ရှင်မည်လော၊ သေမည်လော
Vol. 69 Ch. 950
ကုလားအုပ်တောင်၏ မြေမျက်နှာအနေအထားက အလွန်ထူးဆန်း၏။ တောင်ကြောတစ်လျှောက်တွင် အနိမ့်အမြင့်များ ရှိပြီး အဝေးမှကြည့်လျှင် ကုလားအုပ်တစ်စုနှင့် တူပေသည်။ ထို့ကြောင့် ထိုတောင်ကို ကုလားအုပ်တောင်ဟု ခေါ်ခြင်းပင်။
ကုလားအုပ်တောင်၏ အဝန်းအဝိုင်းက မိုင်(၃၀၀၀)ရှိသည်။ ၎င်းကို ဒေသခံများက မဟာတောင်တစ်ထောင်ဟု အမည်ပေးထားသည်။ ထိုအဝန်းအဝိုင်းအတွင်း ဓားပြတပ်မဟာများ ရာနှင့်ချီ ပုန်းအောင်းနေကြသည်။ သို့သော် ထိုဓားပြတပ်မဟာများက အလွန်အင်အားနည်းကြ၏။ ဤနေရာသည် နယ်စပ်ဖြစ်၍သာ ထိုဓားပြတပ်မဟာများ ရပ်တည်နေနိုင်ခြင်းပင်။ နယ်စပ်ကို ကျော်လွန်သွားလျှင် ရီမျိုးနွယ်နှင့် ဝူမျိုးနွယ်တို့က စစ်တပ်များ ချထားသည် မဟုတ်ပါလား။
ကျန်းရီသည် မရပ်မနားပျံသန်းပြီး သုံးရက်မြောက်နေ့တွင် ကုလားအုပ်တောင်အနီးသို့ ရောက်လာလေသည်။ သို့သော် သူသည် တောင်ပေါ်သို့ ချက်ချင်း တက်မသွားလိုက်ပေ။ ထိုအစား သူသည် ကုလားအုပ်တောင်နှင့် မိုင်တစ်ရာအကွာရှိ တောင်ကြားတစ်ခုကို ရှာကာ ပုန်းအောင်းနေလိုက်၏။ ထို့နောက် သူသည် ကောင်းကင်နားလည်သိမြင်းခြင်းကို ထုတ်လွှတ်၍ မိုင်တစ်သန်းပတ်လည်အတွင်း ထောက်လှမ်းလိုက်သည်။ သူသည် ထိုနေရာတစ်ခွင်လုံးကို လေ့လာလိုက်ပြီး ရာချီသော ဓားပြတပ်မဟာများ၏ တည်နေရာများကို အတည်ပြုလိုက်လေသည်။
‘ကိုယ့်ကိုယ်ကိုယ်နဲ့ ရန်သူကို သိထားမှ အနိုင်ရနိုင်လိမ့်မယ်’
မိမိပတ်ဝန်းကျင်တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေကြောင်း သိမထားလျှင် မည်သို့ ချုံခိုတိုက်ခိုက်နိုင်ပါမည်နည်း။ အနီးပတ်ဝန်းကျင်၌ အတန်ငယ် အင်အားကြီးသော ဓားပြတပ်မဟာများ အခြေချနေပါက ကျန်းရီသည် ဝူနီတို့ကို မတားနိုင်သေးခင်မှာပင် ဓားပြများ၏ သတ်ဖြတ်မှုကို ခံရနိုင်ပေသည်။
တော်သေးသည်မှာ ထိုပတ်ဝန်းကျင်တွင် အင်အားကြီး ဓားပြတပ်မဟာများ ရှိမနေခြင်းပင်။ အရိပ်ဧကရာဇ်၏ လက်အောက်ငယ်သားများ စုဆောင်းထားသော သတင်းအချက်အလက်များအရ ကုလားအုပ်တောင်ရှိ ဓားပြတပ်မဟာများက အင်အားမကြီးကြောင်း သိရပေသည်။ ဓားပြတပ်မဟာများ အခြေချနေသည့် နေရာများကို ကာရံထားသော ပုံရိပ်ယောင်အစီအရင်များအရ အင်အားအကြီးဆုံး ဓားပြတပ်မဟာတွင်ပင် တပ်သားထောင်ကျော်လောက်သာ ရှိမည်ဖြစ်ကြောင်း ကျန်းရီ ပြောနိုင်သည်။ ထိုဓားပြတပ်မဟာများတွင် အလွန်စွမ်းအားကြီးသော သိုင်းပညာရှင်များ မရှိလောက်ချေ။ စွမ်းအားကြီး သိုင်းပညာရှင်များ ရှိသော ဓားပြတပ်မဟာတစ်ခု ရှိနေပါက ဤပတ်ဝန်းကျင်တွင် ဓားပြတပ်မဟာငယ်လေးများ ပွထနေမည်မဟုတ်ဘဲ ဓားပြတပ်မဟာကြီးတစ်ခုအဖြစ် စုစည်းပြီးသွားလောက်ပေပြီ။
“ဝူနီတို့က နောက်နှစ်ရက်လောက်နေမှ ရောက်လာလောက်တယ်။ အရင်ဆုံး ငါ ဝိညာဉ်လေတွေကို စုဆောင်းထားတာပေါ့”
ကျန်းရီသည် ပတ်ဝန်းကျင် မိုင်သန်းချီ ပတ်လည်အတွင်း ထောက်လှမ်းပြီးသွားပြီဖြစ်၍ ကောင်းကင်နားလည်သိမြင်ခြင်းကို ပြန်ရုတ်သိမ်းလိုက်လေသည်။ ထို့နောက် သူသည် ကောင်းကင်ထက်သို့ ခက်ထန်သော နဂါးတစ်ကောင်ကဲ့သို့ ပျံတက်သွားပြီး သူ့လက်နှစ်ဘက်ကကို အဆက်မပြတ် လှုပ်ရမ်းလိုက်၏။ မရေမတွက်နိုင်သော ဝိညာဉ်လေတန်းများက ချက်ချင်း စုပ်ယူခံလိုက်ရ၏။ ၎င်းတို့သည် ကျန်းရီ၏ လက်ဝါးအတွင်းသို့ ဝင်သွားကြပြီး ထူးဆန်းသော စွမ်းအင်အဖြစ် ပြောင်းလဲကာ နဝမမြောက်ကြယ်စက်လုံးအတွင်းသို့ စီးဆင်းသွားကြလေသည်။
တိုက်ပွဲကြီးတစ်ပွဲ စတော့ပေမည်။ ထို့ကြောင့် ကျန်းရီတွင် ဝိညာဉ်လေများ ပိုရှိထားလျှင် ပိုကောင်းပေလိမ့်မည်။ သို့ဆိုလျှင် သူသည် ဝိညာဉ်လေများကိုသုံး၍ စိတ်ကြိုက်တိုက်ခိုက်နိုင်မည်ဖြစ်ပြီး သူ့ကိုကာကွယ်ရန် ဝိညာဉ်လေနတ်ဘုရားဒိုင်းကိုလည်း ဖန်တီးနိုင်မည်ဖြစ်သည်။ ကျန်းရီက အမြင့်သို့ ရောက်လာလေလေ၊ ဝိညာဉ်လေများက ပိုသိပ်သည်းလာလေလေပင်။ ထို့ပြင် သူ၏ စုပ်ယူနှုန်းကလည်း ပိုမြန်လာသည်။
“အရမ်းကျေနပ်ဖို့ ကောင်းတာပဲ။ ငါ ဝိညာဉ်လေတွေကို ဆက်စုပ်ယူနေလို့ နဝမမြောက်ကြယ်စက်လုံးက ဝိညာဉ်လေစွမ်းအင်တွေနဲ့ ပြည့်သွားရင် ပုံစံပြောင်းလဲသွားလောက်မလား။ မဟုတ်သေးဘူး... သူ့အရှေ့က ကြယ်စက်လုံးတွေတောင် မပြောင်းလဲသေးဘူးဆိုတော့ အဲ့ဒါက မဖြစ်နိုင်လောက်ဘူး”
ကျန်းရီသည် မြေပြင်အထက် မီတာ(၃၀၀)အမြင့်အထိ ပျံတက်သွားလိုက်ပြီးနောက် ဆက်၍ ပျံမတက်ဝံ့တော့ပေ။ သူသည် ထိုအမြင့်တွင်သာ လှည့်ပတ်ပျံသန်း၍ ဝိညာဉ်လေများကို အဆက်မပြတ် စုပ်ယူနေလိုက်၏။ သူသည် တစ်မိုင်ပတ်လည်အတွင်းရှိ ဝိညာဉ်လေများအားလုံးကို စုပ်ယူပြီးနောက် လေထဲတွင် ရပ်တန့်လိုက်ပြီး ကောင်းကင်စိတ်အာရုံဖြင့် နဝမမြောက်ကြယ်စက်လုံးကို အာရုံခံလိုက်လေသည်။
“အာ...”
ကျန်းရီ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွား၏။ သူသည် အနည်းဆုံး ဝိညာဉ်လေတန်း ထောင်နှင့်ချီ၍ စုပ်ယူခဲ့သည်။ သို့သော် နဝမမြောက်ကြယ်စက်လုံးအတွင်းရှိ ဝိညာဉ်လေစွမ်းအင် ပမာဏက ပြည့်ရန် အဝေးကြီး လိုသေးပေသည်။
နဝမမြောက်ကြယ်စက်လုံးက အခြားကြယ်စက်လုံးများကဲ့သို့ ကြီး၏။ ထို့ကြောင့် ဝိညာဉ်လေစွမ်းအင်များစွာကို စုပ်ယူပြီးသည်ပင် နဝမမြောက်ကြယ်စက်လုံးအတွင်းရှိ နေရာလွတ်၏ တစ်သန်းပုံဆယ်ပုံလောက်သာ ပြည့်သေးပေသည်။ ထိုကြယ်စက်လုံးအတွင်းရှိ နေရာလွတ်က အခြားနယ်မြေတစ်ခု သို့မဟုတ် အခြားလောကတစ်ခုဟု ထင်ရပေသည်။ ထို့ကြောင့် ၎င်းအတွင်းသို့ ဝင်သွားသော အရာအားလုံးက အလွန်သေးငယ်နေပေသည်။
“နဝမမြောက်ကြယ်စက်လုံးက ပုံစံပြောင်းလဲမှာတဲ့လား”
ကျန်းရီ ခါးသက်သက် ပြုံးလိုက်သည်။ လက်ရှိ အခြေအနေအရ သူ ဝိညာဉ်လေများကို နှစ်အနည်းငယ်ကြာအောင် မနေမနား စုပ်ယူလျှင်ပင် နဝမမြောက်ကြယ်စက်လုံးထဲတွင် ဝိညာဉ်လေစွမ်းအင်များ ပြည့်ဦးမည် မဟုတ်ပေ။ ထို့ကြောင့် ပုံစံပြောင်းမည့်ကိစ္စကို ထည့်စဉ်းစားနေရန်ပင် မလိုချေ။
“အဲ့ဒါက ကိစ္စမရှိပါဘူး။ အရင်ဆုံး ဝိညာဉ်လေတွေကိုပဲ စုပ်ယူတာပေါ့။ ငါ ဝိညာဉ်လေတွေကို များများ စုပ်ယူထားမှ စိတ်ကြိုက် ထုတ်သုံးနိုင်မှာ”
ထိုအခိုက်တွင် ကျန်းရီသည် ကုလားအုပ်တောင်နှင့် မလှမ်းမကမ်းတွင် ရှိနေခြင်းပင်။ သူနှင့် အနီးဆုံးရှိ ဓားပြတပ်မဟာက မိုင်တစ်ရာအကွာတွင် ဖြစ်ပြီး ထိုဓားပြများက ညအခါတွင် လှုပ်ရှားနိုင်မည် မဟုတ်သော်လည်း သတိထားရန် သူ ဆုံးဖြတ်လိုက်သည်။ သူသည် ဆက်အချိန်ဖြုန်းမနေတော့ဘဲ ဝိညာဉ်လေများကို စုပ်ယူရန် အခြားတစ်နေရာသို့ ဆက်ပျံသန်းသွားလိုက်လေသည်။
ညအခါတွင် ကျန်းရီသည် သူ ဝိညာဉ်လေတန်းမည်မျှ စုပ်ယူမိသည်ကိုပင် မသိတော့လောက်အောင် စုပ်ယူပစ်လိုက်လေသည်။ သူသည် ထိုဝိညာဉ်လေတန်းများကို အနည်းဆုံး တစ်လသုံးလျှင်ပင် ၎င်းတို့က ကုန်မည် မဟုတ်လောက်ပေ။ ဝိညာဉ်လေများကို စုပ်ယူပြီးနောက်တွင် သူ တောင်ကြားသို့ ပြန်သွားပြီး ဂူတစ်ခုတူးကာ အနားယူလိုက်လေသည်။
နေ့အချိန်တွင် မည်သည့်ကိစ္စမှ မဖြစ်ပျက်ခဲ့ဘဲ အလွန်လုံခြုံခဲ့သည်။ ပတ်ဝန်းကျင်ကလည်း လွန်စွာ တိတ်ဆိတ်နေခဲ့သည်။ ဓားပြတပ်မဟာများကလည်း လှည့်ပတ်မသွားကြဘဲ ငြိမ်သက်နေကြသည်။ ကျန်းရီသည် ဂူထဲတွင် တစ်နေကုန်နေ၍ ကျင့်ကြံနေလိုက်သည်။ ဝိညာဉ်လေများကို ဆက်စုပ်ယူနိုင်ရန် ညရောက်သည်အထိ စောင့်ရမည်ဖြစ်သည်။ သူ့အတွင် အခြားလုပ်စရာလည်း မရှိသဖြင့် သူသည် ဝိညာဉ်လေများကို ဆက်စုပ်ယူရန်သာ ဆုံးဖြတ်ထား၏။ သူ့တွင် ဝိညာဉ်လေစွမ်းအင်များများ ရှိနေလျှင် တိုက်ခိုက်သည့်အခါ သိပ်စိုးရိမ်စရာလိုမည် မဟုတ်ပေ။
နောက်တစ်ည ထပ်မံ ကုန်ဆုံးသွားလေသည်။ အရုဏ်တက်သောအခါ ကျန်းရီသည် အနောက်ဘက်မှ အာကာပြင်တုန်ခါမှုကို ရုတ်တရက် ခံစားလိုက်ရလေသည်။ သူ အောက်ဘက်သို့ ချက်ချင်း ပျံသန်းသွားလိုက်၏။ ထို့နောက် သူ ပတ်ဝန်းကျင်ကို စူးစမ်းတော့မည့် အချိန်တွင် သူ့အင်္ကျီအတွင်းရှိ အစိမ်းရောင်ပုလဲလုံးက တောက်ပလာလေသည်။
“အရိပ်ဧကရာဇ်ရဲ့ လက်အောက်ငယ်သားတွေလား”
ထိုပုလဲက အလွန်ထူးခြားပြီး အဆုံးမဲ့ပင်လယ်နက်၏ ရတနာတစ်ခုဖြစ်သည်။ ထို့ကြောင်း ၎င်းကို အခြားသူများ မပိုင်ဆိုင်ထားနိုင်ပေ။ ကျန်းရီသည် ရောက်လာသူများမှာ အရိပ်ဧကရာဇ်၏ လက်အောက်ငယ်သားများ ဖြစ်ကြောင်း သိရှိသွားသောအခါ စိတ်အေးသွားပြီး တောင်ထွတ်တစ်ခုပေါ်တွင် ရပ်၍ တည်ငြိမ်စွာ စောင့်ဆိုင်းနေလိုက်လေသည်။
ဝှစ်...
ဆယ့်ငါးမိနစ်ကြာပြီးနောက် အဝေးမှနေ၍ အနက်ရောင်အရိပ်တစ်ခု ရောက်ရှိလာလေသည်။ ထိုအရိပ်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ပင်။ သူ၏အင်အားက ဗာဂျရာအဆင့်တွင်သာ ရှိပေသည်။ သူသည် ကျန်းရီကို မြင်သောအခါ လျင်မြန်စွာ ပျံဆင်းလာပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဒူးထောက်လိုက်လေသည်။
“နှုတ်ခွန်းဆက်ပါတယ် အရှင်”
“အင်း...”
ကျန်းရီသည် ထိုလူငယ်က ပုလဲလုံးတစ်လုံးကို ကိုင်ထားကြောင်း တွေ့လိုက်သောအခါ ခေါင်းညိတ်၍ ပြောလိုက်၏။
“ဘာကိစ္စရှိလို့လဲ”
“အထက်က အကြီးအကဲတွေက ကျွန်တော့်ကို အရှင့်ဆီ သတင်းပို့ခိုင်းလိုက်လို့ပါ”
လူငယ်က ရိုရိုသေသေ ပြန်ပြောလိုက်သည်။
“ပစ်မှတ်က ကုလားအုပ်တောင်ကို မနက်တစ်နာရီကနေ သုံးနာရီအတွင်း ရောက်လာပါလိမ့်မယ်တဲ့”
“မနက်တစ်နာရီကနေ သုံးနာရီအတွင်းလား”
ကျန်းရီ၏ မျက်ဝန်းများ တောက်ပသွား၏။ ညအချိန်ဆိုလျှင် ဝိညာဉ်လေများ ရှိနေမည်ဖြစ်၍ မည်သူမှ ကောင်းကင်ကံကြမ္မာသင်္ဘောအပြင်ဘက်သို့ ထွက်လာဝံ့မည် မဟုတ်ပေ။ သို့ဆိုလျှင် သူ သူတို့အနီးသို့ ကပ်သွားရန် ပိုလွယ်ပေလိမ့်မည်။ သို့သော် ညအချိန်တွင် သူ ဝူကန်းအဖြစ် ဟန်ဆောင်ရန် မလွယ်ပေ။ ဝူကန်းက စွမ်းအားကြီးပေ။ အကယ်၍ အဆင့်နိမ့် ကောင်းကင်ဧကရာဇ်တစ်ပါးက ညအချိန်တွင် ပျံသန်းနေသည်ကို တွေ့လျှင် သူတို့ သံသယဝင်သွားနိုင်ပေသည်။
ဝူနီစီးသော ကောင်းကင်ကံကြမ္မာသင်္ဘောက သေချာပေါက် ထိပ်တန်းအဆင့် ဖြစ်ပေလိမ့်မည်။ ၎င်းသည် ဝိညာဉ်လေများကို မှုလောက်မည် မဟုတ်ဘဲ ညအချိန်တွင်လည်း သွားလာနိုင်လောက်သည်။ ကျန်းရီ အံကြိတ်လိုက်ပြီး စီစဉ်ထားသည့်အတိုင်း သူတို့ ကုလားအုပ်တောင်သို့ ရောက်လာလျှင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်လေသည်။
နေ့အချိန်နှင့် ညအချိန်က သူ့အားသာချက်နှင့်သူ ရှိပေသည်။ အနည်းဆုံးတော့ ညအချိန်တွင် ထွက်ပြေးရခြင်းက ကျန်းရီအတွက် ပိုလုံခြံပေလိမ့်မည်။ ညအချိန်ဆိုလျှင် သူ မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်လိုက်ပါက မည်သူက သူ့အနောက်သို့ လိုက်ဝံ့တော့မည်နည်း။
“မင်း ပြန်နိုင်ပြီ။ မင်းတို့လူတွေကို ငါ့ဆီ မဆက်သွယ်ခိုင်းနဲ့တော့။ ငါ အသက်ရှင်ခဲ့ရင် မင်းတို့ကို ငါကိုယ်တိုင်ဆက်သွယ်မယ်”
ကျန်းရီ လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။ ဝတ်စုံနက်နှင့် လူငယ်က ဦးညွှတ်လိုက်ပြီး ဟုန်ဝူမြို့ဘက်သို့ ဦးတည်ပျံသန်းသွားလေသည်။ ကျန်းရီသည်လည်း တောင်ကြားဆီသို့ ပြန်သွားလိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်ကာ အရှေ့ဘက်သို့ အစွမ်းကုန် အာရုံစိုက်လိုက်သည်။
မှန်၏။
အရှေ့ဘက် မိုင်ရှစ်သန်းအကွာတွင် ကောင်းကင်ကံကြမ္မာသင်္ဘောငါးစင်းက ကောင်းကင်ကိုဖြတ်၍ လျင်မြန်စွာ ပျံသန်းလာ၏။ အလယ်အလတ်အဆင့် ကောင်းကင်ကံကြမ္မာသင်္ဘောလေးစင်းက ထိပ်တန်းအဆင့် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စင်းကို လေးဘက်ဘေးတန် ကာရံထားပေသည်။ အလယ်အလတ် ကောင်းကင်ကံကြမ္မာသင်္ဘောလေးစင်းက အလယ်ရှိ ကောင်းကင်ကံကြမ္မာသင်္ဘောကြီးနှင့် မိုင်ဒါဇင်ကျော် ကွာဝေး၏။ ကျန်းရီသာ ထိုကောင်းကင်ကံကြမ္မာသင်္ဘောကြီးအနီးသို့ ချဉ်းကပ်လိုလျှင် လေးဘက်လေးတန်ရှိ ကောင်းကင်ကံကြမ္မာသင်္ဘောလေးစင်းကို ဖြတ်ကျော်ရမည်ဖြစ်သည်။
ကောင်းကင်ကံကြမ္မာသင်္ဘောငါးစင်းက အရှိန်ကုန် ပျံသန်းနေခြင်း မဟုတ်ပေ။ ၎င်းတို့၏ အမြန်နှုန်းအရ ၎င်းတို့သည် ကုလားအုပ်တောင်သို့ နံနက်တစ်နာရီမှ သုံးနာရီအတွင်း ရောက်လာနိုင်ပေသည်။
ဟူး...
ကျန်းရီသည် အခြေအနေကို ထောက်လှမ်းပြီးနောက် ဂူအတွင်းဝင်ကာ အိပ်စက်အနားယူလိုက်သည်။ သူသည် သူ့ခေါင်းထဲမှ အတွေးအားလုံးကို ရှင်းထုတ်ထားပေပြီ။ ထို့ကြောင့် သူ ချက်ချင်း အိပ်ပျော်သွားသည်။ သာမန်လူတစ်ယောက်ဆိုလျှင် တိုက်ပွဲကြီးတစ်ပွဲကို တိုက်ရတော့မည်ကို သိပါက သေချာပေါက် စိတ်လှုပ်ရှားကာ အိပ်ပျော်နိုင်မည် မဟုတ်ပေ။ သို့သော် ကျန်းရီကမူ ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားပေသည်။
ကျန်းရီသည် ကောင်းကင်တွင် ကြယ်စုံလာသည့်အချိန်အထိ အိပ်စက်လိုက်၏။ သူ အချိန်မှန် နိုးထလာသည်။ ကောင်းကင်ကံကြမ္မာသင်္ဘောများ ကုလားအုပ်တောင်သို့ ရောက်လာရန် လေးနာရီမျှ လိုပေသေးသည်။
ဟူး...ဟူး...
ကျန်းရီသည် အသက်ပြင်းပြင်းနှစ်ချက် ရှူသွင်းလိုက်ပြီး အခြေအနေကို ထောက်လှမ်းရန် ကောင်းကင်နားလည်သိမြင်ခြင်း ထုတ်လွှတ်လိုက်လေသည်။ ထို့နောက် သူသည် ရိက္ခာခြောက်နှင့် ရေကိုထုတ်ကာ စားသောက်လိုက်၏။ ကောင်းကင်ကံကြမ္မာသင်္ဘောများက မိုင်ရာကျော် ဝေးသေးပေသည်။ သူသည် စားသောက်ပြီးနောက် ဂူထဲမှထွက်ကာ ကုလားအုပ်တောင်အတွင်းပိုင်းဆီသို့ သွားလိုက်လေသည်။
ကျန်းရီသည် ပျံသန်းသွားခြင်း မဟုတ်ဘဲ ကြောင်ကတိုးတစ်ကောင်ကဲ့သို့ တောင်ထွတ်တစ်ခုမှတစ်ခုသို့ ခုန်၍ သွားနေခြင်းပင်။ သူသည် ဓားပြတပ်မဟာ ခုနစ်ဖွဲ၊ ရှစ်ဖွဲ့၏ စခန်းများကို သတိကြီးကြီးဖြင့် ရှောင်ရှားခဲ့၏။ ထို့နောက်တွင် သူသည် တောင်ထွတ်တစ်ခု၌ ပုန်းအောင်းနေလိုက်လေသည်။
ထိုတောင်ထွတ်၏ ပတ်ဝန်းကျင်တွင် ဓားပြတပ်မဟာငါးဖွဲ့ ရှိပေသည်။ သူသည် အခြေအနေကို သေချာစူးစမ်းထားပြီးဖြစ်သည်။ ဤလမ်းကြောင်းသည် ကောင်းကင်ကံကြမ္မာသင်္ဘောလေးစင်း၏ အလယ်ရှိ ကြီးမားသော ကောင်းကင်ကံကြမ္မာသင်္ဘောကြီး ဖြတ်သွားရမည့် လမ်းကြောင်းပင်။
ရွှီး...
ကျန်းရီသည် သူ၏ရုပ်သွင်ကို ပြောင်းလဲလိုက်ပြီး အဆင့်နိမ့် စစ်သံချပ်ကာကို ဝတ်ဆင်လိုက်၏။ ထို့နောက် သူသည် သူတော်စင် အသုံးအဆောင်တစ်ခုကို ကိုင်ကာ သူ၏အရှိန်အဝါကို ဗာဂျရာနယ်ပယ် အဆင့်ငါး အဖြစ် ပြောင်းလဲလိုက်သည်။ သူသည် ဝူကန်းအဖြစ် ဟန်မဆောင်ဘဲ ဓားပြတပ်မဟာတစ်ခုမှ ထောက်လှမ်းရေးတစ်ယောက်အဖြစ် ဟန်ဆောင်လိုက်ခြင်းပင်။
ကျန်းရီ၏ အစီအစဉ်က အလွန်အန္တရာယ်များ၏။ သုံးနာရီကြာပြီးနောက် ကောင်းကင်ကံကြမ္မာသင်္ဘော ရောက်ရှိလာလျှင် သူ ရှင်မည်လော၊ သေမည်လောကို သိရပေလိမ့်မည်။
***