ကောင်းကင်လျှို့ဝှက်ဂိုဏ်း
Vol. 69 Ch. 961
အရှေ့ဘက် တော်ဝင်နယ်မြေသည် သမိုင်းဦးခေတ်ကတည်းက တည်ရှိခဲ့သော နှစ်တစ်သန်းကျော်သက်တမ်းရှိသည့် နယ်မြေတစ်ခုပင်။
ရှေးခေတ်တွင် မိစ္ဆာမျိုးနွယ်က အင်အားကြီးခဲ့ပြီး လူသားလောကကို ကပ်ဘေးများ ဖြစ်စေခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် တောင်များ၏ နက်ရှိုင်းသောနေရာများ၊ မိစ္ဆာကင်းရှင်းသော ကျွန်းများနှင့် ကြမ်းတမ်းသောနယ်မြေများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ သို့သော် လူသားမျိုးနွယ်သည် ကြံ့ကြံ့ခံနိုင်ခဲ့ပြီး လူသားပညာရှင်များနှင့် သူရဲကောင်းများကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ရှေးဟောင်းမဟာမျိုးနွယ်များနှင့် ရှေးဟောင်းမဟာဂိုဏ်းကြီးများ များစွာရှိပေသည်။
လောကထဲတွင် ဆန်းကြယ်ဧကရာဇ် ထွက်ပေါ်လာသောအခါ သူက လူသားမျိုးနွယ်ကို ဦးဆောင်ပြီး မိစ္ဆာမျိုးနွယ်ကို အရှေ့ဘက် တော်ဝင်နယ်မြေမှနေ၍ အဆုံးမဲ့ပင်လယ်နက်နှင့် သွေးညအကြောက်တရားပင်လယ်အတွင်းသို့ မောင်းထုတ်ခဲ့သည်။ ဆန်းကြယ်ဧကရာဇ်က လောကကို စုစည်းသောအခါ ထိုရှေးဟောင်းမဟာမျိုးနွယ်များနှင့် မဟာဂိုဏ်းကြီးများမှ အချို့သည် ဆန်းကြယ်ဧကရာဇ်ထံတွင် လက်အောက်ခံခဲ့ကြသည်။ အချို့မှာမူ လောကအတွင်းမှ ကိစ္စများတွင် ဝင်မပါတော့ဘဲ လျှို့ဝှက်နေခဲ့ကြသည်။
ဆန်းကြယ်ဧကရာဇ်၏ လှံသွားက ပြိုင်ဘက်ကင်းခဲ့သည်။ ပုန်ကန်လိုသော ဂိုဏ်းရှိလျှင် ဆန်းကြယ်ဧကရာဇ်က သေချာပေါက် ဖိနှိပ်ပစ်မည်ဖြစ်သည်။ ဆန်းကြယ်ဧကရာဇ်ကိုယ်တိုင် မလှုပ်ရှားလျှင်ပင် သူ၏လက်အောက်ငယ်သားများဖြစ်သော ဧကရာဇ်ကိုးပါးက လှုပ်ရှားကြမည်ဖြစ်သည်။
ဆန်းကြယ်ဧကရာဇ် နတ်ရွာစံပြီးနောက်တွင် ဧကရာဇ်ကိုးပါးက ဆန်းကြယ်ဧကရာဇ်၏ ဆန္ဒအတိုင်း ကိုယ်ပိုင်ဒေသများကို သိမ်းပိုက်အုပ်စိုးခဲ့ကြသည်။ မည်သူမှ အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်မစုစည်းဝံ့ခဲ့ပေ။ ထို့ကြောင့် လျှို့ဝှက်မျိုးနွယ်များနှင့် လျှို့ဝှက်ဂိုဏ်းများက ပြန်ခေါင်းထောင်လာကြသည်။ သူတို့သည် အရှေ့ဘက် တော်ဝင်နယ်မြေ၏ အလယ်ပိုင်းမှ ဒေသများကို သိမ်းပိုက်ထားကြသည်။ ရှစ်မျိုးနွယ်၊ ရွှမ်မျိုးနွယ်နှင့် ထန်မျိုးနွယ်တို့က ထင်ရှားသော ရှေးဟောင်းမျိုးနွယ်များပင်။
သို့သော် လူသူကင်းရှင်းသည့် တောင်များနှင့် ကြမ်းတမ်းသောကုန်းမြေများတွင် ပုန်းအောင်းနေသေးသော လျှို့ဝှက်ဂိုဏ်းများလည်း ရှိနေသေးသည်။ ထိုဂိုဏ်းများ၏ တပည့်သားချင်းများက အရှေ့ဘက် တော်ဝင်နယ်မြေတွင် သွားလာနေနိုင်သော်လည်း သူတို့သည် သူတို့က မည်သည့်မျိုးနွယ်၊ မည်သည့်ဂိုဏ်းမှဖြစ်ကြောင်း ပေါ်သွားစေမည် မဟုတ်ပေ။ ထို့ပြင် သူတို့သည် မည်သည့်ပြဿနာမှလည်း ရှာကြမည် မဟုတ်ချေ။ သူတို့သည် အလွန်သိုသိုသိပ်သိပ်နေခဲ့ကြ၍ လူများက သူတို့အကြောင်းကို မေ့လျော့လာကြသည်။ သာမန်လူများသာမက အချို့မျိုးနွယ်ကြီးများပင် ထိုလျှို့ဝှက်ဂိုဏ်းများအကြောင်းကို မသိကြပေ။
ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှာ ထိုသို့သော လျှို့ဝှက်ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်သည်။
ဧကရာဇ်ကိုးပါးမျိုးနွယ်စုသည် အရှေ့ဘက် တော်ဝင်နယ်မြေကို အုပ်စိုးထားပြီး သမိုင်းကြောင်းများကို အသေးစိတ် မှတ်တမ်းတင်ထားကြသည်။ သူတို့သည် သူတို့ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည့် ထိုလျှို့ဝှက်ဂိုဏ်းများ၊ လျှို့ဝှက်မျိုးနွယ်များကို စောင့်ကြည့်နေခဲ့ကြသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုသည် လူအများရှေ့တွင် ပြန်ထွက်ပေါ်လာခဲ့သော ရှေးဟောင်းမျိုးနွယ်များနှင့် ရှေးဟောင်းဂိုဏ်းများကို ဖယ်ကာ ဆက်၍ပုန်းကွယ်နေသေးသော လျှို့ဝှက်မျိုးနွယ်များနှင့် လျှို့ဝှက်ဂိုဏ်းများကို အဆင့်ခွဲခဲ့သည်။ အရှေ့ဘက် တော်ဝင်နယ်မြေ၌ ထိပ်တိန်းလျှို့ဝှက်အဖွဲ့ဆယ်ဖွဲ့ရှိပေသည်။
ထိုထိပ်တန်းလျှို့ဝှက်အဖွဲ့ဆယ်ဖွဲ့စလုံးက အလွန်စွမ်းအားကြီးသည်။ သူတို့သည် သူတို့၏အဖွဲ့များက မျိုးရိုးစဉ်ဆက် ရပ်တည်နိုင်ရန်အတွက် ကိုယ်ပိုင်စည်းမျဉ်းများ ရေးဆွဲထားကြသည်။ ထိုအဖွဲ့ဆယ်ဖွဲ့စလုံးတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်များနှင့် ပညာရှင်များ အမြောက်အမြား ရှိကြသည်။ ထိုဆယ်ဖွဲ့မှ ထိပ်ဆုံးသုံးဖွဲ့သည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို ခြိမ်းခြောက်နိုင်လောက်အောင် အင်အားကြီးပေသည်။
ကောင်းကင်လျှို့ဝှက်ဂိုဏ်းက နံပါတ်(၂)ဖြစ်သည်။ ထိုဂိုဏ်းက စုလောရွှယ်ကို ဖမ်းခေါ်သွားခြင်းမှာ ထိုဂိုဏ်း၏ ဂိုဏ်းသားအားလုံးက အမျိုးသမီးများ ဖြစ်နေ၍ ဖြစ်ရမည်ဟု ဝူနီ တွေးလိုက်၏။
ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ တပည့်များသည် လောကတစ်ခွင်လုံးတွင် လှည့်လည်သွားကာ ထူးခြားသော ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်သည့် အမျိုးသမီးများကို ရှာဖွေ ခေါ်ဆောင်ကာ ဂိုဏ်းတွင် ပျိုးထောင်ပေးကြသည်။ ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်သူများ၏ ကျင့်ကြံနှုန်းက အလွန်လျင်မြန်ပေသည်။ ထို့ကြောင့် ထိုဂိုဏ်းမှ တပည့်များ၏ ကျင့်ကြံနှုန်းက အလွန်လျင်မြန်ကြသည်။ သူတို့ဂိုဏ်းတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်များ မရှားပေ။ ဝူမျိုးနွယ်၏ မှတ်တမ်းများအရ ထိုဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်က ဧကရာဇ်ကိုးပါးနှင့်ပင် ယှဉ်နိုင်ကြောင်း သိရသည်။ စုလောရွှယ်တွင် ထူးခြားသော ဝိညာဉ်ခန္ဓာ ရှိကြောင်း ကျီထင်ယွီက ပြောခဲ့သည်။ ထို့ကြောင့် ဝူနီသည် ကောင်းကင်လျှို့ဝှက်ဂိုဏ်းအကြောင်းကို ချက်ချင်း အမှတ်ရသွားခြင်း ဖြစ်သည်။
“ဟုတ်ပါတယ် ကောင်းကင်လျှို့ဝှက်ဂိုဏ်းပါ”
ကျီထင်ယွီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“စုလောရွှယ်ရဲ့ မျိုးနွယ်က ခရမ်းရောင် ကောင်းကင် အလင်းတန်းကို ပိုင်ဆိုင်တဲ့ ထူးခြားတဲ့မျိုးနွယ်တစ်ခုပဲ။ သူတို့က စိတ်ဝိညာဉ်ကို ကျင့်ကြံကြတယ်။ စုလောရွှယ်က သူ့မျိုးနွယ်မှာ ပါရမီရှင်တစ်ယောက်လို့ ပြောနိုင်တယ်။ သူက စိတ်ဝိညာဉ်မျောလွင့်ခရီးသည် အထွတ်အထိပ်အဆင့်မှာပဲ ရှိသေးတယ်ဆိုပေမယ့် သူ့ရဲ့ စိတ်ဝိညာဉ်က ကောင်းကင်ဧကရာဇ်တွေနဲ့တောင် ယှဉ်နိုင်နေပြီ။ အဲ့ဒါကြောင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းက သူ့ကို သဘောကျသွားတာ ဖြစ်မယ်။ ဆိတ်ငြိမ်ဘုံကျောင်းရဲ့ ဧည့်သည်မှတ်တမ်းထဲမှာ ထူးခြားတဲ့ဟန်ပန်ရှိတဲ့ မိန်းမပျိုလေးယောက် ရောက်လာတယ်လို့ မှတ်တမ်းတင်ထားတယ်။ အဲ့မိန်းမပျိုလေးယောက်ရဲ့ ရုပ်ရည်နဲ့ ဟန်ပန်တွေက အတော်လေး ထည်ဝါတယ်။ သူတို့ထဲက နှစ်ယောက်က အဆင့်မြင့် ကောင်းကင်ဧကရာဇ်တွေပဲ...”
“အဲ့လေးယောက်က ဆိတ်ငြိမ်ဘုံကျောင်းကနေ ဘယ်ကိုဆက်သွားတယ်ဆိုတာတော့ မှတ်တမ်းမတင်ထားဘူး။ သူတို့လို ချောမောလှပပြီး ဟိတ်ဟန်ရှိတဲ့ မိန်းမပျိုလေးတွေက သေချာပေါက် မျိုးနွယ်ကြီးတွေ၊ ဂိုဏ်းကြီးတွေက ပျိုးထောင်ပေးထားတဲ့သူတွေပဲ ဖြစ်ရမယ်။ ကျွန်မမှတ်မိသလောက်ကတော့... လူရှေ့ကို ပြန်ထွက်ပေါ်လာတဲ့ ရှေးဟောင်းမျိုးနွယ်တွေထဲမှာ အဲ့လိုမိန်းမပျိုတွေ မရှိဘူး။ အဲ့ဒါကြောင့် သူတို့က လျှို့ဝှက်အဖွဲ့တွေထဲက ဖြစ်ရမယ်။ ဖြစ်နိုင်ခြေအရှိဆုံးက ကောင်းကင်လျှို့ဝှက်ဂိုဏ်းပဲ”
“ပြဿနာပဲ”
ဝူနီ မျက်မှောင်ကြုတ်လိုက်သည်။ ဂိုဏ်းအသေးလေးတစ်ခုသာ ဖြစ်ပါက ဝူနီသည် ထိုဂိုဏ်းကို အလွယ်တကူ ဖိနှိပ်၍ စုလောရွှယ်ကို ပြန်ခေါ်လာနိုင်ပေသည်။ သို့သော် ထိုကောင်းကင်လျှို့ဝှက်ဂိုဏ်းသည် မြောက်ဘက်ဧကရာဇ်ကပင် ရှိန်ရသော ဂိုဏ်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ဝူမျိုးနွယ်သည် စုလောရွှယ်အတွက်လောက်ဖြင့် ထိုဂိုဏ်းဖြင့် စစ်ပွဲစမည် မဟုတ်ပေ။
အရေးအကြီးဆုံးမှာ ထိပ်တန်းလျှို့ဝှက်အဖွဲ့သုံးဖွဲ့၏ တည်နေရာများက ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည်။ ထို့ကြောင့် ဝူမျိုးနွယ်ပင် ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ တည်နေရာအတိအကျကို မသိပေ။ သူတို့သည် ကောင်းကင်လျှို့ဝှက်ဂိုဏ်းက အရှေ့ဘက် တော်ဝင်နယ်မြေ၏ မြောက်ဘက်ဆုံးအပိုင်းရှိ နှင်းကြမ်းဒေသတွင် ရှိကြောင်းကိုသာ သိထားပေသည်။ ထိုနှင်းကြမ်းဒေသက အလွန်ကျယ်ဝန်းပြီး အလွန်အန္တရာယ်များသည်။ သူတို့သည် ဝူမျိုးနွယ်၏ အင်အားကို အကုန်မသုံးပါက ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို ရှာနိုင်မည်မဟုတ်ပေ။
မြောက်ဘက်ဧကရာဇ်သည် စုလောရွယ်အတွက်ဖြင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းနှင့် စစ်ပွဲစပါမည်လော။
စမည် မဟုတ်ပေ။ ဝူမျိုးနွယ်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို ရှင်းပစ်နိုင်မည်ဆိုလျှင်ပင် အဆုံးအရှုံးများမည်ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ဧကရာဇ်ရှစ်ပါးမျိုးနွယ်စု ဖြစ်သွားပေလိမ့်မည်။
“အဘိုးထူ...”
ဝူနီသည် တွေးလေလေ၊ ဒေါသထွက်လာလေလေ ဖြစ်နေ၏။ ထို့ကြောင့် သူ လက်ဝှေ့ယမ်းကာ အော်ပြောလိုက်သည်။
“အဲ့အရူးတွေအကုန်လုံးကို ခေါ်သွားပြီး ခေါင်းဖြတ်ပစ်လိုက်”
“အာ...”
ရာချီသော ဘုန်းတော်ကြီးများသည် ကြောက်ရွံ့တုန်လှုပ်သွားကြပြီး ဒူးထောက်ကာ အသနားခံလိုက်ကြသည်။ ကျီထင်ယွီက မျက်ခုံးပင့်ကာ လျင်မြန်စွာ အသံပို့လွှတ်လိုက်၏။
“သခင်လေး... အဲ့လိုလုပ်လို့ မဖြစ်ဘူး။ ဒါက သူတို့အပြစ် မဟုတ်ပါဘူး။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက လူတွေက ထူးခြားတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြတယ်။ ဒီဘုန်းတော်ကြီးတွေက ကောင်းကင်လျှို့ဝှက်ဂိုဏ်းသားတွေကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ ဒီကိစ္စက ကျွန်မအပြစ်ပါ... ကျွန်မ ကောင်းကောင်းမစီစဉ်ခဲ့မိတာပါ။ သခင်လေး... အခု လူတိုင်းက ကျွန်မတို့ကို ကြည့်နေကြပါတယ်။ ကျွန်မတို့သာ မဆင်မခြင်သတ်လိုက်ရင် အကြီးအကဲခန်းမက သခင်လေးကို အထင်သေးသွားပါလိမ့်မယ်။ သခင်လေးက ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘယ်အချိန်မှာ အပြစ်ပေးရမယ်၊ ဘယ်အချိန်မှာ ဆုပေးရမယ်ကို ကောင်းကောင်းသိရမယ်။ မဆင်မခြင် သတ်ဖြတ်တာက လက်အောက်ငယ်သားတွေရဲ့ စိတ်ထဲမှာ မကျေမနပ်ဖြစ်စေပါတယ်...”
“ကောင်းပြီလေ...”
ဝူနီသည် သက်ပြင်းသဲ့သဲ့ချလိုက်ပြီး လက်ခါလိုက်သည်။
“ထားလိုက်တော့... ဒီကိစ္စက သူတို့ရဲ့ အပြစ်မဟုတ်ပါဘူး။ ခင်ဗျားတို့အားလုံးကို တုတ်နဲ့အချက်သုံးရာပဲရိုက်ပြီး အပြစ်ပေးမယ်။ သွားကြတော့”
ဘုန်းတော်ကြီးများသည် လျင်မြန်စွာ ကုန်းရုန်းထသွားကြ၏။ အဘိုးထူနှင့် အခြားသူများကလည်း နောက်ပြန်ဆုတ်လိုက်ကြသည်။ ထို့နောက် ဝူနီက ကျီထင်ယွီကိုကြည့်ကာ စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။
“စုလောရွှယ်မရှိရင် ငါ့အစ်မကြီးနဲ့ ယောက်ဖတို့က အန္တရာယ်ရှိနေပြီပေါ့။ ငါတို့မှာ ကျန်းရီကို အငိုက်ဖမ်းနိုင်မယ့် နည်းလမ်းတစ်ခုမှ မရှိဘူး။ ထင်ယွီ... ငါတို့ ဘာလုပ်သင့်လဲ”
“နည်းလမ်းတစ်ခုမဟုတ် တစ်ခုကတော့ အမြဲရှိပါတယ်”
ကျီထင်ယွီက ထရပ်လိုက်ပြီး ပင်မခန်းမထဲရှိ နတ်ရုပ်တုကိုကြည့်ကာ ပြောလိုက်လေသည်။
“ကျန်းရီရဲ့ ရည်ရွယ်ချက်က စုလောရွှယ်ကို ကယ်ဖို့ပဲ။ သူက စုလောရွှယ်က ကျွန်မတို့ရဲ့ လက်ထဲမှာပဲ ရှိနေသေးတယ်လို့ ထင်လိမ့်မယ်။ အဲ့တော့ ကျွန်မတို့မှာ အခွင့်အရေးတစ်ခု ရှိပါသေးတယ်။ သခင်လေး... အမိန့်ပေးလိုက်ပါ၊ စုလောရွှယ် ပျောက်သွားတယ်ဆိုတဲ့အကြောင်းကို အပြင်ကို မပေါက်ကြားသွားစေရဘူးလို့... ပေါက်ကြားအောင် လုပ်မိတဲ့သူက အညှာအတာမရှိ အသတ်ခံရမယ်”
ဝူနီ ခေါင်းညိတ်လိုက်ပြီး ချက်ချင်း အသံပို့လွှတ်လိုက်သည်။ ထို့နောက် သူက ကျီထင်ယွီကို ပြန်ကြည့်ကာ မေးလိုက်လေသည်။
“ထင်ယွီ... နည်းလမ်းကောင်းတွေ ရှိလား”
“နည်းလမ်းကောင်းတော့မဟုတ်ဘူး... နည်းလမ်းတစ်ခုတော့ ရှိတယ်”
ကျီထင်ယွီက တောက်ပစွာပြုံး၍ ပြောလိုက်သည်။
“ဒီရက်ပိုင်းအတွင်းမှာ မျိုးနွယ်တွေက ကျန်းရီကို လိုက်ဖမ်းနေတာ... အဲ့တော့ ကျန်းရီက သေချာပေါက် တစ်နေရာရာမှာ ပုန်းနေပြီး ထွက်လာရဲဦးမှာ မဟုတ်ဘူး။ ကျွန်မတို့ စောင့်ကြတာပေါ့။ နောက်ရက်နည်းနည်းလောက်နေရင် သူက ကျွန်မတို့ကို အရင်ဆက်သွယ်လာမှာပါ... စိုးရိမ်ဖို့ မလိုပါဘူး။ စုလောရွှယ် မသေသေးသ၍ သူက ရှင့်ရဲ့ အစ်မကြီးနဲ့ ယောက်ဖကို အန္တရာယ်ပေးမှာ မဟုတ်ပါဘူး။ သူ ကျွန်မတို့ကို ဆက်သွယ်လာတာကို စောင့်ရင်း အစီအစဉ်ကောင်းကောင်း ဆွဲထားကြတာပေါ့။ သူက တစ်ယောက်တည်း၊ ကျွန်မတို့က မျိုးနွယ်ကြီးပါ။ ကျွန်မတို့ သူ့ကို ကြိုက်သလို ကစားလို့ရပါတယ်...”
ဝူနီသည် ကျီထင်ယွီ၏ ယုံကြည်မှုရှိ၍ တည်ငြိမ်သော မျက်နှာထားကို တွေ့သောအခါ သူလည်း တဖြည်းဖြည်း ပြန်စိတ်တည်ငြိမ်လာလေသည်။ သူက အားတင်း၍ ပြုံးကာ သက်ပြင်းချလိုက်သည်။
“ငါ့မှာ ထင်ယွီရှိနေမှတော့ ဘာကို စိုးရိမ်နေဖို့ လိုဦးမှာလဲ”
***
ကျန်းရီသည် ကျီထင်ယွီ ခန့်မှန်းခဲ့သလို ပုန်းအောင်းနေခြင်းပင်။ သူက ဝူမျိုးနွယ်၏ ဒေသလေးခုထဲတွင် ပုန်းအောင်းနေခြင်း မဟုတ်ပေ။ ရီမျိုးနွယ်နှင့် ယဲ့မျိုးနွယ်တို့၏ ပိုင်နက်များထဲတွင် ပုန်းနေခြင်းလည်း မဟုတ်ချေ။ သူသည် တောင်ဘက်ရှိ ရွှမ်မျိုးနွယ်၏ ပိုင်နက်ထဲတွင် ပုန်းအောင်းနေခြင်းဖြစ်သည်။
ကျန်းရီသည် မည်သည့်မြို့ထဲကိုမှ မဝင်ဝံ့ပေ။ မည်သည့်မြို့ကမှ လုံခြုံမည်မဟုတ်ကြောင်း သူသိပေသည်။ မြို့ထဲသို့ ဝင်လာသည့် သူစိမ်းများက သံသယအဝင်ခံရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးကာ မြောက်ဘက်နှင်းဖုံးဒေသမှနေ၍ ရွှမ်မျိုးနွယ်၏ ရွှမ်ဒေသသို့ သွားခဲ့ခြင်းပင်။ ထို့နောက် သူသည် မိစ္ဆာသားရဲများ ကျက်စားသော တောင်တန်းတစ်ခုကို ရှာကာ ထိုတောင်တန်းတွင် ပုန်းအောင်းနေခဲ့လေသည်။
ထိုတောင်တန်းက ကြီးမား၏။ တောင်တန်းတွင် မိစ္ဆာသားရဲများ ရှိသော်လည်း ထိုသားရဲများက အဆင့်နိမ့် မိစ္ဆာသားရဲများသာဖြစ်ကြသည်။ မိစ္ဆာဘုရင်တစ်ကောင်ပင် မရှိချေ။ လူများစွာသည် ထိုတောင်တန်းကို ကောင်းကင်စိတ်အာရုံများဖြင့် ထောက်လှမ်းကြသော်လည်း ကျန်းရီ၏ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်က ထိုသူများကို လှည့်စားနိုင်ခဲ့ပေသည်။
ကျန်းရီသည် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကိုသုံး၍ မိစ္ဆာအဆင့် အဆင့်သုံးရှိသော လူဝံပုံစံ မိစ္ဆာသားရဲအဖြစ် ပြောင်းလဲထားခဲ့သည်။ သူ့ခန္ဓာကိုယ်တွင် အမွေးရှည်များ ဖုံးလွှမ်းနေပြီး သူ၏အရှိန်အဝါကလည်း မိစ္ဆာသားရဲတစ်ကောင်၏ အရှိန်အဝါနှင့် လုံးဝဆင်တူနေပေသည်။ သူသည် ဂူတစ်လုံးအတွင်း၌ ပုန်းအောင်းနေခဲ့၏။ အခြားသော အဆင့်နိမ့် လူဝံပုံစံ မိစ္ဆာသားရဲများသည် သူ၏အရှိန်အဝါကြောင့် သူ့အနားသို့ မကပ်ဝံ့ကြပေ။
ကျန်းရီသည် ဂူထဲတွင် ပုန်းအောင်းကာ သူ၏ဒဏ်ရာများကို ကုသနေခဲ့သည်။ အပြည့်အဝ ပြန်မကောင်းသေးခင်တွင် ကောင်းကင်ရှောင်တိမ်းခြင်းကို အဆက်မပြတ် သုံးခဲ့ရ၍ သူ၏ဒဏ်ရာများက ပို၍ ဆိုးဝါးလာခဲ့သည်။ သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ ဤထက်ပိုဝေးသောနေရာသို့ သွားလိုခဲ့၏။ သို့သော် သူ၏ခန္ဓာကိုယ်က ဒဏ်မခံနိုင်တော့မည်ကို သူ စိုးရိမ်ခဲ့ပေသည်။ ထို့ကြောင့် သူ ဤနေရာတွင်ပင် ရပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဝှစ်...ဝှစ်...ဝှစ်....
ယခုတွင် ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ သူ၏ဒဏ်ရာများကို ကုသနေသည်။ သို့သော် သူသည် အဝေးမှ လေခွင်းသံများကို ကြားတိုင်း ဒဏ်ရာကုသနေသည်ကို ရပ်ကာ လူဝံတစ်ကောင်ကဲ့သို့ ကုန်းကုန်းကွကွ ဟန်ဆောင်ပြ၏။ လူများ အဝေးသို့ ပျံသွားပြီး ကောင်းကင်စိတ်အာရုံများ ပျောက်ကွယ်သွားသောအခါမှ သူသည် ပြန်တင်ပျဉ်ခွေထိုင်၍ ဒဏ်ရာများကို ဆက်ကုသလေသည်။
“လူတွေ အများကြီး ရှာနေတာလား။ ဒီနေ့မှာတင် ဒီကိုလာရှာတာ နှစ်ကြိမ်ရှိနေပြီ”
ကျန်းရီသည် မျက်လုံးများ ဖွင့်လိုက်ပြီး လှောင်ပြုံး ပြုံးလိုက်၏။ ထို့နောက် သူ ရေရွတ်လိုက်သည်။
“အဟင်း... ငါ့ဒဏ်ရာတွေ ပြန်ကောင်းလာမယ့်အချိန်ဆိုရင် ရှာနေတဲ့လူတွေလည်း အားလျော့နေလောက်ပြီ။ ငါ့ကို စောင့်နေကြ... အချိန်ကျလာရင် ငါ မင်းတို့ဝူမျိုးနွယ်ရဲ့ ဒေသလေးခုစလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင် လုပ်ပစ်မယ်”
***