမီး၏ သွေးများကို ထိုနတ်ဆိုးက အကုန် စုပ်ယူသွားခဲ့သည်။ ဤငရဲနတ်သမီးမှာ ပေါ်လာသည့် အချိန်တိုင်း အသွင်မတူသော်လည်း သူမ၏ အမူအရာများကို သူ့စိတ်ထဲ စွဲကာ ထင်းကျန်ရစ် နေလေသည်။ ငရဲနတ်သမီးက သွေးအရှိန်အဝါ ဓားကို လေ့ကျင့်ကာ သူမ၏ ကလေးသွင်ပြင်ကြောင့် သာမန်ကျင့်ကြံသူများက သူမ လက်မှ မလွတ်မြောက်နိုင်ကြပေ။ ယခင်က သူသည်လည်း သွေးဓားဖြင့် အပစ်ခံခဲ့ရလေသည်။ စန်ယီရှန်း၏ အကူအညီကြောင့်သာ မဟုတ်လျှင် ဤလောကတွင် နေရတော့မည် မဟုတ်ပေ။
ဤအမျိုးသမီး၏ ကြောက်စရာ အကောင်းဆုံးအရာမှာ သူမ တိုက်ကွက် မဟုတ်ဘဲ ထွက်ပြေးခြင်း ဖြစ်၏။ သူက သူ့သမီးဖြစ်သူအတွက် လက်စားမချေပေး နိုင်ခဲ့ပေ။ ထို့ကြောင့် မိုဝူကျီကို အလွန်အမင်း ကျေးဇူးတင်နေခြင်း ဖြစ်ပေသည်။ သို့သော်လည်း သူက မိုဝူကျီသည် ငရဲနတ်သမီးကို မည်သို့ သတ်လိုက်သည်ကိုတော့ မစဉ်းစားနိုင်ပေ။
အကြောင်းမှာ ငရဲနတ်သမီးအတွက် ထွက်ပြေးဖို့ရန် ခဏတာမျှသာ လိုအပ်လေ၏။ ထိုအပြင့် ငရဲနတ်သမီးနောက်တွင် အားကောင်းသော နောက်ခံ ရှိလေသည်။
သူက မိုဝူကျီကို ကျေးဇူး တင်နေသော်လည်း သူ့မြေးမလေးကိုတော့ အမှန်တိုင်း ပြောမပြရဲပေ .....
မိုဝူကျီ၏ သင်္ဘောပျံက ကန့်သတ်ချက် ရောက်သွားကြောင်း သိလိုက်သည့် အခိုက်အတန့်၌ သူ့တွင် လွတ်မြောက်ရန် အချိန်လျော့နည်း သွားကြောင်း သိလိုက်သည်။
ကြည့်ရသည်မှာ လောကခန်းမထဲမှာ အားလုံးက သူထွက်ပြေးသည်ကို သိသွားကြပြီး သူ့ခေါင်းအတွက် လိုက်လာကြသည်လား ....
အမြဲတမ်းဆိုသလို အလင်းတန်းများ ထွက်ပေါ်နေပြီး ရံဖန်ရံခါတွင် သူ့ရှေ့မှ လူတချို့ ပေါ်လာကာ တားဆီးတတ်ကြသည်။ အကယ်၍ သူသာ သင်္ဘောပျံဖြင့် ဆက်လက် ထွက်ပြေးနေပါက မကြာခင် ချောင်ပိတ်မိသွားပြီး ပြေးစရာနေရာ မရှိ ဖြစ်သွားပေလိမ့်မည်။
မိုဝူကျီက အမြဲတမ်း တည့်တိုး ဆန်သည့်အတွက် သူတွေးမိသည်နှင့် ထလုပ်လိုက်လေသည်။ သူက ချက်ချင်းဆိုသလို သင်္ဘောပျံကို သိမ်းဆည်းလိုက်ပြီး လေနှင့်ခန္ဓာ တစ်သားတည်း ဖြစ်သွားကာ အရိပ်များသာ ချန်ရစ်ပြီး ထွက်ပြေးလိုက်တော့သည်။
“သူက လေလွတ်မြောက်ရေး နည်းစနစ်ကို သုံးနေတာပဲ ...” မိုဝူကျီ နောက်မှ လိုက်နေကြသော သူများမှာ ထိုနည်းစနစ်ကို သိဖို့ရာအတွက် အချိန် သိပ်မကြာပေ။
အမွှေးတိုင် တစ်ဝက်ခန့်တွင် အာကာသအတွင်း အလင်းတန်းများ တစ်ဖန် ပြန်ပေါ် လာလေသည်။ သင်္ဘောပျံတိုင်း၏ အလင်းတန်းများနှင့် ဦးတည်ရာများက မိုဝူကျီဆီ ဦးတည် လာကြတော့သည်။
လူတော်တော်များများက သူတို့ မိုဝူကျီကို အမှန်တကယ် ဖမ်းမိသည့်အခါ ဘာဆုလာဘ်မှ များများစားစား မရမည်မှန်း သိကြလေသည်။ သို့သော်လည်း ကြယ်တာရာ ဘုရင်တောင်၏ ခန်းမရှစ်ခု၊ ကျန်းမိုနယ်မြေမှ ဂိုဏ်းကြီး ၁၉ ခုနှင့် များပြားစွာသော ဂိုဏ်းငယ်များက မိုဝူကျီကို ဖမ်းဆီးနိုင်မည့် လူများကို ဆုလာဘ် ထုတ်ထားကြလေသည်။ ဆုလာဘ်က နည်းသည် ဖြစ်စေ၊ များသည် ဖြစ်စေ မိုဝူကျီကို ဖမ်းဆီးနိုင်ဖို့ တစ်ယောက်ချင်းစီ၏ ကြိုးစား အားထုတ်မှုအပေါ် မူတည်လေသည်။
ဘေးမှာနေပြီး ဘာမှ မတိုက်လျှင်ပင် သူ့လမ်းကို ပိတ်ထားဖို့ရာ ရပ်ထားသည့်အတွက် ရမှတ်တော့ ရနိုင်သေးသည်။
သူ့လက်ထဲမှ တျန်းဂျီတုတ်ကို တင်းတင်းဆုပ်ကာ မိုဝူကျီက သူသည် ဤလေလွတ်မြောက်ရေး နည်းစနစ်နှင့် ရာနှုန်းပြည့် မလွတ်မြောက်နိုင်မှန်း သိပေသည်။ သူ့လေလွတ်မြောက်ရေး နည်းစနစ်က တစ်ကွက်တည်းဖြင့် သူ့ကို အာကာသတစ်ခွင် ခေါ်ဆောင် သွားလောက်ရအောင် အထိ အားမကောင်းသေးပေ။ အားလုံးက သူပေါ်လာသည့် နေရာတိုင်းတွင် ဖမ်းဖို့ရာ စောင့်ကြိုနေပြီး အချက်ပြများ ထုတ်လွှင့်နေကြသည်။
အစစ်အမှန်ရေ အဆင့် ကျင့်ကြံသူ နှစ်ယောက်နှင့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူတို့က မိုဝူကျီကို မြင်သည့်အခါ မိုဝူကျီဆီ ပြေးမလာခင် အချင်းချင်း အချက်ပြလိုက်သည်။ သူတို့မျက်လုံးများမှာ သွေးနံ့ရသည့် ငါးမန်းများလို စိတ်လှုပ်ရှား နေကြသည်။
ထိုသုံးယောက်က မိုဝူကျီနှင့် ရင်ဆိုင်တွေ့ကာ မိုဝူကျီ ထွက်ပြေးသွားလျှင်ပင် သူတို့အတွက် ဆုလာဘ်များ ရမည် ဖြစ်ကြောင်း သိထား၏။
“သတ် ” မိုဝူကျီ၏ တစ်ကိုယ်လုံးကို လူသတ်ငွေ့ အရိပ်အယောင်များဖြင့် လွှမ်းခြုံထားကာ သူ့ဆီ ပြေးဝင်လာသော ထိုသုံးယောက်ဆီ ချီတက် လိုက်တော့သည်။ အားလုံးက သူ့ကို ဖမ်းဆီးချင် နေကြသည့်အတွက် မတွန့်ဆုတ် နေတော့ပေ။
လက်ရှိ သူ့စိတ်ထဲ၌ စကားလေးလုံးသာ ရှိလေသည်။
“ငါ့ လမ်းကို ပိတ်ရင် မင်းသေရမယ် ”
***