စုလောရွှယ် ပျောက်ဆုံးသွားခြင်း
Vol. 69 Ch. 960
ငါးရက်၊ ငါးရက်လုံးလုံး...
ဝူမျိုးနွယ်၏ ဒေသလေးခု၊ ရီမျိုးနွယ်၏ ဒေသလေးခု၊ ယဲ့မျိုးနွယ်၏ ဒေသလေးခု၊ ရှေးဟောင်းတော်ဝင်မျိုးနွယ်၏ ဒေသသုံးခု၊ သောင်းချီသော မျိုးနွယ်ကြီးများနှင့် မျိုးနွယ်ငယ်များ၊ သန်းရာချီသော တပ်သားများ၊ မရေမတွက်နိုင်သော လျှို့ဝှက်ကိုယ်ရံတော်များ၊ အစောင့်များနှင့် ရာချီသော မြို့များက အရှေ့ဘက် တော်ဝင်နယ်မြေ၏ မြောက်ပိုင်းတစ်ခွင်လုံးကို ငါးရက်ကြာ ရှာဖွေခဲ့သည်။ သို့သော် ကျန်းရီကို အစအနပင် ရှာမတွေ့သေးချေ။
ထိုသတင်း ပျံ့နှံ့သွားသည်နှင့် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။
သန်းချီသော လူများစွာနှင့် ဝူမျိုးနွယ်၏ အင်အားစုတစ်ခုလုံးသည် လူတစ်ယောက်ကိုပင် ရှာမတွေ့နိုင်သည်လော။ ဝူမျိုးနွယ်သာ သူတို့၏ ပိုင်နက်အတွင်း ပိုက်စိပ်တိုက် ရှာဖွေပါက ကြွက်တစ်ကောင်ကိုပင် ရှာတွေ့မည်ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ပင် သူတို့လက်ထဲက လွတ်မည်မဟုတ်ပေ။
သို့သော် ယခုအထိ ကျန်းရီ၏ သတင်းအစအနကိုပင် မရသေးချေ။ ထို့ကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခြင်းပင်။ ကျန်းရီက ပိုင်ရီအဖြစ် ဟန်ဆောင်၍ ဗုဒ္ဓရဲတိုက်ထဲသို့ ခိုးဝင်ခဲ့သည်ဆိုသောသတင်း ပျံ့နှံ့သွားသောအခါတွင်မူ ပို၍ပင် အုတ်အော်သောင်းနင်းဖြစ်သွားလေသည်။ မရေမတွက်နိုင်သော လူများသည် ကျန်းရီ၏ ပုံပြောင်းစွမ်းရည်က မည်သို့သော ဆန်းကြယ်သည့် လျှို့ဝှက်စွမ်းရည်မျိုးဖြစ်ကြောင်း ခန့်မှန်းနေကြသည်။ ထိုစွမ်းရည်က စိတ်ဝိညာဉ်အရှိန်အဝါကိုပင် ပြောင်းလဲပေးနိုင်သည်လော။ ကျန်းရီတွင် ကောင်းကင်ရှောင်တိမ်းခြင်း ရှိနေပြီးဖြစ်ရာ ထိုလျှို့ဝှက်စွမ်းရည်ကို ထပ်ပေါင်းလိုက်ရာ နတ်ဘုရားတစ်ပါးပင် သူ့ကို ရှာနိုင်တော့မည် မဟုတ်ပေ။
ကျန်းရီက ပိုင်ရီအဖြစ် ရုပ်ဖျက်ခဲ့ပြီး ဆန်းကြယ်သော ပုံပြောင်းစွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားသည်ဟူသော သတင်းကို ဝူမျိုးနွယ်က လျှို့ဝှက်၍ ဖြန့်ခဲ့ခြင်းဖြစ်သည်။ ယင်းက ဝူမျိုးနွယ်၏ ဂုဏ်သိက္ခာကို အဖက်ဆယ်ရန်ဖြစ်သည်။ ဝူမျိုးနွယ်ကဲ့သို့ မျိုးနွယ်ကြီးတစ်ခုက လူတစ်ယောက်ကိုပင် မရှာနိုင်ခြင်းက အလွန်အရှက်ရဖွယ်ကိစ္စတစ်ခု မဟုတ်ပါလား။
မြောက်ဘက်ဧကရာဇ်မြို့ထဲ၌...
ဝူနီနှင့် ကျီထင်ယွီတို့က ဝူရဲတိုက်သို့ ပြန်ရောက်နေပေပြီ။ ဝူနီသည် ပြန်ရောက်ရောက်ချင်း မျိုးနွယ်၏ အကြီးအကဲခန်းမသို့ သွား၍ မြောက်ဘက်ဘုရင်နှင့် အကြီးအကဲများအား ဖြစ်ပျက်ခဲ့သောကိစ္စများအကြောင်းကို အသေးစိတ် ရှင်းပြခဲ့သည်။ ထို့နောက် သူသည် ထိုကိစ္စအတွက် တာဝန်ခံမည်ဖြစ်ကြောင်း ကိုယ်တိုင်ပြောကာ မျိုးနွယ်၏ အပြစ်ပေးမှုကို တောင်းခံခဲ့သည်။
ဝူနီ၏ စကားတိုင်းက ဝူမျိုးနွယ်မှ အကြီးအကဲများအတွက် ချီးကျူးစရာ ဖြစ်ခဲ့လေသည်။ မြောက်ဘက်ဘုရင်သည်ပင် မည်သည့်စကားမှ မဆိုခဲ့ချေ။ သူသည် ဝူနီကို ပြန်၍ ကောင်းကောင်းအနားယူကာ ကျင့်ကြံရန်သာ ပြောခဲ့သည်။ ဝူနီသည် သူ၏ရဲတိုက်သို့ ပြန်ရောက်သောအခါ အလွန်ဆိုးသော သတင်းကို ကြားလိုက်ရ၏။
“စုလောရွှယ် ပျောက်နေတယ်တဲ့လား။ အဘိုးထူ... ခင်ဗျား မမှားတာ သေချာရဲ့လား။ ဘယ်လိုလုပ် သက်ရှိလူတစ်ယောက်က ဒီအတိုင်း ပျောက်သွားနိုင်မှာလဲ။ ဆိတ်ငြိမ်ဘုံကျောင်းကလူတွေက ဘာမှ မလုပ်ကြဘူးလား”
ဝူနီသည် အဘိုးထူကို စိုက်ကြည့်၍ ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။ သူသည် အကြီးအကဲခန်းမတွင် စုလောရွှယ်အကြောင်းကို မပြောခဲ့ဘဲ ကျီထင်ယွီနှင့် အစီအစဉ်တစ်ခု ဆွေးနွေးရန် သူ့ရဲတိုက်သို့ တက်တက်ကြွကြွဖြင့် ပြန်လာခဲ့ခြင်းပင်။ သူတို့က စုလောရွှယ်ကို မည်သို့အသုံးချ၍ ကျန်းရီကို မည်သို့အငိုက်ဖမ်းမည်ကို သူ သလိုနေခဲ့သည်။ သို့သော် အဘိုးထူက စုလောရွှယ် ပျောက်နေကြောင်း တင်ပြလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ကျီထင်ယွီလည်း အံ့အားသင့်သွားသည်။ သူမနှင့် ဝူနီတို့ အပြစ်ဆေးကြောဒေသို့ မထွက်ခွာခင်က သူမသည် စုလောရွှယ်ကို ဆိတ်ငြိမ်ဘုံကျောင်းသို့ ကိုယ်တိုင်ပို့ခဲ့ခြင်းပင်။ ထို့ပြင် သူမသည် ဆိတ်ငြိမ်ဘုံကျောင်းမှ လူများအား စုလောရွှယ်ကို ထိခိုက်စေ၍ မဖြစ်ကြောင်း၊ မဟုတ်လျှင် သူတို့အားလုံး ကွပ်မျက်ခံရမည်ဖြစ်ကြောင်းလည်း မှာခဲ့သည်။
စုလောရွှယ်၏အင်အားက မမြင့်ပေ။ စိတ်ဝိညာဉ်မျောလွင့်ခရီးသည် အထွတ်အထိပ်အဆင့်သာ ရှိပေသည်။ ဆိတ်ငြိမ်ဘုံကျောင်းတွင် အတွင်းခြံဝန်းတစ်ခုရှိသည်။ ကျီထင်ယွီသည် လူများစေလွှတ်၍ ထိုအတွင်းခြံဝန်းတွင် စွမ်းအားကြီး အကာရံတစ်ခု ဆင်ရန်လည်း စေခိုင်းခဲ့သည်။ စုလောရွှယ်၏အင်အားဖြင့်ဆိုလျှင် သေချာပေါက် ထိုအကာအရံကို ဖောက်၍ မပြေးနိုင်ပေ။ ထို့ပြင် ဆိတ်ငြိမ်ဘုံကျောင်းကို ဘုန်းတော်ကြီးတစ်စုနှင့် ဝူမျိုးနွယ်၏ လျှို့ဝှက်အစောင့်များက စောင့်ကြပ်နေသည်။ ထိုသူများထဲတွင် ကောင်းကင်ဧကရာဇ်အဆင့်ရှိသူ ဆယ်ယောက်ကျော်ပါပေသည်။ ထို့ပြင် တစ်ယောက်မှာ အဆင့်မြင့် ကောင်းကင်ဧကရာဇ်ဖြစ်သည်။ ဆိတ်ငြိမ်မြို့က မြောက်ဘက်ဧကရာဇ်မြို့နှင့် နီးပေသည်။ ထို့ကြောင့် မည်သူမှ ဆိတ်ငြိမ်ဘုံကျောင်း၏ ဆိတ်ငြိမ်အေးချမ်းမှုကို မဆင်မခြင် နှောင့်ယှက်ဝံ့မည် မဟုတ်ချေ။
ကျီထင်ယွီသာ စုလောရွှယ်က မည်သူဖြစ်ကြောင်း သိသည်။ သူမသည် ထို့အကြောင်းကို မည်သူ့ကိုမှ မပြောပြခဲ့ပေ။ ဝူမျိုးနွယ်ဝင်များကိုပင် မပြောပြခဲ့ချေ။ စုလောရွှယ်က ကျီထင်ယွီ၏ ဝှက်ဖဲဖြစ်သည်။ သူမလက်ထဲတွင် စုလောရွှယ်ရှိနေလျှင် ကျန်းရီက အနှေးနှင့်အမြန်ဆိုသလို အရှေ့ဘက် တော်ဝင်နယ်မြေသို့ လာမည်ဖြစ်ကြောင်း သူမသိပေသည်။ စုလောရွှယ်က သူမ၏ ကယ်ဖဲတစ်ချပ်ပင်။ သို့သော် သူမ၏ အသက်ကယ် ဝှက်ဖဲက သဲလွန်စတစ်ခုပင် မကျန်ခဲ့ပဲ ရုတ်တရက် ပျောက်ကွယ်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
ဟူး...ဟူး...
ကျီထင်ယွီသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် သူမက ဝူနီကိုကြည့်ကာ ပြောလိုက်သည်။
“သခင်လေး... စိတ်မလှုပ်ရှားပါနဲ့။ ကျွန်မတို့ ဆိတ်ငြိမ်ဘုံကျောင်းကို တစ်ချက်သွားကြည့်ကြတာပေါ့။ စုလောရွှယ်ရဲ့ အင်အားနဲ့ဆိုရင် ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး။ ကျန်းရီက နတ်ဘုရားတစ်ပါး မဟုတ်ပါဘူး... စုလောရွှယ်က ဆိတ်ငြိမ်ဘုံကျောင်းမှာ ရှိနေတယ်ဆိုတာ သူ မသိနိုင်ပါဘူး”
“သွားစို့...”
ဝူနီက ဒေါသတကြီးဖြင့် ထွက်သွားလိုက်သည်။ ကျီထင်ယွီ၊ အဘိုးထူနှင့် အခြားသူများက နောက်မှ လျင်မြန်စွာ လိုက်သွားလိုက်ရသည်။ သူတို့သည် တည်နေရာပြောင်းရွှေ့ အစီအရင်ကိုသုံးကာ ဆိတ်ငြိမ်မြို့သို့ ရောက်သွားကြသည်။
ဆိတ်ငြိမ်မြို့က အလယ်အလတ် အရွယ်အစားရှိသော မြို့တစ်မြို့ပင်။ လက်ရှိတွင် မြို့ထဲ၌ ညမထွက်ရအမိန့် ထုတ်ထားပေသည်။ လမ်းများတွင်လည်း တပ်သားများနှင့် ပြည့်နှက်နေသည်။ သို့သော် မည်သည့်အတားအဆီးမှတော့ မရှိပေ။ ဝူနီတို့ ရောက်လာသောအခါ ဆိတ်ငြိမ်မြို့၏ မြို့အရှင်က ပညာရှင်တစ်ခုကို ဦးဆောင်၍ မြို့အရှင်စံအိမ်မှနေ၍ လျင်မြန်စွာ ပျံသန်းလာလေသည်။
“သခင်လေး... သူတို့ကို ပြန်ခိုင်းလိုက်ပါ။ မြို့ထဲမှ ရုတ်ရုတ်သဲသဲ ဖြစ်သွားရင် မကောင်းဘူး”
ကျီထင်ယွီက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ဝဲကြည့်၍ ဝူနီထံ အသံပို့လွှတ်လိုက်၏။ ဝူနီသည် ချက်ချင်း သဘောပေါက်သွားပြီး ဆိတ်ငြိမ်မြို့အရှင်ထံ အသံပို့လွှတ်လိုက်သည်။ ထို့နောက် သူသည် ကျီထင်ယွီနှင့် သူ့အုပ်စုကို ဦးဆောင်ကာ မြို့အနောက်ဘက်ရှိ ဆိတ်ငြိမ်ဘုံကျောင်းသို့ တိုက်ရိုက်သွားလိုက်လေသည်။
ဆိတ်ငြိမ်ဘုံကျောင်းက ဆိတ်ငြိမ်မြို့တွင် အတော်လေး ကျော်ကြားပေသည်။ ဘုံကျောင်းအမည်က မြို့အမည်ကိုယူ၍ ပေးထားခြင်းမဟုတ်ဘဲ မြို့အမည်က ဘုံကျောင်းအမည်ကိုယူ၍ ပေးထားခြင်းပင်။ အတိတ်တွင် ဤမြို့၌ ကျော်ကြားသော လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ ထိုသူက ရဟန်းကျင့်အန်းပင်။ သူသည် ဗုဒ္ဓဘာသာပညာရှင်တစ်ယောက်ဖြစ်ပြီး သူ၏အင်အားက နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်တွင် ရှိခဲ့သည်။ သူ့ကို ထိုခေတ်မှ မြောက်ဘက်ဧကရာဇ်က လေးစားကြည်ညိုခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဆိတ်ငြိမ်ဘုံကျောင်းသည် ရဟန်းကျင့်အန်းကဲ့သို့သော ပညာရှင်မျိုးကို ထပ်မံမွေးထုတ်မပေးနိုင်တော့ပေ။ ထို့ကြောင့် ၎င်းဘုံကျောင်းက ဝူမျိုးနွယ်၏ လျှို့ဝှက်စခန်းတစ်ခု ဖြစ်လာခြင်းဖြစ်သည်။
ဝူနီတို့က အတော်လေး လျင်မြန်သဖြင့် ဆယ့်ငါးမိနစ်အတွင်းမှာပင် ဆိတ်ငြိမ်ဘုံကျောင်းသို့ ရောက်သွားကြသည်။ ဘုံကျောင်းရှိ ဘုန်းတော်ကြီးအားလုံးက အဘိုးထူ၏လူများ၏ ထိန်းချုပ်မှုအောက်တွင် ဖြစ်သည်။ ဝူနီနှင့် ကျီထင်ယွီတို့က အတွင်းခြံဝန်းကို ကိုယ်တိုင်စစ်ဆေးကြမည်ဖြစ်၍ ထိုဘုန်းတော်ကြီးများက အပြင်ခြံဝန်းသို့ ပြန်သွားကြသည်။ ဝူနီသည် ဆိတ်ငြိမ်ဘုံကျောင်း၏ ကျောင်းထိုင်ဘုန်းတော်ကြီးကို ချက်ချင်း လွင့်ပျံထွက်သွားအောင် ရိုက်လိုက်ပြီး လေသံတင်းတင်းဖြင့် ပြောလိုက်လေသည်။
“သုံးစားမရတဲ့ဟာတွေ... ခင်ဗျားတို့က လူတစ်ယောက်ကိုတောင် စောင့်ကြည့်မထားနိုင်ဘူးဆိုတော့ ဘယ်နေရာမှာ အသုံးကျတော့မှာလဲ”
ဘုန်းတော်ကြီးတစ်စုသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဒူးထောက်လိုက်ကြ၏။ သူတို့အားလုံးက အရည်ခြုံ ဘုန်းတော်ကြီးများပင်။ အမှန်တွင်မူ သူတို့က ဝူမျိုးနွယ်၏ ကျွန်များဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် ဝူနီက အလွန်ဒေါသထွက်နေကြောင်း တွေ့လိုက်သောအခါ ကြောက်ရွံ့တုန်လှုပ်သွားကြခြင်းပင်။
ကျီထင်ယွီက တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
“ကျင့်ရှင်း... စုလောရွှယ်က ဘယ်အချိန်တုန်းက ပျောက်သွားတာလဲ”
“သခင်မလေးကို တင်ပြပါတယ်”
ဘုန်းတော်ကြီးတစ်ပါးက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြန်ပြောလိုက်၏။
“သခင်မလေးက သူ့ကို သေချာစောင့်ကြည့်ထားဖို့ မှာခဲ့လို့ ကျွန်တော်တို့ အပါးမခိုဝံ့ပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ သူ့ကို ဆယ်ရက်တစ်ခါ စစ်ဆေးပါတယ်။ သူ့ဆီ အားဖြည့်ဆေးလုံးတွေလည်း ပို့ပေးပါတယ်။ ပုံမှန်ရက်တွေမှာဆိုရင် အတွင်းခြံဝန်းကို နေ့ရောညပါ စောင့်ကြပ်ကြပါတယ်။ အကာအရံက လှိုင်းထလာရင်ဖြစ်ဖြစ် ဒါမှမဟုတ် အပြင်ဘက်က ပညာရှင်တစ်ယောက်ယောက်က အထဲကို အတင်းဝင်ဖို့ ကြိုးစားရင်ဖြစ်ဖြစ် ကျွန်တော်တို့ သိမှာပါ။ ဒါပေမဲ့ ဘယ်သူမှ အတွင်းခြံဝန်းထဲကို မဝင်သလို၊ အကာအရံကလည်း အကောင်းအတိုင်းပါပဲ။ ပြီးတော့ အတွင်းခြံဝန်းထဲမှာ အပိတ်ခံထားရတဲ့သူက အားနည်းပါတယ်။ သူ့အနေနဲ့ အကာအရံကို ချိုးဖျက်ပြီး ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး...”
“လွန်ခဲ့တဲ့ ရက်နှစ်ဆယ်တုန်းက ထုံးစံအတိုင်း ကျွန်တော်တို့လူတွေ အထဲကိုဝင်ပြီး သူ့ကို စစ်ဆေးကြပါတယ်။ ဒါပေမဲ့ အဲ့မိန်းမက သဲလွန်စတစ်ခုတောင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ သူ ပျောက်နေပြီဆိုတာကို သိတာနဲ့ချက်ချင်း ကျွန်တော်တို့ လူတွေ စေလွှတ်ပြီး နေရာအနှံ့မှာ ရှာခိုင်းပါတယ်။ ဒါပေမဲ့ ဘာသတင်းအစအနမှ မရခဲ့ပါဘူး။ အဲ့ဒါနဲ့ ကျွန်တော် မျိုးနွယ်ရဲ့ ထောက်လှမ်းရေးခန်းမကို သတင်းပို့ပြီး မိုင်တစ်သန်းပတ်လည်အတွင်း ချက်ချင်း ရှာခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဘာသတင်းမှ မရခဲ့ပါဘူး။ အဲ့မိန်းမက လေလိုပဲ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့တာပါ။ သခင်မလေး... သူက သူ့ကိုယ်သူ မီးရှို့သတ်သေသွားတာများလား”
ဖုန်း...
ဝူနီက မညှာမတာ ကန်လိုက်၏။ ထိုဘုန်းတော်ကြီးက အပြင်သို့ လွင့်ပျံထွက်သွားလေသည်။ သူ၏ရင်ဘတ်ကလည်း ချိုင့်ဝင်သွားသည်။ ထို့နောက် ဝူနီက ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။
“အတွင်းခြံဝန်းထဲမှာ ဘာမှ မကျန်ခဲ့ဘူးကွ... ပြာတောင်မကျန်ခဲ့ဘူး။ ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ မီးရှို့ကြည့်ပါလား... ပြာကျန်လား၊ မကျန်ဘူးလားလို့ သိရတာပေါ့”
“သူက သူ့ကိုယ်သူ မီးရှို့သတ်သေတာ မဟုတ်ဘူး။ စုလောရွှယ်က အားနည်းပုံပေါ်ပေမယ့် တော်တော်စိတ်ဓာတ်ခိုင်မာတဲ့ မိန်းမပဲ။ သူက အဲ့လို အလွယ်တကူ သတ်သေမှာ မဟုတ်ဘူး”
ကျီထင်ယွီ၏ မျက်လုံးများက အရောင်လက်နေ၏။ ထိုဘုန်းတော်ကြီးက လိမ်ပြောနေခြင်း မဟုတ်နိုင်ပေ။ ထို့ပြင် စုလောရွှယ်က လွန်ခဲ့သော ရက်နှစ်ဆယ်လောက်ကတည်းက ပျောက်သွားခြင်းပင်။ ထို့ကြောင့် ကျန်းရီက စုလောရွှယ်ကို ကယ်သွားခြင်း မဟုတ်နိုင်ပေ။ မဟုတ်လျှင် ကျန်းရီသည် အဘယ်ကြောင့် ဝူနီ၏ ကောင်းကင်ကံကြမ္မာသင်္ဘောကို တားဆီးမည်နည်း။ အဘယ်ကြောင့် သူက ဟုန်ဝူမြို့ကို တိုက်ခိုက်မည်နည်း။
ကျီထင်ယွီသည် အတွင်းခြံဝန်းထဲကို ဝေ့ဝဲကြည့်လိုက်ပြီး ခေတ္တမျှ တွေးတော၍ မေးလိုက်လေသည်။
“လွန်ခဲ့တဲ့ ရက်နှစ်ဆယ်ကျော်တုန်းက ဘုံကျောင်းကို ဘယ်သူလာခဲ့သေးလဲ။ ဧည့်သည်မှတ်တမ်းကို ဒီကို ယူလာခဲ့ကြ”
ဆိတ်ငြိမ်ဘုံကျောင်းက ကျော်ကြားသဖြင့် ဘုံကျောင်းသို့ လာရောက်ဆုတောင်းသူများ များစွာရှိပေသည်။ ထို့ကြောင့် ဤဘုံကျောင်းက သတင်းအချက်အလက်များကို စုဆောင်းရန် ပြီးပြည့်စုံသောနေရာတစ်ခုဖြစ်သည်။ ဘုန်းတော်ကြီးတစ်ပါးက လျင်မြန်စွာ ထရပ်လိုက်ပြီး ဧည့်သည်မှတ်တမ်းကို သွားယူလေသည်။ ဤဘုံကျောင်းသို့ လာရောက်ဆုတောင်းသူတိုင်းကို မှတ်တမ်းတင်ထားပေသည်။ ထို့ပြင် ထိုသူများ၏ ပုံတူများကိုလည်း ရေးဆွဲထားသည်။
ကျီထင်ယွီက ဧည့်သည်မှတ်တမ်းကို လှန်လှော၍ ဂရုတစိုက် ကြည့်ရှုနေ၏။ တစ်နာရီကြာပြီးနောက် သူမ ခေါင်းမော့လိုက်ပြီး သက်ပြင်းလေးလေးတစ်ချက် ချလိုက်လေသည်။
“ဒီကိစ္စကတော့ ခက်တော့မှာပဲ။ ကျွန်မ မှန်းတာသာ မမှားဘူးဆိုရင် စုလောရွှယ်မှာ ထူးခြားတဲ့လက္ခဏာတစ်ခုရှိလို့ လျှို့ဝှက်ဂိုဏ်းကြီးတစ်ခုက ဖမ်းခေါ်သွားပုံပဲ”
ဝူနီက မျက်ခုံးပင့်ကာ အေးစက်စက် ပြောလိုက်သည်။
“အတင့်ရဲလိုက်တာ... ဘယ်ဂိုဏ်းလဲ။ ဘယ်သူက ဝူမျိုးနွယ်ရဲ့ လူကို ဖမ်းခေါ်သွားရဲတာလဲ။ သူတို့က သူတို့ဂိုဏ်း ဖျက်ဆီးခံရမှာကို မကြောက်ဘူးလား”
“သူတို့ မကြောက်လောက်ပါဘူး”
ကျီထင်ယွီက ခါးသက်သက်ပြုံးကာ သက်ပြင်းချလိုက်သည်။
“အဲ့လျှို့ဝှက်ဂိုဏ်းက ဝူမျိုးနွယ်ကို မကြောက်ပါဘူး။ ပြီးတော့ ရှင့်ရဲ့အဘိုးတောင် မလိုအပ်ရင် အဲ့ဂိုဏ်းကို ရန်ပြုဝံ့မှာ မဟုတ်ဘူး”
ဝူနီသည် အံ့အားသင့်သော မျက်ဝန်းများဖြင့် ရေရွတ်လိုက်၏။
“ကောင်းကင်လျှို့ဝှက်ဂိုဏ်းလား...”
***