ဘဝက မရေရာမှုများနှင့် ပြည့်နှက်နေသည်
Vol. 69 Ch. 958
ကျန်းရီသည် ဤတစ်ကြိမ်တွင် အမှန်ပင် တရားလွန်သွားခဲ့ပြီဖြစ်သည်။ ကုလားအုပ်တောင်နှင့် ဟုန်ဝူမြို့မှ အကြောင်းများက နှစ်ရက်အတွင်းမှာပင် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးသို့ ပျံ့နှံ့သွားပေသည်။ နယ်မြေတစ်ခွင်လုံး အုတ်အော်သောင်းနင်း ဖြစ်သွားပြီး မရေမတွက်နိုင်သော မြို့များလည်း ဆူညံပွက်သွားကြသည်။
အရှေ့ဘက် တော်ဝင်နယ်မြေတွင် ကျန်းရီဟူသောအမည်က အမည်စိမ်းတစ်ခု မဟုတ်ပေ။ သူက ဆန်းကြယ်နတ်ဘုရားနန်းတော်တွင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ သခင်လေးများနှင့် သခင်မလေးများကို အနိုင်ယူ၍ ရတနာများကို ရယူနိုင်ခဲ့ခြင်း၊ ရှီးဖေးနှင့် ကျန့်ဝူယင်းတို့ပင် သူ့ကို လိုက်မဖမ်းနိုင်ခဲ့ခြင်းတို့ကို ထည့်မတွက်လျှင်ပင် သူ အပြစ်သားကျွန်းတွင် ရရှိခဲ့သော အောင်မြင်မှုများနှင့် သူနှင့်အောင်းလု၏ ဆက်ဆံရေးတို့က အရှေ့ဘက် တော်ဝင်နယ်မြေရှိ လူများအားလုံး သူ့ကို မှတ်မိသွားစေရန် လုံလောက်ပေသည်။
အပြစ်သားကျွန်းသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့် အရှေ့ဘက် တော်ဝင်နယ်မြေတို့အတွက် အရှက်ရစရာတစ်ခုဖြစ်သည်။ ထိုကျွန်းသည် အရှေ့ဘက် တော်ဝင်နယ်မြေတွင် မနေထိုင်နိုင်သူများ၏ ခိုလှုံရာနေရာတစ်ခုပင်။
အရှေ့ဘက် တော်ဝင်နယ်မြေမှ မျိုးနွယ်များစွာသည် အပြစ်သားကျွန်း၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြပေသည်။ အပြစ်သားကျွန်းနှင့် အရှေ့ဘက် တော်ဝင်နယ်မြေတို့က ရန်သူများ မဟုတ်ပါလား။ အပြစ်သားကျွန်းမှ လူများသည် အရှေ့ဘက် တော်ဝင်နယ်မြေအတွင်းသို့ အမြဲ ကျူးကျော်လိုခဲ့ကြ၏။ အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများကလည်း အပြစ်သားကျွန်းကို အမြဲ ဖျက်ဆီးလိုခဲ့ကြသည်။
ကျန်းရီသည် အပြစ်သားကျွန်းတွင် အလွန်ကျော်ကြာပြီး အောင်မြင်မှုများစွာလည်း ရရှိခဲ့သည်။ သူ၏ ကောင်းကင်ပန်းချီကားသုံးချပ်က မိုးထိမြင့်သောဈေးကို ရခဲ့သည်ဆိုသော အကြောင်းက ကျော်ကြားသော ဇာတ်လမ်းတစ်ခုပင်။ သူ၏ပန်းချီကားသုံးချပ်ကို အရှေ့ဘက် တော်ဝင်နယ်မြေရှိ လေလွင့်ကဗျာဆရာများက ချီးကျူးကြသည်။
ကျန်းရီနှင့်ပတ်သတ်လျှင် အရှေ့ဘက် တော်ဝင်နယ်မြေရှိ လူများ၏ အမြင်များက ကွဲပြားကြ၏။
လူအချို့သည် ကျန်းရီကို ကယ်တင်၍ မရနိုင်တော့သော နတ်ဆိုး၏ လက်ပါးစေ၊ အပြစ်သားကျွန်းမှ ဝရမ်းပြေး၊ လူသားမျိုးနွယ်၏ သစ္စာဖောက်ဟု မြင်ကြ၏။ အချို့ကမူ ကျန်းရီက ထူးခြားသော လူငယ်ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အနာဂတ်တွင် လောက၏ အထွတ်အထိပ်သို့ ရောက်နိုင်မည့် အလားအလာရှိသူတစ်ယောက်ဟု မြင်ကြသည်။
ကုလားအုပ်တောင်နှင့် ဟုန်ဝူမြို့မှ ကိစ္စများဖြစ်ပျက်ပြီးနောက် ကျန်းရီကို နတ်ဆိုး၏လက်ပါးစေဟု ထင်သူများက သူတို့၏ အထင်အပေါ် ပို၍သေချာသွားကြသည်။ သူတို့သည် ကျန်းရီက အပြစ်သားကျွန်းက စေလွှတ်လိုက်သော သူလျှိုဖြစ်ပြီး အရှေ့ဘက် တော်ဝင်နယ်မြေတွင် သတ်ဖြတ်မှုများ ကျူးလွန်လိုနေသည်ဟု ယုံကြည်ကြ၏။ ကျန်းရီက အရှေ့ဘက် တော်ဝင်နယ်မြေတွင် သွေးချောင်းစီးအောင် လုပ်၍ မိစ္ဆာမျိုးနွယ်ကို လူသားမျိုးနွယ်အား အနိုင်ယူနိုင်ရန် ကူညီပေးလိုနေခြင်းဟု သူတို့ ယုံကြည်ကြသည်။
သို့သော် လူများစွာသည်လည်း ကျန်းရီ၏ လုပ်ရပ်များကို လေးစားနေကြ၏။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို အံတုဝံ့သူ မရှိခဲ့သည်မှ နှစ်ပေါင်းမည်မျှ ကြာခဲ့ပြီနည်း။ သူတို့သည် ကျန်းရီ၏အဆုံးသတ်က မည်သို့ ဖြစ်မည်ကို အရေးမစိုက်ကြပေ။ အနည်းဆုံးတော့ ကျန်းရီ၏ သတ္တိက ချီးကျူးခံရရန် ထိုက်တန်ပေသည်။
ကျန်းရီ၏ အဆုံးသတ်က ကောင်းလိမ့်မည်ဟု မည်သူမှ မထင်ကြပေ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ ရန်သူများက အဆုံးသတ်မလှတတ်ကြကြောင်း သမိုင်းကြောင်းက သက်သေပြပြီးခဲ့ပြီ မဟုတ်ပါလား။ မည်သူဖြစ်စေ ချွင်းချက်မရှိ သေရမည်သာ။
***
ရွှီး...ရွှီး...ရွှီး...
မြောက်ဘက်ဧကရာဇ်မြို့၏ တည်နေရာပြောင်းရွှေ့အစီအရင်က အဆက်မပြတ် တောက်ပနေ၏။ မြောက်ဘက်ဧကရာဇ်ကလည်း ဒေါသူပုန်ထနေသည်။ သူသည် သူ၏မျိုးနွယ်ကို ကျန်းရီအား လိုက်ဖမ်းရန် ကိုယ်တိုင် အမိန့်ပေးခဲ့သည်။ ထိုကိစ္စကို မြောက်ဘက်ဘုရင်က တာဝန်ယူထားရသည်။ သူတို့သည် ဟုန်ဝူမြို့သို့ မရေမတွက်နိုင်သော ပညာရှင်များ စေလွှတ်ခဲ့၏။ ထို့ပြင် နတ်ဘုရားတစ်ပိုင်းအဆင့် အကြီးအကဲဆယ်ယောက်ကိုလည်း စေလွှတ်ခဲ့သည်။
အတိတ်တွင် ကျန်းရီသည် ကောင်းကင်ကြယ်တာရာမြို့ရှိ သိုင်းခန်းမခွဲနှင့် ဖီးနစ်အော်သံနယ်မြေရှိ သိုင်းခန်းမခွဲတို့ကို ဖျက်ဆီးခဲ့၏။ ထိုကိစ္စများကို အသေးအဖွဲဟု မှတ်ယူနိုင်သည်။ ဆန်းကြယ်ဧကရာဇ်နန်းတော်အပြင်ဘက်တွင် သူ ဝူနီကို တိုက်ခိုက်ခဲ့သည်ကလည်း အသေးအဖွဲကိစ္စတစ်ခုပင်။ သူ ကုလားအုပ်တောင်တွင် ဝူနီ၏ ကောင်းကင်ကံကြမ္မာသင်္ဘောကို တားကာ တိုက်ခိုက်ခဲ့ခြင်းသည်ပင် ကိစ္စကြီးတစ်ခုမဟုတ်ပေ။
သို့သော် ကျန်းရီက ဟုန်ဝူမြို့ကို တိုက်ခိုက်ကာ မြို့ထဲရှိ လူထောင်ကျော်ကို ပေါ်ပေါ်ထင်ထင် သတ်ဖြတ်ခဲ့သည်။ ယင်းက ကိစ္စကြီးတစ်ခုပင်။
ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ အာဏာကို အထိပါးမခံနိုင်ပေ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ မြို့များမှ မျိုးနွယ်ဝင်များ သို့မဟုတ် အင်အားစုများကို တိုက်ခိုက်ဝံ့သူတိုင်းသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို စော်ကားခြင်းပင်။ ယင်းက မြောက်ဘက်ဧကရာဇ်၏ ဝူမျိုးနွယ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့လည်း ဖြစ်သည်။ အကယ်၍ ဝူမျိုးနွယ်သာ ပြန်မတုံ့ပြန်လျှင် သူတို့သည် အဘယ်သို့ ဆက်၍ ခေါင်းကော့ရင်မော့ နေနိုင်ဦးမည်နည်း။ သူတို့၏ စစ်အင်အားကို မည်သူက ကြောက်ပါဦးမည်နည်း။
ပထမအကြိမ်ရှိလာလျှင် ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ မြို့များကို တိုက်ခိုက်ဝံ့သူများ အလျှိုလျှို ထွက်ပေါ်လာပေလိမ့်မည်။ ယင်းအဖြစ်က ဝူမျိုးနွယ်လက်အောက်ရှိ မျိုးနွယ်ကြီးများနှင့် မျိုးနွယ်ငယ်များကို အတွေးစတစ်ခု ပေးနိုင်ပေသည်။
ထို့ကြောင့် ကျန်းရီ သေရပေမည်။ မည်သည့်အခါတွင်မှ ကိုယ်တိုင်ဝင်မပါတတ်သော မြောက်ဘက်ဧကရာဇ်သည်ပင် ကိုယ်တိုင် အမိန့်ပေးခဲ့သည်။ မြောက်ဘက်ဘုရင်ကလည်း ကျန်းရီကို လိုက်လံသတ်ဖြတ်မည့်ကိစ္စကို ကိုယ်တိုင် တာဝန်ယူထားပေသည်။
***
ရှပ်...ရှပ်...ရှပ်...
ဗုဒ္ဓရဲတိုက်၏ ခြံဝန်းထဲရှိ ဇင်အခန်းတစ်ခန်းထဲတွင် ရီချန်က တိတ်တဆိတ် တရားထိုင်နေ၏။ အပြင်ဘက်တွင် ခပ်သွက်သွက် လျှောက်လာသော ခြေသံများကို ကြားနေရသည်။ မျက်နှာဖုံးအောက်ရှိ ရီချန်၏ မျက်ခုံးများက အတန်ငယ် တွန့်ကွေးသွား၏။ သူမသည် တရားထိုင်နေချိန်တွင် နှောင့်ယှက်ခံရသည်ကို အမုန်းဆုံးပင်။ ထိုအကြောင်းကို သူမ၏ အစေခံအားလုံးက သိကြသည်။ ကိစ္စကြီးတစ်ခုခု ဖြစ်လာ၍ရော။
ကျွီ...ကျွီ...
အခန်းတံခါးက ဖြည်းဖြည်းချင်း ပွင့်သွားပြီး အခန်းထဲသို့ ခံ့ညားသော သခင်လေးတစ်ယောက် လျှောက်ဝင်လာသည်။ သူက ရီချန်၏ အစ်ကို ရီကျန်းပင်။ သူသည် အခန်းထဲသို့ ရောက်ရောက်ချင်း လေးနက်သောလေသံဖြင့် ပြောလိုက်လေသည်။
“ရီချန်... ပိုင်ရီ ထွက်ပေါ်လာပြီ။ အခုပဲ သတင်းရောက်တာ။ သူက ဝူနီရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောနဲ့ ဟုန်ဝူမြို့ကို တိုက်ခိုက်ခဲ့တယ်... လူတွေကိုလည်း ထောင်နဲ့ချီပြီး သတ်သွားတယ်။ သူက ဝူမျိုးနွယ်ရဲ့ ကြယ်လေးပွင့် ပညာရှင်တွေနဲ့ ကြယ်ငါးပွင့်ပညာရှင်တွေကိုပါ သတ်သွားတာ။ ပြီးတော့ သူ ဟုန်ဝူမြို့ကို တိုက်ခိုက်ပြီး ဝူနီရဲ့အစ်မ ဝူယင်အာနဲ့ ဟုန်မျိုးနွယ်ရဲ့ ပထမသခင်လေး ဟုန်ပိုကို ဖမ်းခေါ်သွားတယ်”
“အာ...”
ရီချန်၏ သေးသွယ်သောခန္ဓာကိုယ်လေး တုန်ယင်သွားသည်။ ကျန်းရီ ပန်းချီကမ်းပါးမှ ထွက်သွားခဲ့ကတည်းက ရီချန်သည် ပိုင်ရီ၏သတင်းများကို စုံစမ်းပေးရန် မျိုးနွယ်ကို ပြောခဲ့သည်။ သို့သော် ပိုင်ရီက ထိုမျှ ကမူးရှူးထိုးဖြင့် ဝူနီကို တိုက်ခိုက်ဝံ့လိမ့်မည်ဟု သူမ မထင်ထားပေ။ သူက မြို့ကိုပင် တိုက်ခိုက်ခဲ့သေးသည်။
“အဲ့ဒါက ကိစ္စကောင်းပဲ”
ရီချန်သည် တောက်ပသောမျက်ဝန်းများဖြင့် ထရပ်ကာ ပြောလိုက်၏။
“ပိုင်ရီကို လိုက်ရှာဖို့ ချက်ချင်း လူတစ်ယောက် စေလွှတ်လိုက်ပါ။ ဒါက ပိုင်ရီကို သိမ်းသွင်းနိုင်မယ့် အကောင်းဆုံးအခွင့်အရေးပဲ။ သူသာ ကျွန်မတို့ မျိုးနွယ်ထဲကို ဝင်ချင်မယ်ဆိုရင် ဝူမျိုးနွယ်နဲ့ ညှိနှိုင်းပေးဖို့ ကျွန်မ အဘိုးကို တောင်းဆိုလိုက်မယ်”
“အဟင်း...”
ရီကျန်းက ခါးသက်သက် ရယ်လိုက်ပြီး ခေါင်းခါလိုက်သည်။
“ငါတို့ သူ့ကို သိမ်းသွင်းနိုင်မှာ မဟုတ်ဘူး။ သူက ငါတို့ ဧကရာဇ်ကိုးပါးမျိုးနွယ်စုနဲ့ ရန်သူဖြစ်ဖို့ ကံကြမ္မာပါလာပြီးသား...”
ရီချန်က အတန်ငယ် အံ့အားသင့်သွားပြီး ခပ်သွက်သွက် မေးလိုက်သည်။
“ဘာလို့လဲ”
ရီကျန်းက သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ သူက ပိုင်ရီပဲမဟုတ်ဘဲ... ကျန်းရီလည်း ဖြစ်နေလို့ပဲ”
“ဘာ...”
ရီချန်၏ မျက်ဝန်းများထဲတွင် လျှပ်စီးအလင်းများ လင်းလက်သွား၏။ သူမသည် အားပြတ်သွားသကဲ့သို့ ခံစားလိုက်ရ၍ အနီးရှိ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ အတော်ကြာပြီးမှ သူမက မျက်လုံးများ မှိတ်ကာ ရေရွတ်လိုက်သည်။
“သူ့ကို အပြစ်ဆေးကြောဒေသအပြင်ဘက်မှာ တွေ့ကတည်းက ရင်းနှီးနေတယ်လို့ ခံစားနေရတာ အံ့ဩစရာ မရှိတော့ပါဘူး။ ငါ့ရဲ့ အာရုံတွေက မမှားဘူးပဲ။ ပိုင်ရီ၊ ကျန်းရီ... ငါ ခန့်မှန်းမိခဲ့သင့်တာ။ ဘယ်လိုလုပ် ဒီလောကထဲမှာ သူ့လို ထူးခြားတဲ့သူတွေ အများကြီး ရှိနိုင်မှာလဲ။ ကျန်းရီ၊ ကျန်းရီ... တစ်လှမ်းမှားမိရင် ခြေလှမ်းတိုင်း ဆက်မှားတော့တာပဲ။ အရှေ့ဘက် အထီးကျန်ပင်လယ်မှာတုန်းက သူ့ကို ရီမျိုးနွယ်ဆီ ခေါ်လာနိုင်ခဲ့မယ်ဆို ဘယ်လောက် ကောင်းမလဲ...ဟူး...”
“ရှောင်ချန်...”
ရီကျန်းက ရီချန်အနားသို့ လျှောက်သွားလိုက်ပြီး သူမ၏ပခုံးကို ညင်သာစွာ ပုတ်၍ ပြောလိုက်သည်။
“သူ့အကြောင်းကို မေ့လိုက်ပါတော့။ သူ အပြစ်သားကျွန်းကို ရောက်သွားတဲ့နေ့ကတည်းက သူနဲ့ ငါတို့ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ရန်သူဖြစ်သွားတာပဲ။ သူ့ရဲ့အဆုံးသတ်က သေခြင်းပဲ ရှိတယ်”
ရီကျန်းက ထိုသို့ပြောပြီးနောက် ထွက်သွားလေသည်။ ရီချန်ကမူ ငူငူငိုင်ငိုင်ဖြင့် ကျန်ခဲ့သည်။ သူမ၏ မျက်ဝန်းများက ဝေဝါးနေပေသည်။ ထို့နောက် သူမသည် ခါးသက်စွာ ရယ်လိုက်ပြီး ရေရွတ်လိုက်လေသည်။
“အဟင်း... ငါ ရီချန် ပထမဆုံး သဘောကျမိတဲ့ ယောက်ျားက ငါနဲ့ရန်သူဖြစ်ဖို့ ကံပါလာတာလား။ ဟာသပဲ... တကယ်ကို ဟာသပဲ”
***
“ကျန်းရီလား... ပိုင်ရီက ကျန်းရီလား”
ယဉ်ရို့ပင်းသည် လမ်း၌သာ ရှိသေးပြီး ယဉ်ဧကရာဇ်မြို့သို့ ပြန်မရောက်သေးပေ။ သူမသည် မြို့တစ်မြို့တွင် အနားယူနေစဉ်၌ ထိုသတင်းကို ရခဲ့ခြင်းပင်။ ထိုသတင်းကို ရရချင်း သူမ အတော်ကြာအောင် မှင်တက်သွားခဲ့သည်။
“သူက လူငယ်ပါရမီရှင်တစ်ယောက်ပဲ။ ရို့ပင်း... ဆက်မမေးပါနဲ့တော့။ မကြာခင် သူဘယ်သူဆိုတာ မင်းသိရမှာပါ... သူဘယ်သူဆိုတာ ငါတို့အားလုံး သိလောက်တယ်”
ယဉ်ရို့ပင်းသည် ပန်းချီကမ်းပါးတွင် ရီချန်ပြောခဲ့သော စကားများကို ပြန်အမှတ်ရသွား၏။ ပန်းချီကမ်းပါးမှ ထိုသူကလည်း ကျန်းရီဖြစ်ကြောင်း ယဉ်ရို့ပင်း နားလည်သွားလေသည်။ သူမသည် ထိုသူ၏ ကျေးဇူးတင်စကား၊ ပိုင်ရီက အဘယ်ကြောင့် ယဉ်မျိုးနွယ်ထဲ မဝင်ရခြင်းနှင့် နံ့သာသခင်မမျိုးနွယ်၏ မြူဆွယ်မှုကို ခံနိုင်ခြင်းတို့ကိုလည်း နားလည်သွားသည်။
ပိုင်ရီက ကျန်းရီပင်။ သူသည် မည်သည့်အခါတွင်မှ ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲသို့ ဝင်နိုင်တော့မည် မဟုတ်ပေ။ သူက ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ ရန်သူသာ ဖြစ်သည်။
“ဝိညာဉ်လေ၊ ရှေးဟောင်းအသုံးအဆောင်၊ ပိုင်ရီ၊ ကျန်းရီ”
ယဉ်ရို့ပင်း၏ မျက်ဝန်းလေးများက တဖြည်းဖြည်း မှေးမှိန်လာ၏။ သူမ၏ မျက်နှာပေါ်တွင်လည်း သနားစဖွယ် မျက်နှာထားတစ်ခု ထွက်ပေါ်လာသည်။ သူမ၏ရင်ထဲတွင် ကျန်းရီက အလွန်ဆွဲဆောင်မှုရှိသော လူငယ်ပါရမီရှင်တစ်ယောက်ပေ။ သူမသည် ဖော်ရွေပုံပေါ်သော်လည်း သွေးအေးသူတစ်ယောက်ဖြစ်သည်။ ရီချန်ပင် ထိပ်တန်းသခင်လေးများကို သဘောမကျရာ သူမကလည်း ထိုသခင်လေးများကို မည်သို့သဘောကျပါမည်နည်း။
ယဉ်ရို့ပင်းနှင့် ရီချန်ဟူသော ထိပ်တန်းမိန်းမလှလေးနှစ်ယောက်၏ နှလုံးသားနှင့် မျှော်လင့်ချက်က ကောင်းကင်ထက်ပင် ပိုမြင့်ပေသည်။ သူမတို့နှစ်ယောက်စလုံးသည် ဆန်းကြယ်ဧကရာဇ်နှင့် ယှဉ်နိုင်မည့် ထူးခြားသောယောက်ျားတစ်ယောက်ကို စောင့်မျှော်နေခြင်းပင်။ ကျန်းရီသည် ဝိညာဉ်လေများကို စုပ်ယူနိုင်ခဲ့သဖြင့် ထိုအပိုင်းတွင် ဆန်းကြယ်ဧကရာဇ်နှင့် ယှဉ်နိုင်ပေသည်။ ထို့ကြောင့် သူမတို့၏ ရင်ထဲတွင် ကျန်းရီက ချစ်သူအလောင်းအလျာတစ်ယောက် ဖြစ်လာခဲ့ခြင်းပင်။
သို့သော် နှမြောစရာပင်။
ကောင်းကင်က ယဉ်ရို့ပင်းနှင့် ရီချန်တို့ကို ဟာသလုပ်ခဲ့ပေသည်။ သူမတို့ ပထမဆုံးသဘောကျမိသည့် ယောက်ျားက သူမတို့၏ရန်သူဖြစ်ရန် ကံတရားပါလာပေသည်။ ထို့ကြောင့် သူမတို့ အလွန် မချင့်မရဲဖြစ်နေကြသည်။ အထီးကျန်ကာ ဝမ်းနည်း၍လည်း နေကြသည်။
ယဉ်ရို့ပင်းသည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ ခြေဗလာဖြင့် လျှောက်သွားလိုက်၏။ သူမသည် အပြင်ဘက်ရှိ ဖူးပွင့်စပန်းများကို ကြည့်ကာ ရေရွတ်လိုက်၏။
“ဘဝဆိုတာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဆူးခင်းလမ်းတစ်ခုပဲ... ပန်းမွေ့ရာမဟုတ်ဘူး။ ကိစ္စဆယ်ခုမှာ ကိုးခုက ကိုယ်ဖြစ်စေချင်သလို မဖြစ်ဘူး”
***