မင်းတို့အသက်နဲ့ လဲလိုက်
Vol. 24 Ch. 323
မိုဝူကျီက တျန်းဂျီတုတ်ကို ထုတ်ပြီးသည်နှင့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်လိုက်ကာ အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို တစ်ချက်ပင် မကြည့်ပေ။
ရက်စက် ကြမ်းကြုတ်ဟန် ပေါ်နေသည့် မိုဝူကျီက သူ့ဆီ ပြေးဝင် လာလေသည်ကို မြင်သောအခါ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူက အလွှာတစ်ထောင် မောင်းကို ကိုင်ဆွဲကာ မိုဝူကျီဆီ သွားကာ
“ငါ သူ့ကို ထိန်းထားလိုက်မယ်။ သတ် ...”
“ဘမ်း ဘမ်း”
မိုဝူကျီ၏ လျှပ်တစ်ပြက် လျှပ်စီးက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူ၏ အလွှာတစ်ထောင် မောင်းနှင့် တွေ့သောအခါ သဘာဝ စွမ်းအားများက အာကာသ တစ်ခွင် ပေါက်ကွဲ သွားလေသည်။
ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူက သူ့ထက် အားမနည်းသည့် သဘာဝ စွမ်းအားများကို ခံစားမိလိုက်၍ စိတ်ထဲ အေးစက် သွားလေသည်။ သူက ယန်ယန်ဒေါင်ကို သတ်နိုင်သည်မှာ အံ့ဩစရာ မရှိတော့ပေ။ သူ့စွမ်းအားမှာ သူ့ကျင့်ကြံဆင့် အတွက် မယုံကြည်နိုင်စရာ ကောင်းပေ၏။
ခဏ ... သူက သံမဏိတုတ် သုံးလိုက်တာ မဟုတ်ဘူးလား ... ဘယ်လိုလုပ် လျှပ်စီးတွေက ပေါက်ကွဲ လာတာလဲ ...
“ဘုန်း ဘုန်း” သွေးမြူနှစ်ခု ဆက်တိုက် ဆိုသလို ထွက်ပေါ်လာပြီး ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူ ခန္ဓာကိုယ်ကို တုန်လှုပ် သွားစေသည်။ သူ့စိတ်ထဲတွင် ပြောမပြ တတ်သည့် အကြောက်တရား ကြီးစိုးလာပြီး ထိုအကြောက်တရားမှာ အစစ်အမှန် ရေအဆင့် ကျင့်ကြံသူကြောင့် ဖြစ်ပေါ်လာခဲ့၍ အလွန် ရှက်ရွံ့မိ၏။
ယခင်က တုတ်မှာ သူ့ကို တိုက်ရိုက်ချိန်ရွယ် ထားသော်လည်း သူ့အဖော်များပေါ်သာ ကျရောက် သွားလေသည်။ ထို့အပြင် ဤအချိန်လေး အတွင်း သူက လေထဲမှ သဘာဝ စွမ်းအား ပြောင်းလဲမှုကို မခံစားမိ လိုက်ပေ။
ဘယ်လို စွမ်းရည်မျိုးလဲ ...
ထိုစဉ် သူသည် မိုဝူကျီက ထိုကျင့်ကြံသူ နှစ်ယောက်ကို အရင်သတ်ရန် ကြံစည်ထားကြောင်း မသိသေးလျှင် သူက အရူး တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ မိုဝူကျီက သူ့ကို မတိုက်ခိုက်ခင် အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို သတ်ရန် ကြံစည်ထားခြင်း ဖြစ်၏။
တုတ်အရိပ်က အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို သတ်ဖြတ် သွားသော်လည်း မိုဝူကျီက လေးနက်သည့် မျက်နှာထားကို ပန်ဆင်ထားဆဲ ဖြစ်သည်။ တျန်းဂျီတုတ်ကို နောက်တစ်ဖန် ထပ်မြှောက်ရင်း သူ့ခန္ဓာမှ လူသတ်ငွေ့များက ပိုမိုထက်ရှ လာပေသည်။ ဤတစ်ကြိမ်တွင် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူဆီ ဖြစ်လေ၏။
“ဘုန်း ဘုန်း” ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူက ဖုံးကွယ် မထားတော့ပဲ သူ့အလွှာ တစ်ထောင်မောင်းဖြင့် မိုဝူကျီ တုတ်ကို ကာဆီး လိုက်ရသည်။
ပြင်းထန်လွန်းသည့် သဘာဝ စွမ်းအားများက တစ်လှိုင်းပြီး တစ်လှိုင်း ထွက်ပေါ် လာသောကြောင့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက သူ့ကိုယ်သူ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ဟုတ်ရဲ့လားဟုပင် သံသယ ဝင်လာမိသည်။ သူက မည်သို့ အစစ်အမှန် ရေအဆင့် ကျင့်ကြံသူလေးကို ကြောက်ရွံ့နေရ သနည်း။
သူ့စိတ်ထဲမှ အကြောက်တရားကို အမြစ်ဖြတ် ချေမှုန်းပြီးနောက် အလွှာတစ်ထောင် မောင်းမှာ ပုံရိပ်ယောင် မောင်းအရိပ်များ အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်တစ်ခွင် ပျံ့နှံ့လာကာ မိုဝူကျီကို ပစ်မှတ် ထားလေသည်။
မိုဝူကျီ၏ တျန်းဂျီတုတ်က မောင်းအရိပ်များ ပေါ်လာတိုင်း ထက်ခြမ်း ပိုင်းပစ်ကာ တျန်းဂျီတုတ်က မောင်းပင်မ နှလုံးသားကို အမြဲ ရိုက်မိလေသည်။
အစပိုင်းတွင် မိုဝူကျီက သူ့တုတ် နည်းစနစ်မှာ မလုံလောက်မည်ကို စိုးရိမ် နေမိသော်လည်း တုတ်ကို လွှဲယမ်းပြီးသည့် နောက်တွင် စိတ်အေး သွားမိသည်။ သူ့လက်ထဲတွင် ရှိနေသော တျန်းဂျီတုတ်မှာ နောက်ဘဝ တစ်ခုကဲ့သို့ ဖြစ်လေ၏။ သူက အရိုးရှင်းဆုံး နည်းလမ်းကို အသုံးပြု၍ သူ့တျန်းဂျီတုတ်ကို သဘာဝ စွမ်းအား ချွေချွေတာတာဖြင့် ရိုက်ချ နိုင်လေသည်။ သူက တိုက်ပွဲထဲ ရောက်နေသည်ဟု မခံစားရဘဲ စာရွက်ဖြူပေါ်တွင် အနုပညာ ဖန်တီးနေ သကဲ့သို့ ဖြစ်သည်။
ထိုသည်က နိဗာနတုတ် အရိပ်၏ အနှစ်သာရ ဖြစ်ပေလိမ့်မည်။ နိဗာနတုတ် အရိပ် တိုက်ကွက်အောက်တွင် တစ်ဖက်လူ၏ တိုက်ကွက်မှာ လမ်းလျှောက် တတ်ခါစ ကလေးသာသာ ဖြစ်နေလေ၏။
“ဘမ်း ဘမ်း ဘမ်း ...”
သဘာဝ စွမ်းအားများက အာကာသထဲ ဆက်တိုက် ပေါက်ကွဲသွားပြီး မိုဝူကျီက တစ်ဖက်လူကို သူ့တုတ် အကွက်ဖြင့် ပိတ်ထားသည့် အလား စိတ်အေးလက်အေး တိုက်လိုက်တော့သည်။ သူ့၌ အခွင့်အရေး ရလာသည်နှင့် မိုဝူကျီက အဖိုးတန်ဆုံး ဖြစ်သည့် တစ်ဖက်လူ သတိလွတ်သည့် အချိန်ကို စောင့်ဆိုင်းနေရုံသာ ဖြစ်၏။
သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ရောက်နေတော့ရော ဘာအရေးလဲ ... မိုဝူကျီက သူ့အား ချောင်ပိတ်ထားရန် တုတ်အကွက်ကို အသုံးပြုနိုင် သေးလေသည်။
သို့သော်လည်း မိုဝူကျီနှင့် တိုက်နေသည့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူက တိုက်ခိုက် နေရင်းဖြင့် ပိုမို ကြောက်ရွံ့ လာလေသည်။ အစပိုင်းတွင် သူ့အလွှာ တစ်ထောင်မောင်း အရိပ်များက မိုဝူကျီကို လွှမ်းခြုံ ထားသောကြောင့် မိုဝူကျီသည် သူ့လက်ထဲ ရောက်လာမည်ဟု မှတ်ယူခဲ့မိသည်။
သို့သော် ချောင်ပိတ် သွားသည့်သူမှာ သူကိုယ်တိုင် ဖြစ်နေလေသည်။ အချိန်ကြာလာ သည်နှင့်အမျှ သူ ထိန်းချုပ် နိုင်စွမ်းမှာ ပိုမို သေးငယ် လာတော့သည်။ ကြည့်ရသည်မှာ မမြင်ရသည့် လက်တစ်ဖက်က သူ့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင် ထားသလို ဖြစ်နေ၏။
“မြန်မြန် ထွက်သွားရမယ်” ထိုအတွေးက သူ့စိတ်ထဲ နွယ်ပင် တစ်ပင်လို ရစ်ပတ် လာလေသည်။ သို့သော်လည်း သူက ထွက်သွားဖို့ရာ မဆုံးဖြတ်နိုင်ခင် သေလူ ဖြစ်သွားမည်မှန်း ထင်မထားခဲ့ပေ။
နိဗာနတုတ် အရိပ် ထွက်ပေါ် လာသည်နှင့် နေရာ သေးသေးလေးပင် အလွတ်မကျန် ရှိတော့ပေ။ နောက်အခိုက် အတန့်၌ တျန်းဂျီတုတ်က သူ့အကာအကွယ်ကို ချိုးဖောက်လာပြီး သူ့နဖူးပေါ်သို့ ဓားရှည်ပမာ ထိုးဖောက် သွားလေသည်။
ဤတစ်ကြိမ်က မိုဝူကျီအတွက် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူကို ပထမဆုံး အကြိမ် သတ်ဖြတ်ခြင်း မဟုတ်ပေ။ ထို့ကြောင့် သူ့စိတ် အတွင်း၌ ဘာမျှ မခံစားရပေ။ လက်ရှိတွင် သူက အာကာသထဲ ရပ်နေပြီး သူ့ဘေးနား ဝန်းရံလာသည့် ကျင့်ကြံသူများ တိုးပွား လာသည်ကို ကြည့်နေရသည်။
အစစ်အမှန် ရေအဆင့် ကျင့်ကြံသူနှစ်ဦးနှင့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူကို သတ်လိုက်သည့် အချိန်လေးမှာ သိပ်၍ မကြာမြင့်သော်လည်း ကျင့်ကြံသူများက တစ်ယောက်ပြီး တစ်ယောက်၊ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ရောက်ရှိလာကြကာ သူ့အား ဝိုင်းရံ လာကြသည်။
အစပိုင်းတွင် မိုဝူကျီက မည်သို့ ဖြစ်စေ လွတ်မြောက်ဖို့ရာ ယတိပြတ် ဆုံးဖြတ်ထားပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ထားလိုက်သည်။ သူ့စိတ်ထဲ၌ လူသတ်ချင်စိတ်ကား ကြီးစိုး လာလေသည်။ အကြောင်းမှာ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူကို သတ်ရန် တုတ်နည်း စနစ်ကို အားထားခဲ့ ရသည်မှာ သိပ်မကြာသေးပေ။
“မိုဝူကျီ ... ငါ မင်းကို အစစ်အမှန် ရေအဆင့်လေးနဲ့ လောကအဆင့် ဇယားထဲ ဝင်နိုင်တဲ့ အတွက် လေးစား ခဲ့ပြီးတော့ စစ်မှန်တဲ့ သူရဲကောင်းလို့ ထင်ထားခဲ့တယ်။ ဒါပေမဲ့လည်း မင်းက လောက ခန်းမရဲ့ စည်းမျည်းတွေကို လျစ်လျူရှုရုံ သာမက မင်းက ရိုးသား အပြစ်ကင်းလှတဲ့ ကလေးမလေး ကိုတောင် လုပ်ကြံခဲ့ သေးတယ်။ ငါ ရွယ်ကျို့ရန်က မင်းကို သတ်ပြီးတော့ ကလေးမလေး အတွက် လက်စားချေ မပေးရရင် ငါဘဝ တစ်လျှောက်လုံး ဆက်မကျင့်ကြံတော့ဘူး။ အားလုံးက အစီအရင် ထိန်းချုပ်ဖို့ ကူညီပေးကြပါ ... ငါ ကိုယ်တိုင် ဒီတိရစ္ဆာန်ကို သတ်မယ် ...”
မုတ်ဆိတ်နှင့် အမျိုးသားက လူအုပ်ရှေ့ ထွက်လာရင်း မိုဝူကျီဆီ ချီတက်ကာ ပြောလိုက်သည်။
ဤရွယ်ကျို့ရန်က မိုဝူကျီကို ကိုယ်တိုင် အဆုံးသတ်ပစ် ချင်သောကြောင့် သူ့အပိုင်းကို ကောင်းကောင်း ပြောလိုက်လေသည်။ သို့သော်လည်း သူက မိုဝူကျီဆီ ပြေးလာသည့် အခိုက်အတန့်တွင် ကျင့်ကြံသူ ရာကျော်လည်း ပါလာကြ၏။
ရွယ်ကျိုရန်ကို အစီအရင် အတွက် ကူညီပေးရမည်လား ... သူ့ကိုယ်သူ ဘယ်သူ ထင်နေတာလဲ ...
မိုဝူကျီက ရတနာ သေတ္တာနှင့် တူသောကြောင့် အားလုံးက သူ့ကို သတ်ချင် နေကြခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူ့အပေါ် တစ်ချက် ထိနိုင်သည်ကပင် ဂုဏ်ယူစရာ အပြုအမူတစ်ခု ဖြစ်ပေသည်။
လောကအဆင့် ဇယားမှ ကျင့်ကြံသူကို သတ်နိုင်သည်က မည်မျှ ကြီးမားသည့် ဂုဏ်ပုဒ် ဖြစ်မည်နည်း။
ကလေးမလေးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူကို ဒဏ်ရာ ရစေသည်က မည်သို့သော ဂုဏ်ပုဒ်မျိုး ပိုင်ဆိုင် နိုင်မည်နည်း။
မိုဝူကျီကို သတ်နိုင်သရွေ့ ကျင့်ကြံသူ အားလုံးအတွက် အနာတရ ဖြစ်စေမှုကို ကာကွယ်ပေး သလို ဖြစ်ကာ လောကခန်းမမှ အသိမှတ်ပြုမှု ရရှိနိုင်သလို ကိုယ်တိုင်လည်း ကျော်ကြား ပေလိမ့်မည်။
မိုဝူကျီကို ဒဏ်ရာ ပေးနိုင်သည် ဖြစ်စေ သို့မဟုတ် သတ်နိုင်သည် ဖြစ်စေ ထိုအခွင့်အရေးများ ရမည်ကို သိနေကြ၍ အရူးများသာ ထိုအခွင့်အရေးကို လက်လွတ် ခံလိမ့်မည်။
ကျင့်ကြံသူ ရာကျော်နောက်တွင် နောက်ထပ် ကျင့်ကြံသူ ရာကျော် ထပ်ရှိသေးသော်လည်း မိုဝူကျီက မျက်လုံးကို မှိတ်ထားလိုက်ကာ သူ့စိတ်နှလုံး အတွင်း၌ အေးချမ်း နေလေ၏။
ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးကို ဖော်စပ်ရန်သာ အာရုံစိုက် ထားစဉ်က သူ့ကို နှောင့်ယှက်မည့် သူများ၊ အသံများ မရှိသည့် အချိန်ကလို အေးချမ်း နေလေသည်။
မီလီယံချီ၍ ရောက်လာလျှင်ပင် သူက တစ်ယောက်တည်း ဖြစ်နေဆဲပင် ဖြစ်၏။
စိတ်ငြိမ်နေမှုမှာ ဖော်ပြ၍ မရသည့် နယ်ပယ်တစ်ခု အတွင်း၌ ရောက်ရှိနေမှသာ အောင်မြင်နိုင်ခြင်း ဖြစ်ရာ ရူးသွပ်လောက်သည့် လူသတ်ငွေ့ အရိပ်အယောင်များမှာ မိုဝူကျီ ခန္ဓာမှ ဆက်တိုက် ထွက်ပေါ် နေလေသည်။
မိုဝူကျီက ဆက်လက် ထွက်ပြေးရန် မရွေးချယ်တော့ပေ။ အကြောင်းမှာ ဘက်ပေါင်းစုံ အရှုပ်အထွေးများ ကြားမှ လွတ်မြောက်ရန် သူ့လေ လွတ်မြောက်ရေး နည်းစနစ်ကို အားထားနေလျှင် အလွန် ခက်ခဲမည်မှန်း သိ၏။ သူ ပေါ်လာသည်နှင့် တစ်ယောက်ယောက်က အချက်ပြ ပို့လွှတ်မည် ဖြစ်ရာ သူ့သဘာဝ စွမ်းအားများက မည်မျှပင် အားကောင်း စေကာမူ ကန့်သတ်ချက်တော့ ရှိနေသေး၏။
သူက ခြေတစ်ဖက် မြှောက်ကာ ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။ သူ့ပထမ ခြေလှမ်း အောင်မြင် သွားသည့်အခါ အဆုံးမဲ့ လျှပ်စီးမိုးများက ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားပြီး သူ့ရန်သူများ အပေါ် ကျရောက် သွားတော့သည်။ သူ့တျန်းဂျီတုတ်မှာ တုတ်အရိပ် အဖြစ် ပြောင်းလဲသွားပြီး သူတို့ဆီ ဝှေ့ယမ်း လိုက်တော့သည်။ သူ့နိဗာနတုတ် အရိပ်က ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူကို သတ်ပြီးသည့် နောက်တွင် ချောမွေ့လာပြီး ရိုက်ချက်တိုင်း၌ ပြင်းထန်သည့် လူသတ်ငွေ့များ ထုတ်လွှင့် နေလေသည်။
“သတ်စမ်း”
မိုဝူကျီက ကျင့်ကြံသူများဆီ ချီတက်လာသည့် အခိုက်အတန့်၌ သူ့လူသတ်ငွေ့မှာ အပြင်ဘက်သို့ ပျံ့နှံ့ သွားတော့သည်။ လျှပ်စီးအားများက ကျရောက်လာပြီး အစစ်အမှန်ရေ အဆင့် အောက်မှ ကျင့်ကြံသူများမှာ ထိုလျှပ်စီး အားများကြောင့် ထိကုန်ကာ အနည်းငယ်သာ အသက်ရှင် ကျန်ရစ်လေသည်။
အစစ်အမှန် ရေအဆင့် ကျင့်ကြံသူများက လျှပ်စီးအားများဖြင့် ထိရိုက်မိပြီး နောက်တွင် မိုဝူကျီ၏ တျန်းဂျီတုတ်မှာ လျှပ်စီးအားများ နောက်ခံထားကာ တစ်ချက်ပြီး တစ်ချက် အသက်ဝင် လာလေသည်။
မိုဝူကျီ၏ တစ်ကိုယ်လုံးမှာ တျန်းဂျီတုတ်နှင့် ပေါင်းစပ်သွားပြီး အဆုံးမဲ့ လျှပ်စီးမိုး အောက်တွင် ရန်သူများကို တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ် နေလေသည်။
သူ့အသက်ကို လိုချင်နေသည့် မည်သူမဆို သူတို့အသက်နှင့် လဲလှယ် ရလိမ့်မည်။
သူက လူတစ်ယောက် အသက်ကို ယူလိုက်သည့်အခါ သူ့ခန္ဓာပေါ်တွင်လည်း အဆုံးမသတ်သည့် တိုက်ခိုက်မှုများ ကျရောက် လာလေသည်။ သူ့ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ်မှာ ကျွမ်းအဆင့် ရောက်နေသော်လည်း ဒဏ်ရာများက တိုးပွားလာဆဲ ဖြစ်သည်။
သူက လူများများ သတ်လေလေ သူ့ခန္ဓာမှ ဒဏ်ရာများက ပိုများလာလေလေ ဖြစ်ကာ သူ့စိတ်ပင် ပိုမို၍ လေးလံ လာလေသည်။
သူ့ကို ဝန်းရံနေသည့် လူများကြားတွင် စစ်မှန်ခြင်း နတ်ဘုရား အဆင့် မရှိသလောက် ဖြစ်ကာ အများစုမှာ အစစ်အမှန် ရေအဆင့်များ၊ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်နှင့် ယွမ်ဒန်အဆင့် နိမ့်သူများပင် ပါဝင်ကြလေသည်။
အဆင့်နိမ့် ကျင့်ကြံသူများက နေရာအနှံ့တွင် ပုန်းအောင်းနေရင်း တိုက်ခိုက်မည့် အခွင့်အရေးကို စောင့်ဆိုင်း နေကြသည်။ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူများက ပစ်မှတ်ကို ပိတ်ဆို့ ထားပြီးမှသာ ရောက်လာ ကြလေသည်။
သူက ထိုပစ်မှတ် ဖြစ်နေသောကြောင့် ယခု စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူများ မရှိသေးဘူးဟု ဆို၍ ရသော်လည်း မကြာခင် ရောက်မလာနိုင် ဟုတော့ တထစ်ချ မဆိုနိုင်ပေ။ အကယ်၍ လောက အင်မော်တယ်သာ ရောက်ရှိလာပါက သူက မလှုပ်ရှားခင် အသတ်ခံရကိန်း ရှိပေ၏။
“ဒီလူက တော်တော် လူမဆန်ပြီးတော့ ရက်စက်တဲ့လူပဲ။ သူ့သဘာဝ စွမ်းအားမှာ ကန့်သတ်ချက်တော့ ရှိမှာပဲ ... အတူတူ ကြိုးစားပြီး သတ်ကြတာပေါ့ ...” လူအုပ် အတွင်းမှ မိုဝူကျီ၏ လျှပ်စီးချက် မိထားသော ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူက ရုတ်တရက် ကောက်ကာငင်ကာ အော်ဟစ် လိုက်လေသည်။
“ဘမ်း”
သူ့စကားအဆုံးတွင် မိုဝူကျီ၏ တျန်းဂျီတုတ်က သူ့နောက် မျှော်မှန်းမထားသည့် ထောင့်နေရာမှ ရောက်ရှိလာကာ အသတ်နုတ်ယူ သွားတော့သည်။
ထိုကျင့်ကြံသူက အသတ်ခံ လိုက်ရသော်လည်း သူ့စကားများက ကျင့်ကြံသူများကို အားတက်စေကာ မိုဝူကျီဆီ မရပ်မနား ချီတက် လာစေသည်။
သူက နတ်ဘုရား တစ်ပါး မဟုတ်ဘဲ အစစ်အမှန် ရေအဆင့် ကျင့်ကြံသူသာ ဖြစ်လေ၏။ သူ့ခရမ်းရေကန် စွမ်းအားများက မည်မျှပင် အားကောင်း စေကာမူ အစစ်အမှန် ရေအဆင့်သာ ဖြစ်နေသေးသည်။ စစ်မှန်ခြင်း နတ်ဘုရား အစောပိုင်း အဆင့်မှ ကျင့်ကြံသူ တချို့ ရောက်ရှိလာကာ တိုက်ကွက် တစ်ကွက်တည်းဖြင့် သူ့ရင်ဘတ်တွင် အပေါက်နှစ်ပေါက် ဖြစ်ပေါ်လာစေပြီး အရိုးများ ကျိုးသွားစေသည်။
သွေးများ ဖုံးလွှမ်းကာ အရိုးများစွာ ကျိုးထားသည့် မိုဝူကျီက ဝံပုလွေ အူသံလို မြည်ဟည်း လိုက်တော့သည်။ အကယ်၍ သူသာ ယနေ့ သေဆုံး သွားပါက သူနှင့်အတူ ခေါ်ဆောင်သွားမည့် ကြားခံလူများ ရှိနေ၏။ သူ့အသိစိတ် ပင်လယ်အတွင်းမှ ပညာရှင် နှလုံးသားမှာ လှုပ်ယမ်းနေပြီး ပြင်းထန်သည့် အပူချိန်မှာ ပေါက်ကွဲလု မတတ် ဖြစ်နေလေသည်။
သူက ပညာရှင် နှလုံးသားကို သတ်ဖြတ်ရန် အသုံးပြုနိုင်စွမ်း မရှိသေးကြောင်း သိ၏။ အကြောင်းမှာ သူသာ ပညာရှင် နှလုံးသားကို အကြောက်တရား မရှိ ထုတ်လွှင့် လိုက်ပါက ပညာရှင် နှလုံးသားမှာ ကောင်းကင်တစ်ခွင် ပျံ့နှံ့မသွားခင် အရိုင်းဆန် သွားပေလိမ့်မည်။ ဤနေရာတွင် ရှိနေသော သူ အပါအဝင် လူအားလုံးမှာ ပညာရှင် နှလုံးသား၏ အမျက်ဒေါသ အောက်တွင် ပြာအဖြစ် ပြောင်းသွား ပေလိမ့်မည်။
ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ တချို့က မိုဝူကျီ ခန္ဓာမှ ခြိမ်းခြောက်မှု တချို့ကို ခံစားမိပြီး ခြေလှမ်း အနည်းငယ် ဆုတ်မိ လိုက်ကြသည်။ မိုဝူကျီ အကြည့်မှာ ရေခဲတမျှ အေးစက်နေပြီး ဤနေရာသို့ မကြာသေးခင်က ရောက်လာသည့် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများပင် မိုဝူကျီ အကြည့်မှ သူတို့၏ သေခြင်း တရားကို ခံစားမိ လိုက်ကြသည်။ သူတို့က မိုဝူကျီကို ဖမ်းဆီးကာ ထွက်သွား ချင်သော်လည်း ယခုအခါ မိုဝူကျီက ကြောက်ခမန်းလိလိ အရှိန်အဝါများ ထုတ်လွှင့်လိုက်၍ သူတို့ပင် အနည်းငယ် တွန့်ဆုတ် သွားကြလေသည်။
***