လောက အင်မော်တယ်၏ မိုးကြိုးလျှပ်စီး စမ်းသပ်ချက်
Vol. 24 Ch. 326
ယန်ချီရန်က ယန်ထုံချွီ သွားမည့် ကိစ္စကို အပြည့်အဝ သဘော မတူသော်လည်း သူက မည်သို့ လုပ်ရမည်မှန်း မသိတော့ပေ။ ထို့ကြောင့် သူက ဤသို့သာ ပြောနိုင်လိုက်လေ၏။
“ယန်းနန်ရဲ့ ကျင့်ကြံဆင့်ရော ဘယ်လိုလဲ ... ဒီတစ်ခါ ကြယ်တာရာ ဘုရင်တောင်က ကြယ်တာရာ သခင်ရဲ့ အမွေ ဆက်ခံသူကို မွေးစားမှာလေ။ ကျုပ်တို ယန်မျိုးနွယ်စုက အကြီးဆုံး မဟုတ်ပေမဲ့ ယန်းနန်သာ သူ့ကိုယ်သူ တွန်းအားပေးရင် သူက ရှားမျိုးနွယ်စုက ရှားမူထက် ပိုကောင်းကောင်း လုပ်နိုင်လိမ့်မယ် ...”
“ခေါင်းဆောင်ကို တင်ပြပါတယ် ... ယန်ယန်ဒေါင် အသတ်ခံရပြီး ကတည်းက ယန်းနန်က ဝိညာဉ်ကျောက်စိမ်း ရေကန်မှာ ကျင့်ကြံ နေခဲ့တာပါ။ သူက သူ့အစ်ကို အတွက် လက်စား မချေပေးရရင် ယောက်ျား မဟုတ်တော့ဘူးလို့ပါ ကျိန်ဆို ထားပါတယ် ... လွန်ခဲ့တဲ့ တစ်လလောက်က သူက အစစ်အမှန် ရေအဆင့် ရောက်ရှိ သွားပါပြီ” ယန်မျိုးနွယ်စု တာဝန်ခံက ဖြေလိုက်သည်။
ယန်ယန်းနန်က အစစ်အမှန် ရေအဆင့် ရောက်သွားကြောင်း ကြားကာ ယန်ဖင်းကျီပင် ခေါင်းညိတ်ပြ လိုက်သည်။ ယန်ယန်းနန်က ဝိညာဉ်ကျောက်စိမ်း ရေကန်ထဲ ဝင်သွားသည်မှာ တစ်နှစ် ကြာမြင့်လေပြီ။ ထိုအချိန်အတွင်း သူက ယွမ်ဒန် အစောပိုင်း အဆင့်မှ အစစ်အမှန် ရေအဆင့် တက်လှမ်း သွားနိုင်သည်မှာ အမှန်ပင် အံ့ဩဖွယ် ကောင်းလှပေသည်။
***
“ဘုန်း ...” ကျန်းမိုနယ်မြေ တစ်ခုလုံး မိုးကြိုးလျှပ်စီး တစ်ချက် ကျရောက် လာလေသည်။ ထိုလျှပ်စီး ကျရောက် လာပြီးနောက် နေရာ တစ်နေရာ၌ အဆုံးမဲ့ စွမ်းအားများက ပြင်းထန်စွာ ထွက်ပေါ် လာလေသည်။
တစ်ယောက်ယောက်တော့ ကောင်းကင် စမ်းသပ်ချက် ခံယူရတော့မယ် ...
ထိုသို့ အားကောင်းသည့် ကောင်းကင် စမ်းသပ်ချက်မှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် တက်လှမ်းရာတော့ မဟုတ်နိုင်ပေ။
ကြယ်တာရာသခင် ခန်းမအတွင်း၌ ပုံရိပ်တစ်ခု လျှပ်တစ်ပြက် ထွက်လာပြီး ကြယ်တာရာ သခင်တောင်ထိပ်၌ ရပ်နား လိုက်ကြကာ ကောင်းကင် စမ်းသပ်ချက် ခံယူမည့် နေရာကို ကြည့်လိုက်သည်။
မိုးကြိုးလျှပ်စီး စီရင်ချက်မှာ ပိုပို၍ သိပ်သည်းလာကာ ရိုက်ချက်များ ကျဆင်း လာလေသည်။ ဝိညာဉ် စွမ်းအားများက စီရင်ချက်ဆီသို့ ဝဲကတော့အလား ရောက်ရှိ လာလေသည်။
“ဂိုဏ်းတစ်ဂိုဏ်းက လူတစ်ယောက် လောက အင်မော်တယ် အဆင့် တက်လှမ်းတာ များလား ...”
ကြယ်တာရာသခင် ချီထုံက ခဏတာ လေ့လာလိုက်ပြီး သူ့ကိုယ်သူ ရေရွတ် လိုက်လေသည်။ ဤမိုးကြိုးလျှပ်စီး စီရင်ချက်က ရင်သပ် ရှုမောဖွယ် ကောင်းလှရာ အနည်းဆုံးတော့ လျှပ်စီး စမ်းသပ်ချက် ၇၉ချက် ဖြစ်ပေလိမ့်မည်။ ထိုစမ်းသပ်ချက် ခံယူမည့်သူမှာ စစ်မှန်ခြင်း နတ်ဘုရား အဆင့်တော့ မဖြစ်နိုင်လောက်ပေ။ လောက ထိပ်ဆုံးတွင် ရှိသော လောက အင်မော်တယ် အဆင့် တက်လှမ်းခြင်းသာ ဖြစ်ရမည်။
ကျန်းမိုနယ်မြေ၌ လောက အင်မော်တယ် အဆင့် အားလုံး နီးပါးမှာ ကြယ်တာရာ ဘုရင်တောင်မှ ဖြစ်ကြလေသည်။ ကျန်သူများက မျိုးနွယ်စုကြီး သုံးခု သို့မဟုတ် နောက်ခံကောင်းသည့် ဂိုဏ်းများမှ ဖြစ်ကြသည်။
ယခု စမ်းသပ်ချက် ခံယူမည့်သူမှာ ဂိုဏ်းတို့၊ မျိုးနွယ်စုကြီး သုံးခုမှ မဟုတ်ဘဲ ချောင်ကျသည့် နေရာမှ ဖြစ်လေ၏။
ဖြစ်နိုင်တာ နယ်လှည့် ကျင့်ကြံသူ များလား ...
ဤသို့ အရည်အချင်း ရှိတဲ့ နယ်လှည့် ကျင့်ကြံသူက ဘာကြောင့် ကြယ်တာရာ ဘုရင်တောင်ကို မဝင်ရတာလဲ ...
အချိန်တိုအတွင်း မျိုးနွယ်စုများ၊ ဂိုဏ်းများနှင့် ကြယ်တာရာ ဘုရင်တောင်မှ ခန်းမများ အပါအဝင် ထို စမ်းသပ်ချက် ခံယူသည့် နေရာသို့ ပို့လွှတ် လိုက်ကြသည်။
နယ်လှည့် လောက အင်မော်တယ် ... မည်သူက စိတ်မဝင်စားဘဲ နေမည်နည်း။ အကယ်၍ သူတို့ဘက်၌ ထိုနယ်လှည့် ကျင့်ကြံသူသာ ရနိုင်ပါက သူတို့ အင်အားမှာ နောက်တစ်ဆင့် ခုန်တက် သွားပေလိမ့်မည်။ ထို့အပြင် လခြမ်းကွေး အင်မော်တယ် နန်းတော်က ပွင့်တော့မည် ဖြစ်ရာ တိုက်ပွဲ အကြီးကြီး ဖြစ်ပွားတော့မည် ဖြစ်၏။ လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ တစ်ယောက် ရှိနေခြင်းက သူတို့ အခြေခံကို ပိုမို အားကောင်း လာစေပေလိမ့်မည်။
ကျန်းမို နယ်မြေတွင် လောက အင်မော်တယ် များစွာ ရှိနေသည်ဟု ထင်လို့ မရပေ။ အမှန်တော့ တကယ် များများစားစား မရှိလှချေ။ မျိုးနွယ်စုကြီး သုံးခု၌ပင် မျိုးနွယ်စု တစ်ခုစီတွင် လောက အင်မော်တယ် အဆင့်နှင့် အထက် ငါးယောက်၊ ခြောက်ယောက်မျှသာ ရှိလေသည်။
***
ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူမည့်သူမှာ ကောင်းကင်ဖွေရှာ နန်းတော်၏ ပိုင်စုတင်း ဖြစ်လေသည်။ သူမကို ကာကွယ် ပေးနေသည့် သူမှာ ယန်အာသာ ဖြစ်၏။ ယန်အာ ကျင့်ကြံဆင့် နှုန်းကား မြန်ဆန်သော်လည်း အစစ်အမှန် ရေအဆင့် ၉တွင်သာ ရှိသေးလေသည်။ ယခုအခါ အဆင့်မြင့် ကျင့်ကြံသူများစွာ ရောက်လာသည့် အခါ သူမက ပြောစရာ စကားပင် ရှာမတွေ့တော့ချေ။
“မိန်းကလေး ... ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူနေတဲ့ စီနီယာက မင်းရဲ့ ဆရာလား” သူရဲကောင်း ဆန်ဆန် မိန်းမလှလေးက ယန်အာဘေးသို့ ရောက်လာကာ ပြောလိုက်သည့်အခါ အိမ်နီးချင်း အစ်မကြီးကဲ့သို့ ရင်းနှီးလှပေသည်။
ယန်အာက ခေါင်းခါပြကာ
“မဟုတ်ပါဘူး ... သူမက ကျွန်မရဲ့ စီနီယာ အစ်မပါ ...”
“ဘုန်း” ထိုစဉ် နောက်ဆုံး လျှပ်စီးချက်က ဆင်းသက် လာလေသည်။ ပိုင်စုတင်း ခန္ဓာမှာ အဖြူ အလင်းတန်းများ လွှမ်းခြုံ ထားလေသည်။ ထိုမိုးကြိုး လျှပ်စီးက ထိုအဖြူရောင် အလင်းများကို ချိုးဖျက်နိုင်ရုံ မျှလေးသာ ဖြစ်လေ၏။
ပိုင်စုတင်းက ကောင်းကင်ဘုံ စမ်းသပ်ချက်ကို အောင်အောင်မြင်မြင် ကျော်ဖြတ် နိုင်ခဲ့လေပြီ။
သူမ အမြန်ဆုံး နှုန်းဖြင့် အဝတ်တစ်စုံ ကောက်ယူကာ ပဝါလွှားပြီး နောက်တွင် ယန်အာဘေးသို့ ရောက်လာလေ၏။
“ကြယ်တာရာ ဘုရင်တောင်က မော့ကျုံးက တာအို ရောင်းရင်းကို နှုတ်ဆက်ပါတယ်။ တာအိုရောင်းရင်း လောက အင်မော်တယ် တက်လှမ်း နိုင်သွားတာ ဂုဏ်ယူ ပါတယ်နော် ...”
“အစစ်အမှန် သိုင်းကမ်းပါးက ယိုရင်က နှုတ်ဆက် ပါတယ်ရှင့် ... တာအိုရောင်းရင်း လောက အင်မော်တယ် အဆင့် ရောက်သွားတဲ့ အတွက်လည်း ဂုဏ်ပြုပါတယ် ...”
ပိုင်စုတင်းက သူမ စမ်းသပ်ချက်ကို အောင်မြင်ထားပြီ ဖြစ်ကာ လူအများက ဂုဏ်ပြုစကား ဆိုရန်နှင့် ပိုင်စုတင်းကို သူတို့ ဧည့်သည်တော် အဖြစ် ဖိတ်ကြားရန် ရောက်လာ ကြလေသည်။
ပိုင်စုတင်းက အလျင်အမြန် ပြောလိုက်သည်။
“တာအို ရောင်းရင်းများကို ကျေးဇူး တင်ပါတယ်။ ကျွန်မနဲ့ ဂျူနီယာ ညီမလေးက သွားစရာ ကိစ္စလေး ရှိသေးလို့။ တကယ်လို့ နောင်များ အချိန်ရခဲ့ရင် သေချာပေါက် လာလည်ပတ်ပါ့မယ် ...”
“အစ်မစုတင်း ဂုဏ်ယူပါတယ် ...” ယန်အာက ပျော်ရွှင်စွာ လျှောက်လှမ်းလာရင်း ပြောလိုက်သည်။
ပိုင်စုတင်းက လောက အင်မော်တယ် အဆင့် ရောက်ရှိ သွားလေပြီ။ သူမက ဤနေရာတွင် အားအကောင်းဆုံး မဟုတ်သော်ငြား သူမကိုယ် သူမ ကာကွယ်နိုင်စွမ်း ရှိသွားလေပြီ ဖြစ်၏။ မျိုးနွယ်စုကြီး သုံးခုပင် လောက အင်မော်တယ် တစ်ယောက်ကို များများစားစား မထိပါးရဲချေ။
“အစ်မက ပျောက်ဆုံး နယ်မြေက ရောက်လာတဲ့ စီနီယာ စုတင်းများလား ...” ယန်အာနှင့် စောစောက စကား ပြောနေသည့် သူရဲကောင်းဆန်ဆန် မိန်းမလှလေးက ပိုင်စုတင်းကို မှတ်မိသွားကာ စိတ်အား ထက်သန်စွာ မေးလိုက်လေ၏။
ပိုင်စုတင်းက ခေါင်းညိတ်ပြကာ
“ဟုတ်ပါတယ်။ ကျွန်မက ပျောက်ဆုံး နယ်မြေက ရောက်လာတဲ့ ပိုင်စုတင်းပါ။ ဒီက ဂျူနီယာလေးက ဘယ်သူများလဲ ...”
သူရဲကောင်း ဆန်ဆန် မိန်းမလှလေးက မြန်မြန် မိတ်ဆက် လိုက်လေသည်။
“ကျွန်မက ကြယ်တာရာ ပင်လယ် ခန်းမက ရှုရွမ်ယုပါ။ ကျွန်မ မလာခင် ခန်းမသခင်က ညွှန်ကြား လိုက်လို့ပါ။ တကယ်လို့ စီနီယာသာ ဆန္ဒရှိမယ်ဆိုရင် ကြယ်တာရာ ပင်လယ်ခန်းမရဲ့ အကြီးအကဲ ချက်ချင်း ဖြစ်နိုင်ပါတယ် ...”
ပိုင်စုတင်း ထွက်သွားတော့မည်ကို မြင်ပြီး ရှုရွမ်ယုက ကွေ့ပတ် ပြောမနေတော့ပဲ ချက်ချင်း ဖိတ်ကြား လိုက်လေသည်။
ပိုင်စုတင်းက ညင်ညင်သာသာ ရယ်မောလိုက်ရင်း
“ဂျူနီယာ ရွမ်ယုရဲ့ ဖိတ်ကြားမှု အတွက် ကျေးဇူး တင်ပါတယ်။ ကြယ်တာရာ ဘုရင်တောင်က အငြင်းခံ ထားရတဲ့ လူတစ်ယောက် အနေနဲ့ ကြယ်တာရာ ဘုရင်တောင်ကို တကယ် မသွားချင်မိဘူး ...”
ရှုရွမ်ယုက ပါးစပ်ဟောင်းလောင်း ဖြစ်မိသွားသည်။ သူမက မည်သို့ ပြောရမည်မှန်း မသိတော့ပေ။ သူမက ပိုင်စုတင်း အခြေအနေကို နားလည်လေ၏။ အရှင်းဆုံး ပြောရလျှင် ပိုင်စုတင်း သာမက ပျောက်ဆုံး နယ်မြေမှ လူအများစုမှာ ကြယ်တာရာ ဘုရင်တောင်သို့ ဝင်ရန် အရည်အချင်း ပြည့်မီလေသည်။ သို့သော် ရှားမျိုးနွယ်စုမှ ရှားမူ၏ ပိုင်စုတင်းပေါ် အမြင်နှင့် ပိုင်စုတင်း၏ သူ့အပေါ် လျစ်လျူရှုမှုများကြောင့် ရှားမျိုးနွယ်စုက ပိုင်စုတင်းကို ကြယ်တာရာ ဘုရင်တောင်သို့ ဝင်ရန် တားမြစ်ထားခြင်း ဖြစ်ပေသည်။
ပျောက်ဆုံး နယ်မြေက အများစုမှာ အရည်အချင်း ရှိကြသော်လည်း သူတို့က ကြယ်တာရာ ဘုရင်တောင်သို့ ဝင်လိုလျှင် ကြယ်တာရာ တိုက်ပွဲတစ်လျှောက် အတွေ့အကြုံများ ဖြတ်သန်းဖို့ လိုအပ်လေသည်။ မဟုတ်လျှင် သူတို့က ရှားမျိုးနွယ်စုကို ရွေးချယ် ကြရမည်။ ပျောက်ဆုံး နယ်မြေမှ လူများကို ရှားမျိုးနွယ်စုမှ ခေါ်ယူ လာသောကြောင့် ခန်းမဆယ်ခုနှင့် အခြား မျိုးနွယ်စုများက သူတို့အတွက် ရှားမျိုးနွယ်စုနှင့် ထိပ်တိုက် မတွေ့လိုကြပေ။
ယခု ပိုင်စုတင်းက လောက အင်မော်တယ် အဆင့် ရောက်သွားသောကြောင့် ကြယ်တာရာ ဘုရင်တောင်ကို စိတ်မဝင်စားတော့ပေ။ လောက အင်မော်တယ် အဆင့် တစ်ယောက်အတွက် ကြယ်တာရာ ဘုရင်တောင်က ထောက်ပံ့ နိုင်သည်များက အကန့်အသတ် ရှိသည်မှာ သဘောသဘာဝ ကျလှပေသည်။
“စီနီယာ အလိုရှိတဲ့ အခါ ကျွန်မတို့ ကြယ်တာရာ ပင်လယ်ခန်းမကို လာနိုင်ပါတယ် ...” ပိုင်စုတင်းက သူမကို ငြင်းပယ် ပြီးသော်လည်း ရှုရွမ်ယုက ထပ်ပြောကြား လိုက်လေသည်။
သူမက ကြယ်တာရာ ပင်လယ်ခန်းမမှာ ကြယ်တာရာ ဘုရင်တောင် အစိတ်အပိုင်း တစ်ခု ဖြစ်သော်လည်း ကြယ်တာရာ ဘုရင်တောင်နှင့် တစ်ဖွဲ့တည်း မဟုတ်ကြောင်း မပြောပြလိုက်ပေ။ ခန်းမဆယ်ခုနှင့် ကြယ်တာရာသခင်မှာ ခြားနားသော အင်အားစုများ ဖြစ်ရာ ထိုအကြောင်းက လူသိရှင်ကြား မဟုတ်ပေ။ အပြင်အမြင်အရ ကြယ်တာရာ ဘုရင်တောင်မှာ ကြယ်တာရာ ဘုရင်တောင် ဖြစ်ပြီးတော့ ခန်းမ ဆယ်ခုမှာ ကြယ်တာရာ ဘုရင်တောင်၏ အစိတ်အပိုင်း ဖြစ်လေသည်။
“ကျေးဇူး အများကြီး တင်ပါတယ်။ အခုတော့ သွားခွင့်ပြုပါဦး ...” ပိုင်စုတင်းက လက်နှစ်ဖက်ယှက်ကာ ယန်အာကို ကိုင်ထားရင်း တစ်မုဟုတ်ချင်း ပျောက်ကွယ် သွားလေသည်။
လူအုပ်ကြီးက ပိုင်စုတင်းကို ဖိတ်ကြားမှု ကျရှုံးသွားကြသဖြင့် စိတ်ပျက် နေကြလေသည်။
“ယန်အာ မိုဝူကျီ အကြောင်းရော ကြားသေးလား ...” သင်္ဘောပျံပေါ်တွင် ပိုင်စုတင်းက ယန်အာကို လေးလေးနက်နက် မေးလိုက်သည်။
ယန်အာက ခေါင်းညိတ်ပြကာ သူတို့ လောကခန်းမက ထွက်လာစဉ်မှ စ၍ မိုဝူကျီ သတင်းများကို သီးသန့် စုံစမ်းနေခြင်း မဟုတ်သော်လည်း မိုဝူကျီ၏ ကောလာဟလ များစွာကို ကြားသိခဲ့ရသည်။
မိုဝူကျီက လောကခန်းမမှ စည်းမျည်းများကို ချိုးဖောက်ပြီး အပြစ်ကင်းသည့် ကလေးမလေးကို သတ်ခဲ့လေသည်။ ထိုအရာက လူအုပ်ကြီးကို ဒေါသကို ဆွမိသွားကာ အသာလွန်ဆုံး နယ်ပယ်ကိုးခုမှ နှင်းခါး ပင်လယ်ထဲ ပြေးဝင် သွားရတော့သည်။ ထို့နောက်ပိုင်းတွင်မူ ဘာမျှမကြားသိ ရတော့ပေ။
“အဲဒါဆို မင်းရဲ့ မှတ်ဉာဏ်တွေကို ပြန်မှတ်မိ ချင်သေးလား။ မင်း စိတ်ပြောင်းသွားရင် မင်းကို လေ့ကျင့်ဖို့ ကြယ်တာရာ တိုက်ပွဲကို ခေါ်သွားပေးမယ် ...” ပိုင်စုတင်းက ထိုအကြောင်းကို ထပ်မေးလိုက်သည်။
ယန်အာက တည်ငြိမ်စွာ ပြောလိုက်သည်။
“အစ်မစုတင်း ... ဒီနှစ်တွေမှာ ညီမစဉ်းစား နေခဲ့မိတာ ... တကယ်လို့ အစ်ကိုမိုက ပြောင်းလဲ သွားရင်တောင် ညီမက မှတ်ဉာဏ်တွေ ပြန်မှတ်မိဖို့ လိုလိမ့်ဦးမယ် ...”
ယနေ့ အချိန်အထိ ကျင့်ကြံလာသည် ဖြစ်ရာ ယန်အာက ကျင့်ကြံခြင်း၏ စစ်မှန်ခြင်း အဓိပ္ပာယ်ကို နားလည် နေပြီမှာ ကြာမြင့် လှလေပြီ။ သူမအတိတ်ကို မေ့ထားပြီး လျစ်လျူရှု ထားခြင်းက သူမအတွက် ကြီးမြတ်သည့် တာအိုကို ခေါ်ဆောင် လာပေးနိုင်မည် မဟုတ်ပေ။ မှတ်ဉာဏ်များ မေ့သွား၍ ဖြစ်စေ၊ လျစ်လျူရှု ထား၍ ဖြစ်စေ အဖြစ်အပျက်များ ကိုတော့ ငြင်းဆန်၍ မရချေ။
အကယ်၍ အဖြစ်အပျက်များက တကယ် ဖြစ်ခဲ့လျှင် ဖြစ်ပျက်ခဲ့ခြင်းသာ ဖြစ်၏။ တကယ် မဖြစ်ပျက်ခဲ့ကြောင်း ခံစားမိရုံဖြင့်် မဖြစ်ပျက်တော့ခြင်း မဟုတ်ပေ။
သူမက မှတ်ဉာဏ်များ ရရှိပြီး နောက်တွင် မိုဝူကျီကို မည်သို့ မြင်ပါစေ သူမကိုယ်ပိုင် တာအိုလမ်းစဉ် အတွက် မှတ်ဉာဏ်များကို ရဖို့ လိုအပ်လေသည်။ မိုဝူကျီ ပြုလုပ်ပေးသည့် အရာများကို အမှန်ပင် ကျေးဇူး တင်လေသည်။ သူမက မှတ်မိဖို့ရာ ရွေးချယ်သော်လည်း မေ့ပစ်ဖို့ရာတော့ မရွေးချယ်နိုင်ပေ။ မိုဝူကျီက အပြစ်ကင်းသည့် ကလေးမလေးကို သတ်ပစ်သည်က အမှန်ပင် ဖြစ်သော်ငြား ထိုသူမှာ ယခင်သူ မဟုတ်ပေ။
လူများက ပြောင်းလဲ လာကြသည် ... မိုဝူကျီ၊ သူမနှင့် အစ်မ စုတင်းလည်း ပါပေသည်။
အားလုံး ဖြည်းဖြည်းချင်း ပြောင်းလဲ လာကြသည် မဟုတ်ပါလား။ အစ်မစုတင်းက ကြယ်တာရာ တိုက်ပွဲသို့ သွားပြီး ရမှတ်များ စုဆောင်းကာ ကြယ်တာရာ ဘုရင်တောင်ကို ဝင်ဖို့ရာ ပြောခဲ့သေးသည် မဟုတ်လော။ သို့သော်လည်း သူတို့က ကြယ်တာရာ တိုက်ပွဲဆီ မသွားဘဲ ကျန်းမို နယ်မြေ၌သာ ကျင့်ကြံဖို့ ရွေးချယ်ခဲ့ကြသည်။ လောက အင်မော်တယ် အဆင့် ရောက်ရှိပြီး နောက်တွင် အစ်မစုတင်းမှာ ကြယ်တာရာ ဘုရင်တောင်သို့ မသွားချင်တော့ပေ။ ထိုအရာလည်း ပြောင်းလဲမှု မဟုတ်ပေဘူးလား ...
“ဟုတ်ပြီ။ အဲဒါဆို အင်မော်တယ် နတ်ဆေးဆရာ တောင်ကြားကို သွားပြီး စန်ယီရှန်းကို ရှာပြီး အကူအညီ တောင်းကြည့်ကြမယ် ...” ပိုင်စုတင်းက ခေါင်းညိတ်ပြရင်း သင်္ဘောပျံကို အသက်သွင်းကာ အရှိန်မြင့် လိုက်တော့သည်။
***
နှင်းခါးပင်လယ် အတွင်းပိုင်း၌ မိုဝူကျီက ရေခဲလှိုင်းများကြား လုံးဝ နစ်မြုပ်နေဟန် ရှိသည်။ ချက်ချင်းဆိုသလို သူက နှင်းခါး ပင်လယ်၏ အစိတ်အပိုင်း တစ်ခုအလား ဖြစ်လာလေသည်။ တစ်နှစ်တာ ကျင့်ကြံခြင်း အတွင်း သူက အစစ်အမှန် ရေအဆင့် ၅မှ အဆင့် ၁၁သို့ ရောက်ရှိ ခဲ့လေသည်။
ဝိညာဉ် စွမ်းအားများက အားပြင်းစွာ ထွက်ပေါ်နေပြီး မတည်မငြိမ် ဖြစ်ပေါ်နေလေ၏။
“ဘုန်း” မိုဝူကျီ ဘေးပတ်လည် ရေခဲနယ်ပယ်မှ လှိုင်းများ ထွက်ပေါ် လာလေသည်။ မိုဝူကျီ ခန္ဓာအတွင်းမှ သဘာဝ စွမ်းအားများက လမ်းကြောင်းသစ် တွေ့သည့်အလား ချီသွေးကြော အသစ် ထိုးဖောက် ကြလေသည်။
သူ့ ၁၀၄ခုမြောက် ချီသွေးကြောကား ပွင့်လာသောကြောင့် အစစ်အမှန် ရေအဆင့် ၁၂သို့ ရောက်ရှိ သွားလေ၏။
မိုဝူကျီက တည်ငြိမ်နေဆဲ ဖြစ်လေသည်။ သူက နောက်ဆုံးတွင် ၁၀၄ခုမြောက် ချီသွေးကြောကို ဖွင့်နိုင်ခဲ့ပြီး ထိုချီသွေးကြောမှာ အသက်ရှူ လမ်းကြောင်းခွဲ ဖြစ်လေသည်။
ထိုလမ်းကြောင်းဖြင့် သူက မည်သည့် ပတ်ဝန်းကျင်နှင့်မဆို ချက်ချင်း သဟဇာတ ဖြစ်နိုင်လေသည်။ တစ်နှစ်တာ ကျင့်ကြံပြီးသည့် နောက်တွင် သူက သူ့ဘေးနားမှ အအေးလှိုင်းများနှင့် သဟဇာတ ဖြစ်သွားလေသည်။ ယခု သူ့အသက်ရှူ လမ်းကြောင်းခွဲဖြင့် သူက ပတ်ဝန်းကျင်ဖြင့် ပိုမို ပေါင်းစပ်လာနိုင်ပြီ ဖြစ်၏။
ပညာရှင် နှလုံးသားကို သူ့ချီသွေးကြောထဲ လှည့်ပတ် ထားခြင်းကြောင့်သာ မဟုတ်လျှင် လောက အင်မော်တယ် လာလျှင်ပင် ထိုလောက အင်မော်တယ်က သူ့စိတ် စွမ်းအားဖြင့် သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
ချီသွေးကြော ၁၀၄ခုလုံးကို စတင်၍ ပြောင်းပြန် လှည့်ပတ် လိုက်လေသည်။ သူ့ကျင့်ကြံခြင်း၌ အတားအဆီးများ မရှိသည့် အတွက် မိုဝူကျီ၏ ကျင့်ကြံခြင်းမှာ အလွန် ချောမွေ့လှပေသည်။ တစ်လတာ အတွင်း မိုဝူကျီ၏ ခန္ဓာမှ ချီသွေးကြောများမှာ လှိုင်းလုံးများနှင့် တွေ့သည့်အလား အသံများ ထွက်ပေါ် လာလေသည်။
“ဘုန်း” အစစ်အမှန် ရေအဆင့် ၁၂ ၏ အတားအဆီးများ ကျိုးပျက် သွားလေသည်။ သူ့သဘာဝ စွမ်းအားများ ထွက်ပေါ်လာကာ မိုဝူကျီက အစစ်အမှန် ရေအဆင့်မှ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်သို့ ရောက်ရှိ သွားလေပြီ။
သူ့အသိစိတ် ပင်လယ်က အဆပေါင်းများစွာ ပိုမို ကျယ်ပြန့် လာနေကာ သူ့စိတ် စွမ်းအားမှာလည်း ဤလွန်ကဲသော အအေးဓာတ် ထဲမှာပင် အာရုံခံနိုင်စွမ်း တိုးလာလေ၏။ ထို့နောက် မိုဝူကျီက နှင်းခါး ပင်လယ်ထဲ ရောက်လာသော လူများစွာကို ခံစားမိ လိုက်တော့သည်။
***