← Chapters

ရူးသွပ်သောအကြံ

Vol. 69 Ch. 956

ရူးသွပ်သောအကြံ

Vol. 69 Ch. 956

‘ဒီမှာလည်း မရှိဘူးလား’

ကျန်းရီသည် လက်စွပ်အတွင်းသို့ ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံပြီးနောက် လည်ချောင်းသို့ ပျို့တက်လာသော သွေးများကို အန်ချမိမလိုပင် ဖြစ်သွားသည်။ ထိုရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲတွင် ဆေးလုံးများ၊ ကောင်းကင်ကျောက်တုံးများ၊ ရတနာများ၊ လက်နက်များ၊ သိုင်းကျမ်းများ၊ ရိက္ခာခြောက်များ စသဖြင့် ပစ္စည်းပေါင်းများစွာ ရှိပေသည်။ သို့သော် မည်သည့် လေဟာနယ်နတ်ဘုရားအသုံးအဆောင်မှ ရှိမနေပေ။ အတိအကျဆိုရလျှင် လေဟာနယ်နတ်ဘုရားအသုံးအဆောင်နှင့် ဆင်တူသည့် ပစ္စည်းတစ်ခုပင် ရှိမနေချေ။

ရွှီး...

ကျန်းရီသည် လက်စွပ်အတွင်းရှိ ပစ္စည်းအားလုံးကို ထုတ်လိုက်၏။ ထိုပစ္စည်းများက မြေပေါ်တွင် ပျံ့ကျဲသွားသည်။ သူသည် ထိုပစ္စည်းတစ်ခုခုထဲတွင် လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို ဖွက်ထားမည်လောဟု တစ်ခုချင်း သေချာရှာဖွေလိုက်သည်။ သို့သော် သူ အလွန်စိတ်ပျက်သွားရ၏။ အဘိုးရူ၏ နတ်ဘုရားလက်စွပ်ထဲတွင် မည်သည့်လေဟာနယ်နတ်ဘုရားအသုံးအဆောင်မှ ရှိမနေပေ။

‘ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

ကျန်းရီ၏ မျက်ဝန်းများထဲတွင် မယုံင်နိုင်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ သူ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ အပိုင်းပိုင်းပြတ်နေသော အဘိုးရူ၏ ခန္ဓာကိုယ်သာ ရှိနေသည်။ သူသည် အဘိုးရူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်မှလွဲ၍ အခြားအရာများကို ရှာမတွေ့ပေ။

‘အဲ့ဒါက အဓိပ္ပာယ်ရှိရဲ့လား’

ရှေးဟောင်းနတ်ဘုရားလက်စွပ်မှာ အလွန်ထူးခြားသော ဖြစ်တည်မှုတစ်ခုဖြစ်သည်။ ၎င်းတို့သည် ရှေးခေတ်ကတည်းက ရှိခဲ့သော အရာများဖြစ်သည်။ နောက်ပိုင်းတွင် ထန်မျိုးနွယ်က ထိုလက်စွပ်များကို ပြန်လည်မွမ်းမံခဲ့ကြသည်။ ထိုလက်စွပ်များက ဈေးမကြီးသော်လည်း လွန်စွာအကြမ်းခံပေသည်။ လက်စွပ်များပေါ်တွင် ဆန်းကြယ်သော အစီအရင်တစ်ခုရှိ၏။ ထို့ကြောင့် လက်စွပ်ကို ရည်ရွယ်၍မတိုက်ခိုက်လျှင် လက်စွပ်က အလွယ်တကူ ပျက်စီးမည် မဟုတ်ပေ။

ကျန်းရီသည် အစောက တိုက်ခိုက်နေစဉ်အတွင်း လျင်မြန်စွာ စူးစမ်းခဲ့၏။ အဘိုးရူ၏ကိုယ်ပေါ်တွင် ယခု သူရရှိထားသော လက်စွပ်မှလွဲ၍ အခြားလက်စွပ်တစ်ကွင်း ထပ်မရှိတော့ပေ။ အကယ်၍ ဝိညာဉ်လေဓားများက အခြားရှေးဟောင်းနတ်ဘုရားလက်စွပ်တစ်ကွင်းကို မတော်တဆ ဖျက်ဆီးခဲ့မိသွားပါက ကျန်းရီ သတိပြုခဲ့မိမည်သာ။

ထို့ကြောင့် အဖြေက တစ်ခုသာ ရှိတော့ပေသည်။ ဝူနီနှင့် ကျီထင်ယွီတို့သည် အဘိုးရူနှင့်အတူ ထွက်ပြေးခြင်း မဟုတ်နိုင်ပေ။ အဘိုးထူက ကျန်းရီ၏ အာရုံစိုက်မှုကို ရရန် ငါးစာတစ်ခုသာ ဖြစ်နိုင်သည်။

“မဆိုးဘူး..မဆိုးဘူး... ကျီထင်ယွီ မင်းက ပိုပြီးတောင် ဉာဏ်ကောင်းလာတာပဲ”

ကျန်းရီသည် ဒေါသဖြင့် ရယ်မောလိုက်၏။ သူသည် အသက်ကိုရင်း၍ စွန့်စားခဲ့ရပြီး အဘိုးရူ၏ သတ်ဖြတ်မှုကို ခံရလုနီးပါးပင် ဖြစ်ခဲ့သည်။ လက်ရှိတွင် သူ ဒဏ်ရာအပြင်းအထန် ရထားပြီး သူ၏မီးတိမ်သံချပ်ကာကလည်း ဖျက်ဆီးခံထားရလေသည်။ သူသည် တန်ကြေးကြီးကြီး ပေးခဲ့သော်လည်း နောက်ဆုံးတွင် ကစားခံလိုက်ရပေသည်။

‘စိတ်ငြိမ်ငြိမ်ထား... ငါ စိတ်တည်ငြိမ်နေမှ ရမယ်’

ကျန်းရီသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် သတိပေးလိုက်၏။ ဤတစ်ကြိမ်တွင် သူသည် အလွန်ဉာဏ်ထက်သော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရခြင်းပင်။ သူသာ ဤအတိုင်း ဆက်လုပ်နေပါက ပစ်မှတ်များကို ရှာမတွေ့နိုင်ရုံသာမက မြှုပ်စရာမြေပင် မရှိဘဲ သေဆုံးသွားနိုင်ပေသည်။

ဟူး...ဟူး...

ကျန်းရီသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး အားဖြည့်ဆေးလုံးနှစ်လုံးကို လည်ချောင်းအတွင်းရှိ သွေးများနှင့်အတူ မျိုချလိုက်လေသည်။ ထို့နောက် သူ တင်ပျဉ်ခွေထိုင်လိုက်ပြီး ဒဏ်ရာများကို ကုသလိုက်သည်။ သူ၏ဒဏ်ရာများက အလွန်ပြင်းထန်သဖြင့် ဤအခြေအနေဖြင့် ကောင်းကင်‌ရှောင်တိမ်းခြင်းကို သုံးပါက အာကာပြင်တွန့်ခေါက်မှုစွမ်းအားကြောင့် သူ အပိုင်းပိုင်းပြတ်သွားနိုင်ပေသည်။

အနီးပတ်ဝန်းကျင်တွင် မြို့ လေး၊ငါးမြို့ ရှိသည်။ သို့သော် မြို့ကြီးကမူ တစ်မြို့သာရှိသည်။ ထို့မြို့မှာ ဟုန်ဝူမြို့ပင်။ မြို့တိုင်းတွင် မြို့‌တော်များသို့ တည်နေရာပြောင်းရွှေ့နိုင်သည့် အစီအရင်များ မရှိပေ။ ဝူနီနှင့် ကျီထင်ယွီတို့က မြို့တော်တစ်ခုခုသို့ ရောက်မှ လုံခြုံနိုင်ပေလိမ့်မည်။ မြို့တော်များတွင်သာ နတ်ဘုရားတစ်ပိုင်းပညာရှင်များ ရှိသည် မဟုတ်ပါလား။

ထို့ကြောင့် ကျီထင်ယွီနှင့် ဝူနီတို့သည် ဟုန်ဝူမြို့သို့ သွားနိုင်မည့် နည်းလမ်းမျိုးစုံကို တွေးတောကြပေလိမ့်မည်။ ယင်းက အလုံခြုံဆုံး နည်းလမ်းပင်။ သူတို့ အခြားမြို့ကြီးများကို သွားမည်ဆိုလျှင် သူတို့၏ အမြန်နှုန်းနှင့်ဆိုပါက အနည်းဆုံး နှစ်ပတ်ခန့်သွားရမည်ဖြစ်သည်။ ကျီထင်ယွီကဲ့သို့ ဉာဏ်ကောင်းသူတစ်ယောက်က အပြင်ဘက်တွင် နှစ်ပတ်ကျော်နေရမည့်ကိစ္စကို စွန့်စားဝံ့မည် မဟုတ်ပေ။ ဉာဏ်ကောင်းသူတိုင်းက သေရမည်ကို ကြောက်ကြသည် မဟုတ်ပါလား။

ကျီထင်ယွီတို့ ဤနေရာမှနေ၍ ဟုန်ဝူမြို့ကို ရောက်ရန် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးက သူမတို့ကို သယ်ဆောင်သွားမည်ဆိုလျှင်ပင် အနည်းဆုံး နှစ်ရက်ကြာ သွားရပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီထံတွင် အချိန်ရှိပေသေးသည်။ သူ ဒဏ်ရာများကို အတန်ငယ် သက်သာသွားအောင် လုပ်ပြီး ကောင်းကင်ရှောင်တိမ်းခြင်းကို ထုတ်သုံးလိုက်လျှင် ပညာရှင်များ၏ လိုက်ဖမ်းခြင်းကို ခံရလျှင်ပင် လွတ်မြောက်နိုင်ပေသည်။

ကျန်းရီသည် အခြားအရာများကို အရေးမစိုက်တော့ဘဲ ဒဏ်ရာများကို ကုသရာတွင်သာ စိတ်နှစ်ထားလိုက်သည်။ သူသည် အမည်မဲ့ကျင့်စဉ်ကို အသုံးပြု၍ သူ၏အတွင်းအားကို သွေးကြောများအတွင်း အကြိမ်ကြိမ် လှည့်ပတ်နေစေလိုက်၏။ ထို့ကြောင့် သူ၏ဒဏ်ရာများက လျင်မြန်စွာ သက်သာလာလေသည်။

ဤတစ်ကြိမ်တွင် ကျန်းရီ ဒဏ်ရာအပြင်းအထန် ရခဲ့၏။ သို့သော် ဤတစ်ခေါက်ဒဏ်ရာများက ရှေ့နှစ်ခေါက်မှ ဒဏ်ရာများလောက် မပြင်းထန်ပေ။ အနည်းဆုံးတော့ ဤတစ်ခေါက်တွင် သူ အရိုးများစွာမကျိုးသွားခဲ့သလို ကိုယ်တွင်းအင်္ဂါများလည်း စုတ်ပြတ်မသွားခဲ့ချေ။ သို့သော် အပြည့်အဝပြန်ကောင်းရန်မူ အနည်းဆုံး သုံးရက်မှ ငါးရက်အထိ လိုအပ်ပေလိမ့်မည်။

တစ်ရက်ကြာပြီးနောက် ကျန်းရီသည် မျက်လုံးများဖွင့်လိုက်ပြီး ကုသခြင်းကို ရပ်တန့်လိုက်သည်။

ကျန်းရီ၏ မျက်နှာအရောင်အဆင်းက ပိုကောင်းလာပြီဖြစ်သည်။ သို့သော် ကျိုးနေသော အရိုးများက အပြည့်အဝ ပြန်မကောင်းသေးဘဲ ဆက်သည်ဆိုရုံသာ ပြန်ဆက်နေသေးသည်။ ဤအခြေအနေတွင် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးရန် ခက်ခဲပေလိမ့်မည်။ သို့သော် သူ့အတွင် အချိန်မရှိတော့ပေ။

ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ဆယ်မိုင်ပတ်လည်အတွင်း ထောက်လှမ်းလိုက်၏။ သူသည် ရုတ်ခြည်းပင် ဟုန်ဝူမြို့ကို တွေ့လိုက်ရ၏။ ဟုန်ဝူမြို့ထဲတွင် မည်သည့်အခြေအနေရှိကြောင်း သူ သိလိုနေသည်။ ထိုမှသာ ဝူနီနှင့် ကျီထင်ယွီတို့ မြို့သို့ ရောက်နေပြီလော၊ မရောက်သေးသလောကို သူ သိရှိနိုင်မည်ဖြစ်သည်။

“အန်...”

ကျန်းရီသည် ဟုန်ဝူမြို့ကို ထောက်လှမ်းနေရင်း စိတ်ဝိညာဉ် တုန်ယင်သွား၏။ ဟုန်ဝူမြို့၏ အနောက်ဘက် မိုင်တစ်သောင်းအကွာတွင် မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာသင်္ဘောများ ရှိနေ၏။ ၎င်းတို့အားလုံးက စစ်သင်္ဘောများပင်။ သင်္ဘောများပေါ်တွင် ‘ဟုန်’ဟူသော စားလုံးများ ရေးထိုးထား၏။ ထို့ကြောင့် ယင်းသင်္ဘောများက ဟုန်ဝူမြို့၏ စစ်တပ်က ပိုင်ဆိုင်သော စစ်သင်္ဘောများ ဖြစ်နိုင်ပေသည်။

‘သင်္ဘောတစ်ရာလား.... ဟုန်ဝူမြို့က စစ်တပ်တစ်ခုလုံးကို ထုတ်သုံးနေတာလား’

ကျန်းရီသည် စိတ်အေးသွားဟန် သက်ပြင်းချလိုက်၏။ ဟုန်ဝူမြို့၏ စစ်တပ်က ဤဘက်သို့ လာနေပေသည်။ ယင်းက မည်သည့်အဓိပ္ပာယ်နည်း။ ဝူနီနှင့် ကျီထင်ယွီတို့က မြို့သို့ မရောက်သေးဟူသော အဓိပ္ပာယ်ပင်။ မဟုတ်လျှင် ဟုန်ဝူမြို့မှ စစ်တပ်သည် ဝူနီတို့နှစ်ယောက်ကိုသာ ကာကွယ်ပေးနေကြမည်ဖြစ်ပြီး ဤဘက်သို့ လာနေမည် မဟုတ်ပေ။

ဝူနီနှင့် ကျီထင်ယွီတို့ ဟုန်ဝူမြို့သို့ မရောက်သေးသ၍ မျှော်လင့်ချက် ရှိပေသေးသည်။

ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းဖြင့် ဟုန်ဝူမြို့ကို ဆက်ထောက်လှမ်းလိုက်၏။ မြို့ထဲတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း သူ သိလိုက်ရသည်။ မြို့ထဲရှိ လမ်းများထက်တွင် လမ်းသွားလမ်းလာ တစ်ယောက်မှ ရှိမနေပေ။ ထို့ကြောင့် ဝူနီတို့နှစ်ယောက်က မြို့သို့ မရောက်‌သေးကြောင်း ကျန်းရီ ပိုသေချာသွားသည်။ ဟုန်ဝူမြို့သည် ဝူနီတို့ တိုက်ခိုက်ခံနေရကြောင်း သတင်းရလိုက်၍ ချက်ချင်း စစ်တပ်ကို စေလွှတ်၍ မြို့ထဲတွင် ညမထွက်မိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်ရမည်။

ကျန်းရီသည် ပတ်ဝန်းကျင်ရှိ မြို့များကိုလည်း ဆက်၍ ထောက်လှမ်းလိုက်၏။ ထို့မြို့များရှိ စစ်တပ်များကလည်း စတင်လှုပ်ရှားနေပေပြီ။ မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာသင်္ဘောများက ကုလားအုပ်တောင်ဘက်သို့ ဦးတည်ပျံသန်းလာကြသည်။ လူများလည်း နေရာအနှံ့တွင် ရှိနေသည်။ ကုလားအုပ်တောင်ရှိ ရာချီသော ဓားပြတပ်မဟာများကလည်း ကြားညပ်မည်စိုး၍ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြ၏။ အနီးပတ်ဝန်းကျင် မိုင်တစ်သိန်းပတ်လည်အတွင်း၌ အနည်းဆုံး လူတစ်သိန်းကျော် ထွက်ပြေးနေကြသဖြင့် အလွန်ပရမ်းပတာဆန်နေလေသည်။

‘ဒီမှာမဟုတ်ဘူး... ဒီမှာလည်း မဟုတ်ဘူး...’

ကျန်းရီသည် ထပ်ခါ ထပ်ခါ အာရုံခံနေပြီး ထပ်ခါ ထပ်ခါ စိတ်ပျက်နေရလေသည်။ ကျီထင်ယွီက ဉာဏ်ကောင်းလွန်းပေသည်။ သူမတို့သည် လေဟာနယ်နတ်ဘုရားအသုံးအဆောင်တစ်ခုထဲတွင် ပုန်းအောင်းနေခြင်းဖြစ်ရမည်ဟု ကျန်းရီ ခန့်မှန်းထားသည်။ အဘိုးထူတို့အုပ်စုက လူစုခွဲလိုက်ပြီဖြစ်သည်။ ကျန်းရီ လိုက်မလာနိုင်ရန် လူစုခွဲလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

ထပ်ခါထပ်ခါ...

ကျန်းရီသည် ဆယ့်ငါးမိနစ်ကြာ အာရုံခံလိုက်ပြီးနောက် လက်လျှော့လိုက်လေတော့သည်။ ဤသို့ဆက်ရှာနေပါက ရက်အနည်းငယ်ကြာလျှင်ပင် ရှာတွေ့ဦးမည် မဟုတ်ပေ။ ဤနေရာမှ အဖြစ်အပျက်များအကြောင်းကို မြောက်ဘက်ဧကရာဇ်မြို့သို့ သတင်းပို့လိုက်ပြီဖြစ်ပြီး ဝူမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းပညာရှင်များက ဤနေရာသို့ မကြာခင်တွင် ရောက်လာတော့မည်ဟု ကျန်းရီ ခန့်မှန်းမိသည်။

“အရေးမပါလိုက်တာကွာ...”

ကျန်းရီ မဲ့ပြုံးပြုံးလိုက်၏။ သူ၏ လိုက်ဖမ်းမှုက ကျရှုံးသွားပြီး သူ မရှုမလှ ရှုံးနိမ့်သွားပေပြီ။ သူ၏အင်အားက ရုတ်တရက်ကြီး နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်သွားပါမှ သူ ဤအခြေအနေကို ပြောင်းပြန်လှန်နိုင်ပေလိမ့်မည်။ ထိုမှ သူ လူတစ်ကိုယ်၊ ဓားတစ်ချောင်းဖြင့် မြောက်ဘက်ဧကရာဇ်မြို့ထဲသို့ သတ်ဖြတ်ကာ ဝင်သွားနိုင်မည်ဖြစ်သည်။

“လောရွှယ်...”

ဝူနီသည် ဤကိစ္စကြောင့် သေချာပေါက် သူ၏ဒေါသကို စုလောရွှယ်အပေါ် ပုံချမည်ဖြစ်သည်။ ကျန်းရီသည် ထိုအကြောင်းကို တွေးမိသော်အခါ ဒေါသငယ်ထိပ်ရောက်သွားပြီး သွေးအန်သွားလေသည်။

“သတ်မယ်...သတ်မယ်...သတ်မယ်...”

ကျန်းရီ၏ မျက်လုံးများက တဖြည်းဖြည်း နီရဲလာသည်။ သူ့ရင်ထဲတွင်လည်း ဒေါသလှိုင်းတံပိုးများ ထန်လာသည်။ သူသည် ဝူမျိုးနွယ်ဝင်အားလုံးကို သတ်ဖြတ်ပစ်ပြီး ဝူမျိုးနွယ်၏ မြို့များအားလုံးကို ဖျက်ဆီးပစ်ချင်စိတ် ပေါက်လာဩ။ ထိုသို့လုပ်မှသာ သူ အတန်ငယ် ဒေါသပြေမည်ဖြစ်သည်။

‘မြို့တွေ... ဟုတ်သား မြို့တွေ။ ဟုန်ဝူမြို့... ဝူနီရဲ့ အစ်မကြီး”

ကျန်းရီ၏ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွား၏။ သူသည် ဝူနီနှင့် ကျီထင်ယွီတို့ကို မဖမ်းနိုင်သော်လည်း ဝူနီ၏အစ်မကြီးကို ဖမ်းနိုင်လောက်ပေသည်။

ဝူနီ၏ အစ်မကြီးက မြောက်ဘက်နှင်းဖုံးဒေသ၏ ထိပ်တန်းမျိုးနွယ်သုံးခုထဲမှ တစ်ခုဖြစ်သော ဟုန်မျိုးနွယ်၏ နံပါတ်(၁)သခင်လေးနှင့် လက်ထပ်ခဲ့ခြင်းပင်။ ယင်းက ဝူမျိုးနွယ်နှင့် ဟုန်မျိုးနွယ်တို့ မဟာမိတ်ဖွဲ့ခြင်းဖြစ်သည်။ အကယ်၍ ကျန်းရီသာ ဝူနီ၏ အစ်မကြီးကို ဖမ်းနိုင်ပါက သူမကို ဓားစာခံအဖြစ် အသုံးချ၍ စုလောရွှယ်နှင့် လဲလှယ်နိုင်ပေလောက်သည်။

ဟုန်ဝူမြို့ရှိ ပညာရှင်များက မြို့ပြင်သို့ ထွက်ကာ ဝူနီတို့ကို ရှာနေကြသည်။ ထို့ပြင် အရိပ်ဧကရာဇ်၏ လက်အောက်ငယ်သားများ စုံစမ်းထားသော သတင်းများအရ ဟုန်ဝူမြို့ထဲတွင် နတ်ဘုရားတစ်ပိုင်းပညာရှင် မရှိကြောင်း သိထားရသည်။ အကယ်၍ ကျန်းရီသာ ဟုန်ဝူမြို့သို့ အလျင်အမြန်သွားပြီး ဝူယင်အာကို ဖမ်းလိုက်ပါက အောင်မြင်နိုင်ခြေများပေသည်။ တစ်စုံတစ်ယောက်က မြို့ကို ကျူးကျော်လာလိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။ သို့သော် မြောက်ဘက်ဧကရာဇ်၏ ဝူမျိုးနွယ်က ပိုင်သော မြို့ကို သူ တိုက်ခိုက်ရမည်လော။

“လုပ်မယ်...”

ကျန်းရီသည် အကြံကုန်နေပြီဖြစ်၍ စွန့်စားရတော့မည်ဖြစ်သည်။ ကျန်းရီက ဝူနီကို တိုက်ခိုက်ကာ ‌မြောက်ဘက်ဧကရာဇ်၏ ဝူမျိုးနွယ်ကို အပြစ်ပြုခဲ့ပြီးပြီဖြစ်၍ ထပ်မံအပြစ်ပြုရန် တွန့်ဆုတ်နေစရာ မလိုတော့ပေ။

“သွားမယ်...”

ကျန်းရီ၏ မျက်လုံးများက လုံးဝနီရဲနေပေပြီ။ သူ့ခန္ဓာကိုယ်မှနေ၍လည်း သတ်ဖြတ်အရှိန်အဝါ တထောင်းထောင်းထနေသည်။ ထို့နောက် သူသည် ရုတ်တရက် ထရပ်လိုက်ပြီး ဟင်းလင်းပြင်ကို စုတ်ဖြဲကာ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးလိုက်လေတော့သည်။

***

All Chapters