← Chapters

ဒေသလေးခုကို သွေးနဲ့ဆေးပစ်မယ်

Vol. 69 Ch. 962

ဒေသလေးခုကို သွေးနဲ့ဆေးပစ်မယ်

Vol. 69 Ch. 962

ရှန်းစီမျိုးနွယ်စု၊ ရှန်းစီမြို့...

ဟုန်ဝူမြို့မှ ကျန်းရီ၏သတင်းက ရှန်းစီမျိုးနွယ်စုသို့ ရောက်လာရန် သုံးရက်သာ ကြာခဲ့သည်။ မျိုးနွယ်စုတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။ မျိုးနွယ်စုထဲတွင် ကျန်းရီက ကျော်ကြားသူဖြစ်သည်။ လူတော်တော်များများသည် ရင်ထဲတွင် ကျန်းရီကို မိမိတို့ဘက်တော်သားအဖြစ် လက်ခံကြပြီးဖြစ်သည်။ ကျန်းရီအတွက် အရှေ့ဘက် တော်ဝင်နယ်မြေအတွင်းသို့ သတ်ဖြတ်ဝင်ရောက်သွားရန် လွယ်၏။ သို့သော် သူသည် ထိုကဲ့သို့ ကိစ္စကြီးတစ်ခုကိုပင် လုပ်ဆောင်ခဲ့သေးသည်လော။

ရှန်းစီမျိုးနွယ်စုနှင့် အရှေ့ဘက် တော်ဝင်နယ်မြေတို့က ရန်သူများဖြစ်ကြသည်။ ကျန်းရီသည် ရှန်းစီမျိုးနွယ်စုထဲ ဝင်မလာခင်ကပင် ရှီးဖေးနှင့် ကျန့်ဝူယင်းတို့ကို အရှက်ခွဲခဲ့၏။ ထို့ကြောင့် ရှန်းစီမျိုးနွယ်စုမှ လူများက ဝမ်းမြောက်၊ စိတ်လှုပ်ရှားခဲ့ကြရသည်။ ယခုတွင် ရှန်းစီပွဲတော်ကျင်းပသလိုမျိုး ဖြစ်နေသည်။ မရေမတွက်နိုင်သော မြို့များသည် ရယ်မောသံများနှင့် ဖုံးလွှမ်းနေ၏။ သူတို့က တိုက်ပွဲတစ်ပွဲကို အောင်နိုင်ခဲ့သကဲ့သို့ပင်။

ဝူ၊ ရီ၊ ယဲ့နှင့် ရွှမ်မျိုးနွယ်တို့က သန်းချီသော တပ်သားများကို စေလွှတ်၍ ရှာဖွေနေသော်လည်း ကျန်းရီကို ယခုအထိ ရှာမတွေ့သေးဆိုသောသတင်း ထပ်ရောက်လာသောအခါ ရှန်းစီမျိုးနွယ်စုသည် ပို၍ပင်နှစ်ထောင်းအားရဖြစ်သွား၏။ မြို့များရှိ စားသောက်ဆိုင်များမှ သေရည်များအားလုံး ကုန်သွားသည်။ မျိုးနွယ်စုမှ လူများသည် ကျန်းရီအတွက် နတ်ဘုရားများထံတွင် နေ့ညမပြတ် ဆုတောင်းပေးနေကြလေသည်။

ရှန်းစီမျိုးနွယ်စုမှ လူများ၏ ရင်ထဲတွင် သူတို့က အရှေ့ဘက် တော်ဝင်နယ်မြေ၏ အစွန့်ပစ်ခံများဟု အမြဲခံစားခဲ့ကြရသည်။ သူတို့က လောကကြီး၏ စွန့်ပစ်မှုကိုခံရသော နိမ့်ကျသည့် အပြစ်သားများဟုလည်း ခံစားခဲ့ကြရသည်။ ထို့ကြောင့် သူတို့၏ ရင်ထဲတွင် အရှေ့ဘက် တော်ဝင်နယ်မြေအပေါ် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ သို့သော် သူတို့သည် အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်လိုကြသေးသည်။ အရှေ့ဘက် တော်ဝင်နယ်မြေသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ အလယ်ဗဟိုဖြစ်ပြီး သယံဇာတများ အကြွယ်ဝဆုံးနေရာ မဟုတ်ပါလား။ အရှေ့ဘက် တော်ဝင်နယ်မြေနှင့် ယှဉ်လျှင် အပြစ်သားကျွန်းက လက်တစ်ဝါးစာလောက်သာရှိပြီး နယ်နှင်ဒဏ်ခံရသူများ၏ နေရာတစ်ခုဖြစ်ပေသည်။

မည်သူကမှ နယ်နှင်ဒဏ်မခံလိုပေ။ မည်သူကမှ အပြစ်သား မဖြစ်လိုပေ။ မည်သူကမှ အပြစ်သားကျွန်းတွင် မျိုးရိုးစဉ်ဆက် မနေလိုပေ။ မည်သူကမှ အရှေ့ဘက် တော်ဝင်နယ်မြေ၏ အထင်သေးမှုကို မခံလိုပေ။

ထို့ကြောင့် အပြစ်သားကျွန်းမှ လူများထံတွင် မဟာမျှော်လင့်ချက်ကြီးတစ်ခု ရှိကြသည်။ ယင်းမှာ မဟာပညာရှင်တစ်ယောက် ထွက်ပေါ်လာပြီး သူတို့ကို ဦးဆောင်၍ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ဝင်ရောက်ကာ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို တော်လှန်ပြီး အရှေ့ဘက် တော်ဝင်နယ်မြေကို အုပ်စိုးရန်ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် သူတို့သည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို အပြစ်သားကျွန်းသို့ နယ်နှင်ကာ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ကြီးစိုးကြမည်ဖြစ်သည်။

သို့သော် ထိုမျှော်လင့်ချက်မှာ ဖြစ်နိုင်ရန် မလွယ်သော မျှော်လင့်ချက်ဖြစ်ကြောင်း အားလုံး သိကြသည်။ သူတို့တွင် နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင် မရှိလျှင်၊ အဆုံးမဲ့ပင်လယ်နက်မှ မိစ္ဆာမျိုးနွယ် မရှိလျှင် အပြစ်သားကျွန်းက ဖျက်ဆီးခံရပြီးနေလောက်ပေပြီ။ ပြန်လည်တိုက်ခိုက်ရန် မဆိုထားနှင့် အသက်ရှင်နေနိုင်ခြင်းကိုက သူတို့အတွက် ကောင်းချီးတစ်ခု ဖြစ်နေပြီဖြစ်သည်။

သို့သော် ယနေ့တွင်မူ အပြစ်သားကျွန်း၌ ထူးခြားသော ပါရမီရှင်တစ်ယောက် ရှိလာပြီဖြစ်သည်။

ကျန်းရီက သူတို့ကို အရှေ့ဘက် တော်ဝင်နယ်မြေသို့ ဦးဆောင် ခေါ်မသွားနိုင်လောက်ပေ။ သို့သော် ကျန်းရီသည် သူတို့လုပ်လိုသော်လည်း မလုပ်နိုင်သည့် အရာများစွာကို လုပ်ပေးခဲ့ပြီဖြစ်သည်။ သူသည် အရှေ့ဘက် တော်ဝင်နယ်မြေအတွင်းသို့ တစ်ကိုယ်တော် ဝင်ရောက်သွားခဲ့ပြီး ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို တစ်ကိုယ်တော် ရင်ဆိုင်ခဲ့သည်။ သူသည် ဝူမျိုးနွယ်၏ ပထမသခင်လေးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကာ ဟုန်ဝူမြို့ကို ကျူးကျော်၍ ဝူမျိုးနွဘ်၏ သခင်မလေးကို ဓားစာခံအဖြစ် ခေါ်သွားခဲ့သည်။ အရေးအကြီးဆုံးမှာ သူသည် ထိုအရာများကို ပြုလုပ်ပြီးနောက် အသက်ရှင်လွတ်မြောက်နေသေးခြင်းပင်။

သူရဲကောင်းများက ပရမ်းပတာခေတ်များတွင် မွေးဖွားလာကြသည်။ ပရမ်းပတာခေတ်များကလည်း မျှော်လင့်ချက်အတွက် သူရဲကောင်းတစ်ယောက်ကို လိုအပ်ပေသည်။ လက်ရှိတွင် အပြစ်သားကျွန်းမှ လူများ၏ ရင်ထဲ၌ ကျန်းရီက သူရဲကောင်းဖြစ်နေသည်ကို ပြောနေရန်ပင် မလိုချေ။

စစ်ထူအောင်းသည် တစ်နေ့လယ်ခင်းလုံး တစ်ယောက်တည်း သောက်နေခဲ့၏။ ဟွမ်ဖူချီကလည်း မျိုးနွယ်ကြီးများ၏ အကြီးအကဲများနှင့်အတူ သောက်နေသည်။ စစ်ထူရီရှောင်က ရယ်မောနေပြီး ဟွမ်ဖူထောင်ထျန်းက အခန်းအောင် ကျင့်ကြံနေရာမှ ထွက်လာခဲ့သည်။ စစ်ထူရီနျန်နှင့် အခြားသူများကလည်း ကျန်းရဲတိုက်တွင် စုဝေး၍ ကျန်းရီ၏ ကြီးမားသောအောင်မြင်မှုအတွက် အောင်ပွဲခံနေကြပြီး ကျန်းရီအတွက် ဆုတောင်းပေးနေကြသည်။

နန်ကုန်းချီလင်းက တိတ်တဆိတ် ရှိုက်ငိုနေပြီး ဖုန်းလန်နှင့် ချင်းယွီတို့က ဝမ်းနည်းတကြီး ငိုကြွေးနေကြသည်။ ယွင်ဖေး၏ ပါးပြင်ထက်တွင်လည်း မျက်ရည်စများ အဆက်မပြတ် လိမ့်ဆင်းနေသည်။ ချမ်ဝမ်ကွမ်းကမူ ကျန့်ဝူရွှမ်းကို ဖက်ထားသည်။ သူတို့နှစ်ယောက်သည် အရူးများကဲ့သို့ ငိုလိုက်၊ ရယ်လိုက် ဖြစ်နေကြသည်။

ကျန့်ဝူရွှမ်းက ထွက်ခွာတော့မည်ဖြစ်သည်။ ကျန်းရီသည် သူမည်သူဖြစ်ကြောင်း ပေါ်သွားသည့်နေ့က ကျန့်ဝူရွှမ်း အရှေ့ဘက် တော်ဝင်နယ်မြေသို့ ထွက်ခွာနိုင်မည့်နေ့ဟု မှာခဲ့ပေသည်။ ကျန့်ဝူရွှမ်းသည် ကျန့်မျိုးနွယ်မှ ဘိုးဘေးများ၏ မျှော်လင့်ချက်ကို သယ်ဆောင်ကာ အရှေ့ဘက် တော်ဝင်နယ်မြေသို့သွား၍ သူတို့၏ မူလမျိုးနွယ်ကို ရှာရမည်ဖြစ်သည်။ ယခုတွင် အရှေ့ဘက် တော်ဝင်နယ်မြေရှိ မျက်လုံးများအားလုံးက ကျန်းရီကို ရှာဖွေနေကြသည်။ ထို့ကြောင့် ကျန့်ဝူရွှမ်းအနေဖြင့် အရှေ့ဘက် တော်ဝင်နယ်မြေအတွင်းသို့ ခိုးဝင်ရန် လွယ်ကူပေလိမ့်မည်။

အောင်းလုကလည်း သတင်းရခဲ့၏။ သို့သော် သူသည် ထိုသတင်းကို ကျန်းရှောင်နူအား မပြောပြလိုက်ပေ။ လက်ရှိတွင် မီးမြွေသစ်ခွက လာပို့သည့်လမ်းတွင် ရောက်နေပြီဖြစ်သည်။ ချမ်ချမ်၏ ရောဂါကို ကုသနိုင်ပေတော့မည်။ သူသည် ကျန်းရီကို ကျေးဇူးတင်နေ၏။ ထို့ကြောင့် ကျန်းရီ၏ သတင်းက ကျန်းရှောင်နူ၏ ကျင့်ကြံခြင်းအား အနှောင့်အယှက်ဖြစ်သွားစေမည်ကို သူ မလိုလားပေ။ သူသည် သူလုပ်နိုင်သော အရာအားလုံးကို လုပ်၍ ကျန်းရှောင်နူ၏ အင်အားကို မြှင့်တင်ပေးမည်ဖြစ်သည်။

“ဟူး...”

ရွှမ်ဝူနန်းတော်မှနေ၍ သက်ပြင်းရှည်ကြီးတစ်ချက် ထွက်ပေါ်လာ၏။

“ကောင်လေး... ဒီခေတ်မှာ မိစ္ဆာမျိုးနွယ်က အင်အားနည်း‌နေပြီ။ ငါ ဧကရာဇ်ကိုးပါးမျိုးနွယ်စုနဲ့ မယှဉ်နိုင်ဘူး။ ငါသာ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို ရန်စလိုက်ရင် မိစ္ဆာမျိုးနွယ်မှာ သွေးချောင်းစီးသွားလိမ့်မယ်။ အဲ့ဒါကြောင့် ငါ မင်းကို ကူညီမပေးနိုင်တာပဲ။ ပြီး‌တော့ ငါ မင်းကို ပေါ်ပေါ်ထင်ထင် ကူညီပေးလို့မရဘူး။ အဲ့လိုဆို မင်းက လူသားတွေရဲ့ ဘုံရန်သူဖြစ်သွားလိမ့်မယ်။ အဲ့တော့ မင်း ကိုယ့်ကိုယ်ကိုယ်သာ အားကိုးပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရအောင်ယူခဲ့ရလိမ့်မယ်။ မင်း ဆန်းကြယ်နတ်ဘုရားနန်း‌တော်ကို ရမှ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို ယှဉ်နိုင်လိမ့်မယ်...”

***

လဝက်ကြာပြီးနောက်...

ဝူ၊ ရီ၊ ယဲ့နှင့် ရွှမ်မျိုးနွယ်တို့၏ စစ်တပ်များက မြောက်ပိုင်းတစ်ခြမ်းလုံးကို တစ်လက်မကျန် မြေလှန်ရှာခဲ့သည်။ သို့သော် မည်သည့်သဲလွန်စကိုမှ ရှာမတွေ့သေးချေ။ ကျန်းရီသည် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသကဲ့သို့ပင်။ သူတို့၏ ရှာဖွေစုံစမ်းမှုများက အချည်းနှီးသာ ဖြစ်ခဲ့လေသည်။

ရီ၊ ယဲ့နှင့် ရွှမ်မျိုးနွယ်တို့က ရှာဖွေမှုကို ရပ်ရန် အမိန့်ပေးခဲ့ပြီဖြစ်သည်။ လူပေါင်းများစွာနှင့် လဝက်ရှာပြီးသည်ပင် မည်သည့်သဲလွန်စမှ မတွေ့သဖြင့် ဆက်ရှာနေလျှင်လည်း ပင်ပန်းသည်သာ အဖက်တင်ပေလိမ့်မည်။ ထို့ပြင် ထိုကိစ္စက သူတို့၏ ကိစ္စမဟုတ်ပေ။ သူတို့သည် တတ်နိုင်သမျှ ကူညီပေးပြီးခဲ့ပေပြီ။

မြောက်ဘက်ဘုရင်ကလည်း ဒေသလေးခုထဲရှိ အခြားမျိုးနွယ်များကို ရှာဖွေမှုရပ်ရန် တိုးတိုးတိတ်တိတ် အမိန့်ပေးခဲ့ပြီးဖြစ်သည်။ မြို့များစွာတွင်တော့ ညမထွက်ရအမိန့် အသက်ဝင်နေဆဲပင်။ ထို့ပြင် ဆက်ရှာဖွေနေသော လျှို့ဝှက်ထောက်လှမ်းရေးများလည်း များစွာရှိနေပေသေးသည်။ ဝူမျိုးနွယ်၏ စစ်တပ်ကလည်း ဆက်လက်ရှာဖွေနေပေသည်။ သူတို့ ကျန်းရီကို ရှာတွေ့သည်၊ မတွေ့သည်က အရေးမကြီးပေ။ သူတို့သည် ထိုကိစ္စကို ဤကဲ့သို့ အဆုံးသတ်မခံနိုင်ပေ။

ကျန်းရီကလည်း ယနေ့တွင် လှုပ်ရှားလိုက်သည်။

လဝက်ကြာပြီးနောက် ကျန်းရီ၏ ဒဏ်ရာများက အပြည့်အဝ ပြန်ကောင်းသွားပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်က အကောင်းဆုံးအခြေအနေသို့ ပြန်ရောက်သွားပေပြီ။ သူသည် ကောင်းကင်နားလည်သိမြင်ခြင်းကို အသုံးပြု၍ မိုင်ဆယ်သန်းပတ်လည်အတွင်း ထောက်လှမ်းလိုက်၏။ သူ့ကို အားစိုက်ရှာဖွေမှု လျော့ကျသွားပြီဖြစ်ကြောင်း သူသိလိုက်ရသည်။ ထို့နောက် သူသည် ဧကရာဇ်နန်းတော်ကိုထုတ်၍ အတွင်းသို့ အာရုံခံလိုက်၏။ ဟုန်ပို၏ ဒဏ်ရာများကလည်း ပျောက်ကင်းလုနီးနေပြီဖြစ်သည်။ သို့သော် ဟုန်ပိုသည် ကျန်းရီကြောင့် ဒုက္ခိတဖြစ်သွားပေပြီ။ ယခုတွင် ဟုန်ပိုသည် ဧကရာဇ်နန်းတော်ထဲရှိ ခန်းမကျယ်ကြီးတစ်ခုထဲတွင် ညှိုးငယ်သော မျက်နှာထားဖြင့် ထိုင်နေလေသည်။ ဝူယင်အာကလည်း ဟုန်ပို၏ဘေးတွင် တိတ်တဆိတ် ထိုင်နေသည်။

ဧကရာဇ်နန်းတော်၏ အကာအရံက အတော်လေး ခိုင်ခံ့၏။ ဝူယင်အာ၏အင်အားက လက်ရှိအဆင့်သို့ ရောက်နေခြင်းမှာ ကောင်းကင်ကျောက်တုံးများကြောင့် ဖြစ်ကြောင်း သိသာပေသည်။ သူမ၏ တိုက်ခိုက်စွမ်းအားက အတော်လေး နိမ့်ပေသည်။ ထို့ကြောင့် သူမတို့နှစ်ယောက်သည် မရုန်းကန်သလို ဧကရာဇ်နန်းတော်ကိုလည်း မတိုက်ခိုက်ဝံ့ကြပေ။ ကျန်းရီက ဒေါသထွက်သွားပြီး သူမတို့ကို သတ်ပစ်လိုက်မည်ကို သူမတို့ ကြောက်ကြပေသည်။

ကျန်းရီသည် ဟုန်ပိုနှင့် ဝူယင်အာတို့က သတ်မသေကြောင်း အတည်ပြုပြီးသွားသောအခါ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကိုသုံး၍ သာမန်ချပ်ဝတ်တစ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်အဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် သူသည် သူ၏ဆံပင်အနီများကို ခေါင်းဆောင်းဖြင့် ဖုံးလိုက်ပြီး ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးလိုက်လေသည်။

ကျန်းရီ ပုန်းအောင်းနေသော နေရာနှင့် ဝူမျိုး၏ ဒေသလေးခုက မိုင်သန်းနှစ်ဆယ် ကွာဝေးပေသည်။ ထို့ကြောင့် သူ ပျံသန်းသွားမည်ဆိုလျှင် အချိန်အတော်ကြာ ပျံသန်းရပေလိမ့်မည်။ သို့ဆိုလျှင် ထင်မှတ်မထားသော အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ခြေများသည်။ ကောင်းကင်ရှောင်တိမ်းခြင်းကို မဆင်မခြင် သုံးလျှင် မတော်တဆ မြို့တစ်မြို့အနီးတွင် ထွက်ပေါ်လာနိုင်သဖြင့် အန္တရာယ်များကြောင်း သူ သိသည်။ သို့သော် သူသည် စုလောရွှယ်အတွက် အလွန်စိုးရိမ်နေသဖြင့် ထိုင်မနေနိုင်ဘဲ စွန့်စားလိုက်ခြင်းပင်။

ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်နှင့် ကောင်းကင်ရှောင်တိမ်းခြင်းကို ‌ပေါင်းလိုက်လျှင် အလွန်အကျိုးရှိကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ သူက ဝူမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများ၏ ပစ်မှတ်ထားမှုကို ခံမနေရလျှင်၊ ပတ်ဝန်းကျင်တွင် အာကာသတာအိုပုံသဏ္ဌာန်ကို ကျွမ်းကျင်သည့် ပညာရှင်များ ရှိမနေလျှင် မည်သူမှ သူ့ကို သတ်နိုင်မည် မဟုတ်ပေ။ သူသာ ကောင်းကင်ရှောင်တိမ်းခြင်းကို အောင်အောင်မြင်မြင် ထုတ်သုံးနိုင်လျှင် မြောက်ဘက်ဧကရာဇ်ပင် သူ့ကို လိုက်ဖမ်းနိုင်မည် မဟုတ်ချေ။ ယင်းက သူ့၏ အားသာချက်ပင်။ သူသည် ထိုအားသာချက်ကို အသုံးချကာ ဝူမျိုးနွယ်နှင့် ရင်ဆိုင်၍ စုလောရွှယ်ကို ကယ်တင်ရမည်ဖြစ်သည်။

ကောင်းကင်ရှောင်တိမ်းခြင်းက ကျန်းရီကို မိုင်သန်းသုံးဆယ်အကွာအထိ ရောက်သွားစေ၏။

ကျန်းရီ၏ စိတ်ဝိညာဉ်က ရွှေကျီးကန်းဆန်းကြယ်နယ်မြေထဲတွင် ပိုသန်မာလာခဲ့သည်။ ထို့ကြောင့် သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ မိုင်သန်းဆယ်ချီ သွားပြီးနောက်တွင်ပင် မမောပန်း‌သေးပေ။ သို့သော် သူသည် အလွန်ဝေးဝေးအထိ မသွားဝံ့ပေ။ အချိန်မရွေး ထွက်ပြေးနိုင်ရန် သူ၏အင်အားကို ချွေတာထားရဦးမည် မဟုတ်ပါလား။

ရွှက်...

ကျန်းရီသည် ဟင်းလင်းပြင်ကို စုတ်ဖြဲ၍ အပြင်ဘက်သို့ ပြန်ထွက်လာ၏။ ထို့နောက် သူသည် ချက်ချင်း ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ထောက်လှမ်းလိုက်ပြီး စိတ်အေးသွားဟန် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ အနီးပတ်ဝန်းကျင်တွင် မည်သူမှ ရှိမနေပေ။ သူသည် အောက်သို့ လျင်မြန်စွာ ဆင်းသက်လိုက်ပြီး တစ်ခဏမျှ အနားယူကာ ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်အခြေအနေကို စစ်ဆေးလိုက်သည်။

“‌အရမ်းကောင်းတယ်... ပတ်ဝန်းကျင်မှာ မြို့ကြီးတွေ မရှိဘူး။ မြို့သေးလေး သုံးမြို့ပဲ ရှိတယ်။ အင်း... အဲ့မြို့သေးလေးကို ရွေးလိုက်မယ်”

ကျန်းရီသည် စာရွက်တစ်ရွက်နှင့် စုတ်တံကိုထုတ်ကာ စာရေးလိုက်၏။ ထို့နောက် သူသည် အနောက်ဘက်ရှိ မြို့သေးလေးသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ ကျန်းရီသည် ဝိညာဉ်လေနတ်ဘုရားဒိုင်းနှင့် ဝိညာဉ်လေဓားဆယ်ချောင်းကို ပြုလုပ်သွားပေသည်။ ထို့ပြင် သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့လည်း ဝင်ထားသည်။ အနီးပတ်ဝန်းကျင်တွင် အာကာလှိုင်းတစ်ခုကို တွေ့သည်နှင့် သူသည် ချက်ချင်း ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးမည်ဖြစ်သည်။

တစ်နာရီ ကြာပြီးနောက် ကျန်းရီသည် မြို့သေးလေးသို့ ရောက်သွား၏။ သူသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ထပ်မံ ထုတ်လွှတ်၍ ထောက်လှမ်းလိုက်သည်။ မြို့ထဲတွင် မည်သည့် ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ပညာရှင်မှ မရှိကြောင်း အတည်ပြုပြီးသောအခါ သူသည် မြို့အထက်သို့ ပျံတက်သွားပြီး ဝိညာဉ်လေဓားဆယ်ချောင်းကို ပစ်လွှတ်လိုက်လေသည်။

ဝုန်း...ဝုန်း...ဝုန်း...

မြို့သေးလေး၏ အကာအရံက အလွန်အားနည်း၏။ ၎င်းသည် ဝိညာဉ်လေဓားများ၏ တိုက်ခိုက်မှုကို မည်သို့ခုခံနိုင်ပါမည်နည်း။

မြို့၏အကာအရံ ပျက်စီးသွားသည်နှင့် ကျန်းရီသည် ဝိညာဉ်လေဓားများကို ထိန်းချုပ်၍ မြို့အရှင်စံအိမ်ဆီသို့ တိတ်တဆိတ် ပျံသန်းသွားစေလိုက်၏။ ဤမြို့သည် ဝူမျိုးနွယ်၏ အသေးဆုံးမြို့ဖြစ်သည်။ ထို့ကြောင့် မြို့အရှင်က သာမန် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးသာ ဖြစ်သည်။ သူသည် ဝိညာဉ်လေဓားများကို မခုခံနိုင်ပေ။

ဝုန်း...ဝုန်း...ဝုန်း...

မြို့အရှင်စံအိမ်သည် ဝိညာဉ်လေဓားများ၏ အပိုင်းပိုင်းဖြတ်တောက်မှုကို ခံလိုက်ရပြီး ပြိုကျပျက်စီးသွားလေသည်။ ဝူမျိုးနွယ်မှ သိုင်းသမားရာကျော်သည်လည်း ဝိညာဉ်လေဓားများကြောင့် အပိုင်းပိုင်းပြတ်သွားကြသည်။ ထို့နောက် ကျန်းရီသည် သူ့လက်ထဲမှ စာကို ‌လေထဲ ပစ်မြှောက်လိုက်ပြီး ခက်ထန်သောလေသံဖြင့် အော်ပြောလိုက်လေသည်။

“ဒီစာကို မြောက်ဘက်ဘုရင်ဆီပို့လိုက်... သူ့ကို စာထဲကညွှန်ကြားထားတဲ့အတိုင်း လုပ်လို့ ပြောလိုက်။ တကယ်လို့ သူ လှည့်ကွက်တွေ သုံးမယ်ဆိုရင် ငါကျန်းရီက ဝူမျိုးနွယ်ရဲ့ ဒေသလေးခုကို သွေးနဲ့ဆေးကြောပစ်မယ်... အဲ့တော့မှ ငါ့ကို အပြစ်မတင်ကြနဲ့”

ရွှက်...ရွှက်...

ကျန်းရီသည် စကားပြောပြီးနောက် ဟင်းလင်းပြင်ကို စုတ်ဖြဲကာ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ခွာသွားလေသည်။ မြို့ထဲမှ လူများစွာက ကြောက်ရွံ့တုန်လှုပ်စွာ ကျန်ခဲ့လေတော့သည်။

***

All Chapters