← Chapters

လိုက်ဖမ်းခြင်း

Vol. 69 Ch. 954

လိုက်ဖမ်းခြင်း

Vol. 69 Ch. 954

ဝုန်း...ဝုန်း...

သိုင်းသမားများ၏ နတ်ဘုရားဒိုင်းများက ပျက်စီးနေသည်။ ထို့နောက်တွင် သူတို့၏ ခန္ဓာကိုယ်များက တွန့်လိမ်ကာ အပိုင်းပိုင်း ပြတ်သွားကြသည်။ ထိုပတ်ဝန်းကျင်တွင် ပုံမှန် ဝိညာဉ်လေများလည်း ရှိနေပေသည်။ ထို့ကြောင့် သူတို့၏ နတ်ဘုရားဒိုင်းများ ပျက်စီးသွားလျှင် သူတို့၏ခန္ဓာကိုယ်များက အကောင်းအတိုင်း ဆက်ရှိနိုင်တော့မည် မဟုတ်ချေ။

ကျန်းရီ၏ မျက်လုံးများသည် သတ်ဖြတ်မှုများကြောင့် နီရဲနေ၏။ သူက အချိန်ယူ၍ ပြင်ဆင်ခဲ့သော်လည်း ဝူနီက ဤနေရာတွင် မရှိနေသဖြင့် သူ ရှုံးနိမ့်သွားလေသည်။ ထို့ကြောင့် ယခုတွင် ကျန်းရီ မည်မျှဒေါသထွက်နေကြောင်း သိနိုင်ပေသည်။ လက်ရှိတွင် သူ့ခေါင်းထဲရှိ တစ်ခုတည်းသော အတွေးမှာ ထိုနေရာရှိ လူများအားလုံးကိုသတ်၍ ဝူနီကို လိုက်ဖမ်းနိုင်မည့် အခြားနည်းလမ်းများကို စဉ်းစားရန်သာဖြစ်သည်။

ဤတစ်ကြိမ်တွင် အရှေ့ဘက် တော်ဝင်နယ်မြေသို့ ကျန်းရီ ‌ရောက်နေကြောင်း သေချာပေါက် ပေါ်သွားတော့မည်ဖြစ်သည်။ မြောက်ဘက်ဧကရာဇ်၏ မျိုးနွယ်မှ ပညာရှင်များက အင်အားအပြည့်ဖြင့် သူ့ကို လိုက်လံသတ်ဖြတ်ကြပေတော့မည်။ သူသာ ဝူနီကို အချိန်တိုအတွင်း မဖမ်းနိုင်လျှင် စုလောရွှယ်ကို ကယ်တင်နိုင်မည် မဟုတ်ပေ။

ဝူမျိုးနွယ်ဝင်များသည် ဤတစ်ခေါက် ခံရပြီးနောက် ပို၍သတိရှိလာကြမည်ဖြစ်သည်။ ထို့ကြောင့် နောင်တွင် ကျန်းရီသည် ဝူနီကို ဖမ်းနိုင်မည့်အခွင့်အရေးရရန် လွယ်တော့မည် မဟုတ်ချေ။

ဝုန်း...ဝုန်း...

ကျန်းရီ၏ သတ်ဖြတ်နှုန်းက အလွန်လျင်မြန်ပေသည်။ သို့သော် သူသည် လူထောင်ကျော်ကို သတ်ဖြတ်ရန် အချိန်တစ်ခုတော့ ပေးရမည်ဖြစ်သည်။ ဤနေရာတွင် အဆင့်မြင့် ကောင်းကင်ဧကရာဇ်များ များစွာ ရှိနေကြသည်။ သူတို့၏ နတ်ဘုရားဒိုင်းများက စွမ်းအားကြီးသည်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် မိုးကြိုးမီးက ထိုနတ်ဘုရားဒိုင်းများကို အချိန်တိုအတွင်း ပျက်စီးသွားအောင် လောင်ကျွမ်းမပစ်နိုင်ပေ။ ထို့ကြောင့် ကျန်းရီသည် ထိုအဆင့်မြင့်ကောင်းကင်ဧကရာဇ်များကို သတ်ရန် ဝိညာဉ်လေဓားများကို ထိန်းချုပ်၍ တိုက်ခိုက်နေရလေသည်။

ဝိညာဉ်လေဓားများက အလွန်စွမ်းအားကြီး၏။ နတ်ဘုရားဒိုင်းများသည် ဝိညာဉ်လေဓားများနှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် ပျက်စီးသွားကြသည်။ သို့သော် ဝိညာဉ်လေဓားများက လူထောင်ကျော်ကိုသတ်ပြီးနောက်တွင် ပျက်စီးသွားမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ၎င်းတို့ကို ထပ်မံ ပေါင်းစည်းရန် လိုပေလိမ့်မည်။ မဟုတ်လျှင် တိုက်ခိုက်နှုန်းက နှေးကွေးလာမည်ဖြစ်သည်။

ဆယ့်ငါးမိနစ်၊ ဆယ့်ငါးမိနစ် အတွင်းမှာပင်...

ကျန်းရီသည် လူခြောက်ထောင်စလုံးကို သတ်ပစ်နိုင်လိုက်လေသည်။ ကောင်းကင်ထဲတွင်လည်း သွေးစသွေးနများ ပြည့်နှက်နေသည်။ အောက်ဘက်မြေပြင်တွင်လည်း ခြေပြတ်လက်ပြတ်များ၊ မီးလောင်ကာ သေဆုံးသွားသည့် အရိုးစုများနှင့် ပွထနေသည်။ သူတို့၏ လက်နက်များကလည်း မြေပြင်ပေါ်တွင် ပျံ့ကျဲနေကြသည်။ ရှေးဟောင်းနတ်ဘုရားလက်စွပ်များမှာမူ ပိုင်ရှင်က သေဆုံးသွားပြီဖြစ်၍ ပိုင်ရှင်ဆီမှ ခွာကာ လေထဲတွင် ဝဲလွင့်နေကြသည်။ ထိုပတ်ဝန်းကျင်တွင် သွေးညှီနံ့များဖြင့် ပြည့်နှက်နေပေသည်။ အောက်ဘက်မှ တောင်ထွတ်လေးများတွင်လည်း သွေးချင်းချင်းနီနေသည်။

ဝှစ်...ဝှစ်...

ကျန်းရီသည် အောက်ဘက်သို့ ပျံဆင်းသွားပြီး အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်များကို ယူလိုက်လေသည်။ ထို့နောက် သူ အသက်ပြင်းပြင်းရှူလိုက်သည်။ ထိုတိုက်ပွဲက သူ၏သက်လုံနှင့် အတွင်းအားကို များစွာ မကုန်ခမ်းသွားစေပေ။ သို့သော် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကတော့ အတော်လေး ကုန်သွားပေသည်။

ကျန်းရီသည် တိုက်ပွဲအစကတည်းက တိုက်ခိုက်မှု လေး၊ ငါးခုကို တစ်ပြိုင်တည်း ထုတ်လွှတ်ခဲ့သဖြင့် စိတ်ဝိညာဉ်စွမ်းအင်က အတော်လေး ကုန်သွားခြင်းပင်။ သူသည် ပထမတစ်ချီ တိုက်ခိုက်ပြီးနောက်တွင် သတိလစ်သွားမလိုပင် ဖြစ်ခဲ့သည်.

ဟူး...ဟူး...

ကျန်းရီသည် အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်၏။ ထို့နောက် သူသည် ကောင်းကင်စိတ်အာရုံကိုထုတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ ထို့နောက်ချက်ချင်း သူ၏ မျက်လုံးများ အေးစက်သွားသည်။ မြောက်ဘက်မှနေ၍ လူဒါဇင်ကျော် ပျံသန်းလာနေသည်။ အရှေ့ဆုံးမှ လူများ၏ အရှိန်အဝါများက အလွန်ရှိန်လောက်ပေသည်။ ထို့ကြောင့် သူတို့က ကြယ်လေးပွင့် သို့မဟုတ် ကြယ်ငါးပွင့် ပညာရှင်များဖြစ်ကြောင်း ထင်ရှားပေသည်။

‘ဝူနီက မြောက်ဘက်မှာ’

ကျန်းရီ၏ စိတ်အာရုံက လျင်မြန်စွာ အာရုံခံလိုက်ပြီး အခြားဘက်များမှ ကောင်းကင်ကံကြမ္မာသင်္ဘောများက မည်သည့်ပညာရှင်စစ်ကူမှ မစေလွှတ်လိုက်ကြောင်း အတည်ပြုလိုက်သည်။ ကျန်သင်္ဘောများတွင် ပညာရှင်များစွာ မရှိနိုင်ပေ။ ဝူနီထံတွင်မူ သူ့ကို ကာကွယ်ပေးမည့် ပညာရှင်များ သေချာပေါက် ရှိမည်ဖြစ်သည်။

ကျန်းရီသည် ထိုလူများကို သေချာအာရုံခံလိုက်၏။ ထိုလူများထဲတွင် ဝူနီမပါကြောင်း အတည်ပြုပြီးသောအခါ သူ၏လက်နှစ်ဘက်က အဖြူရောင်အလင်း လင်းလက်လာပြီး ဟင်းလင်းပြင်ကို စုတ်ဖြဲ၍ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးကာ ရှောင်တိမ်းလိုက်လေသည်။

ထိုလူများက အတော်လေး စွမ်းအားကြီးပေသည်။ ကျန်းရီ ထိုလူများကို သတ်နိုင်မည်ဆိုလျှင်ပင် တန်ကြေးတစ်ခု ပေးရပေလိမ့်မည်။ သို့သော် ထိုလူများကို သတ်လျှင်လည်း မည်သည့်အကျိုးရှိပါမည်နည်း။ သူက ဝူနီကိုသာ ဖမ်းရန် လိုအပ်ပေသည်။

“သူက ဘယ်ရောက်သွားတာလဲ။ မကောင်းတော့ဘူး... အဲ့ဒါ ကောင်းကင်ရှောင်တိမ်းခြင်းပဲ”

ဝူနီ၏ ကိုယ်ရံတော်များ ဖြစ်သော အဘိုးထူနှင့် အခြားသူများသည် ကျန်းရီကို အာရုံခံမိခဲ့ကြ၏။ သို့သော် သူတို့ ကျန်းရီ အနီးသို့ မချဉ်းကပ်နိုင်ခင်မှာပင် ကျန်းရီက အရိပ်အယောင်ပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားလေသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခါးသက်သက်ပြုံးလိုက်ကြ၏။ ကျီထင်ယွီက မှန်ခဲ့ပေသည်။ သူတို့ ကျန်းရီကို သတ်နိုင်မည် မဟုတ်ပေ။ ကျန်းရီက ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးလိုက်သည်နှင့် နတ်ဘုရားတစ်ပိုင်းပညာရှင်များမှလွဲ၍ အခြားမည်သူကမှ သူ့ကို သတ်နိုင်တော့မည် မဟုတ်ချေ။

‘မြောက်ဘက်က ကောင်းကင်ကံကြမ္မာသင်္ဘောက ဒီနေရာနဲ့ မိုင်တစ်ရာဝေးတယ်’

ကျန်းရီက အကွာအဝေးကို တိတ်တဆိတ် တွက်ချက်လိုက်သည်။ သူသည် တဒင်္ဂမျှ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးလိုက်ပြီး ဟင်းလင်းပြင်ကို စုတ်ဖြဲကာ ပြန်ထွက်လာလေသည်။ သူ လေထဲတွင် ပြန်ထွက်ပေါ်လာသည်နှင့် သူ၏လက်နှစ်ဘက်က ချက်ချင်း လှုပ်ယမ်းသွားပြီး သူ့ပတ်ပတ်လည်ရှိ ဝိညာဉ်လေများကို စုပ်ယူလိုက်သည်။ သူ၏ကောင်းကင်စိတ်အာရုံကလည်း ပတ်ဝန်းကျင်ကို ထောက်လှမ်းလိုက်သည်။

ကျန်းရီက အလွန်တိကျစွာ တွက်ချက်ခဲ့သည်။ ယခုတွင် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးသည် မြောက်ဘက် မိုင်(၅၀)အကွာတွင် လျင်မြန်စွာ ပျံသန်းနေလေသည်။ ၎င်း ဦးတည်နေသောနေရာမှာ ဟုန်ဝူမြို့မဟုတ်ဘဲ မြောက်ဘက်သို့ ဖြစ်သည်။ ကျန်းရီသည် သူနှင့် ထိုသင်္ဘောကြားမှ အကွာအဝေးကို တွက်ချက်လိုက်ပြီး ဟင်းလင်းပြင်ကို စုတ်ဖြဲ၍ ကောင်းကင်ရှောင်တိမ်းခြင်းကို ထပ်မံသုံးလိုက်သည်။

ဤတစ်ကြိမ်တွင် ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကို မျက်တောင်နှစ်ခတ်စာလောက်သာ အသုံးပြုလိုက်သည်။ သူ ဟင်းလင်းပြင်ကို စုတ်ဖြဲ၍ ပြန်ထွက်ပေါ်လာသောအခါ သင်္ဘော၏ အရှေ့ မိုင်အနည်းငယ်အကွာသို့ ရောက်နေပေပြီ။ သူ၏လက်နှစ်ဘက်က လျင်မြန်စွာ လှုပ်ယမ်းကာ သူ့ပတ်ပတ်လည်ရှိ ဝိညာဉ်လေများကို စုပ်ယူ၍ ဝိညာဉ်လေနတ်ဘုရားဒိုင်းကို ဖန်တီးလိုက်လေသည်။ ထို့နောက်တွင် သူသည် ဝိညာဉ်လေဓားများကိုလည်း ပြုလုပ်လိုက်ပြီး ၎င်းတို့ကို ထိန်းချုပ်ကာ အရှေ့သို့ ပျံသွားစေလိုက်သည်။ ပြီးနောက် သူက ထိုဓားများအနောက်မှ ပျံလိုက်သွားလိုက်လေသည်။

ဝှီး...ဝှီး...

ကောင်းကင်ကံကြမ္မာသင်္ဘောက ကောင်းကင်ကိုဖြတ်၍ အလွန်လျင်မြန်သောအရှိန်ဖြင့် ပျံသန်းနေသည်။ ကျန်းရီကလည်း သင်္ဘောဆီသို့ အရှေ့မှနေ၍ အရှိန်ကုန် ပျံသန်းနေသည်။ ထို့ကြောင့် မျက်တောင်တစ်ခတ်စာအတွင်းမှာပင် သူနှင့် သင်္ဘောအကြားမှ အကွာအဝေးက နှစ်မိုင်သာ ကွာတော့လေသည်။

“ချိုးဖျက်...”

ကောင်းကင်ကံကြမ္မာသင်္ဘောက ရပ်တန့်လိုက်၏။ သို့သော် နောက်ကျသွားပေပြီ။ ကျန်းရီသည် ဝိညာဉ်လေဓားများကို အတွေးဖြင့် ထိန်းချုပ်ကာ သင်္ဘောဆီသို့ ပျံသန်းသွားစေလိုက်ပြီး သူကိုယ်တိုင်လည်း နောက်မှ လျင်မြန်စွာပျံလိုက်သွားသည်။ ဝိညာဉ်လေဓားဆယ်ချောင်းက သင်္ဘော၏ အကာအရံကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ရွှီး...

ထိုကောင်းကင်ကံကြမ္မာသင်္ဘောက အလယ်အလတ်အရွယ်အစား သင်္ဘောဖြစ်သဖြင့် ၎င်း၏ အကာအရံက မခိုင်ခံ့ပေ။ ထို့ကြောင့် ဝိညာဉ်လေဓားဆယ်ချောင်းက သင်္ဘောအကာအရံကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်နိုင်လေသည်။ ထို့နောက်တွင် ၎င်းတို့သည် သင်္ဘောကို ဆယ့်တစ်ပိုင်း ပိုင်းဖြတ်လိုက်ကြသည်။ သင်္ဘောထဲရှိ အချို့လူများက ကံဆိုးသဖြင့် တစ်ခါတည်း အသတ်ခံလိုက်ကြရပေသည်။

‘ဒီမှာလည်း မရှိဘူးလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ချက်ချင်း အာရုံခံလိုက်သည်။ သို့သော် သူ ဝူနီနှင့် ကျီထင်ယွီကို ရှာမတွေ့ပေ။ သင်္ဘောထဲမှ သိုင်းသမားများက အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များသာဖြစ်ပြီး အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် တစ်ပါးမှ မရှိပေ။

‘ကျီထင်ယွီနဲ့ ဝူနီက တခြားသင်္ဘောတွေမှာလား။ ဒါမှမဟုတ် သူတို့က သပ်သပ်စီ ခွဲသွားတာလား။ လခွမ်းပဲ.. အဲ့ကောင်မက ဉာဏ်ကောင်းလွန်းတယ်....’

ကျန်းရီ စိတ်ထဲမှ ဆဲဆိုလိုက်သည်။ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ လူများက ကြောက်ရွံ့နေကြ၏။ သို့သော် မည်သူမှ မတိုက်ခိုက်ကြပေ။ ထိုအစား သူတို့သည် မြေပြင်သို့ ပျံဆင်းကာ ထွက်ပြေးကြလေသည်။

‘မင်းတို့ ထွက်ပြေးနိုင်ဦးမှာလား’

ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါက လှိုင်းလုံးများကဲ့သို့ ထွက်လာ၏။ ထို့နောက် သူသည် လက်ထဲရှိ ဓားပျော့ကို လှုပ်ယမ်းကာ နတ်ဘုရားအသံကောင်းကင်အတတ်ကို ထုတ်လွှတ်လိုက်လေသည်။ ဝိညာဉ်လေဓားများကလည်း လူများ၏အသက်များကို တိတ်တဆိတ် နှုတ်ယူသွားသည်။

ထိုကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင် လူတစ်ထောင်ကျော်ရှိ၏။ သို့သော် ထိုလူများထဲတွင် ပညာရှင်တစ်ယောက်မှ မပါပေ။ ထို့ကြောင့် တစ်ခဏအတွင်းမှာပင် ကျန်းရီက သူတို့အားလုံးကို သတ်ပစ်နိုင်လိုက်လေသည်။ ဝိညာဉ်လေဓားများက သားသတ်ဓားနှင့် ဆင်တူပြီး အောက်ဘက်မှ လူများက အသတ်ခံရမည်ကို စောင့်ဆိုင်းနေရသော သိုးများနှင့် ဆင်တူပေသည်။

ဝှစ်...ဝှစ်...

ကျန်းရီ သတ်ဖြတ်ပြီးနောက်တွင် တောင်ဘက်မှနေ၍ စူးရှသော လေခွင်းသံများ ထွက်ပေါ်လာသည်။ ကျန်းရီက ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်၏။ အဘိုးထူတို့အုပ်စု ပျံသန်းလာခြင်းပင်။ ကျန်းရီ လှောင်ပြုံး ပြုံးလိုက်သည်။ ထိုလူများက အချိန်ဆွဲရန် ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ ထိုမှ သူတို့က ကျန်းရီ၏ လိုက်ဖမ်းမှုကို တားဆီးနိုင်မည်ဖြစ်သည်။ သို့သော် ကျန်းရီက မတုံးအပေ။

ရွှက်...ရွှက်...

ကျန်းရီသည် ဟင်းလင်းပြင်ကို စုတ်ဖြဲလိုက်ပြီး ကောင်းကင်‌ရှောင်တိမ်းခြင်းကိုသုံးကာ အဘိုးထူတို့အုပ်စုကို နောက်တွင် ချန်ထားခဲ့လေသည်။ အဘိုးထူတို့သည် ကျန်းရီ ထွက်ခွာသွားသည်ကို ကူကယ်ရာမဲ့စွာသာ ငေးကြည့်နေနိုင်ပေသည်။

ဤတစ်ကြိမ်တွင် ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ တောင်ဘက်သို့ သွားလိုက်သည်။ ဝူနီက ကျန်ကောင်းကင်ကံကြမ္မာသင်္ဘောများတွင် ရှိနေသည်ဖြစ်စေ၊ မရှိနေသည်ဖြစ်စေ သူ ထိုသင်္ဘောအားလုံးကို ဖျက်ဆီးပစ်ရပေမည်။ မည်သို့ပင်ဖြစ်စေ သူသည် ဝူနီကို ဟုန်ဝူမြို့သို့ ထွက်ပြေးသွားခွင့် မပြုနိုင်ပေ။

ကျန်းရီသည် အချိန်ကို အတိအကျ တွက်ချက်ထား၍ အသက်တစ်ဒါဇင်ရှူစာအချိန်လောက်တွင် ဟင်းလင်းပြင်ထဲမှ ပြန်ထွက်လာလေသည်။ သူက တောင်ဘက် မိုင်(၂၀၀)အကွာတွင် ပြန်ထွက်ပေါ်လာခြင်းပင်။ သူသည် ပြန်ထွက်လာချင်းချင်း ကောင်းကင်စိတ်အာရုံကိုထုတ်ကာ အာရုံခံလိုက်သည်။ သို့သော် သူ မည်သည့်ကောင်းကင်ကံကြမ္မာသင်္ဘောကိုမှ မတွေ့လိုက်ပေ။

“ကောင်းကင်နားလည်သိမြင်ခြင်း”

ကျန်းရီသည် မြေပြင်တွင် တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်၍ ပတ်ဝန်းကျင်ကို အလျင်မြန်ဆုံးနှုန်းဖြင့် အာရုံခံလိုက်လေသည်။ အ‌ရှေ့တောင်ဘက် မိုင်တစ်ရာအကွာတွင် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စင်းရှိနေကြောင်း သူသိလိုက်ရသည်။

“သတ်မယ်...”

ကျန်းရီ ချက်ချင်းပျံတက်လိုက်ပြီး ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးလိုက်သည်။ သူသည် ထိုကောင်းကင်ကံကြမ္မာသင်္ဘောအနီးသို့ လျင်မြန်စွာ ရောက်သွား၏။ ဝိညာဉ်လေဓားများက ထိုသင်္ဘောကို အပိုင်းပိုင်း ဖြတ်ပစ်လိုက်သည်။ သို့သော် ကျန်းရီ စိတ်ပျက်သွားရပြန်သည်။ ၎င်းသင်္ဘောပေါ်တွင်လည်း အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များသာ ရှိနေပြီး ဝူနီနှင့် ကျီထင်ယွီတို့ ရှိမနေချေ။

နတ်ဘုရားအသံကောင်းကင်အတတ်၊ ဝိညာဉ်လေဓား...

ကျန်းရီသည် သေမင်းတစ်ပါးကဲ့သို့ အားလုံး၏ အသက်များကို လျင်မြန်စွာ နှုတ်ယူလိုက်သည်။ ဤတစ်ကြိမ်တွင် အဘိုးထူနှင့်အခြားသူများ ရောက်ရှိမလာပေ။ သူတို့ လိုက်လာချင်လျှင်ပင် သူတို့က လုံလောက်အောင် လျင်မြန်မည် မဟုတ်ချေ။

ကျန်းရီသည် အဆင့်နိမ့် ကောင်းကင်ဧကရာဇ် အားလုံးကို သတ်ဖြတ်ပြီးနောက် ဦးတည်ရာမရှိ ဆက်မလိုက်တော့ပေ။ ထိုအစား သူက မြေပြင်ပေါ်တွင် ထိုင်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကိုထုတ်ကာ မိုင်တစ်သိန်းပတ်လည်အတွင်း ဂရုတစိုက် အာရုံခံလိုက်လေသည်။

ကျန်းရီသည် ကျန်နေသေးသော ကောင်းကင်ကံကြမ္မာသင်္ဘောနှစ်စင်းကို တွေ့လိုက်၏။ တစ်စင်းက အနောက်ဘက်သို့ ပျံသန်းနေပြီး ကျန်တစ်စင်းက ဟုန်ဝူမြို့သို့ ပျံသန်းနေသည်။ သို့သော် ကျန်းရီသည် ထိုသင်္ဘောနှစ်စင်းကို အရေးမစိုက်တော့ပေ။ ကျီထင်ယွီက ဉာဏ်ကောင်းလွန်းပေသည်။ သူမက ကောင်းကင်ကံကြမ္မာသင်္ဘောကိုစီး၍ ထွက်ပြေးလောက်မည်မဟုတ်ဟု ကျန်းရီ ယုံကြည်သည်။

ကောင်းကင်ကံကြမ္မာသင်္ဘောကိုစီး၍ ထွက်မပြေးလျှင် ထွက်ပြေးစရာနည်းနှစ်ခုသာ ကျန်တော့ပေသည်။ ပထမနည်းမှာ ပညာရှင်တစ်ယောက်အား သူမတို့ကို လေဟာနယ် နတ်ဘုရားအသုံးအဆောင်ထဲ ထည့်စေ၍ ထွက်ပြေးရန်ဖြစ်သည်။ ဒုတိယတစ်နည်းမှာ မြေအောက်မှ ထွက်ပြေးရန်ဖြစ်သည်။

ကျီထင်ယွီတို့ မည်သို့ ထွက်ပြေးသွားသည်ဖြစ်စေ သူမတို့၏ ပန်းတိုင်မှာ အနီးရှိ မြို့တစ်မြို့ ဖြစ်နိုင်သည်။ မြို့ထဲသို့ ရောက်မှာသာ သူမတို့သည် တည်နေရာပြောင်းရွှေ့ အစီအရင်ကိုသုံး၍ ထွက်ပြေးလွတ်မြောက်နိုင်မည်ဖြစ်သည်။

ဟုန်ဝူမြို့ထဲတွင် မြောက်ဘက်နှင်းဖုံးဒေသ၏ ဒေသအရှင်မြို့သို့ တိုက်ရိုက်ပို့ပေးနိုင်သော တည်နေရာပြောင်းရွှေ့ အစီအရင်ကြီးတစ်ခု ရှိပေသည်။ ဒေသအရှင်မြို့တွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်များ ရှိသည်။ ထို့ကြောင့် ကျီထင်ယွီတို့၏ လက်ရှိအစီအစဉ်က ဟုန်ဝူမြို့သို့သွားရန် ဖြစ်နိုင်ပေသည်။

“တွေ့ပြီ...”

ဆယ့်ငါးမိနစ် ကြာပြီးနောက် ကျန်းရီ၏ခန္ဓာကိုယ် တုန်ယင်သွား၏။ သူသည် မြေကြီးအောက် သုံးဆယ်ကီလိုမီတာအကွာတွင် ထွက်ပြေးနေသော လူရိပ်တစ်ခုကို တွေ့လိုက်ခြင်းပင်။ ကျန်းရီသည် ထိုလူကို ယခင်က တွေ့ခဲ့ဖူး၏။ ထိုလူက ဝူနီ၏ ကိုယ်ရံတော် ကြယ်ငါးပွင့် ပညာရှင် အဘိုးရူပင်။ အဘိုးရူက အဘိုးထူတို့နှင့်အတူ သူ့နောက်သို့ လိုက်မဖမ်းဘဲ ဟုန်ဝူမြို့သို့ သွားနေခြင်းလော။

ဝူနီနှင့် ကျီထင်ယွီတို့က အဘိုးရူ၏ လေဟာနယ် နတ်ဘုရားအသုံးအဆောင်ထဲတွင် ရှိနေခြင်းဖြစ်ရမည်ဟု ကျန်းရီ သုံးသပ်လိုက်သည်။

“သတ်မယ်...”

ကြယ်ငါးပွင့် ပညာရှင်များက အလွန်ရှိန်စရာကောင်းပေသည်။ သို့သော် ကျန်းရီ စခဲ့သောအရာကို နောက်ပြန်ဆုတ်၍ မရတော့ပေ။ ထို့ကြောင့် ကျန်းရီသည် တုံ့ဆိုင်းမနေဘဲ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ အဘိုးရူနောက်သို့ လိုက်သွားလိုက်လေတော့သည်။

***

All Chapters