← Chapters

အချိန်မ‌ရွေး စတင်တော့မည့် တိုက်ပွဲ

Vol. 69 Ch. 951

အချိန်မ‌ရွေး စတင်တော့မည့် တိုက်ပွဲ

Vol. 69 Ch. 951

ညက အေးစက်နေ၏။ လအလင်းရောင်ကလည်း ခပ်မှိန်မှန်သာ ရှိနေ၍ ပတ်ဝန်းကျင်က မှုန်ဝါးနေပေသည်။ တောင်ကြီးများသည် ကုန်းကွနေသော သားရဲကြီးများကဲ့သို့ မြင်ရသူများကို ရင်တုန်စေနေသည်။

ကျန်းရီသည် တောင်ထွတ်တစ်ခုပေါ်ရှိ ချုံပုတ်တစ်ခုထဲတွင် ပုန်းအောင်းနေပေသည်။ သူ့အနီး မိုင်တစ်ရာပတ်လည်အတွင်း၌ ဓားပြတပ်မဟာများ၏ ထောက်လှမ်းရေးများလည်း ပုန်းအောင်းနေကြသည်။ သူတို့အားလုံးသည် လက်ရှိ သူ၏အရှိန်အဝါကဲ့သို့ ဗာဂျရာအဆင့် သိုင်းသမားဖြစ်ကြသည်။ ထို့ကြောင့် သူက ထူး၍ ထင်ရှားမနေပေ။ အရေးပါသော ပုဂ္ဂိုလ်များက သူ့ကို လျစ်လျူရှုလိုက်ကြမည်သာ။

ကျန်းရီ၏ အစီအစဉ်မှာ ထိုနေရာတွင် ပုန်း‌အောင်းနေပြီး ဝူနီ၏ ကောင်းကင်ကံကြမ္မာသင်္ဘော ဖြတ်သွားသည်ကို စောင့်၍ ရုတ်တရက် ထွက်ကာ သတ်ဖြတ်ရန်ဖြစ်သည်။

ထိုအစီအစဉ်၏ အားသာချက်မှာ ကျန်းရီကို ကောင်းကင်ကံကြမ္မာသင်္ဘောအနီးသို့ ကပ်သွားနိုင်စေခြင်းနှင့် ရုတ်တရက် တိုက်ခိုက်စေနိုင်ခြင်းပင်။ ဝူနီ၏ ကောင်းကင်ကံကြမ္မာသင်္ဘောက မြင့်မြင့် ပျံသန်းမည် မဟုတ်ပေ။ ကျန်ကောင်းကင်ကံကြမ္မာသင်္ဘောလေးစင်းကလည်း အလယ်အလတ်အဆင့်သာ ဖြစ်၍ မြင့်မားသောကောင်းကင်ထက်ရှိ ဝိညာဉ်လေများကို ခံနိုင်မည် မဟုတ်ပေ။ ကျန်းရီ၏ ခန့်မှန်းချက်များအရ ကောင်းကင်ကံကြမ္မာသင်္ဘောများသည် မြေပြင်အထက် မီတာရာကျော်တွင်သာ ပျံသန်းပေလိမ့်မည်။ ထို့ကြောင့် သူသည် ကောင်းကင်ကံကြမ္မာသင်္ဘောများအနီးသို့ ချက်ချင်း ပျံတက်သွားနိုင်ပေသည်။

သို့သော် အရာအားလုံးတွင် အားနည်းချက်၊ အားသာချက် ကိုယ်စီ ရှိကြသည်။ ဤအစီအစဉ်၏ အားနည်းချက်မှာ ကျန်းရီက သိသာသောနေရာတွင် ပုန်းနေခြင်းဖြစ်၍ ကောင်းကင်ကံကြမ္မာသင်္ဘောများအပေါ်မှ ပညာရှင်များက သူ့ကို သေချာ‌‌ပေါက် တွေ့ရှိသွားနိုင်ခြင်းပင်။

ကောင်းကင်ကံကြမ္မာသင်္ဘောလေးစင်းပေါ်ရှိ‌ ပညာရှင်များက သေချာပေါက် သူတို့၏ ကောင်းကင်စိတ်အာရုံများကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို ထောက်လှမ်းကြမည်ဖြစ်သည်။ သူတို့သည် ပတ်ဝန်းကျင်ရှိ ဓားပြတပ်မဟာများ၏ ထောက်လှမ်းနေရေးများကို ရှင်းပစ်ရန် တိတ်တဆိတ် အမိန့်ပေးနိုင်ပေသည်။ ထိုသို့လုပ်ခြင်းက သူတို့အတွက် အပန်းမကြီးသော်လည်း အခြားဓားပြတပ်မဟာများကို သတိပေးပြီးသား ဖြစ်သွားမည် မဟုတ်ပါလား။

အရေးအကြီးဆုံးမှာ... ဝူနီက အလယ်ရှိ ကောင်းကင်ကံကြမ္မာသင်္ဘောကြီးတွင် ရှိနေပါမည်လော။

ကျန်းရီသည် ထိုအကြောင်းကို သေချာမသိထားပေ။ အရိပ်ဧကရာဇ်၏ လက်အောက်ငယ်သာများသည် ဝူနီက မည်သည့်ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင် ရှိနေကြောင်း မစုံစမ်းနိုင်ခဲ့ပေ။ အကယ်၍ ဝူနီသာ အလယ်ရှိ ကောင်းကင်ကံကြမ္မာသင်္ဘောကြီးပေါ်တွင် မရှိလျှင် ကျန်းရီသည် အခွင့်အရေးကောင်းတစ်ခုကို ဆုံးရှုံးရကာ အန္တရာယ်များသော အခြေအနေအတွင်း ကျရောက်သွားရပေလိမ့်မည်။

ကျန်းရီသာ ဝူကန်းအဖြစ် ဟန်ဆောင်လိုက်လျှင် ဝူနီရှိနေသော ကောင်းကင်ကံကြမ္မာသင်္ဘောကို အတည်ပြုနိုင်မည်ဖြစ်သည်။ သို့သော် လက်ရှိက ညအချိန် ဖြစ်နေပေသည်။ ဝူကန်း၏ အင်အားလေးဖြင့်ဆိုလျှင် ညအချိန်တွင် မပျံသန်းနိုင်သင့်ပေ။ အကယ်၍ ဝူကန်းရောက်လာလျှပင် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စင်းကို စီးလာရမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီက ဝူကန်းအဖြစ် ဟန်ဆောင်လိုက်ပါက ကျီထင်ယွီ၏ ဉာဏ်ရည်ဖြင့်ဆိုလျှင် ဟန်ဆောင်ထားမှုက ချက်ချင်းပေါ်သွားပေလိမ့်မည်။ သူသည်လည်း ချက်ချင်း အသတ်ခံရပေလိမ့်မည်။

ထို့ကြောင့် ကျန်းရီသည် ဝူနီက အလယ်ရှိ ကောင်းကင်ကံကြမ္မာသင်္ဘောကြီးတွင် ရှိနေသည်ဟုသာ လောင်းကြေးထပ်နိုင်တော့ပေသည်။

ပုံမှန်ဆိုလျှင် ဝူနီသည် ပညာရှင်များစွာက သူ့ကို ကာကွယ်ပေးနေသဖြင့် မြောက်ဘက်နှင်းဖုံးဒေသသို့ ရောက်လာပြီးနောက်တွင် သိပ်၍သတိကြီးတော့မည် မဟုတ်ပေ။ ဝူနီသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ သခင်လေးတစ်ယောက်ဖြစ်၍ အလွန်မာနကြီးပေသည်။ ထို့ကြောင့် သူသည် သူရဲဘောကြောင်သူတစ်ယောက်ကဲ့သို့ ပြုမူမည် မဟုတ်ပေ။

တစ်နာရီကြာပြီးနောက် ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ထောက်လှမ်းလိုက်၏။ ကောင်းကင်ကံကြမ္မာသင်္ဘောများ၏ လမ်းကြောင်းက ပြောင်းမသွားကြောင်း အတည်ပြုပြီးသောအခါ သူ စိတ်အေးသွားဟန် သက်ပြင်းချလိုက်လေသည်။ အရှေ့မှ ဦးဆောင်လာသော ကောင်းကင်ကံကြမ္မာသင်္ဘောက သူ့ခေါင်းအထက်မှ ဖြတ်သွားတော့ပေမည်။ ထို့ကြောင့် သူ မဆင်မခြင် မထောက်လှမ်းဝံ့တော့ပေ။ သူသည် ချုံပုတ်ထဲတွင် ကျားသစ်တစ်‌ကောင်ကဲ့သို့ ပုန်းအောင်းနေပြီး ဓားပြတပ်မဟာတစ်ခုမှ ထောက်လှမ်းရေးတစ်ယောက်ကဲ့သို့ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်နေလိုက်သည်။

‘တစ်ခုခုတော့ မှားနေပြီ...’

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် တစ်စုံတစ်ခု မှားနေသည်ဟု ခံစားလိုက်ရလေသည်။ သူ၏ကောင်းကင်နားလည်သိမြင်ခြင်းက အနီးရှိ ထောက်လှမ်းရေးများကို ထောက်လှမ်းလိုက်သည်။ ထို့နောက် သူ ခါးသက်သက် ပြုံးလိုက်၏။ သူသည် ဓားပြတပ်မဟာတစ်ခု၏ ထောက်လှမ်းရေးတစ်ယောက်ကဲ့သို့ ကြိုးကြိုးစားစား ဟန်ဆောင်ပြနေသော်လည်း ထောက်လှမ်းရေးအစစ်အမှန်များက တခေါခေါဖြင့် အိမ်နေကြလေသည်။ ထို့ကြောင့် သူ အလွန်ကြိုးစားပြနေလျှင် သေချာ‌ပေါက် သံသယအဝင်ခံ‌ရပေလိမ့်မည်။

ကျန်းရီသည် တစ်ကိုယ်လုံး၏ အကြောများကို ဖြေလျှော့လိုက်ပြီး အနီးရှိ သစ်ပင်ကြီးတစ်ပင်ဆီသို့သွားကာ ကျောမှီလိုက်၏။ သူ ဆက်ထောက်လှမ်းမနေတော့ပေ။ ငါးက ငါးစာကိုလာဟပ်မည်ကိုသာ သူ တိတ်တဆိတ် စောင့်နေလိုက်တော့သည်။

ဝှီး...ဝှီး...

မိနစ်သုံးဆယ်ကြာပြီးနောက် အနောက်ဘက်မှနေ၍ လေခွင်းသံများ ထွက်ပေါ်လာပြီး အလယ်အလတ်အရွယ်အစား ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စင်းက လျင်မြန်စွာ ပျံသန်းလာသည်ကို တွေ့လိုက်ရလေသည်။ ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံက ဝိညာဉ်လေများ၏ တိုက်ခိုက်မှုကို ခံနေရသဖြင့် တလက်လက် တောက်ပနေလေသည်။ ထို့ကြောင့် သင်္ဘောကို အဝေးမှ လှမ်းမြင်ရခြင်းပင်။

“ရောက်လာပြီ...”

ကျန်းရီသည် လေခွင်းသံကို ကြားသောအခါ မျက်လုံးများကို မဖွင့်လိုက်ဘဲ ကောင်းကင်နားလည်သိမြင်ခြင်းကိုထုတ်၍ အနီးရှိ ထောက်လှမ်းရေးများကိုသာ အာရုံခံလိုက်လေသည်။ ထိုထောက်လှမ်းရေးများက အိပ်မောကျနေရာမှ လန့်နိုးလာကြပြီး ကြောက်ရွံ့သော မျက်ဝန်းများဖြင့် မြေပြင်ပေါ်တွင် တွားသွားနေကြသည်ကို သူ သတိပြုမိလိုက်သည်။ ထို့ကြောင့် သူသည်လည်း ထိုထောက်လှမ်းရေးများအတိုင်း ကြောက်ရွံ့သော မျက်ဝန်းများဖြင့် အနီးရှိ ချုံပတ်အတွင်း ဒိုက်ဗင်ထိုးလိုက်လေသည်။

ဝှစ်...ဝှစ်...

ကောင်းကင်ကံကြမ္မာသင်္ဘော ရောက်ရှိလာသောအခါ ကျန်းရီသည် စွမ်းအားကြီး ကောင်းကင်စိတ်အာရုံ တစ်ထောင်နီးပါးက သူ့ခန္ဓာကိုယ်ကို အာရုံခံသွားကြောင်း ရုတ်ခြည်း ခံစားလိုက်ရ၏။ သူသည် မြေပြင်ပေါ်တွင် ဝပ်ကာ ခေါင်းပင်မဖော်ဝံ့သည့် ထောက်လှမ်းရေးတစ်ယောက်ကဲ့သို့ ကောင်းစွာသရုပ်ဆောင်လိုက်လေသည်။ သူ့ခန္ဓာကိုယ်ကလည်း တဆတ်ဆတ်တုန်ယင်နေသည်။ ထို့ကြောင့် သူက ပညာရှင်များ၏ အရှိန်အဝါများကြောင့် အမှန်ပင် ကြောက်ရွံ့နေသူတစ်ယောက်ဟု ထင်ရပေသည်။

ကီလိုမီတာသုံးဆယ်၊ တစ်ဆယ့်ခုနစ်ကီလိုမီတာ၊ သုံးကီလိုမီတာ...

ကျန်းရီ၏ခန္ဓာကိုယ်က ပို၍ပင် တုန်ယင်လာ၏။ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ လူများသာ သူတို့ကို တိုက်ခိုက်လိုက်ပါက သူ၏အစီအစဉ်က ချက်ချင်း ပျက်စီးသွားပေလိမ့်မည်။

ဝှစ်...ဝှစ်...

နောက်ဆုံးတွင် ကောင်းကင်ကံကြမ္မာသင်္ဘောက ကျန်းရီ၏ ခေါင်းအထက်မှ ဖြတ်ပျံသွားလေသည်။ ကောင်းကင်ကံကြမ္မာသင်္ဘောသည် စွမ်းအားကြီး အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ ကျန်းရီ စိတ်အေးသွားသည်။ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ ပညာရှင်များက သူ့ကို သတ်ရန်ထိုက်တန်သည်ဟု မတွေးခဲ့ကြပေ။ ကောင်းကင်စိတ်အာရုံအချို့က သူ့ကို အကြိမ်ကြိမ် အာရုံခံခဲ့သော်လည်း သူတို့သည် လှုပ်ရှားရန် ရည်ရွယ်ချက် မရှိပုံပင်။

ကောင်းကင်ကံကြမ္မာသင်္ဘောက ဟုန်ဝူမြို့သို့ တိုက်ရိုက်ပျံသန်းသွားလေသည်။ ကျန်းရီ သက်ပြင်းချလိုက်ပြီး သူ၏ဇောချွေးများကို သုတ်လိုက်သည်။ သူသည် ချုံပုတ်ထဲတွင် ဝပ်ကာ ကြောက်ရွံ့နေဟန် ဆက်ဟန်ဆောင်လိုက်သည်။ အလယ်ရှိ ကောင်းကင်ကံကြမ္မာသင်္ဘောကြီးက မိုင်တစ်ရာသာ ဝေးတော့ပေသည်။ ၎င်းသည် မိနစ်သုံးဆယ်အတွင်း ဤနေရာသို့ ရောက်လာပေတော့မည်။ တိုက်ပွဲကလည်း အချိန်မရွေး စတင်လာတော့မည်ဖြစ်သည်။

ရွှီး...

ထိုအခိုက်တွင် မိုင်(၃၀)အကွာရှိ ပုံရိပ်ယောင်နယ်မြေတစ်ခုက အတန်ငယ် လှုပ်ရှားသွားပြီး လူတစ်ဒါဇင် ထွက်ပေါ်လာသည်။ သူတို့သည် မြေပြင်ပေါ်တွင် ခိုးကြောင်ခိုးဝှက်သွားကာ မကြာခင်မှာပင် လူစုခွဲလိုက်ကြ၏။ သူတို့သည် ဖြတ်ကျော်သွားသော ကောင်းကင်ကံကြမ္မာသင်္ဘောကြီးကြောင့် လန့်သွားပြီး ထောက်လှမ်းရန် ထွက်လာသော ထောက်လှမ်းရေးအဖွဲ့လေးတစ်ခု ဖြစ်ကြောင်း ထင်ရှားပေသည်။

‘လခွမ်းပဲ...’

ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံပြီးနောက် စိတ်ထဲမှ ဆဲလိုက်၏။ ကောင်းကင်ကံကြမ္မာသင်္ဘောကြီးက ရောက်လာပေတော့မည်။ အဘယ်ကြောင့် ဓားပြများက လှုပ်ရှားနေရသနည်း။ သူတို့ကြောင့် သူ၏အစီအစဉ် ပျက်စီးသွားလျှင် အမှန်ပင် ဒုက္ခများသွားပေလိမ့်မည်။

“...”

ဆယ့်ငါးမိနစ်ကြာပြီးနောက် ကျန်းရီကို ဒေါသထွက်စေမည့်ကိစ္စတစ်ခု ဖြစ်ပျက်လာ၏။ ထောက်လှမ်းရေးနှစ်ယောက်က အမှန်ပင် သူ့ထံသို့ ချဉ်းကပ်လာလေသည်။ သူတို့သည် သူနှင့် မိုင်အနည်းငယ်သာ ကွာတော့ပေသည်။ ထိုသူနှစ်ယောက်သည် ဗာဂျရာအဆင့် သိုင်းသမားများ ဖြစ်သဖြင့် သူတို့ပိုနီးကပ်လာလျှင် သူ့ကို အာရုံခံနိုင်တော့မည်ဖြစ်သည်။ သို့ဆိုလျှင် ကောင်းကင်ကံကြမ္မာသင်္ဘောကြီးပေါ်မှ လူများကို သတိကြီးသွားစေမည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာနိုင်ပေသည်။

‘ငါ ဘာလုပ်သင့်လဲ’

ကျန်းရီ၏ မျက်လုံးများ အရောင်တောက်လာ၏။ သူ့ရင်ထဲတွင်လည်း ပူလောင်နေပေသည်။ ကောင်းကင်ကံကြမ္မာသင်္ဘောကြီးက ရောက်လာတော့ပေမည်။ သို့သော် ထိုကဲ့သို့ ကိစ္စတစ်ခုက လာဖြစ်နေလေသည်။

‘သတ်ရမယ်...’

ကျန်းရီသည် အကြံတစ်ခု ရလိုက်၏။ သူသည် ထိုထောက်လှမ်းရေးနှစ်ယောက်ကို သူ့အနားသို့ အကပ်ခံ၍ မဖြစ်ပေ။ မဟုတ်လျှင် အရာအားလုံး ပျက်စီးသွားပေလိမ့်မည်။ သူ၏ မျက်ခုံးနှစ်ခုအကြားမှနေ၍ ဝိညာဉ်ဓားနှစ်ချောင်း ထွက်လာပြီး ဝိညာဉ်များကဲ့သို့ ပျံထွက်သွားလေသည်။ ဗာဂျရာအဆင့် သိုင်းသမားနှစ်ယောက်ကို ရှင်းပစ်ရန်မှာ အလွန်လွယ်၏။ သူသည် ထိုနှစ်ယောက်ကို ဝိညာဉ်ဓားများဖြင့်ပင် သတ်ပစ်နိုင်ပေသည်။

ဝိညာဉ်ဓားများက ဝိညာဉ်လေများကို မယှဉ်နိုင်ပေ။ သို့သော် ကျန်းရီ၏ စိတ်ဝိညာဉ်က ဝိညာဉ်ဓားများကို ဆယ်မိုင်ကျော်အကွာအဝေးအထိ ကောင်းစွာထိန်းချုပ်နိုင်အောင် သန်မာပေသည်။ သို့သော် သူ ထိုသို့လုပ်ဝံ့ခြင်းမှာ တစ်ဘက်မှလူများက ဗာဂျရာအဆင့် သိုင်းသမားနှစ်ယောက်သာ ဖြစ်၍ပင်။ အကယ်၍ သူသာ ကောင်းကင်ဧကရာဇ်များနှင့် ရင်ဆိုင်ရပါက ထိုသို့ မဆင်မခြင် လုပ်ဝံ့မည် မဟုတ်ပေ။ ကောင်းကင်ဧကရာဇ်များသည် အဝေးမှ ပျံသန်းလာသော ဝိညာဉ်ဓားများကို အာရုံခံနိုင်မည်ဖြစ်သဖြင့် ဝိညာဉ်ဓားများ ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။

ဝှစ်...

ကျန်းရီသည် ပုံမှန် ဝိညာဉ်ဓားများထက် ပိုမြန်သော ရွှေရောင်ဝိညာဉ်ဓားနှစ်ချောင်းကို ထုတ်လွှတ်လိုက်ခြင်းပင်။ ဝိညာဉ်ဓားနှစ်ချောင်းသည် မိုင်အနည်းငယ်ကို အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ဖြတ်သန်းသွားပြီး ဗာဂျရာအဆင့် ထောက်လှမ်းရေးနှစ်ယောက်ဆီသို့ ရောက်ရှိသွားလေသည်။

“အာ... အဲ့ဒါက ဘာလဲ”

“အာ... ရန်...”

ထောက်လှမ်းရေးနှစ်ယောက် တုန်လှုပ်သွား၏။ သူတို့ထဲမှ တစ်ယောက်က ရန်သူတိုက်ခိုက်နေပြီဟု အော်ရန် ကြိုးစားလိုက်သော်လည်း ကျန်းရီ၏ ဝိညာဉ်ဓားများက အလွန်လျင်မြန်ပေသည်။ ရွှေရောင်အလင်းတန်းတစ်ခုသည် ထိုထောက်လှမ်းရေး၏ စိတ်ဝိညာဉ်အတွင်းသို့ လျှပ်တပြက်ဝင်ရောက်သွားပြီး စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်လေသည်။

“အရှင်... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”

အခြားထောက်လှမ်းရေးတစ်ယောက်က အကင်းပါးသူဖြစ်၍ မအော်ဝံ့ပေ။ သူသည် သူ့စိတ်ဝိညာဉ်ထဲသို့ ရောက်နေသော ဝိညာဉ်ဓားကို အရေးမစိုက်နိုင်တော့ဘဲ ချက်ချင်း ဒူးထောက်ကာ ဦးချလိုက်ပြီး အသနားခံလိုက်လေသည်။

ကျန်းရီသည် ထိုသူကို သတ်လိုခဲ့သော်လည်း ခေတ္တမျှ ချီတုံချတုံ ဖြစ်သွားသည်။ သူသည် ဝိညာဉ်ဓားကို ထိန်းချုပ်၍ ရပ်တန့်စေလိုက်၏။ သူ ထိုထောက်လှမ်းရေးကို မသတ်တော့ပေ။ သူ မသတ်တော့ခြင်းမှာ ပြဿနာတစ်ခုကို တွေးမိသွား၍လည်း ပါသည်။ ဝူနီနှင့် အခြားသူများသည် ဤနေရာတွင် အလောင်းနှစ်လောင်းကို တွေ့ပါက သံသယဝင်မသွားနိုင်သလော။

‘ငါ သူ့ကို သတ်လို့မဖြစ်ဘူး’

ကျန်းရီသည် လျင်မြန်စွာ တွေးတောလိုက်ပြီး ထောက်လှမ်းရေးထံသို့ အသံပို့လွှတ်လိုက်လေသည်။

“မင်း အသက်ရှင်ချင်ရင် မင်းပါးစပ်ကို ပိတ်ထားပြီး ငါ ပြောတဲ့အတိုင်း လိုက်လုပ်။ မဟုတ်ရင် ငါ မင်းကို ချက်ချင်း သတ်ပစ်မယ်။ ငါက မင်းကို ပုရွက်ဆိတ်တစ်‌ကောင်လို ဖိချေပစ်နိုင်တယ်”

“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ”

ထိုထောက်လှမ်းရေးက လျင်မြန်စွာ ပြန်ဖြေလိုက်ပြီး မရပ်မနား ဦးချလိုက်လေသည်။ သူ၏မျက်နှာထားကလည်း ကြောက်ရွံ့တုန်လှုပ်နေပုံ ပေါ်နေပေသည်။

“မင်းဘေးက အလောင်းကို ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲမှာ သိမ်းလိုက်...မြန်မြန်”

ကျန်းရီ အသံပို့လွှတ်လိုက်သည်။ ထိုသူက ချက်ချင်း အမိန့်အတိုင်း လုပ်လိုက်လေသည်။ ထို့နောက် ကျန်းရီသည် ထောက်လှမ်းရေးကို မြေပြင်တွင် ဝပ်ကာ ငြိမ်ငြိမ်နေရန် အသံထပ်မံ ပို့လွှတ်လိုက်သည်။

ဝှီး...ဝှီး...

ထိုအခိုက်တွင် အရှေ့ဘက်မှနေ၍ လေခွင်းသံများ ထွက်ပေါ်လာပြီး ဧရာမ ကောင်းကင်ကံကြမ္မာသင်္ဘောကြီး ပျံသန်းလာလေသည်။ ထိုသင်္ဘောသည် အစောကသင်္ဘောထက် နှစ်ဆပိုကြီး၏။ သို့သော် အမြန်နှုန်းက အတူတူပင်ဖြစ်သည်။

ကျန်းရီသည် ဝိညာဉ်ဓားနှစ်ချောင်းကို ပြန်ရုတ်သိမ်းလိုက်ပြီး ထောက်လှမ်းရေးထံ အသံပို့လွှတ်လိုက်သည်။

“ကောင်းကင်ကံကြမ္မာသင်္ဘောကြီး အနားကို ရောက်လာရင် မြောက်ဘက်ကို မြန်နိုင်သမျှမြန်မြန် ထွက်ပြေးပေတော့။ မင်း ထွက်မပြေးဘူးဆိုရင် ငါ မင်းကို ချက်ချင်းသတ်ပစ်မယ်”

***

All Chapters