← Chapters

နောက်ဆုံးတော့ သူရောက်လာပြီ

Vol. 69 Ch. 953

နောက်ဆုံးတော့ သူရောက်လာပြီ

Vol. 69 Ch. 953

“ဝူနီနဲ့ ကျီထင်ယွီတို့က ဘယ်မှာလဲ”

ကျန်းရီက ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး သူ၏ဓားပျော့ကို ပို၍လျင်မြန်စွာ လှုပ်ယမ်းလိုက်သည်။ ကြောက်မက်ဖွယ်အသံများက အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားလေသည်။ မိုင်အနည်းငယ်အကွာရှိ ‌ထောက်လှမ်းရေးအများစုသည် နတ်ဘုရားအသံကောင်းကင်အတတ်ကြောင့် စိတ်ဝိညာဉ်ဖိနှိပ်ခံရပြီး သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ကြပေပြီ။

“သတ်...သတ်...သတ်...”

ကျန်းရီသည် ပတ်ဝန်းကျင်ကို နတ်ဘုရားအသံကောင်းကင်အတတ်နှင့် ထပ်မံအာရုံခံလိုက်၏။ ဝူနီနှင့် ကျီထင်ယွီတို့ ရှိမနေကြောင်း သူ သေချာသွားသည်။ ထို့ကြောင့် သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဝိညာဉ်လေဓားများက လျင်မြန်စွာ လှည့်ပတ်ပျံသန်းနေပြီး ကျန်နေသေးသော အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ၏ နတ်ဘုရားဒိုင်းများကို ဖျက်ဆီးပစ်နေသည်။ ကောင်းကင်ဧကရာဇ်များ၏ ခန္ဓာကိုယ်များကလည်း အပိုင်းပိုင်း အဖြတ်ခံနေရသည်။ ကျန်အဆင့်နိမ့်ကောင်းကင်ဧကရာဇ်အားလုံးသည် မီးလောင်ကျွမ်းကာ သေဆုံးသွားကြပြီဖြစ်သည်။

‘ဒီသင်္ဘောမှာ ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ပညာရှင်တွေ နည်းနည်းပဲရှိတယ်။ ငါ ခန့်မှန်းခဲ့မိသင့်တာ။ ကျီထင်ယွီက တစ်ခုခုကို မသင်္ကာဖြစ်လို့ ဒီလို အကြံအစည်မျိုး ကြံခဲ့တာဖြစ်မယ်။ ဝူနီက တခြားကောင်းကင်ကံကြမ္မာသင်္ဘောလေးစင်းထဲက တစ်စင်းစင်းမှာ ဖြစ်ရမယ်’

ဝူနီထံတွင် ကြယ်လေးပွင့် ပညာရှင် ဆယ်ယောက်နှင့် ကြယ်ငါးပွင့် ပညာရှင် ငါးယောက်ရှိပေသည်။ သို့သော် ဤသင်္ဘောပေါ်တွင် ပညာရှင် သုံးယောက်သာ ပါသည်။ ထို့ကြောင့် ဝူနီက ဤသင်္ဘောပေါ်တွင် မရှိကြောင်း ထင်ရှားသည်။ ထို့ကြောင့် ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ ဤနေရာရှိ လူများအားလုံးကို သတ်ကာ ဝူနီကို လိုက်ဖမ်းနိုင်မည့် အခြားနည်းလမ်းတစ်ခုကို ရှာရတော့မည်ဖြစ်သည်။

ဝှစ်...ဝှစ်...ဝှစ်...

ဤနေရာမှ ပြင်းထန်သော တိုက်ပွဲက အနီးပတ်ဝန်းကျင်ရှိ ဓားပြများကို လန့်သွားစေခဲ့သည်။ အနီးရှိ ဓားပြတပ်မဟာလေးခုမှ ပညာရှင်များအားလုံးသည်လည်း ဤနေရာသို့ ပျံသန်းလာကြသည်။

သို့သော် ထိုဓားပြများသည် အနီးသို့ မရောက်ခင်မှာပင် ကြောက်ရွံ့တုန်လှုပ်စွာ ချက်ချင်း ပြန်ဆုတ်သွားကြ၏။ တိုက်ပွဲနေရာရှိ အရှိန်အဝါများက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ကျန်းရီ၏ မိုးကြိုးမီးနတ်ဘုရားဒိုင်း၏ အပူချိန်ကလည်း အလွန်မြင့်မားပေသည်။ ထိုဓားပြတပ်မှူးများသည် သူတို့၏ ကောင်းကင်စိတ်အာရုံများဖြင့် အာရုံခံကြည့်လိုက်ရာ ဝူနီ၏ လက်အောက်ငယ်သားများ၏ အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် ကုလားအုပ်တောင်ဆီသို့ အမြန်ဆုံးအရှိန်ဖြင့် ပျံပြေးကြလေသည်။

“ကျန်းရီတဲ့လား...”

ထိုအမည်က အရှေ့ဘက် တော်ဝင်နယ်မြေတွင် ကျော်ကြားပေသည်။ ဓားပြတပ်မဟာသုံးခုမှ တပ်မှူးများ၏ ကောင်းကင်စိတ်အာရုံများက ကျန်းရီ၏ မိုးကြိုးမီးနတ်ဘုရားဒိုင်း၊ မိုးကြိုးအမျက်နှင့် နတ်ဘုရားအသံကောင်းကင်အတတ်တို့ကို အာရုံခံမိခဲ့ကြသည်။

ကျန်းရီတစ်ယောက်တည်းကပင် ဓားပြများကို တွန့်ဆုတ်စေနေပြီဖြစ်သည်။ ထို့ပြင် ကျန်းရီက ဝူမျိုးနွယ်မှ လူများကို သတ်ဖြတ်နေသဖြင့် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေပေသည်။ အတိုက်ခိုက်ခံနေရသော သင်္ဘော‌ပေါ်တွင် ဟုန်ဝူမြို့မှ အစောင့်များစွာ ရှိနေသည်။ ဓားပြများက ထိုအစောင့်များကို ကောင်းစွာသိရှိကြသည်။

“ပြေး...ပြေးကြ...ပြေးကြ...”

ကျန်းရီဖြစ်စေ၊ ဝူမျိုးနွယ်မှ လူများဖြစ်စေ ဓားပြများသည် မည်သူ့ကိုမှ ရန်မပြုဝံ့ကြပေ။ ထို့ကြောင့် သူတို့သည် ရွေးချယ်စရာ မရှိတော့ဘဲ အမြန်ဆုံးအရှိန်ဖြင့် ထွက်ပြေးကြလေသည်။ ဟုန်ဝူမြို့၏ လက်မှလွတ်ရန် သူတို့သည် မြောက်ဘက်နှင်းဖုံးဒေသမှ ထွက်သွားရပေမည်။

ကျန်းရီသည် မြောက်ဘက်ဧကရာဇ်၏ မျိုးနွယ်ဝင်များကို တားဆီး သတ်ဖြတ်ခဲ့၏။ ယင်းက ကိစ္စကြီးတစ်ခုပင်။

ထိုကိစ္စကြီးကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပေလိမ့်မည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကလည်း ဒေါသူပုန်ထသွားမည်ဖြစ်သည်။ ထို့ကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေတွင် သွေးချောင်းစီးလာနိုင်သည်။ အကယ်၍ သူတို့သာ ဤနေရာနှင့် အဝေးသို့ ထွက်မပြေးပါက မြေစာပင်ဖြစ်ကာ သေဆုံးသွားနိုင်ပေသည်။

***

ရွှီး...

ကျန်းရီက အလယ်မှ ကောင်းကင်ကံကြမ္မာသင်္ဘောကြီးကို တိုက်ခိုက်နေစဉ်တွင် အခြားကောင်းကင်ကံကြမ္မာသင်္ဘော‌လေးစင်းပေါ်မှ ပညာရှင်လေးဦး၏ ဆက်သွယ်ရေးအဆောင်များက လင်းလက်လာလေသည်။ ပညာရှင်လေးဦး မျက်နှာပျက်သွားပြီး တစ်ချိန်တည်း အော်ပြောလိုက်ကြသည်။

“ရန်သူတစ်ယောက်က ထျန်းဝူကောင်းကင်ကံကြမ္မာသင်္ဘောကို တိုက်ခိုက်နေတယ်”

ဝှစ်...ဝှစ်...ဝှစ်...

ကောင်းကင်ကံကြမ္မာသင်္ဘောလေးစင်းမှ ပညာရှင်များသည် ပျံတက်လိုက်ကြပြီး အော်ပြောလိုက်၏။

“ထျန်းဝူကောင်းကင်ကံကြမ္မာသင်္ဘောစီကို အမြန်ဆုံးသွားကြ။ မြန်မြန်သွားကူညီကြ”

“နေပါဦး”

မြောက်ဘက်ရှိ ကောင်းကင်ကံကြမ္မာသင်္ဘော၏ သင်္ဘောအခန်းအတွင်းမှနေ၍ ကြည်လင်ချိုသာသော အမျိုးသမီးအသံလေးတစ်သံ ထွက်ပေါ်လာသည်။

“ဘယ်သူမှ မလှုပ်ရှားကြနဲ့။ တခြားသင်္ဘောတွေကိုလည်း သတင်းပို့လိုက်ပါ... မလှုပ်ရှားကြပါနဲ့လို့။ အဘိုးရူ... အဘိုးကိုပဲ သွားစုံစမ်းခိုင်းရတော့မှာပဲ။ ရန်သူနဲ့ မတိုက်ခိုက်ပါနဲ့။ အခြေအနေကို ချက်ချင်း သတင်းပြန်ပို့ပါ”

ဝုန်း...

အမျိုးသမီးအသံ ထွက်ပေါ်လာသော အခန်းထဲမှနေ၍ပဲ ထုရိုက်လိုက်သံ ခပ်အုပ်အုပ် ထွက်ပေါ်လာသည်။ ဝူနီသည် ဒေါသတကြီးဖြင့် စားပွဲခုံးကို အမှုန့်ဖြစ်သွားအောင် ထုရိုက်လိုက်ခြင်းပင်။ ထို့နောက် သူက အေးစက်စက်မျက်ဝန်းများဖြင့် ပြောလိုက်သည်။

“ထင်ယွီ မင်းမှန်းတာ မှန်တယ်။ တစ်ယောက်ယောက်က တကယ်ပဲ ငါ့ကို တားပြီး သတ်ရဲတာလား။ အဲ့လူက အသက်ရှင်ရတာကို ပင်ပန်းနေပြီထင်တယ်။ အဘိုးလောင်... မြန်မြန်သွားပြီး စုံစမ်းလိုက်ပါ”

“နားလည်ပါပြီ သခင်လေး...”

ဝူနီဘေးရှိ ကြယ်ငါးပွင့် ပညာရှင်တစ်ယောက်က သင်္ဘောအပြင်ဘက်သို့ လျင်မြန်စွာ ပျံထွက်သွားလေသည်။ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် နတ်ဘုရားဒိုင်း တောက်ပနေသည်။ သူသည် ကြီးမားသော ကောင်းကင်ကံကြမ္မာသင်္ဘောကြီးဆီသို့ အရှိန်အဟုန်အပြည့်ဖြင့် ပျံသန်းသွားပြီး ကောင်းကင်စိတ်အာရုံဖြင့် ထောက်လှမ်းလိုက်သည်။

“သခင်လေး... စိတ်ရှည်ရှည်ထားပါ”

ကျီထင်ယွီက အေးဆေးဟန်ဖြင့် လက်ဖက်ရည် သောက်လိုက်၏။ စားပွဲက ဝူနီကြောင့် အမှုန့်ဖြစ်သွားပြီဖြစ်၍ သူမသည် လက်ဖက်ရည်ခွက်ကို လက်ဖြင့်ကိုင်ထားရလေသည်။ ထို့နောက် သူမသည် မှင်တက်ဖွယ် ပြုံး၍ အေးဆေးစွာ ပြောလိုက်၏။

“ကျွန်မ မှန်းတာ မမှားဘူးဆိုရင်... အဲ့ရန်သူက သခင်လေးရဲ့ မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်မှာပဲ”

“မိတ်ဆွေဟောင်းလား... ဘယ်သူလဲ”

ဝူနီ၏ မျက်လုံးများ လင်းလက်သွား၏။ သူ့ခန္ဓာကိုယ်မှနေ၍လည်း သတ်ဖြတ်အရှိန်အဝါ တထောင်းထောင်းထနေသည်။ ကျီထင်ယွီက နှုတ်ခမ်းများကို လှုပ်ရှား၍ စကားနှစ်လုံး ပြောလိုက်သည်။

“ပိုင်ရီ”

“အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပိုင်ရီက သေသွားပြီ မဟုတ်ဘူးလား”

ဝူနီ၏ မျက်လုံးများထဲတွင် မယုံနိုင်သော အရိပ်အယောင်များ ပြည့်နှက်နေလေသည်။ ကျီထင်ယွီက မည်သို့မှ ပြန်မပြောဘဲ မျက်နှာသေဖြင့် တိတ်တဆိတ် စောင့်ဆိုင်းနေသည်။ သူမတို့ သင်္ဘောနှင့် အလယ်မှသင်္ဘောက မိုင်(၁၀၀)သာ ဝေးပေသည်။ အဘိုးရူ၏ အမြန်နှုန်းနှင့်ဆိုလျှင် သူ သတင်းပြန်လာပို့နေလောက်ပေပြီ။

ဝှစ်...

အသက်ဆယ့်နှစ်ခါ ရှူချိန်အတွင်းမှာပင် အဖြူရောင်အလင်းတန်းတစ်တန်းသည် အဝေးမှနေ၍ ကောင်းကင်ကိုဖြတ်၍ ပျံသန်းလာလေသည်။ အဘိုးရူက အလွန်လျင်မြန်စွာ ပျံသန်းလာပြီး ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်သို့ အသည်းအသန်တက်ကာ အော်ပြောလိုက်သည်။

“သခင်လေး... ထျန်းဝူကောင်းကင်ကံကြမ္မာသင်္ဘောက ဖျက်ဆီးခံလိုက်ရပါပြီ။ လူသုံးထောင်ကျော်လောက်လည်း အသတ်ခံလိုက်ရပြီ။ အဘိုးလူနဲ့ တခြားသူတွေလည်း အသတ်ခံလိုက်ရပြီ။ သူတို့ကို သတ်လိုက်တဲ့သူက တစ်ယောက်တည်းပါ... ကျန်းရီ”

ခွမ်း...

ကျီထင်ယွီ၏ လက်များ အတန်ငယ် တုန်ယင်သွားပြီး သူမလက်ထဲရှိ လက်ဖက်ရည်ခွက်ကာ ကြမ်းပြင်ပေါ်သို့ ကျကာ တစ်စစီကွဲသွားလေသည်။ ကြမ်းပြင်ပေါ်တွင် လက်ဖက်ရည်များ ရွှဲသွားသည်။

ဝူနီလည်း အံ့အားသင့်သွား၏။ သူသည် မျက်တောင်ပုတ်ခတ်ကာ နားမလည်ဟန်ဖြင့် မေးလိုက်သည်။

“အဘိုးရူ... ခင်ဗျား ဘာပြောတာလဲ။ အဘိုးလူနဲ့ တခြားသူတွေ အကုန်လုံး အသတ်ခံလိုက်ရပြီတဲ့လား။ သူတို့ကို သတ်တာ ကျန်းရီလား... ဘယ်ကျန်းရီလဲ”

အဘိုးရူက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

“ဘယ်ကျန်းရီရှိသေးလို့လဲ။ ကောင်းကင်ကြယ်တာရာနယ်မြေက ကျန်းရီ၊ အပြစ်သားကျွန်းက ကျန်းရီပဲပေါ့။ ကျုပ် သူ့ရဲ့ မိုးကြိုးမီးနတ်ဘုရားဒိုင်း၊ မီးတိပ်သံချပ်ကာ၊ မိုးကြိုးအမျက်နဲ့ နတ်ဘုရားအသံကောင်းကင်အတတ်တွေကို အာရုံခံမိခဲ့တယ်။ သခင်လေး... ကျုပ်ကို တိုက်ခိုက်ခွင့်ပေးပါ။ ကျုပ် အဘိုးလူနဲ့ တခြားသူတွေအတွက် လက်စားချေဖို့ သူ့ကို သတ်ပစ်ပါမယ်”

ဝှစ်...ဝှစ်...ဝှစ်...

‌သင်္ဘောပေါ်မှ ကျန်ပညာရှင်များကလည်း သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။ သူတို့ကိုယ်ပေါ်တွင် သတ်ဖြတ်အရှိန်အဝါများ တထောင်းထောင်းထနေပေသည်။ ထို့နောက် သူတို့သည် မျက်ထောင့်နီကြီးများဖြင့် အော်ပြောလိုက်၏။

“သခင်လေး... ကျွန်တော်တို့ကို တိုက်ခိုက်ခွင့်ပေးပါ”

“ကျန်းရီတဲ့လား...”

ဝူနီ အသိစိတ်ပြန်ကပ်လာ၏။ သူ့လက်ထဲတွင် လှံတစ်စင်း ထွက်ပေါ်လာလေသည်။ ထို့နောက် သူ ဒေါသတကြီး အော်ပြောလိုက်၏။

“သူ့ကို သတ်ကြ။ အားလုံးပဲ ကျွန်တော်ရဲ့ အမိန့်ကို နားထောင်ကြ... တိုက်...”

“နေပါဦး...”

ချိုသာသောအသံလေးတစ်သံ ပဲ့တင်ထပ်လာသည်။ ကျီထင်ယွီသည် အေးစက်သော မျက်နှာထားဖြင့် ထရပ်ကာ အော်ပြောလိုက်သည်။

“သခင်လေး... ရှင်သွားလို့မရဘူး။ အဘိုးလူနဲ့ တခြားသူတွေက ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ပညာရှင်တွေပဲ။ ဒါပေမဲ့ သူတို့က ကျန်းရီ သတ်တာကို ခံလိုက်ရတယ်။ ပြီးတော့ ကျန်းရီက လူသုံးထောင်ကျော်ကိုလည်း သတ်ပစ်ခဲ့တယ်။ ကျွန်မတို့သာ သွားလိုက်ရင် သေလမ်းထဲကို ပြေးဝင်သွားသလို ဖြစ်နေမယ်။ ပြောရရင် ကျွန်မတို့ အခု ထွက်မပြေးရင် နောက်ကျ ဘယ်သူမှ ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူး။ အားလုံးပဲ... လက်စားချေဖို့က အရေးကြီးပါတယ်၊ ဒါပေမဲ့ သခင်လေးကို ထိခိုက်စေလို့ မရပါဘူး။ မဟုတ်ရင် ကျွန်မတို့အားလုံး သေရပါလိမ့်မယ်... သခင်လေးသာ ထိခိုက်သွားရင် ကျွန်မတို့ရဲ့ အသက်နဲ့ ပေးစပ်ရင်တောင် လုံလောက်မှာ မဟုတ်ပါဘူး”

ကျီထင်ယွီ၏ စကားများက အားလုံး၏ ခေါင်းအပေါ် လောင်းချလိုက်သော ရေးအေးများကဲ့သို့ပင်။ အဘိုးရူလည်း အသိဝင်လာသည်။ ထို့ကြောင့် သူ၏ သတ်ဖြတ်အရှိန်အဝါက အတန်ငယ် အားနည်းသွားလေသည်။ ထို့နောက် သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“သခင်မလေးထင်ယွီပြောတာ မှန်ပါတယ်။ လက်စားချေဖို့ နောက်ထပ် အခွင့်အရေးတွေ ရဦးမှာပါ။ သခင်လေးရဲ့ လုံခြုံရေးကသာ အရေးကြီးဆုံးပဲ”

“‌နောက်ဆုံးတော့ သူရောက်လာပြီ...”

ကျီထင်ယွီ၏ သေးသွယ်သော ခန္ဓာကိုယ်လေးက တုန်ယင်သွားသည်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးကလည်း နီမြန်းသွားသည်။ သူမသည် အခန်းအပေါက်သို့ သိမ်မွေ့စွာ သွားလိုက်ပြီး အပြင်ဘက်ရှိ မြူထူနေသောညကို ကြည့်လိုက်လေသည်။ ထို့နောက် သူမက ခံစားချက်များဖြင့် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ပိုင်ရီ...ကျန်းရီ... သူတို့က တစ်ယောက်တည်းပဲ။ တော်တော်ပြောင်မြောက်တဲ့ ရုပ်ဖျက်အတတ်ပဲ။ ကျန်းရီ... ကျွန်မရဲ့ ရှင့်အပေါ် လေးစားမှုက ထပ်တိုးလာပြန်ပြီ။ ဒါပေမဲ့ ကျွန်မတို့ တိုက်ပွဲက အစပဲ ရှိသေးတယ်”

ကျီထင်ယွီသည် ရုတ်တရက် နောက်သို့လှည့်၍ ဝူနီကို မီးဟုန်းဟုန်းတောက်နေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။

“သခင်လေး... ရှင် ကျွန်မကို ယုံလား”

ဝူနီ၏ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်အရှိန်အဝါ ထွက်နေသည်။ သို့သော် သူသည် ပြီးခဲ့သောနှစ်များအတွင်း ကျီထင်ယွီ၏ စကားကို နားထောင်ခဲ့ပေသည်။ ထို့ကြောင့် သူ အေးစက်စက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါပေါ့”

“အဲ့ဒါဆို ကျွန်မကို အမိန့်ပေးခွင့် ပေးပါ”

ကျီထင်ယွီက ယုံကြည်မှုရှိရှိပြုံး၍ ပြောလိုက်သည်။

“ကျန်းရီမှာ ကောင်းကင်ရှောင်တိမ်းခြင်းရှိတယ်။ ကျွန်မတို့ သူ့ကို သတ်နိုင်ဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့သာ မြောက်ဘက်ဧကရာဇ်မြို့အထိ အသက်ရှင်ရက် ပြန်နိုင်မယ်ဆိုရင် ကျွန်မတို့ နိုင်လိမ့်မယ်”

“ငါတို့က ပြန်မတိုက်ဘူးလား”

ဝူနီက မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“ငါတို့မှာ လူတွေအများကြီး ရှိတာပဲ။ ကျန်းရီတစ်ယောက်တည်းကို ကြောက်နေရမှာလား”

“ကျန်းရီက အရင်ကလို မဟုတ်တော့ပါဘူး”

ကျီထင်ယွီက သက်ပြင်းချကာ ပြောလိုက်သည်။

“တကယ်လို့ သခင်လေး မယုံဘူးဆိုရင် အဘိုးထူနဲ့ တခြားသူတွေကို စေလွှတ်ပြီး သူ့ကို သတ်ခိုင်းကြည့်ပါလား။ ကျွန်မတို့ကတော့ အခု ထွက်ပြေးမှရမယ်။ သခင်လေး... ဒီတစ်ခေါက် ရှင် ကျွန်မရဲ့ စကားကို နားထောင်ရမယ်။ မဟုတ်ရင် ကျွန်မတို့ သေရလိမ့်မယ်”

“ကောင်းပြီလေ...”

ဝူနီက သူ၏လှံကို ပြန်ရုတ်သိမ်းလိုက်ပြီး ဒေါသတကြီး ထိုင်လိုက်လေသည်.

ကျီထင်ယွီက လျင်မြန်စွာ အမိန့်ပေးလိုက်၏။

“အမိန့်ပို့လိုက်ပါ... ကောင်းကင်ကံကြမ္မာသင်္ဘောလေးစင်းက အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆိုပြီး အရပ်မျက်နှာခွဲပြီး အမြန်ဆုံးအရှိန်နဲ့ သွားရမယ်။ အဘိုးထူ... ရှင်က ရှင့်အဖွဲ့ကို ဦးဆောင်ပြီး ကျန်းရီကို သွားတားပါ။ တကယ်လို့ ရှင် သူ့ကို မယှဉ်နိုင်တော့ဘူးဆိုရင် ချက်ချင်း ဟုန်ဝူမြို့ဆီ ဆုတ်သွားပါ...”

“နားလည်ပါပြီ...”

ဝူနီက ကျီထင်ယွီကို အမိန့်ပေးခွင့် ပေးထားပြီးဖြစ်သည်။ ထို့ကြောင့် မည်သူမှ ကျီထင်ယွီ၏ အမိန့်များကို မလွန်ဆန်ဝံ့ကြပေ။ မကြာခင်မှာပင် ကောင်းကင်ကံကြမ္မာသင်္ဘောက လင်းလက်လာပြီး မြောက်ဘက်သို့ ပျံသန်းသွားသည်။ ထို့နောက် ပညာရှင်ဒါဇင်ကျော်သည် သင်္ဘောပေါ်မှနေ၍ ကျန်းရီရှိရာဘက်သို့ ပျံသန်းသွားကြလေသည်။

“အဘိုးရူ... သခင်လေး...”

ကျီထင်ယွီက တောက်ပစွာ ပြုံးလိုက်ပြီး အဘိုးရူနှင့် ဝူနီကို ကြည့်ကာ ပြောလိုက်သည်။

“အားလုံးကိုတော့ စီစဉ်ပြီးပြီ။ ကျွန်မတို့ ကျန်းရီနဲ့ ကစားကြတာပေါ့...”

***

All Chapters