မြို့ကို ကျူးကျော်ခြင်း
Vol. 69 Ch. 957
ဝူနီနှင့် ကျီထင်ယွီတို့က အမှန်ပင် ဟုန်ဝူမြို့သို့ မရောက်သေးပေ။ ထို့ကြောင့် မြို့အရှင်စံအိမ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေပေသည်။ အတွင်းခြံဝန်းထဲ၌ ပူဆွေးစွာ ငိုနေသော မိန်းမလှလေးတစ်ယောက်ရှိ၏။ သူမကို အေးစက်စက်မျက်နှာထားနှင့် လူငယ်တစ်ယောက်က ဘေးမှနေ၍ အဖော်ပြုပေးနေသည်။ သူသည် အမျိုးသမီးက အငိုတိတ်မည့်ပုံ မပေါ်သည်ကို တွေ့လိုက်သောအခါ စိတ်ရှုပ်ဟန်ဖြင့် စားပွဲကို ရိုက်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
“ငို...ငို...ငို... မင်းက ငိုဖို့ပဲတတ်တယ်။ ယင်အာ... မင်းရဲ့ မောင်လေးက လွယ်လွယ်နဲ့ သေမှာ မဟုတ်ပါဘူး။ သူ့ကိုကယ်ဖို့ ငါ လူတွေလည်း စေလွှတ်ထားပြီးပြီ။ မင်းငိုနေလို့လည်း ဘာမှထူးသွားမှာ မဟုတ်ဘူး”
အမျိုးသမီးက အတော်လေး ချောမော၏။ သူမ၏ မျက်ရည်များရွှဲနေသော မျက်နှာလေးကို တစ်ချက်ကြည့်မိသူတိုင်း သူမကို သနားသွားနိုင်ပေသည်။ ထိုစဉ် သူမက ခေါင်းခါလိုက်ပြီး ရှိုက်သံလေးဖြင့် ပြောလိုက်သည်။
“ကျွန်မ ဂရုမစိုက်ဘူး... ဂရုမစိုက်ဘူး။ ကျွန်မရဲ့ မောင်လေးသာ တစ်ခုခုဖြစ်သွားရင် ကျွန်မလည်း အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး... ကျွန်မရဲ့ အဖေကို ဘယ်လို ရှင်းပြရမှာလဲ”
“မင်းတစ်ယောက်ပဲ ရှင်းပြစရာလိုတာလို့ ထင်လို့လား... ငါလည်း ရှင်းပြရမှာပဲကွ”
လူငယ်က ဝူယင်အာကို စိုက်ကြည့်လိုက်ပြီး ညိုမှိုင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ကျန်းရီ... အဲ့မျိုးမစစ်ကောင်က တကယ်ပဲ အရှေ့ဘက် တော်ဝင်နယ်မြေထဲကို ခိုးဝင်လာရဲတယ်ပေါ့လေ။ ဝူမျိုးနွယ်က ထောက်လှမ်းရေးဌာနကလူတွေကို အလကား တင်ကြွေးထားတာလား။ ငါ့ပိုင်နက်ထဲမှာ ဝူနီ တစ်ခုခုဖြစ်သွားရင် ငါ့ရဲ့ မြို့အရှင်ရာထူးလည်း မြောင်းထဲရောက်သွားမှာပဲ။ မျိုးမစစ်ကျန်းရီ.... မင်း ငါ့လက်ထဲ ရောက်လာလို့ကတော့ သတ်ပေးပါတော့ဆိုပြီး တောင်းပန်လာစေရမယ်”
“ကျန်းရီ... အဲ့သောက်မျိုးမစစ်ကောင်”
ဝူယင်အာ၏မျက်ဝန်းများထဲတွင် အမုန်းတရားတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူမ အံကြိတ်ကာ ပြောလိုက်သည်။
“အဲ့အပြစ်သားကျွန်းက ဝရမ်းပြေးက ကျွန်မတို့ ဝူမျိုးနွယ်နဲ့ ရန်သူဖြစ်ရဲတယ်ပေါ့လေ။ ဒီတစ်ခေါက်တော့ ကျွန်မ သူ့ကို မရှုမလှသေသွားအောင် လုပ်ပစ်မယ်”
ဝုန်း...
ဝူယင်အာ၏ စကားဆုံးသွားပြီးနောက် မြေပြင်က ရုတ်တရက် တုန်ခါလာ၏။ အိမ်တစ်ခုလုံးလည်း အပြင်းအထန် တုန်ခါလာသည်။ သူမသည် တုန်ယင်က မြေပြင်ပေါ်တွင် ဖင်ထိုက်ရက် လဲကျသွား၏။
ဝူယင်အာသည် မျက်တောင်ပုတ်ခတ်လိုက်ပြီး နားမလည်နိုင်ဟန်ဖြင့် သူမ၏ခင်ပွန်းကို ဟုန်ပိုကို ကြည့်လိုက်လေသည်။ ဟုန်ပိုသည် မျက်နှာဖြူရော်နေ၏။ သူ၏မျက်ဝန်းများထဲတွင်လည်း ကြောက်ရွံ့မှုနှင့် ပြည့်နှက်နေသည်။
ဝူယင်အာ၏ အင်အားက မဆိုးလှဟုဆိုနိုင်သော ဗာဂျရာနယ်ပယ် အထွတ်အထိပ်အဆင့်ပင်။ သူမသည် ကောင်းကင်စိတ်အာရုံဖြင့် အပြင်ဘက်သို့ အာရုံခံလိုက်ပြီး လျင်မြန်စွာ ရေရွတ်လိုက်၏။
“မြို့အကာအရံက ဖျက်ဆီးခံလိုက်ရပြီ။ ဘာတွေ ဖြစ်နေတာလဲ။ အာ... တစ်ယောက်ယောက်က မြို့ကို တိုက်ခိုက်နေပြီ”
“ဝိုး...”
ဝူယင်အာသာမက မြို့ထဲရှိ လူအားလုံးလည်း အံ့အားသင့်သွား၏။ အစောတွင် မြို့အထက်ရှိ ကောင်းကင်ထဲ၌ လူတစ်ယောက် ထွက်ပေါ်လာခဲ့၏။ ထိုလူသည် စုတ်ပြဲနေသော သံချပ်ကာကို ဝတ်ဆင်ထားပြီး သွေးအလူလူး ပေကျံနေပေသည်။ သူ၏အနီရောင်ခေါင်းဆောင်းအောက်တွင် သွေးများပေနေသော ခံ့ညားသည့် မျက်နှာတစ်ခုရှိ၏။ သူ၏မျက်ဝန်းများကလည်း မိစ္ဆာတစ်ကောင်၏ မျက်ဝန်းများကဲ့သို့ ရဲရဲနီနေသည်။
ထိုလူသည် မြင့်မားသော ကောင်းကင်ထက်တွင် ထွက်ပေါ်လာကာ အောက်ဘက်သို့ လက်ဝါးချက် အနည်းငယ် ရိုက်ချခဲ့၏။ ထို့ကြောင့် မြို့အကာအရံက တောက်ပသွားပြီး အပြင်းအထန် တုန်ခါကာ ပျက်စီးသွားခဲ့ခြင်းပင်။
လွန်စွာကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်အရှိန်အဝါက မြို့တစ်ခွင်လုံးကို ရုတ်ခြည်း လွှမ်းခြုံသွား၏။ ထိုမိစ္ဆာဆန်သော အေးစက်စက်အရှိန်အဝါက မရေမတွက်နိုင်သော လူများကို ကြောက်ရွံ့မှင်တက်သွားစေလေသည်။ သူတို့သည် အသက်ပင်မရှူနိုင်ကြတော့ပေ။
“ဟွန်း...”
ကောင်းကင်ထက်တွင် ထွက်ပေါ်လာသူမှာ ကျန်းရီဖြစ်သည်။ သူသည် ထွက်ပေါ်လာချင်းချင်း ဝိညာဉ်လေဓားများကို ထုတ်၍ တိုက်ခိုက်လိုက်ခြင်းပင်။ မြို့မှ အစောင့်များ မတုံ့ပြန်နိုင်သေးခင်မှာပင် သူက မြို့ထဲသို့ အတင်းဝင်ရောက်လာပြီဖြစ်သည်။
ဟုန်ဝူမြို့က မြို့ကြီးတစ်မြို့ပင်။ ထို့ကြောင့် အလွန်စွမ်းအားကြီးသော အကာအရံတစ်ခု ရှိပေသည်။ သို့သော် ထိုအခိုက်တွင် ယင်းအကာအရံကို မနှိုးထားပေ။ ဤနေရာက ဝူမျိုးနွယ်၏ ပိုင်နက် မဟုတ်ပါလား။ ဝူမျိုးနွယ်၏ မြို့များကို တိုက်ခိုက်ဝံ့သူတိုင်း သေဆုံးသွားရသည်ဟု သမိုင်းများထဲတွင် မှတ်တမ်းတင်ထားသည် မဟုတ်လော။ ထို့ကြောင့် ဟုန်ဝူမြို့သည် စွမ်းအားကြီး အကာအရံကို နှိုးခဲပေသည်။ စွမ်းအားကြီး အကာအရံများကို နှိုးရန် ကောင်းကင်ကျောက်တုံးများ ပိုသုံးရသည် မဟုတ်ပါလား။
ဝှစ်...
ကျန်းရီသည် မြို့အကာအရံကို ဖျက်ဆီးပြီးနောက် မြို့အရှင်စံအိမ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်၏။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဝိညာဉ်လေအလွှာတစ်ခု ရှိနေ၏။ သူ့လက်ထဲတွင်လည်း သံနက်ဓား ထွက်ပေါ်လာသည်။ ထို့နောက် သူသည် သံနက်ဓားကို အဆက်မပြတ် လှုပ်ယမ်းလိုက်လေသည်။
ဂျိန်း...ဂျိန်း...ဂျိန်း...
သံနက်ဓား လှုပ်ယမ်းသွားသောအခါ လေပြင်းများ တိုက်ခတ်လာပြီး ကောင်းကင်ထက်တွင် တိမ်များ ရစ်သိုင်းလာကာ မိုးကြိုးတန်းများ ထွက်ပေါ်လာလေသည်။ လက်မောင်းလုံးခန့် ကြီးသော မိုးကြိုးတန်းများသည် အောက်ဘက်သို့ ကျဆင်းလာပြီး မြို့အရှင်စံအိမ်အတွင်းမှ ပျံထွက်လာသော အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များကို ထိမှန်သွားကြသည်။
ဝှစ်...ဝှစ်...ဝှစ်...
မြို့ထဲရှိ ပညာရှင်များက နောက်ဆုံးတွင် သတိပြန်ကပ်လာပေပြီ။ မြို့ထဲရှိ မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ်များမှ မျိုးနွယ်ခေါင်းဆောင်များက ပျံတက်လိုက်ကြပြီး ထိုကျူးကျော်သူကို တားဆီးကာ မြို့အရှင်ဟုန်ပိုကို ကာကွယ်ရန် ဟန်ပြင်လိုက်ကြသည်။
“ငါက ကျန်းရီပဲ။ ဒီနေ့ ငါလာခဲ့တာ ဝူမျိုးနွယ်က လူတွေအတွက်ပဲ။ ဒါပေမဲ့ မဆိုင်တဲ့သူတွေ ငါ့ကို တားရင် ငါ ဟုန်ဝူမြို့တစ်မြို့လုံးကို သတ်ပစ်မယ်။ ငါ မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ထုတ်လိုက်တာနဲ့ မြို့ထဲက လူအားလုံး သေရလိမ့်မယ်။ မယုံဘူးဆိုရင် စမ်းကြည့်လိုက်ပေါ့...”
ကျန်းရီ၏ အေးစက်စက်အသံကြောင့် လျင်မြန်စွာ ပျံတက်နေသော မျိုးနွယ်ခေါင်းဆောင်များ တုံ့သွားကြ၏။ ထိုအခိုက်တွင် ကောင်းကင်ထက်မှနေ၍ မိုးကြိုးတန်းအနည်းငယ် ထပ်မံကျဆင်းလာ၏။ ထိုအခါမှ သူတို့ သဘောပေါက်သွားကြပြီး လျင်မြန်စွာ အော်လိုက်ကြသည်။
“အဲ့ဒါက မိုးကြိုးအမျက်ပဲ။ အစောက ရောက်လာတဲ့လူကလည်း ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးပြီး ရောက်လာတာ။ အဲ့လူက တကယ် ကျန်းရီပဲ”
“ကျန်ရီလား...”
အားလုံး မလှုပ်ရှားဝံ့ကြတော့ပေ။ သူတို့သည် ကျန်းရီ၏ စကားများကို ပြန်တွေးမိသောအခါ နောက်ကျောပြင်တွင် ချွေးစို့လာလေသည်။
ဟုတ်၏။
အကယ်၍ ကျန်းရီသာ မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ထုတ်လိုက်လျှင် မြို့ထဲရှိ လူအားလုံးက မီးလောင်ကျွမ်းသေဆုံးသွားပေလိမ့်မည်။ အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများစွာသည် ကောင်းကင်ဧကရာဇ်များကိုပင် လောင်ကျွမ်းပြာချပစ်နိုင်အောင် ပူပြင်းသည့် ကျန်းရီ၏ မိုးကြိုးမီးနတ်ဘုရားဒိုင်းအကြောင်းကို သိကြပေသည်။
ကျန်းရီက မြို့အရှင်စံအိမ်ကို တိုက်ခိုက်နေခြင်းပင်။ မြို့အရှင်စံအိမ်အတွင်းမှ ထွက်လာသော ပညာရှင်များထဲတွင် အသက်ရှင်သူ သိပ်မကျန်တော့ပေ။ သူတို့သာ ဝင်မကူပါက မြို့အရှင်ဟုန်ပိုနှင့် ဝူယင်အာတို့က သေချာပေါက် သေရပေတော့မည်။ ထိုသို့ဖြစ်လာလျှင် သူတို့လည်း သေခြင်းကို ရှောင်လွှဲနိုင်မည် မဟုတ်ချေ။ သို့သော် သူတို့ လှုပ်ရှားလိုက်လျှင်လည်း ကျန်းရီက မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ထုတ်လွှတ်လိုက်မည်ဖြစ်သည်။ သို့ဆိုလျှင် မြို့ထဲရှိ လူတစ်ဝက်ကျောက်ကျော်လောက် သေသွားမည်ဖြစ်သည်။ သူတို့၏ မျိုးနွယ်ဝင်များ၊ သားများ၊ မြေးများ အားလုံး သေသွားပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး အံကြိတ်ကာ ပြန်ဆုတ်သွားကြလေသည်။
ကျန်းရီဆိုသော အမည်က အလွန်ရှိန်ဖွယ် ကောင်းပေသည်။ ထိုအရူးက မြောက်ဘက်ဧကရာဇ်၏ ဝူမျိုးနွယ် ပိုင်သော မြို့ကိုပင် အမှန်တကယ် တိုက်ခိုက်ဝံ့ပြီး မြို့ထဲရှိ လူအားလုံးကို ခြိမ်းခြောက် ဝံ့ပေသည်။ ဤတိုက်ပွဲက အင်အားကြီးသူများကြားမှ တိုက်ပွဲပင်။ သူတို့ကဲ့သို့ အင်အားနည်းသူများက ဝင်မပါလျှင် အကောင်းဆုံးဖြစ်သည်။
“ဟွန်း...”
ကျန်းရီသည် မိုးကြိုးအမျက်ကို ထုတ်လွှတ်လိုက်ပြီးနောက် ဝိညာဉ်လေများကို ဆက်၍ထုတ်လွှတ်လိုက်ရာ လူတစ်ရာကျော်နှင့် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ အပိုင်းပိုင်းပြတ်သွားလေသည်။ ထို့နောက် သူ ထပ်မံ အော်ပြောလိုက်သည်။
“ဘေးဖယ်ကြ... မဟုတ်ရင် မင်းတို့အကုန်လုံး သေရမယ်”
ဝှစ်...ဝှစ်...ဝှစ်...
မြို့အရှင်စံအိမ်ထဲတွင် ပညာရှင် အနည်းငယ်သာ ကျန်တော့ပေသည်။ သို့သော် သာမန် ကောင်းကင်ဧကရာဇ် တပ်သား ထောင်ကျော်တော့ ကျန်ပေသေးသည်။ ထိုတပ်သားထောင်ကျော်သည် ကျန်းရီ၏ အော်ပြောသံကို ကြားလိုက်သော်လည်း မရပ်တန့်ကြဘဲ ဆက်ပျံသန်းလာကြသည်။
ထိုတပ်သားများ၏ တာဝန်မှာ မြို့အရှင်စံအိမ်၊ မြို့အရှင်ဟုန်ပိုနှင့် ဝူယင်အာတို့ကို ကာကွယ်ရန်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ကျန်းရီက ဟုန်ပိုနှင့် ဝူယင်အာကို သတ်သည်ကို ဘေးမှ ရပ်မကြည့်နေနိုင်ပေ။
ရွှစ်...ရွှစ်...
ဝုန်း..ဝုန်း...
ဝုန်း...ဝုန်း...
တစ်ချိန်တည်းမှာပင် ထောင်ချီသော တိုက်ခိုက်မှုများ ထွက်ပေါ်လာ၏။ သို့သော် ကျန်းရီ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်းက စွမ်းအားကြီးလွန်းပေသည်။ ဝိညာဉ်လေနတ်ဘုရားဒိုင်းသည် ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန် ‘ပြစ်ဒဏ်စီရင်လေဓား’ကို ကာနိုင်ခဲ့သည်ဖြစ်ရာ ထိုအဆင့်နိမ့် ကောင်းကင်ဧကရာဇ်များ၏ တိုက်ခိုက်မှုများကို အလွယ်တကူ ကာနိုင်နေလေသည်။
“သေပေတော့...”
ကျန်းရီသည် ထိုတပ်သားများက သေရမည်ကို မကြောက်ကြကြောင်း မြင်လိုက်သောအခါ ညှာမနေတော့ပေ။ သူသည် လက်ဝါးချက်အနည်းငယ် ရိုက်ထုတ်လိုက်ပြီး ဝိညာဉ်လေဓားများ ဖန်တီးလိုက်လေသည်။ ထိုဝိညာဉ်လေဓားများက ထိုတပ်သားများထံသို့ ပျံသန်းသွား၏။ ရုတ်ခြည်းဆိုသလိုပင် သူတို့၏ နတ်ဘုရားဒိုင်းများ ပျက်စီးသွားပြီး သူတို့၏ခန္ဓာကိုယ်များ အပိုင်းပိုင်း ပြတ်သွားကြသည်။ သူတို့သည် ရိတ်လှီးခံလိုက်ရသော ကောက်ပင်များကဲ့သို့ပင်။ ဟုန်ဝူမြို့၏ မြို့အရှင်စံအိမ်က ငရဲတစ်ခု ဖြစ်သွားပေပြီ။
ဝှစ်...
ကျန်းရီသည် ခက်ထန်သော နဂါးတစ်ကောင်ကဲ့သို့ မြို့အရှင်စံအိမ်၏ အတွင်းခြံဝန်းထဲရှိ ခမ်းနားသော ရဲတိုက်တစ်ခုထဲသို့ ပျံဝင်သွားလိုက်လေသည်။ အထဲတွင် ခံညားသော လူငယ်တစ်ယောက်နှင့် လှပသော မိန်းမပျိုတစ်ယောက် ရှိနေသည်။ မိန်းမပျိုက ဝူနီနှင့် ဆင်တူပေသည်။ ထိုစဉ် အစောင်များစွာက ရဲတိုက်ထဲသို့ အသည်းအသန် ပြေးဝင်လာကြ၏။ ထို့ကြောင့် ထိုနှစ်ယောက်က ဝူနီ၏ အစ်မကြီးနှင့် ယောက်ဖဖြစ်ကြောင်း ပြောနေရန်ပင် မလိုတော့ပေ။
“မင်းတို့နှစ်ယောက် မခုခံနဲ့။ အညတရကျန်းက မင်းတို့နှစ်ယောက်ကို သုံးပြီး လူတစ်ယောက်ကို ကယ်ဖို့ လိုနေတယ်။ မင်းတို့သာ ငါ့စကားကို နားထောင်မယ်ဆိုရင် မင်းတို့ကို ထိခိုက်အောင် မလုပ်ဘူးလို့ ငါ ကတိပေးတယ်။ အဲ... ငါ့စကားကို နားမထောင်ရင်တောင် အညတရကျန်းက ရက်စက်တယ်လို့ အပြစ်မတင်နဲ့”
ကျန်းရီ၏ အေးစက်စက်အသံက ပဲ့တင်ထပ်သွား၏။ ဝူယင်အာနှင့် ရဲတိုက်အတွင်းမှ အစေခံမလေးများသည် ကြောက်မက်ဖွယ် သတ်ဖြတ်အရှိန်အဝါ၏ ဖိအားကြောင့် မလှုပ်ရှားနိုင်ဖြစ်သွားကြသည်။ ဟုန်ပိုက ဒေါသတကြီးဖြင့် ကြိမ်းမောင်းလိုနေ၏။ သို့သော် ကျန်းရီသည် ဓားပျော့ကို ထုတ်၍ လှုပ်ယမ်းလိုက်ပြီး နတ်ဘုရားအသံကောင်းကင်အတတ်ကို ထုတ်လွှတ်လိုက်လေသည်။ ရုတ်ခြည်းပင် ဟုန်ပိုသည် သူ့ခေါင်းကို ဆုပ်ကိုင်ကာ ကြမ်းပြင်ပေါ်တွင် လူးလွန့်သွားသည်။ ရဲတိုက်အတွင်းရှိ ကျန်သူများကလည်း သူတို့၏ ခေါင်းများကို ဆုပ်ကိုင်ကာ နာကျင်တကြီး အော်ဟစ်နေကြလေသည်။
ရွှက်...ရွှက်...
ကျန်းရီ၏ ဓားပျော့က ဟုန်ပို၏ ဝမ်းဗိုက်ကို လှီးဖြတ်လိုက်ပြီး သူ၏ဒန်တျန်ကို ဖျက်ဆီးလိုက်သည်။ ထို့နောက် ကျန်းရီသည် ဧကရာဇ်နန်းတော်ကို ထုတ်၍ ဟုန်ပိုနှင့် ဝူယင်အာတို့ကို အထဲသို့ ထည့်လိုက်လေသည်။
ကျန်းရီသည် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်သွားလိုက်သည်။ သို့သော် သူသည် မသွားခင်တွင် စကားတစ်ခွန်း ချန်ခဲ့၏။
“ဝူနီကို သတင်းပို့လိုက်... သူ ဝူယင်အာကို ဘေးကင်းကင်နဲ့ ပြန်လိုချင်ရင် စုလောရွှယ်ကို လွှတ်ပေးဖို့ ကျီထင်ယွီကို ခိုင်းလိုက်ပါလို့ ပြောလိုက်။ စုလောရွှယ်သာ နည်းနည်းလောက် ထိခိုက်သွားမယ်ဆိုရင် ဝူယင်အာရဲ့ အလောင်းနဲ့ ငါကျန်းရီရဲ့ လက်စားချေမှုကို လက်ခံဖိုသာ ပြင်ထားတော့လို့လည်း သူ့ကို ပြောလိုက်”
ဝှစ်...ဝှစ်...
ကျန်းရီ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ခွာသွားတော့မှ မျိုးနွယ်ခေါင်းဆောင်များက မြို့အရှင်စံအိမ်ထဲမှ ထွက်လာဝံ့ကြလေသည်။ သူတို့သည် ကြမ်းပြင်ပေါ်တွင် အလောင်းများ ပြည့်နှက်နေသည်ကို မြင်လိုက်သောအခါ ပင့်သက်ရှိုက်လိုက်ကြ၏။ ဤတစ်ကြိမ်တွင် ကျန်းရီက အမှန်ပင် စည်းကျော်ခဲ့ပေပြီ။
***