← Chapters

သတ်ဖြတ်ခြင်း

Vol. 69 Ch. 952

သတ်ဖြတ်ခြင်း

Vol. 69 Ch. 952

ကျန်းရီ သူ၏ဝိညာဉ်ဓားများကို ရုတ်သိမ်းပြီးနောက် မကြာခင်မှာပင် ကောင်းကင်စိတ်အာရုံများက သူ့ကို အာရုံခံလိုက်ကြသည်။ အနည်းဆုံး ကောင်းကင်စိတ်အာရုံ ထောင်ကျော် ရှိလိမ့်မည်ဟု သူ ခံစားနေရသည်။ ယင်းက ထိုကောင်းကင်ကံကြမ္မာသင်္ဘောကြီးပေါ်တွင် လူထောင်ကျော်ပါသည်ဆိုသော အဓိပ္ပာယ်ပင်။ ကျန်ကောင်းကင်ကံကြမ္မာသင်္ဘောလေးစင်းပေါ်တွင်မူ ထိုမျှ လူများများ မပါပေ။ ယင်းက မည်သည့်အဓိပ္ပာယ်နည်း။ ထိုကောင်းကင်ကံကြမ္မာသင်္ဘောကြီးပေါ်တွင် ဝူနီပါသည်ဟူသော အဓိပ္ပာယ်ပင်။

လက်ရှိတွင် ကျန်းရီ မလှုပ်ရှားဝံ့သေးချေ။ သူသည် မြေပြင်တွင် ဝပ်ကာ အခြားထောက်လှမ်းရေးများကဲ့သို့ တုန်ယင်နေပေသည်။ သူ၏ မျက်နှာကလည်း တဖြည်းဖြည်း ဖြူဖျော့လာသည်။ ထို့ပြင် သူသည် အသက်ပင်မရှူဝံ့ဖြစ်နေလေသည်။

ထောင်ချီသော ကောင်းကင်စိတ်အာရုံများ ရောက်ရှိလာသော်လည်း ၎င်းတို့သည် ကျန်းရီ၏ခန္ဓာကိုယ်ပေါ်တွင်သာ ရပ်တန့်မသွားပေ။ ကောင်းကင်ကံကြမ္မာသင်္ဘောက နီးကပ်လာလေလေ၊ ကျန်းရီ ပို၍တုန်ယင်လာလေလေပင်။ ဤတစ်ကြိမ်တွင် ရန်သူက ထင်မထားလောက်အောင် အင်အားကြီးပေသည်။ အကယ်၍ သူသာ အမှားတစ်ချက် လုပ်မိပါက ဤနေ့ ဤနေရာတွင် သေသွားရပေလိမ့်မည်။

ကီလိုမီတာသုံးဆယ်၊ နှစ်ဆယ့်ခြောက်ကီလိုမီတာ၊ ဆယ့်ငါးကီလိုမီတာ...

ကျန်းရီသည် ဝိညာဉ်လေများကို စတင်စုဝေးလိုက်ပြီး ဝိညာဉ်လေစွမ်းအင်ကို အချိန်မရွေး ထုတ်လွှတ်နိုင်ရန် ဟန်ပြင်ထားလိုက်လေသည်။ ထို့နောက် သူ၏ ကောင်းကင်စိတ်အာရုံက မြေပြင်တွင် ကပ်သွားကာ ခပ်လှမ်းလှမ်းရှိ ဓားပြထောက်လှမ်းရေးထံသို့ ရောက်သွားသည်။

မီတာတစ်သောင်း၊ မီတာသုံးထောင်... မီတာထောင့်ငါးရာ...

“ပြေးတော့... မင်းရဲ့ စခန်းကို ချက်ချင်း အရှိန်ကုန်သာ ပြေးပေတော့။ မင်း တစ်ချက်လောက် ရပ်ဝံ့ရင် ငါ မင်းရဲ့ ဝိညာဉ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် လုပ်ပစ်မယ်”

ကျန်းရီ ပို့လွှတ်လိုက်သောအသံက ထောက်လှမ်းရေး၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွား၏။ ထောက်လှမ်းရေးသည် ခေါင်းမော့ကာ ကောင်းကင်ကံကြမ္မာသင်္ဘောကြီးကို ကြည့်လိုက်ပြီး မျက်နှာပျက်သွားလေသည်။ ထိုကောင်းကင်ကံကြမ္မာသင်္ဘောကြီးပေါ်တွင် အရေးကြီးပုဂ္ဂိုလ်များနှင့် ပြည့်နှက်နေသည်။ အကယ်၍ သူသာ ရုတ်တရက်ကြီးထပြေးလိုက်လျှင် ထိုသူများက ဒေါသထွက်သွားပြီး သူ့ကို သတ်ပစ်နိုင်ပေသည်။

ဝှစ်...

သို့သော် ထိုထောက်လှမ်းရေးသည် သူ၏အဖော်က ဝိညာဉ်ကဲ့သို့ ရွှေရောင်အလင်းတန်းကြောင့် တိတ်တဆိတ်သေဆုံးသွားသည်ကို တွေးမိသောအခါ ‌ရွေးချယ်စရာ မရှိတော့ဘဲ အသက်ကိုရင်း၍ ထွက်ပြေးရန်သာ ဆုံးဖြတ်လိုက်ရလေတော့သည်။ သူသည် တောင်များဆီသို့ အမြန်ဆုံးအရှိန်ဖြင့် ပြေးသွားလိုက်၏။ သူသည် တုန်လှုပ်ချောက်ချားနေသဖြင့် လမ်းတစ်လျှောက်ရှိ ကျောက်ခဲများစွာကို တိုက်မိကာ၊ ရွှံ့ဗွက်များကိုလည်း တက်နင်းမိပေသည်။ ထို့ကြောင့် တိတ်ဆိတ်နေသော ညအချိန်တွင် သူက အလွန်ထင်ရှားနေလေသည်။

“အန်...”

ကောင်းကင်ကံကြမ္မာသင်္ဘောက ကျန်းရီအထက်သို့ ရောက်သောအခါ အစောင့်များက ထိုထောက်လှမ်းရေးကို သတိထားမိသွားကြ၏။ သူတို့၏ ကောင်းကင်စိတ်အာရုံများက ထောက်လှမ်းရေးဆီ ရောက်သွားကြပြီး အောက်ဘက်တွင် မည်သည့်ကိစ္စ ဖြစ်ပျက်နေခြင်းဖြစ်ကြောင်း စူးစမ်းလိုက်ကြသည်။

‘အချိန်ကျပြီ... သတ်မယ်...’

ကျန်းရီ၏ မျက်လုံးများက ကြယ်တာရာများကဲ့သို့ တောက်ပလာ၏။ သူသည် စိတ်ထဲမှ ကြုံးဝါးကာ ခက်ထန်သော နဂါးတစ်ကောင်ကဲ့သို့ ပျံတက်သွားလေသည်။ သူ၏လက်များက လျှပ်စီးအလျင်ဖြင့် ဝိညာဉ်လေများကို ထုတ်လွှတ်လိုက်သည်။ ထိုဝိညာဉ်လေများက လျင်မြန်စွာ ပေါင်းစည်းသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝိညာဉ်ဓားဆယ်ချောင်း ဖြစ်ပေါ်လာသည်။ ထို့နောက် သူ အော်ပြောလိုက်လေသည်။

“ချိုးဖျက်...”

ရွှစ်...ရွှစ်...

ဝိညာဉ်လေဓားဆယ်ချောင်းက သေမင်း၏ တံစဉ်ဆယ်လက်ကဲ့သို့ ကောင်းကင်ကံကြမ္မာသင်္ဘောဆီသို့ တိတ်တဆိတ် ပျံသန်းသွား၏။ ကျန်းရီ၏ မီးဝိညာဉ်ပုလဲထဲရှိ မိုးကြိုးမီးလည်း ထွက်လာပြီး ရုတ်ခြည်း မိုးကြိုးမီးနတ်ဘုရားဒိုင်း ဖြစ်ပေါ်လာလေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်မူ မီးတိမ်သံချပ်ကာ ထွက်ပေါ်လာသည်။ သူ့လက်တစ်ဘက်စီတွင်လည်း သံနက်ဓားနှင့် ဓားပျော့တို့ ထွက်ပေါ်လာသည်။ သူသည် အထက်သို့ ခက်ထန်သောနဂါးတစ်ကောင်ကဲ့သို့ပျံတက်နေပြီး မိုးကြိုးမီးနတ်ဘုရားဒိုင်းနှင့် မီးတိမ်သံချပ်ကာတို့က သူ့ခန္ဓာကိုယ်ကို အနီရောင်အလင်း တောက်ပနေစေ၏။ ထို့ကြောင့် သူက အသက်များကို နုတ်ယူတော့မည့် သေမင်းတစ်ပါးနှင့် ဆင်တူနေပေသည်။

“အန်...”

“မကောင်းတော့ဘူး...”

“ရန်သူ တိုက်ခိုက်နေပြီ...”

ကောင်းကင်ကံကြမ္မာပေါ်မှ ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့် ပညာရှင်များက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး အော်ပြောလိုက်၏။ ထိုအခိုက်တွင် ဝိညာဉ်လေဓားဆယ်ချောင်းက ကောင်းကင်ကံကြမ္မာသင်္ဘောကို ပြင်းထန်စွာ ထိမှန်သွားပေပြီ။

ရွှီး...

ကောင်းကင်ကံကြမ္မာသင်္ဘောကို ဝန်းရံထားသော အဖြူရောင်အကာအရံက တောက်ပသွား၏။ တောက်ပလွန်းသဖြင့် ပတ်ဝန်းကျင်တစ်ခွင်လုံး လင်းထိန်သွားသည်။ ထို့ကြောင့် အနီးတွင် ပုန်းအောင်းနေသော ဓားပြထောက်လှမ်းရေး ဒါဇင်ကျော်၏ ကြောက်ရွံ့နေသော မျက်နှာများကို တွေ့လိုက်ရလေသည်။

ဝုန်း...

ကောင်းကင်က တုန်ခါပေါက်ကွဲသွားပြီး ထိပ်တန်းအဆင့် ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံကလည်း ရုတ်ခြည်း ပျက်စီးသွားလေသည်။ ထို့နောက်တွင် ကောင်းကင်ကံကြမ္မာသင်္ဘောက ဆယ့်တစ်ပိုင်း ပြတ်သွားသည်။ သိုင်းသမားများစွာ၏ ခန္ဓာကိုယ်များကလည်း အပိုင်းပိုင်း ပြတ်သွားကြပြီး သွေးစိမ်းရှင်ရှင်များ ပန်းထွက်လာသည်။

“ဟိန်း...ဟိန်း... ဟီး...ဟီး...”

မည်သူမှ မတုံ့ပြန်နိုင်သေးခင်မှာပင် ကြောက်မက်ဖွယ် အသံများ ပဲ့တင်ထပ်လာ၏။ အသံများက ငရဲမှ နတ်ဆိုးများ ‌အော်နေသောအသံ၊ ကြောက်မက်ဖွယ်သားရဲများ ဟိန်းနေသောအသံကဲ့သို့ပင်။ ဓားပြထောက်လှမ်းရေးများသည် ထိုအသံများကို ကြားလိုက်သောအခါ လက်နှစ်ဘက်ဖြင့် ခေါင်းကို စုပ်ကိုင်၍ မြေပြင်တွင် နာကျင်တကြီး လူးလွန့်သွားကြလေသည်။

“အား...”

“ငါ့ခေါင်းက ပေါက်ကွဲထွက်တော့မယ်... အဲ့သောက်အသံတွေက ဘာအသံတွေလဲ”

“နတ်ဘုရားအသံကောင်းကင်အတတ်၊ မိုးကြိုးမီးနတ်ဘုရားဒိုင်း၊ မီးတိမ်သံချပ်ကာ... သူ... သူက ကျန်းရီပဲ...”

“ကျန်းရီလား... သတ်ကြ...”

နာကျင်တကြီးအော်သံများ၊ ကြောက်မက်ဖွယ်အော်သံများနှင့် ဒေါသတကြီးအော်သံများ ပဲ့တင်ထပ်သွားလေသည်။ ထိုစဉ် ကောင်းကင်ထက်ရှိ တိမ်များနှင့် လေများ ရုတ်တရက် လှုပ်ရှားလာပြီး မိုးကြိုးတန်းများက အဖျက်ဖိအားဖြင့် ကျဆင်းလာသည်။ ထိုမိုးကြိုးတန်းများ၏ ပစ်မှတ်များမှာ နတ်ဘုရားအသံကောင်းကင်အတတ်၏ သက်ရောက်မှုကို သိပ်မခံရသော ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ပညာရှင်သုံးယောက်ပင်။

တစ်ချိန်တည်းမှာပင် ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ ဝိညာဉ်ဓားဆယ့်နှစ်ချောင်း ထွက်လာပြီး ထိုသုံးယောက်ထံသို့ ဦးတည်ပျံသန်းသွားလေသည်။ ထို့ပြင် သူ၏စိတ်သည် မပျက်စီးသေးသော ဝိညာဉ်လေဓားလေးချောင်းကို ထိန်းချုပ်၍ ထိုသုံးယောက်ထံသို့ပင် ပျံသန်းသွားစေလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းရီသည် တိုက်ခိုက်မှု လေး၊ငါးခု ထုတ်လွှတ်လိုက်လေသည်။ ကိုယ်ပွားအသင်္ချေမှော်အတတ်က သူ့ကို တစ်ပြိုင်တည်း ကိစ္စများစွာ လုပ်နိုင်စေသည်။ မဟုတ်လျှင် သူသည် တိုက်ခိုက်မှုများစွာကို တစ်ပြိုင်တည်း ထုတ်လွှတ်နိုင်မည် မဟုတ်ပေ။

ပညာရှင်သုံးယောက်သည် ပြန်လည်တိုက်ခိုက်လိုနေသော်လည်း ဝိညာဉ်လေဓားများနှင့် မိုးကြိုးတန်းများက သူတို့ကို တိုက်ခိုက်လိုက်၍ သူတို့ ကြောက်ရွံ့သွားကြသည်။ ထို့ကြောင့် သူတို့ ပြန်မတိုက်ခိုက်ဝံ့တော့ဘဲ အစွမ်းကုန်သုံး၍ ရှောင်ရှားလိုက်ကြသည်။

သို့သော် ကျန်းရီက သူတို့နှင့် အလွန်နီးကပ်နေပေပြီ။ သူတို့ ဆယ်မီတာကျော် ပျံသန်းပြီးနောက်တွင် ကျန်းရီ၏ ဝိညာဉ်ဓား ဆယ့်နှစ်ချောင်းက သူတို့၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်သွားကြလေသည်။

ပညာရှင်သုံးယောက်၏ မျက်နှာထားက ချက်ချင်း နှင်းကဲ့သို့ ဖြူရော်သွား၏။ သူတို့သာ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို မကာကွယ်လျှင် သူတို့၏စိတ်ဝိညာဉ်များက ဖျက်ဆီးခံလိုက်ရတော့မည်ဖြစ်သည်။ သို့သော် သူတို့ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ကာကွယ်လိုက်လျှင်လည်း ကျန်းရီ၏ အခြားတိုက်ခိုက်မှုများက သူတို့၏ နတ်ဘုရားဒိုင်းများကို ဖျက်ဆီးသွားပေလိမ့်မည်။ သူတို့ မည်သို့လုပ်နိုင်ဦးမည်နည်း။

စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ကြောက်စရာအကောင်းဆုံးဖြစ်သည်။ စိတ်ဝိညာဉ်ပျက်စီးသွားသည်နှင့် အရာအားလုံး အဆုံးသတ်သွားမည်သာ။ ထို့ကြောင့် ပညာရှင်သုံးယောက်သည် ရွေးချယ်စရာမရှိတော့ဘဲ စွမ်းအားကုန်သုံး၍ ဝိညာဉ်ဓားများကို ကာလိုက်ရပြီး သူတို့၏ နတ်ဘုရားဒိုင်းများက ကျန်းရီ၏ တိုက်ခိုက်မှုများကို ခံနိုင်ပါစေဟု မျှော်လင့်နေရလေသည်။

အိပ်မက်များက လှပသော်လည်း လက်တွေ့ဘဝက ရက်စက်ပေသည်။

ကျန်းရီ၏ ဝိညာဉ်လေဓားများက ထိပ်တန်းအဆင့် ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံကိုပင် ဖျက်ဆီးပစ်နိုင်သည်ဖြစ်ရာ နတ်ဘုရားဒိုင်းများကို မည်သို့ မဖျက်ဆီးပစ်နိုင်ဘဲ ရှိမည်နည်း။ ထို့ကြောင့် ဝိညာဉ်လေဓားများ ရောက်ရှိလာသောအခါ ပညာရှင်သုံးယောက်၏ နတ်ဘုရားဒိုင်းများက ချက်ချင်း ပျက်စီးသွားလေသည်။ ထို့နောက်တွင် သူတို့ကိုယ်ပေါ်ရှိ အတုအယောင် နတ်ဘုရား အသုံးအဆောင် သံချပ်ကာများလည်း ပျက်စီးသွားကြသည်။ သို့ဖြစ်၍ သူတို့ခန္ဓာကိုယ်များကလည်း အပိုင်းပိုင်းပြတ်သွားပြီဖြစ်ကြောင်း ပြောနေရန်ပင် လိုတော့မည် မထင်ပေ။

ဟူး...

အင်အားအကြီးဆုံး ပညာရှင်သုံးယောက် သေသွားပြီဖြစ်၍ ကျန်းရီ သက်ပြင်းချလိုက်သည်။ ကျန်လူများသည် နတ်ဘုရားအသံကောင်းကင်အတတ်၏ သက်ရောက်မှုကို ခံနေရသဖြင့် ကျန်းရီလာသတ်မည်ကို စောင့်နေရသော စဉ်းတီတုံးပေါ်မှ ငါးများကဲ့သို့ ဖြစ်နေပေသည်။

ဝုန်း...ဝုန်း...

ပညာရှင်များ သေဆုံးသွားပြီးနောက် ကျန်းရီသည် မိုးကြိုးတန်းများက ကျန်လူများအပေါ်သို့ ကျစေလိုက်သည်။ အထူးသဖြင့် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များအပေါ်သို့ ကျစေလိုက်လေသည်။ ထို့ပြင် သူသည် ကျန်လက်တစ်ဘက်ရှိ ဓားပျော့ကို အဆက်မပြတ် လှုပ်ယမ်းကာ နတ်ဘုရားအသံကောင်းကင်အတတ်ကို ထုတ်လွှတ်၍ အားလုံးကို ဖိနှိပ်ထားသည်။

“အား...အား...အား...”

ကောင်းကင်ကိုးဘုံ နတ်ဘုရားမိုးကြိုးများက အလွန်စွမ်းအားကြီး၏။ အင်အားသိပ်မကြီးသော အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ၏ နတ်ဘုရားဒိုင်းများက အလွယ်တကူ ပျက်စီးသွားလေသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များကလည်း ပြာကျသွားကြသည်။ ကျန်းရီသည် မိုးကြိုးတန်းအချို့ကို ကျဆင်းစေပြီးနောက် သံနက်ဓားကို သိမ်းလိုက်ပြီး လွတ်သွားသော လက်ဖြင့် ဝိညာဉ်လေများကို အဆက်မပြတ် ထုတ်လွှတ်လိုက်သည်။ ထိုဝိညာဉ်လေများက ဝိညာဉ်ဓားများအဖြစ် ပေါင်းစည်းသွားကာ တိုက်ပွဲပြင်တစ်ခွင်လုံးကို လှည့်ပတ်ပျံသန်းလိုက်ကြသည်။

သို့သော် ယခုအခိုက်တွင် ဝိညာဉ်လေဓားများကို အသုံးပြုခြင်းက စွမ်းအားကြီး လက်နက်ကို ဖြုန်းတီးပစ်ခြင်းဟု ဆိုနိုင်ပေသည်။ လူများစွာသည် သူတို့၏ ခေါင်းများကို ဆုပ်ကိုင်ကာ လူးလွန့်နေကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏နတ်ဘုရားဒိုင်းများအတွင်းသို့ အတွင်းအား အဆက်မပြတ်ထည့်သွင်းနိုင်ကြတော့မည် မဟုတ်ပေ။

ယခုတွင် ကျန်းရီ၏ခန္ဓာကိုယ်ကို မိုးကြိုးမီးနတ်ဘုရားဒိုင်းက ကာရံထားသည်။ ထို့ပြင် သူသည် ရန်သူများနှင့် မီတာခြောက်ရာသာ ကွာဝေးပေသည်။ ထို့ကြောင့် မိုးကြိုးမီးနတ်ဘုရားဒိုင်းမှ ထုတ်လွှတ်နေသော အပူချိန်က သာမန်ကောင်းကင်ဧကရာဇ်များကို မခံမရပ်နိုင် ဖြစ်နေစေသည်။ သူတို့၏ နတ်ဘုရားဒိုင်းများ ပျက်စီးသွားသည်နှင့် သူတို့က မီးလောင်ကျွမ်းသွားတော့မည်ဖြစ်သည်။

လူသားလောကမှ ငရဲ...

ကျန်းရီက မီတာသုံးရာအကွာအထိ ကပ်လာသောအခါ သင်္ဘောပေါ်မှ လူသုံးထောင်နီးပါး၏ နတ်ဘုရားဒိုင်းများက ပျက်စီးသွားလေသည်။ ထို့နောက် သူတို့၏ခန္ဓာကိုယ်များက မီးလောင်ကျွမ်းသွားတော့သည်။ ကျန်းရီသည် သူတို့ကို အရေးမစိုက်ဘဲ အင်အားအကြီးဆုံး အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များကိုသာ အာရုံစိုက်လိုက်သည်။ ဤကဲ့သို့ ပရမ်းပတာတိုက်ပွဲတစ်ခုတွင် လုံခြုံမှုရှိစေရန် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်အားလုံးကို အရင်ဆုံး သတ်ပစ်ရမည်ဖြစ်သည်။ မဟုတ်လျှင် သူ အမှားတစ်ခု လုပ်မိသွားပါက သေသွားနိုင်ပေသည်။

ကျန်းရီသည် လျင်မြန်စွာ သတ်ဖြတ်နေပြီး နတ်ဘုရားအသံကောင်းကင်အတတ်ကို သုံး၍ အားလုံးကို ဖိနှိပ်ထား၏။ ထို့ပြင် ဝိညာဉ်လေဓားများ ဖြတ်ပျံသွားသောနေရာတိုင်းရှိ အရာအားလုံးကလည်း ပျက်သုဉ်းသွားကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ငါးဆယ်ကျော် အသတ်ခံလိုက်ရပေပြီ။ ကျန်းရီသည် စိတ်အေးသွားပြီဖြစ်၍ ကောင်းကင်စိတ်အာရုံကိုထုတ်ကာ ဝူနီနှင့် ကျီထင်ယွီတို့ကို ရှာဖွေလိုက်သည်။

“အာ...”

ကျန်းရီသည် ဤမျှကြီးမားသော တိုက်ပွဲမျိုးကို ယခုမှ ပထမဆုံးအကြိမ် တိုက်ဖူးခြင်းဖြစ်ရာ အလွန်စိတ်လှုပ်ရှားနေခဲ့သဖြင့် ရန်သူဘက်မှ ပညာရှင်များကိုသာ အာရုံခံခဲ့မိသည်။ သူ့တွင် ဝူနီနှင့် ကျီထင်ယွီတို့ကို ရှာရန် အချိန်မရှိခဲ့ပေ။ ယခု သူ ကောင်းကင်စိတ်အာရုံဖြင့် ထိုနှစ်ယောက်ကို လိုက်ရှာတော့မှ တုန်လှုပ်ဖွယ် ပြဿနာတစ်ခုကို သိလိုက်ရသည်။ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်ရှိ ထောင်ချီသော လူများထဲတွင် ဝူနီနှင့် ကျီထင်ယွီတို့ ရှိမနေပေ။

‘သူတို့က ဘယ်မှာလဲ’

ကျန်းရီ ရူးချင်သလိုပင် ဖြစ်သွား၏။ အနီးပတ်ဝန်းကျင်တွင် ဓားပြများစွာ ရှိနေပေသည်။ ဤတိုက်ပွဲကို မရေမတွက်နိုင်သော လူများက မြင်ပြီးသွားပေပြီ။ ထို့ကြောင့် သူ မည်သူဖြစ်ကြောင်း ပေါ်သွားခဲ့ပြီဖြစ်သည်။ သူသည် တန်ကြေးကြီးကြီးပေးခဲ့သော်လည်း ဝူနီနှင့် ကျီထင်ယွီတို့ကို မဖမ်းနိုင်သေးပေ။ ယင်းမှာ ဤအစီအစဉ်က လုံးဝကျရှုံးသွားပြီဆိုသော အဓိပ္ပာယ်ပင် ဖြစ်လေသည်။

***

All Chapters