မျိုးနွယ်လေးခု၏ လိုက်ဖမ်းမှု
Vol. 69 Ch. 959
မြောက်ဘက်ဧကရာဇ်၏ အမိန့်အောက်တွင် ဧရာမစစ်လက်နက်ဟု တင်စားနိုင်သော ဝူမျိုးနွယ်က အရှိန်အဟုန်အပြည့်ဖြင့် စတင်လှုပ်ရှားလေသည်။ ဝူမျိုးနွယ် အုပ်စိုးသော ဒေသလေးခုရှိ ဒေသခံအားလုံးသည် သူတို့၏ တပ်သားများအား စေလွှတ်၍ ကျန်းရီကို ရှာစေခဲ့သည်။ မရေမတွက်နိုင်သော နက္ခတ်ပညာရှင်(ကျန်းရှင်းကျား)များနှင့် ရှန်းဝမ်တာ့ရှီးများကိုလည်း တပ်ဖြန့်ထားသည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင် ဆယ်ယောက်ကလည်း ကောင်းကင်ဧကရာဇ် ရာချီပါသော စစ်တပ်များကို ဦးဆောင်ကာ ဟုန်ဝူမြို့အနီးသို့ ထွက်ခွာသွားကြသည်။ သူတို့သည် မိုင်ဆယ်သန်း အဝန်းအဝိုင်းကို ဝိုင်းရံထားကြပြီး ပိုက်စိပ်တိုက် ရှာဖွေနေကြသည်။
ကျန်းရီနှင့် ပိုင်ရီတို့၏ ပုံတူပန်းချီများနှင့် သတင်းအချက်အလက်များကို မြို့တိုင်း၏ ဂိတ်တံခါးများတွင် ကပ်ထားကြသည်။ သောင်းချီသော မျိုးနွယ်များ၊ သန်းရာချီသော သိုင်းသမားများကလည်း လှုပ်ရှားနေကြပြီဖြစ်သည်။ ဝူမျိုးနွယ်၏ ဒေသလေးခုသည် အလွန်ကြိုးစားဆောင်ရွက်နေ၏။ သူတို့သည် သူတို့၏ လျှို့ဝှက်တပ်သားများကိုလည်း စေလွှတ်ထားလေသည်။ ကျန်းရီသာ နေရာတစ်ခုတွင် ထွက်ပေါ်လာလျှင် သေချာပေါက် အဖမ်းခံရမည်ဖြစ်သည်။ ထို့နောက် သူသည် မရေမတွက်နိုင်သော ပညာရှင်များ၏ ဝန်းရံသတ်ဖြတ်မှုကို ခံရပေလိမ့်မည်။
မြောက်ဘက်အင်ပါယာကလည်း အနောက်မြောက်ဘက်ရှိ ရီမျိုးနွယ်၊ အရှေ့မြောက်ဘက်ရှိ ယဲ့မျိုးနွယ်နှင့် တောင်ဘက်ရှိ ရှေးဟောင်းတော်ဝင်မျိုးနွယ်တစ်ခုဖြစ်သော ရွှမ်မျိုးနွယ်တို့ကို ကိုယ်တိုင်သတင်းစကား ပို့ခဲ့သည်။ သူသည် ထိုမျိုးနွယ်များကို ကျန်းရီအား လိုက်ဖမ်းရာတွင် ပူးပေါင်းရန် တောင်းဆိုလိုက်ခြင်းပင်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက တစ်သားတည်းဖြစ်သည်။ ယခုတွင် သူတို့က အပြစ်သားကျွန်းမှ သူလျှိုတစ်ယောက်နှင့် ရင်ဆိုင်နေရပေသည်။ ထို့ကြောင့် သူတို့ ပူးပေါင်းခြင်းက သဘာဝကျသည်။ ဗုဒ္ဓအင်ပါယာနှင့် ညအင်ပါယာတို့သည် သူတို့၏ ဒေသများမှ တပ်များကို ကျန်းရီအား ရှာဖွေဖမ်းဆီးရန် အမိန့်ပေးခဲ့သည်။ ရှေးဟောင်းတော်ဝင်မျိုးနွယ်ဖြစ်သော ရွှမ်မျိုးနွယ်ကလည်း ပူးပေါင်းပြီး သူတို့မျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ် သခင်လေး ရွှမ်လင်ကို စေလွှတ်၍ ထိုကိစ္စကို တာဝန်ယူခိုင်းလိုက်လေသည်။ သူတို့သည် ကျန်းရီကို ရှာဖွေဖမ်းဆီးရန် တပ်သားသန်းချီ စေလွှတ်ခဲ့ကြပေသည်။
အရှေ့ဘက် တော်ဝင်နယ်မြေ၏ မြောက်ပိုင်းသည် ကျန်းရီတစ်ယောက်အတွက်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ ကုလားအုပ်တောင်သည်လည်း မြေလှန်ခံခဲ့ရပြီဖြစ်သည်။ ဝူမျိုးနွယ်သည် ကုလားအုပ်တောင်တွင် ဝူနီနှင့် ကျီထင်ယွီတို့ကို ရှာတွေ့ခဲ့သဖြင့် ဝမ်းမြောက်သွားခဲ့သည်။ သူတို့ အဖမ်းမခံခဲ့ရပေ။ သူတို့က ကျန်းရီ၏လက်မှ လွတ်မြောက်ရန် အနီးရှိ ဓားပြတပ်မဟာတစ်ခု၏ စခန်းတွင် ပုန်းအောင်းကာ ဝူနီ၏ လေဟာနယ်အသုံးအဆောင်ထဲ ဝင်နေခဲ့ကြခြင်းပင်။
ဝူနီသည် ဟုန်ဝူမြို့သို့ ရောက်သောအခါ အဘိုးရူက အသတ်ခံလိုက်ရပြီဖြစ်ပြီး ကောင်းကင်ကံကြမ္မာသင်္ဘောနှစ်စီးက အဖျက်ဆီးခံလိုက်ရကြောင်းကို သိသွားသည်။ စိတ်ထဲမှ ကြိမ်းဝါးလိုက်၏။ ထို့ပြင် သူသည် ကျီထင်ယွီကိုလည်း ပို၍လေးစားသွားပေသည်။
အဘိုးရူ၏ တိုက်ခိုက်စွမ်းအားက အလွန်အင်အားကြီးသည်။ ဝူနီ၏ ကိုယ်ရံတော်များထဲတွင် အင်အားအကြီးဆုံးဖြစ်သည်။ သို့ပင်လျှင် သူက ကျန်းရီ၏ သတ်ဖြတ်မှုကို ခံခဲ့ရလေသည်။ ထို့ကြောင့် ကျန်းရီ၏ တိုက်ခိုက်စွမ်းအားက ကြယ်ငါးပွင့်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း ပြောနေရန်ပင် မလိုချေ။ အကယ်၍ ဝူနီသာ ကျီထင်ယွီ၏ စကားကို နားမထောင်ခဲ့လျှင် ယခုဆိုလျှင် သေနေလောက်ပေပြီ။
ကျီထင်ယွီ၏ ဗျူဟာက အလွန်ပြောင်မြောက်ပေသည်။ ဗျူဟာမှ ကုလားအုပ်တောင်ကို ပရမ်းပတာဖြစ်အောင်လုပ်၍ ကစဉ့်ကလျားအခြေအနေအတွင်း၌ ပုန်းအောင်းနေရန်ဖြစ်သည်။ အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးနေရာဖြစ်သည်။ ကုလားအုပ်တောင်တွင် ဓားပြတပ်မဟာများစွာ၏ စခန်းများရှိသည်။ ကျန်းရီသည် ထိုစခန်းများကို တစ်ခုစီ လိုက်ရှာနေရန် အချိန်ရှိမည် မဟုတ်ပေ။ ထို့ပြင် သူသည် ဝူနီတို့က အနီးပတ်ဝန်းကျင်တွင် ပုန်းအောင်နေသည်ဟု ထင်မိမည် မဟုတ်ဘဲ ဟုန်ဝူမြို့သို့ ထွက်ပြေးသွားသည်ဟုသာ ထင်မည်ဖြစ်သည်။
ကျန်းရီက နတ်ဘုရားတစ်ပါး မဟုတ်ပေ။
လေဟာနယ်အသုံးအဆောင်ဆိုသည်မှာ ထူးခြားသည့် နေရာတစ်ခုဖြစ်သည်။ ကျန်းရီ ဝူနီတို့ကို မည်သို့ ထောက်လှမ်းပါစေ ရှာတွေ့မည် မဟုတ်ချေ။ ဝူနီတို့သည် ဝူမျိုးနွယ်၏ ပညာရှင်များ ရောက်လာသည်အထိ ရက်အနည်းငယ် စောင့်ဆိုင်းနေပါက လုံးဝလုံခြုံသွားမည်ဖြစ်သည်။
“အစ်မကြီးနဲ့ ယောက်ဖက အဖမ်းခံလိုက်ရတာလား”
ဝူနီသည် ဝူယင်အာက အဖမ်းခံလိုက်ရကြောင်း သိသွားသောအခါ ချက်ချင်း ဒေါသူပုန်ထသွား၏။ သူသည် သူ့ဘေးရှိ ကျောက်စိမ်းစားပွဲကို အမှုန့်ဖြစ်သွားအောင် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ထို့နောက်မှ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကျီထင်ယွီကိုကြည့်ကာ အံကြိတ်၍ ပြောလိုက်လေသည်။
“စုလောရွှယ်ဆိုတာ ဘယ်သူလဲ။ ဘာလို့ ကျန်းရီက ငါ့အစ်မကြီးနဲ့ ယောက်ဖကို အသုံးချပြီး စုလောရွှယ်နဲ့ လဲချင်နေရတာလဲ”
“စုလောရွှယ်...”
ကျီထင်ယွီ၏ လှပသော မျက်နှာလေးပေါ်တွင် ရှုပ်ထွေးမှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူမ၏ မျက်ဝန်းများထဲတွင်လည်း ဝမ်းနည်းမှု၊ အထီးကျန်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။
အတိတ်တွင် ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်မြေ၏ ဂိုဏ်းခြောက်ဂိုဏ်း မဟာမိတ်စစ်တပ်နှင့် ရန်သူဖြစ်ခဲ့သည်။ သူသည် ဓားတစ်လက် ကိုင်ဆွဲ၍ ရှားယွိမြို့ အပြင်ဘက်တွင် တပ်သားတစ်သန်းကို တစ်ကိုယ်တော် တိုက်ခိုက်ခဲ့သည်။ ယနေ့တွင်မူ သူသည် စုလောရွှယ်အတွက် အရှေ့ဘက် တော်ဝင်နယ်မြေတွင် အုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့ပြီး ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့် ရန်သူ ဖြစ်လာခဲ့သည်။ ထို့ကြောင့် ကျီထင်ယွီ၏ ရင်ထဲတွင် မနာလိုမှုတစ်ခု ထွက်ပေါ်လာလေသည်။
အဘယ်ကြောင့် စုလောရွှယ်၏ နေရာတွင် ကျီထင်ယွီ မဖြစ်ရသနည်း။
အစတွင် ကျီထင်ယွီသည် ကျန်းရီနှင့် ချစ်သူများဖြစ်လာရန် အခွင့်အရေးတစ်ခု ရနိုင်ခဲ့သည်။ သို့သော် သူမတို့သည် ရန်သူများ ဖြစ်လာခဲ့ပေသည်။
“စုလောရွှယ်က ကျန်းရီ အချစ်ဆုံး မိန်းမပဲ”
ကျီထင်ယွီက သက်ပြင်းသဲ့သဲ့ချကာ ရှင်းပြလိုက်သည်။
“အရင်တုန်းက ကျန်းရီက ကောင်းကင်ကြယ်တာရာနယ်မြေမှာရှိတဲ့ သိုင်းခန်းမခွဲကို ဖျက်ဆီးပစ်ခဲ့တယ်။ အဲ့တုန်းက ကျွန်မက စုလောရွှယ်ကို ပင်မခန်းမဆီ ကျွန်မနဲ့အတူ ခေါ်လာခဲ့တာပဲ။ သူက အခု မြို့ငယ်လေးတစ်မြို့မှာရှိတဲ့ ဆိတ်ငြိမ်ဘုံကျောင်းမှာပါ။ အဲ့မြို့ငယ်လေးက မြောက်ဘက်ဧကရာဇ်မြို့ရဲ့ အရှေ့ဘက် မှာရှိတဲ့ ဆိတ်ငြိမ်မြို့ပါ။ သခင်လေး မြန်မြန် လူစေလွှတ်ပြီး စုလောရွှယ်ကို ဝူရဲတိုက်ဆီ ခေါ်လာခိုင်းလိုက်ပါ။ စုလောရွှယ် ထိခိုက်သွားလို့ မရဘူး။ အဲ့မိန်းမသာ ကျွန်မတို့ လက်ထဲမှာရှိနေရင် ကျန်းရီဆိုတာ ကြိုးချီခံထားရတဲ့ နှံကောင်တစ်ကောင်လို ဖြစ်နေမှာပါ။ သူ ဘယ်လောက်ခုန်ခုန် ကျွန်မတို့ရဲ့ လက်ထဲက ပြေးမလွတ်ပါဘူး”
“ကောင်းပြီ...”
ဝူနီသည် ချက်ချင်းပင် အော်၍ အမိန့်ပေးလိုက်၏။
“အဘိုးထူ... ချက်ချင်း ဆိတ်ငြိမ်ဘုံကျောင်းကိုသွားပြီး စုလောရွှယ်ကို ပင်မခန်းမကို ပြန်ခေါ်လာခဲ့ပါ”
ဆိတ်ငြိမ်မြို့က မြောက်ဘက်ဧကရာဇ်မြို့၏ အရှေ့ဘက် မိုင်တစ်ရာအကွာတွင် တည်ရှိသည်။ အပေါ်ယံတွင် ဆိတ်ငြိမ်ဘုံကျောင်းက ဘုံကျောင်းတစ်ခုဟု ထင်ရသော်လည်း အမှန်တွင်မူ ဝူမျိုးနွယ်၏ လျှို့ဝှက်စခန်းတစ်ခု ဖြစ်ပေသည်။ စုလောရွှယ်က ဆိတ်ငြိမ်ဘုံကျောင်းတွင် လုံခြုံစွာ နေနေခဲ့ခြင်းပင်။ ကျန်းရီသည် မြောက်ဘက်ဧကရာဇ်မြို့၏ အနီးပတ်ဝန်းကျင်သို့ လာဝံ့မည် မဟုတ်ပေ။ စုလောရွှယ်သာ သူတို့၏ လက်ထဲတွင် ရှိနေလျှင် ဝူယင်အာနှင့် ဟုန်ပိုတို့ကို ပြန်ရနိုင်ပေသည်။
“ဟုတ်ကဲ့ပါ...”
အဘိုးထူက လက်ဆုပ်၍ လူဒါဇင်ကျော်ကို ခေါ်ကာ လျင်မြန်စွာ ထွက်သွားလေသည်။ သူတို့သည် တည်နေရာပြောင်းရွှေ့ အစီအရင်ကိုသုံး၍ ချက်ချင်း ထွက်ခွာလိုက်ကြသည်။
ကျီထင်ယွီက ခေတ္တမျှ နှုတ်ဆိတ်နေပြီးမှ ထပ်ပြောလိုက်သည်။
“သခင်လေး... မြောက်ဘက်ဧကရာဇ်မြို့ကို ပြန်ကြတာပေါ့။ ကျန်းရီကို ဖမ်းပြီး သတ်နိုင်မယ့် အစီအစဉ်တစ်ခုကိုဆွဲဖို့ ကျွန်မ ကျန်းရီနဲ့ပတ်သတ်တဲ့ အသေးစိတ်သတင်းအချက်အလက်တွေ လိုအပ်တယ်”
“ငါ မပြန်ဘူး”
ဝူနီက လက်ဝှေ့ယမ်း၍ ပြတ်သားစွာ ပြောလိုက်သည်။
“ငါ ကျန်းရီကို အပိုင်းပိုင်း မဖြတ်ပစ်ရမချင်း ပြန်မှာမဟုတ်ဘူး။ အခုလောလောဆယ် ငါ အဖေနဲ့အဘိုးကို မျက်နှာချင်းမဆိုင်ဝံ့ဘူး”
“အဟင်း...”
ကျီထင်ယွီက သိမ်မွေ့စွာ ခေါင်းခါ၍ ပြောလိုက်သည်။
“ရှင် ဒီပုံစံနဲ့ ကျန်းရီကို သတ်နိုင်မှာ မဟုတ်ဘူး။ လေးရက်တောင် ကုန်သွားပြီ... လူတွေအများကြီးနဲ့ ရှာနေတာတောင် ကျန်းရီရဲ့ သတင်းအစအနတစ်ခုတောင် မရသေးဘူး။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျွန်မတို့ နှစ်တစ်ရာလောက်ရှာနေရင်တောင် သူ့ကို တွေ့မှာ မဟုတ်ဘူး။ ကျန်းရီက ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးနိုင်တော့ ခြေရာလက်ရာမကျန်ဘဲ ထွက်ပြေးနိုင်တယ်။ သခင်လေး... သူက ပုံစံပြောင်းပြီး ပိုင်ရီလို ဟန်ဆောင်ခဲ့တာကို မေ့သွားပြီလား။ သူ့မှာ အစွမ်းထက်တဲ့ ပုံပြောင်းစွမ်းရည်တစ်ခု ရှိနေပုံပဲ... သူက သူ့ရဲ့ရုပ်သွင်နဲ့ စိတ်ဝိညာဉ်အရှိန်အဝါကို လုံးဝ ပြောင်းလဲပစ်နိုင်တယ်။ အခု သူ ဟုန်ဝူမြို့မှာ ရှိနေရင်တောင် ကျွန်မတို့ သူ့ကို သိနိုင်မှာ မဟုတ်ဘူး”
“အာ...”
ဝူနီ မျက်နှာညှိုးသွား၏။ ကျီထင်ယွီ၏ စကားက မှန်ပေသည်။ ကျန်းရီ ဝိညာဉ်လေတိုက်ခိုက်မှုကြောင့်သာ မဟုတ်လျှင် ယခုအထိ ကျန်းရီက ပိုင်ရီဖြစ်ကြောင်း သူ သိဦးမည် မဟုတ်ပေ။ ပြင်ပရုပ်သွင်ကို ပြောင်းနိုင်ခြင်းက မထူးဆန်းချေ။ သို့သော် စိတ်ဝိညာဉ်အရှိန်အဝါကိုပင် ပြောင်းလဲနိုင်ခြင်းက ဆန်းကြယ်ပေသည်။ ထိုစွမ်းရည်ဖြင့်ဆိုလျှင် ကျန်းရီသည် မည်သူ့အဖြစ်မဆို ပြောင်းလဲနိုင်လေသည်။ နတ်ဘုရားများပင် သူ့ကို ရှာတွေ့မည် မဟုတ်ပေ။
“ပြန်သွားရမှာလား”
ဝူနီက ချီတုံချတုံ ဖြစ်နေ၏။ ဤတစ်ခေါက်တွင် သူ အလွန်အရှက်ရခဲ့ပေသည်။ ဗုဒ္ဓတောင်မှ တိုက်ပွဲက သူ့ကို အရှေ့ဘက် တော်ဝင်နယ်မြေ၏ နံပါတ်(၁)သခင်လေး ဖြစ်လာစေခဲ့သည်။ မူလက သူသည် မြောက်ဘက်ဧကရာဇ်မြို့သို့ ဝံ့ဝံ့ကြွားကြွားပြန်ကာ မျိုးနွယ်၏ အသိအမှတ်ပြုမှုနှင့် ချီးကျူးမှုများကို ခံယူလိုခဲ့သည်။ ထို့ပြင် သူသည် မျိုးနွယ်ခေါင်းဆောင်ငယ် ဖြစ်လာနိုင်မည့် အခွင့်အရေးကိုလည်း ရနိုင်ခဲ့သည်။ သို့သော် သူ ပြန်မရောက်သေးခင်မှာပင် ကျန်းရီက ကြားဖြတ်တိုက်ခိုက်ခဲ့လေသည်။ လူမည်မျှ သေသွားခြင်းက အရေးမကြီးပေ။ သို့သော် ကျန်းရီက ဟုန်ဝူမြို့ကို တိုက်ခိုက်ကာ ဝူယင်အာနှင့် ဟုန်ပိုတို့ကို ဖမ်းခေါ်သွားခဲ့သည်။
ထိုကိစ္စက ကြီးကျယ်သဖြင့် ဝူနီ၏ အဘိုးကိုပင် ကိုယ်တိုင်ဝင်ပါလာစေကာ အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။ ထို့ကြောင့် ဝူနီတစ်ယောက် ခက်ခက်ခဲခဲ မြှင့်တင်ထားရသည့် ဂုဏ်သိက္ခာက အောက်ဆုံးသို့ ပြန်ကျသွားပေပြီ။ သူသည် ကျန်းရီ၏ နင်းချေမှုကို ထပ်ခံလိုက်ရပြီဖြစ်သည်။ ဤတစ်ခေါက် သူ အိမ်ပြန်သွားပါက မျိုးနွယ်သခင်ငယ်ဖြစ်ရန် မဆိုထားနှင့် သူ့အဖေ၏ ပါးရိုက်ခြင်းကိုပင် ခံရနိုင်ပေသည်။
“သခင်လေး... မစိုးရိမ်ပါနဲ့။ သခင်လေးက ဘာအမှားမှ လုပ်မထားပါဘူး”
ကျီထင်ယွီသည် ဝူနီက စိုးရိမ်နေကြောင်း တွေ့သဖြင့် နူးညံ့စွာ ပြောလိုက်သည်။
“တကယ်တော့ မကောင်းတဲ့ကိစ္စတစ်ခုခု ဖြစ်လာရင် ရှင် ရှောင်မပြေးသင့်ဘူး။ ရဲရဲဝံ့ဝံ့ ရင်ဆိုင်သင့်တယ်။ ရှင်က ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ စိတ်ဓာတ်ကို အပြည့်အဝ နားမလည်သေးဘူးပဲ။ ရှုံးနိမ့်လို့ ဘာမှမဖြစ်ဘူး... ဒါပေမဲ့ ကိုယ့်အရှုံးကို လက်မခံဘဲ ရှောင်ပြေးဖို့ ကြိုးစားမယ်ဆိုရင်တော့ ပြဿနာရှိသွားပြီ။ ရှင့်ရဲ့မျိုးနွယ်၊ ရှင့်ရဲအဖေနဲ့ ရှင့်ရဲ့အဘိုး လိုချင်တာက ရှင် ရဲရဲဝံ့ဝံ့ အိမ်ပြန်လာပြီး ကိုယ့်အရှုံးကိုယ်လက်ခံဖို့၊ တည်တည်ငြိမ်ငြိမ်နဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖို့ပဲ။ သူတို့က ရှင် ရှောင်ပုန်းနေတာကို လိုချင်တာ မဟုတ်ဘူး...”
“ရှင် မြောက်ဘက်ဘုရင်၊ မြောက်ဘက်ဧကရာဇ် ဖြစ်လာချင်တယ်ဆိုရင် ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အသွေးတွေ ရှိရမယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အသွေးတွေဆိုတာဘာတွေလဲ။ အဲ့ဒါက ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ရဲရဲဝံ့ဝံ့၊ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်တာ၊ ကိုယ့်အရှုံးကိုကိုယ် တာဝန်ခံရဲတာ၊ မျိုးနွယ်ကို ခေါင်းဆောင်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တာတွေပဲ။ မကောင်းတဲ့ကိစ္စတစ်ခုခု ဖြစ်လာတိုင်း ရှင့်အဘိုးနဲ့ ရှင့်အဖေက တုန်လှုပ်နေမယ်ဆိုရင် မျိုးနွယ်ရဲ့ ထောက်တိုင်က ပြိုကျပြီး မျိုးနွယ်ကလည်း ထင်းအစည်းပြေသလို ပြေသွားမှာပဲ။ နားလည်လား...”
“အို့... ငါ နားလည်ပြီ”
ကျီထင်ယွီ၏ စကားများက တူတစ်လက်ကဲ့သို့ ဝူနီကို ထုနှက်သွား၏။ ထို့ကြောင့် ဝူနီ နားလည်သွားသည်။ သူ၏ မျက်နှာထားက ပြန်တည်ငြိမ်လာလေသည်။ ထို့နောက် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“မြောက်ဘက်ဧကရာဇ်မြို့ကို ပြန်ကြစို့။ ကျန်းရီက ကစားချင်မှတော့ ငါတို့လည်း သူနဲ့အတူ ကစားပေးပြီး ပျော်ကြတာပေါ့”
***