ဒါက အချစ်ပဲ
Vol. 24 Ch. 324
စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူများပင် နောက်ဆုတ် လိုက်ကြသောအခါ အဆင့်နိမ့် ကျင့်ကြံသူများက ရှေ့ထွက်ပြီး မနေရဲကြတော့ဘဲ နောက်ဆုတ် လိုက်ကြသည်။ အမြဲတမ်းလိုလို ကျင့်ကြံသူများမှာ သေမင်းရှေ့၌ အလိုလိုသိစိတ် ဝင်လာ တတ်ကြသည်။
တစ်ကိုယ်လုံးမှာ ဒဏ်ရာ ဗရပွနှင့် ဖြစ်နေသည့် မိုဝူကျီက ဆုံးဖြတ်ချက် ပြတ်သားသည့် အရှိန်အဝါများ ထုတ်လွှင့်ကာ ဤနေရာမှ လူများ အားလုံးကို အဆုံးသတ်ပစ်ပြီး ထွက်သွားဖို့ရာ ပညာရှင် နှလုံးသားကို အသုံးပြုရုံမှ လွဲပြီး မရှိတော့ပေ။
မိုဝူကျီ ဘေးပတ်လည်မှာ ပွင့်ထွက်လာလု မတတ် ဖြစ်လာ၍ ကျင့်ကြံသူ များစွာက ထိုနေရာကို တုန်လှုပ်တကြီး ကြည့်လိုက် ကြလေသည်။
ထိုစဉ် မိုဝူကျီက ခေါင်းကိုမော့ လိုက်သည့်အချိန် ရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရ၏။
“မလှုပ်နဲ့ ... ကျွန်မနောက် လိုက်ခဲ့ ...”
ချိန်စုယင်လား ...
မိုဝူကျီက မည်သူမှန်း ချက်ချင်း မှတ်မိလိုက်သည့် အတွက် သူ့တျန်းဂျီတုတ်ကို ရပ်တန့်လိုက်သည်။ သူက ပညာရှင် နှလုံးသားကို ထုတ်လွှင့်တော့မည့် ဆဲဆဲဖြစ်ကာ အချိန်မီ ရပ်တန့်နိုင် လိုက်သည်။ အကြောင်းမှာ သူသာ ပညာရှင် နှလုံးသားကို ထုတ်လွှင့် လိုက်ပါက ချိန်စုယင်လည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထို့နောက် အားကောင်းသော လေက သူ့ခန္ဓာကို ရစ်ပတ်ကာ ဤနေရာမှ ရုတ်ခြည်း ခေါ်ဆောင် သွားတော့သည်။
“တစ်ယောက်ယောက်က သူ့ကို လေလွတ်မြောက်ရေး နည်းစနစ်နဲ့ ခေါ်သွားတာပဲ” ကျင့်ကြံသူ တစ်ယောက်က အချိန်မီ တုံ့ပြန်ကာ အားလုံးကို အော်ဟစ်လိုက်သည်။
“လိုက်ဖမ်းကြမယ် ... လေလွတ်မြောက်ရေး နည်းစနစ်က တစ်ယောက်တောင် ထွက်ပြေးဖို့ ခက်တာ နှစ်ယောက်ဆို ဝေးလာဝေးပဲ”
ကျန်ရှိနေသည့် ကျင့်ကြံသူများက မပြောတော့ဘဲ နောက်မှ လိုက်ဖမ်း ကြလေသည်။ မိုဝူကျီလည်း လေလွတ်မြောက်ရေး နည်းစနစ်ကို အသုံးပြုနည်း သိသည် မဟုတ်ပါလော။ သူက ပိတ်မိနေဆဲ ဖြစ်ကာ အသက်အတွက် တိုက်ခိုက်ခဲ့ရသည်။
လေလွတ်မြောက်ရေး နည်းစနစ် ဖြစ်နေတော့ရော ဘာအရေးလဲ ...
အာကာသထဲ၌ ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများနှင့် ရင်ဆိုင် ရသည့်အခါ လေလွတ်မြောက်ရေး နည်းစနစ်မှာ မဖြုံလောက်တော့ပေ။
ရင်းနှီးလှသည့် ကိုယ်သင်းရနံ့နှင့် ညင်သာမှုတို့က မိုဝူကျီ နှလုံးသားကို နွေးထွေး သွားစေသည်။ သူက အာကာသအတွင်း ကြောက်မက်ဖွယ် အန္တရာယ်များနှင့် ရင်ဆိုင် နေရစဉ် ချိန်စုယင် တစ်ယောက်သာ သူမအသက်ကို စတေးရင်း သူ့ကို ကယ်တင်ရန် ရောက်ရှိ လာလေသည်။
“ဒါက အသုံးမဝင်ဘူး။ မင်း ကျုပ်ကို ထားခဲ့သင့်တယ်။ ကိုယ့်ဘာသာ အရင်လွတ်အောင် လုပ် ... မင်းရဲ့ လေကျင့်စဉ်တွေ ပြီးမြောက် သွားတဲ့အခါ အဲကျ ကျုပ်အတွက် လက်စား ချေပေးဖို့ သတိရပေးပါ ...” မိုဝူကျီက လေလွတ်မြောက်ရေး နည်းစနစ် သုံးလျှင်ပင် မလွတ်မြောက် နိုင်ကြောင်း သိ၍ သက်ပြင်းချမိ လိုက်သည်။ ချိန်စုယင်၏ လေလွတ်မြောက်ရေး နည်းစနစ်မှာ မိုဝူကျီထက် အနည်းငယ် အားနည်းသောကြောင့် သူတို့နှစ်ယောက်လုံး လွတ်မြောက်ရန် ပိုခက်ခဲ ပေလိမ့်မည်။
မိုဝူကျီက သူ့စကား ဆုံးသည်နှင့် မနီးမဝေးမှ လူနှစ်ယောက်က အချက်ပြ ထုတ်လွှင့်လိုက်ရာ ကျင့်ကြံသူ အချို့က သူတို့ဆီ ချီတက် လာကြလေသည်။
ချိန်စုယင်က မိုဝူကျီကို ပြန်မဖြေသေးဘဲ လွတ်မြောက်ဖို့သာ အာရုံစိုက် ထားလေသည်။ မိုဝူကျီကို အံ့ဩစေသည်က ချိန်စုယင်၏ လေလွတ်မြောက်ရေး နည်းစနစ်က အားပြင်းသည့် လေပေါ်တွင် ပြုလုပ်ထားခြင်း ဖြစ်ရာ သူ့လေပြည်ဖြင့် တစ်စက်လေးမျှ နှိုင်းယှဉ်စရာ မရှိပေ။ အဆုံးအစွန် နှစ်ဖက်တွင် ရှိနေကြလေ၏။
သဘောတရားအရ ဆိုလျှင် ချိန်စုယင်မှာ မိန်းကလေး ဖြစ်သည့်အတွက် သူမ၏ လေလွတ်မြောက်ရေး နည်းစနစ်မှာ သူ့ထက် ပိုညင်သာ သင့်ပေသည်။
နောက်အခိုက်အတန့်၌ မိုဝူကျီက ချိန်စုယင် အသားရေမှ အပူများ ထွက်ပေါ် လာသည်ကို ခံစားမိလာသည်။ ထို့နောက် ချက်ချင်းဆိုသလို သိလိုက်တော့သည်
“အစ်မစုယင် ... ကျုပ်ကို ချလိုက်ပါ။ ကျုပ်တို ဒီအတိုင်း ဆက်သွားနေရင် ဘယ်သူမှ လွတ်တော့မှာ မဟုတ်ဘူး ...”
ချိန်စုယင်က သူမ လေလွတ်မြောက်ရေး နည်းစနစ်ကို အရှိန်မြင့်ဖို့ရာ အသက်ဓာတ်ကို လောင်ကျွမ်း ထားစေခြင်း ဖြစ်၏။ ထိုသည်က သူမ၏ မုန်တိုင်း နည်းစနစ်နှင့် ဆက်စပ် နေရမည်။ မုန်တိုင်း နည်းစနစ် ဆိုသည့်အတိုင်း နာမည်နှင့်ပင် ညင်သာသည့် နည်းလမ်း မဟုတ်ကြောင်း ပြောနိုင်လေသည်။
ချိန်စုယင်၏ နူးနူးညံ့ညံ့ အသံလေးမှာ အက်ရှရှ ဖြစ်လာပြီး သူမ စကားများမှ အလှမ်းကွာလွန်း နေဟန် ပေါ်ကာ တည်ငြိမ် နေလေသည်။
“ကျွန်မ ငယ်ငယ်တုန်းက ပြီးပြည့်စုံတဲ့ မိသားစုလေး ရှိခဲ့တယ်။ ကျွန်မ အဖေနဲ့ အမေက ကျွန်မကို အရမ်း ချစ်ကြတယ်။ အဲဒီ အချိန်တုန်းက ကျွန်မက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူလို့တောင် ခံစားမိတယ်။ ကျွန်မ ခြောက်နှစ်လောက်မှာ ကျွန်မတို့အိမ်ကို လူတစ်ယောက် ရောက်လာတယ်။ သူက ကျွန်မအမေကို သဘောကျ သွားပြီးတော့ ထွက်မသွားတော့ဘူး။ ပြီးတော့ ကျွန်မအဖေနဲ့ စကားပြောပြီး သိပ်မကြာခင်မှာပဲ ကျွန်မအဖေက အမေနဲ့ စကားပြောဖို့ ထွက်လာတယ် ...”
ချိန်စုယင်က မိုဝူကျီကို ပြောပြလိုက်ပြီး သူမအသံထဲ၌ နွေးထွေးမှုနှင့် အတူ စိတ်ပျက်မှု အနည်းငယ်လည်း ပါဝင် နေပေသည်။
“ကျွန်မ အမေက ခေါင်းညိတ်ပြ လိုက်တယ်၊ ပြီးတော့ သူမက ပြောခဲ့တယ် ကျွန်မက ငယ်သေးပေမဲ့ အမှန်တိုင်း သိသင့်တယ်တဲ့ ... အဖေက သဘောတူ လိုက်တော့ အမေက ကျွန်မကို အခန်းထဲ ခေါ်လာပြီး ပြောပြတယ် ...”
ချိန်စုယင်က ခဏလောက် ရပ်တန့်လိုက်သည်။ ထိုစဉ် ဓားအလင်းက အာကာသ တစ်ခွင်ဖြတ်ကာ သူမ ကျောဘက်ကို ဦးတည် လာလေသည်။ မိုဝူကျီက နည်းနည်း ရုန်းကန်ကာ ခန္ဓာကိုယ်ကို သဘာဝ စွမ်းအားများဖြင့် ကာဆီး ထားလိုက်သည်။ ဤဓားအလင်းမှာ မိုဝူကျီ နောက်ကျောကို ဖြတ်သွားကာ ချိန်စုယင် ကျောပေါ် သွေးတစ်ပွက် အန်လိုက် ရလေသည်။
သို့သော်လည်း မိုဝူကျီ၏ အားကောင်းလှသော သဘာဝ စွမ်းအားများ အောက်တွင် ဓားအလင်းမှာ ပျောက်ကွယ်သွားကာ ချိန်စုယင်ကို မထိခဲ့ပေ။
ချိန်စုယင်က ခန္ဓာအပူချိန်မှာ ဆက်တိုက် တက်နေသောကြောင့် တုန်ယင်လာကာ နှုန်းကို ထပ်မြင့်လိုက်သည်။
မိုဝူကျီက ချိန်စုယင်က သူမအသက် ဓာတ်ကို လောင်ကျွမ်းပြီး အရှိန်နှုန်း မြင့်နေမှန်း သိကာ ချိန်စုယင်ကို ထပ်မဖျောင်းဖျ တော့ပေ။ အကြောင်းမှာ သူက အားလုံးမှာ အလွန် နောက်ကျနေပြီ ဖြစ်ကြောင်း သိထား၏။ အကယ်၍ သူသာ ဤကပ်ဘေးမှ လွတ်မြောက်ကာ အသက်ရှင်ခဲ့လျှင် သူမကို နောက်ကွယ်မှ လုပ်ကြံဖို့ ကြိုးစားသည့် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူက မည်သူ ဖြစ်နေပါစေ လွှတ်ပေးမည် မဟုတ်ပေ။
“ကျွန်မအမေက ပြောတယ် ... တရက်ရက်ကျ ကျွန်မ လက်ထပ်ဖြစ်ရင် တစ်ဖက်လူရဲ့ စကားလုံး ချိုချိုလေးတွေကို မယုံနဲ့တဲ့ ... အဲဒီလူက ကျွန်မကို ဘာပေးလဲ ဆိုတာကို သေချာအောင် လုပ်ရမယ်တဲ့ ...”
မိုဝူကျီက တိတ်ဆိတ် နေလိုက်သည်။ အကြောင်းမှာ ချိန်စုယင်က မကျင့်ကြံခင် သူမသည်လည်း သေမျိုး လောကမှ ဖြစ်ကြောင်း သိထား၏။ သေမျိုးများက လက်ထပ်ကြလျှင် သူတို့က ခန်းဝင်ပစ္စည်း တင်တောင်း ရလေသည်။
“ကျွန်မ အမေက ပြောခဲ့ဖူးတယ် ... တကယ်လို့ အဲဒီသူက မင်းသား တစ်ပါးဆိုရင် အနည်းဆုံးတော့ ကျွန်မကို တရားဝင် ဇနီးအဖြစ် ထားပြီးတော့ အဲဒီသူက စီးပွားရေးသမား ဖြစ်နေရင်တော့ သူ့ချမ်းသာမှု တစ်ဝက်ကို ကျွန်မ နာမည်အောက်မှာ ထားပေးရမယ်တဲ့ ... ကျွန်မက ငယ်သေးပြီး အသိဉာဏ်လည်း နည်းပါးခဲ့တော့ အမေကို မေးလိုက်တယ် ... အဲဒီသူက တကယ်လို့ ဖေဖေလိုမျိုး သာမန်လူ ဖြစ်နေရင်ရောလို့ ... ကျွန်မ အမေက ဝမ်းနည်း သွားသလို ပြုံးကာ ပြောလိုက်တယ် ... မင်း အဖေက သာမန်လူ မဟုတ်တော့ဘူးတဲ့ ... ချက်ချင်းဆိုသလို ချမ်းသာတဲ့ တော်ဝင်မျိုးနွယ် ဖြစ်သွားပြီတဲ့။ ပြောပြီးတာနဲ့ အမေက ဓားမြောင်ကို ယူပြီးတော့ ကိုယ့်ရင်ဘတ်ကို ထိုးစိုက်လိုက်တော့ ကျွန်မ ငိုခဲ့တယ်။ ကျွန်မ အမေက မျက်ရည်တွေကို သုတ်ပေးရင်း မှာခဲ့တယ် ...”
“ယန်ယန် ... အမေ ပြောတာတွေက မှားနေတယ်၊ အဲဒီသူက ဘယ်သူပဲ ဖြစ်ဖြစ် သမီး အကူအညီ လိုနေတဲ့ အချိန်မှာ သူ့အသက်ကို စတေးဖို့ရာ ဆန္ဒမရှိဖူး ဆိုရင် အဲဒီသူက ဘယ်သူဖြစ်ဖြစ် လက်မထပ်သင့်ဘူး ... အဲဒီလို လူမျိုးကို လုံးဝ လက်မထပ်ရဘူး မှတ်ထားနော် တကယ်လို့ သမီးအတွက် အသက်စွန့်ဖို့ ဆန္ဒရှိတယ် ဆိုတဲ့ လူရှိရင် သူ လိုအပ်တဲ့ အခါလည်း သမီးက သူမအသက်ကို စွန့်ပေးရမယ် ... အဲဒါက အချစ်ပဲ ... လူတစ်ယောက်ကို လက်မထပ်ဖူး ဆိုရင် ဘယ်တော့မှ အခွင့်ကောင်း မယူမိစေနဲ့ နည်းနည်းလေးတောင် မယူမိစေနဲ့ ... မှတ်ထား မေမေ့စကား နားထောင်နော် မေမေ ထွက်သွား ရတော့မယ် ...” တဲ့ ...”
မိုဝူကျီက စိတ်ထိခိုက်ဖွယ် ဇာတ်ကြောင်းကို ကြားလိုက် ရသည့်အခါ ပြောစရာ စကားပင် ရှာမတွေ့တော့ချေ။
အမျိုးသား တစ်ယောက်က သူ့ဇနီးကို ဂုဏ်ပုဒ်တွေ၊ ကြွယ်ဝမှုတွေ အတွက် အလဲအလှယ် လုပ်ခဲ့တယ်။ သူ့ဇနီးက အဲဒီလို ညစ်ညစ်ပတ်ပတ် လုပ်ရမဲ့အစား အသက်သေဖို့သာ ရွေးချယ် သွားခဲ့တယ်။ ထိုသို့ လူစားမျိုးက အမှန်တကယ်ကို အလကားလူပဲ ... ပြီးတော့ အဲဒီလူက ချိန်စုယင် အဖေရင်း ဖြစ်နေလေတယ် ...
ချိန်စုယင်က ကျင့်ကြံခြင်း အပေါ် တစ်လျှောက်လုံး အာရုံစိုက်ထားပြီး အချစ်ရေး စိတ်မဝင် စားခဲ့သည်မှာ ကိုယ်ပိုင် အတွေ့အကြုံများကြောင့် ဖြစ်နိုင်လေ၏။ ချိန်စုယင်၏ တခြားလူအပေါ် အခွင့်အကောင်း မယူတတ်သည့် အကျင့်စရိုက်မှာ သူမအမေ၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်။
ထိုစဉ် မိုဝူကျီက နောက်မှ တစ်စုံတစ်ယောက် အော်ပြောသည်ကို ကြားလိုက်ရသည်။
“သူတို့က ထိပ်တန်း နှင်းခါးပင်လယ်ထဲ ဝင်တော့မယ် မြန်မြန် တားကြ ...”
ထိပ်တန်း နှင်းခါး ပင်လယ်လား ...
မိုဝူကျီက ထိုနာမည်ကို ယခင်က ကြားဖူး၍ ကြက်သီး တဖြန်းဖြန်း ထသွားလေသည်။ ဤနေရာမှာ ဆူးနစ်လေဂိတ်နှင့် တူပြီး အသာလွန်ဆုံး နယ်ပယ်ကိုးခု အနက် တစ်ခု ဖြစ်လေသည်။
မိုဝူကျီက ချိန်စုယင်သည် သူမ အသက်ဓာတ်ကို လောင်ကျွမ်းခံပြီး လေလွတ်မြောက်ရေး နည်းစနစ်ကို အရှိန်မြင့် လိုက်ကြောင်း သဘောပေါက် သွားလေသည်။ သူမက ထိပ်သီးနှင်းခါး ပင်လယ်ထဲ လွတ်မြောက်ရန် အစကတည်းမှ ကြံစည်ထားခြင်း ဖြစ်ရမည်။
မိုဝူကျိက ပတ်ဝန်းကျင် တစ်ခုလုံးကို စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့် လိုက်သည့်အခါ သူ့ရှေ့၌ တောက်ပနေသည့် အပေါက်ကျဉ်း တစ်ခုကို မြင်လိုက်ရသည်။ မိုဝူကျီက ဘာမှမမေးခင် ချိန်စုယင်က သူ့ကို ထိုနေရာဆီ ခေါ်ဆောင်သွားပြီ ဖြစ်လေ၏။ ထို့နောက်တွင် အရိုးခိုက် လောက်သည့် အအေးဓာတ်က သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာကာ သူ့အသားများပင် အက်ကြောင်း ထင်လာလေသည်။
ဤအအေးဓာတ်က အဆုံးမဲ့ ဝိညာဉ် တာရှည်ခံပန်းကို ယူစဉ်က ကြုံတွေ့ခဲ့ရသည့် အအေးဓာတ်ထက် မလျော့နည်းချေ။ မိုဝူကျီက ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်းကို စတင် လိုက်သော်လည်း သူ့ခန္ဓာက တဖြည်းဖြည်းချင်း အက်ကွဲ လာသည်ကို မထိန်းနိုင်ပေ။ သူက ပညာရှင် နှလုံးသားဆီ လှည့်ပတ်လိုက်သည့် အခါမှ ထိုအအေးဓာတ်ကို ခုခံနိုင်ရုံလေးမျှ ဖြစ်သည်။
ချိန်စုယင်က ဆက်တိုက် မရပ်မနား ပြေးနေဆဲ ဖြစ်၍ မိုဝူကျီက မြန်မြန် တားလိုက်ရသည်။
“အစ်မစုယင် ... အခု ရပ်လို့ ရပါပြီ”
မိုဝူကျီက ချိန်စုယင်တွင် ရေခဲ ဝိညာဉ်ကြော ပိုင်ဆိုင်ကြောင်း သိသော်လည်း ဤအအေးဓာတ် ကိုတော့ တောင့်ခံ နိုင်လိမ့်မည် မဟုတ်ကြောင်း ယုံကြည်သည်။
ချိန်စုယင်က ရပ်လိုက်သော်လည်း မိုဝူကျီက တား၍ မဟုတ်ဘဲ သူမဘာသာ လဲကျသွားခြင်း ဖြစ်သည်။
မိုဝူကျီက သူ့ခန္ဓာကို လှည့်ကာ ချိန်စုယင်ကို သူ့ခန္ဓာမှ အနွေးဓာတ်ကို ကူးပြောင်းနိုင်ရန် ဖက်ထားလိုက်သည်။
ချိန်စုယင် မျက်နှာမှာ ဖြူဖျော့လာပြီး ဆံပင်များပင် အဖြူရောင် သန်းလာကာ သူမက မိုဝူကျီကို နွေးထွေးသည့် အကြည့်များဖြင့် ကြည့်ရင်း
“ရပါတယ် ... ကျွန်မက ကျွန်မ ကန့်သတ်ချက် ရောက်နေတာကို သိပါတယ်။ ပြီးတော့ ဒီနေရာမှာ ရှင်အသက်ရှင် နိုင်လိမ့်မယ် ဆိုတာလဲ သိတယ် ... ကျွန်မ မှန်တယ် ...”
“အစ်မစုယင် ... ကျုပ် သေချာပေါက် ကယ်ပေးမယ် ...” မိုဝူကျီက ဆေးလုံးတချို့ ထုတ်ယူကာ ချိန်စုယင်ကို တိုက်ကျွေးလိုက်သည်။
ချိန်စုယင်က သူ့ပါးစပ်ကို ကာထားသည့် အတွက် ဆက်ပြော၍ မရတော့ပေ။
“ဝူကျီ ... တကယ်တော ကျွန်မက အမေ့စကားကို နားမထောင်ဘဲ ရှင့်အပေါ် အခွင့်ကောင်း ယူခဲ့မိတယ်။ ကျွန်မ ယာဉ်ပျံက ရှင့်ရဲ့ လျှပ်တစ်ပြက် လျှပ်စီးနဲ့ မထိုက်တန်ဘူး။ ကျွန်မက ကျွန်မနဲ့ အားလုံးကို လိမ်လည်မိခဲ့တယ် ... ပြီးတော့ ရှင်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ နေ့တုန်းက ကျွန်မ စိတ်အမှန် မဟုတ်ခဲ့ဘူး ... သူက ရှင်မှန်း သိနေခဲ့တယ် ...”
မိုဝူကျီက ချိန်စုယင် အခြေအနေကို ကြည့်ရင်း သူ့နှလုံးသားမှာ ဆိုးရွားစွာ ခံစားနေမိသည်။ ယခုအချိန် သူက မည်သည့် နည်းလမ်းကို သုံးသုံး ချိန်စုယင်ကို ကယ်တင်နိုင်မည့် နည်းလမ်း မရှိပေ။ အရင်အခါ ချိန်စုယင်က “ရှင်က သူ မဟုတ်ဘူး” ဟု ပြောခဲ့စဉ်က များစွာ မခံစားရ ခဲ့သော်လည်း ချိန်စုယင်က “ရှင်က သူမှန်း သိနေခဲ့တယ်” ဟု ပြောသောအခါ မိုဝူကျီ နှလုံးသားမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည့် အလား ဖြစ်၏။
မိုဝူကျီက ထိုသို့ စိတ်ထိခိုက်ရသည့် ခံစားချက်မျိုးကို နောက်တစ်ဖန် ခံစားမိပြန်သည်။
“ယန်အာနဲ့ ရှင့်ကြားက ဆက်ဆံရေးကို သိပါတယ်။ ရှင်က ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်နဲ့တောင် ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်ပြီးတော့ ရှင့်အစေခံလေး အတွက် အသက် စွန့်ဖို့တောင် ဆန္ဒရှိခဲ့တာ ... ရှင်နဲ့ ကျွန်မ အဖေက မတူမှန်း သိပါတယ်။ စူးရှလေမြို့တုန်းက ကျွန်မမှာ ရန်သူတွေ အများကြီး ရှိနေတာကို သိရက်နဲ့ ရှင့်အသက်ကို စတေးပြီးတော့ ကျွန်မကို လာကယ်ပေးခဲ့တယ်။ ရှင်က တစ်ယောက်တည်းသော သူပါပဲ ... ရှင်က ကျွန်မ အမေပြောတဲ့ ကျွန်မ အသက်စွန့်နိုင် လောက်တဲ့အထိ အရမ်း သဘောကျမိတဲ့ တစ်စုံတစ်ယောက်ပါ ... ဒါပေမဲ့လည်း ကျွန်မ နှလုံးသားက သေးငယ်တော့ လူတစ်ယောက်ကိုပဲ ချစ်နိုင်တယ်။ အဲဒါကြောင့် သူက ဘယ်သူပဲ ဖြစ်နေပါစေ ... ယောက်ျား တစ်ယောက်အတွက် တခြား မိန်းကလေးနဲ့ ယှဉ်မလုနိုင်ဘူး။ အခုတော့ အဆင်ပြေသွားပြီ ... ကျွန်မ ဆန္ဒကို ဆန့်ကျင်ပြီးတော့ လုပ်စရာ မလိုတော့ဘူးလေ ...”
“ကျွန်မ တာအို လက်တွဲဖော်ရှိတာ ဘယ်လိုမျိုးလဲ ဆိုတာ သိချင်မိတယ်။ ကျွန်မ အမေက ပြောတယ် အဲဒါအချစ်တဲ့ ... ဝူကျီ အဲဒါ မှန်တယ်ထင်တယ် ...” ချိန်စုယင်က သူမလက်ကလေး မိုဝူကျီ ပါးပြင်ပေါ် မရောက်ခင် မြေပြင်ပေါ် ပြုတ်ကျ သွားတော့သည်။ ထို့နောက် သူမခေါင်းလည်း မိုဝူကျီ လက်မောင်းမှ တစ်ဖက်သို့ စောင်းကာ အသက်မဲ့ သွားလေသည်။
မိုဝူကျီ မျက်ရည် နှစ်စက်က ချိန်စုယင် မျက်နှာပေါ်သို့ ကျရောက် လာလေ၏။ မိုဝူကျီ နှလုံးသားမှာ အေးစက် လာလေသည်။ သူနှင့် ယှဉ်လျှင် ချိန်စုယင်က ကံကြမ္မာ ဆိုးဆိုးကို ကြုံတွေ့ခဲ့ရပြီး အချစ်ခံရသည့် ခံစားချက်ကိုပင် မသိခဲ့ချေ။
သူက ချိန်စုယင်၏ အေးစက်စက် ခန္ဓာကိုယ်ကို ညင်သာစွာ ပွေ့ထားရင်း မျက်နှာအပ်ထား လိုက်တော့သည်။ ဤတစ်ကြိမ်တွင် ချိန်စုယင်မှာ အမှန်တကယ် သေဆုံးသွားပြီ ဖြစ်ကြောင်း သိ၏။ မုတ်ဆိတ်ဖြူ ငါးဖမ်းလူအိုကြီး အနားမှာ ရှိနေလျှင်ပင် သူလည်း သူမအသက်ကို နောက်တစ်ကြိမ် ပြန်ရှင်အောင် လုပ်နိုင်မည် မဟုတ်ချေ။
***