ကောင်းကင်ကို ဧရာမပိုက်ကွန်တစ်ခုဖြင့် လွှမ်းခြုံခြင်း
Vol. 69 Ch. 963
မြောက်ဘက်ဧကရာဇ်ဒေသ၊ မြောက်ဘက်ဧကရာဇ်မြို့၊ ဝူရဲတိုက်ဝန်း...
ဝူရဲတိုက်ဝန်းက အလွန်ကြီးမားပြီး မြောက်ဘက်ဧကရာဇ်မြို့၏ ဧရိယာဆယ်ပုံတစ်ပုံကို ယူထားပေသည်။ သာမန်လူတစ်ယောက်သာ ဝူရဲတိုက်ဝန်းထဲသို့ ဝင်သွားပါက သေချာပေါက် လမ်းပျောက်သွားမည်ဖြစ်သည်။ စိတ်ဝိညာဉ်မျောလွင့်ခရီးသည်အဆင့် သိုင်းသမားတစ်ယောက်ပင် ဝူရဲတိုက်တစ်ခွင်လုံးကို နှံ့ရန် တစ်ရက်ကြာ သွားရပေလိမ့်မည်။
ကြီးမားသော ဝူရဲတိုက်ဝန်းထဲတွင် မြောက်ဘက်တိုက်ပွဲရဲတိုက် ရှိသည်။ ယခုတွင် ထိုရဲတိုက်ထဲ၌ ပညာရှင်များ ပြည့်နှက်နေသည်။ ဝူမျိုးနွယ်မှ အကြီးအကဲအားလုံး နီးပါးက ထိုရဲတိုက်ထဲသို့ ရောက်နေပေသည်။ သူတို့သည် ရဲတိုက်၏ ဘေးဘယ်ညာတွင် စီတန်းရပ်နေကြသည်။ ထိုလူတန်းကြီး၏ အဆုံးကို တစ်ချက်ကြည့်ရုံဖြင့် မမြင်နိုင်သဖြင့် အနည်းဆုံး လူတစ်ထောင်ကျော် ရှိမည်ဟု ယူဆရသည်။
ဝူမျိုးနွယ်၏ အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်ရန် အနည်းဆုံး ကြယ်လေးပွင့်အဆင့် အင်အားကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် မြောက်ဘက်တိုက်ပွဲခန်းမထဲရှိ အကြီးအကဲအရေအတွက်ကို ကြည့်ရုံဖြင့်ပင် ဝူမျိုးနွယ်က မည်မျှအင်အားကြီးကြောင်း သိနိုင်ပေသည်။ သို့ပင် ထိုလူစုထဲတွင် အရေးကိစ္စများ၌ ဝင်ပါခဲသော မဟာအကြီးအကဲများ မပါသေးချေ။
အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အလယ်လတ်ပိုင်း အမျိုးသားတစ်ယောက်က မြောက်ဘက်တိုက်ပွဲရဲတိုက်၏ အရှေ့ဆုံးရှိ ခရမ်းရောင်ရွှေ ပလ္လင်ပေါ်တွင် ထိုင်နေသည်။ သူ၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။ သူ၏ မျက်လုံးအကြည့်များကလည်း အလွန်မှုံမှိုင်းနေသည်။ သူက စကားတစ်ခွန်းမှ ပြောမနေပေ။ သို့သော် သူ၏ အရှိန်အဝါက ပလ္လင်အောက်မှ အကြီးအကဲများကို တုန်လှုပ်သွားစေနိုင်ပေသည်။ ထိုအကြီးအကဲအုပ်စုသည် အဝါရောင်ဝတ်စုံနှင့် အသက်လတ်ပိုင်း အမျိုးသား၏ ဒေါသကို သိကြ၏။ သူ၏ လက်ရှိပြုမူနေပုံအရ သူ၏ဒေါသက ငယ်ထိပ်ရောက်နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။
ဝူမျိုးနွယ်အကြီးအကဲနှင့် မျိုးနွယ်ခေါင်းဆောင်တို့သာ မြောက်ဘက်တိုက်ပွဲရဲတိုက်ရှိ ခရမ်းရောင်ရွှေပလ္လင်ပေါ်တွင် ထိုင်ခွင့်ရှိသည်။ မျိုးနွယ်အကြီးအကဲက မည်သည့်ကိစ္စတွင်မှ ဝင်ပါမည် မဟုတ်ပေ။ ထို့ကြောင့် ထိုလူက ဝူမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင် မြောက်ဘက်ဘုရင်ဖြစ်ကြောင်း သိနိုင်သည်။
မြောက်ဘက်ဘုရင် ဒေါသထွက်နေခြင်းမှာ သတင်းတစ်ခုနှင့် စာတစ်စောင်ကြောင့်ဖြစ်သည်။
မြောက်ဘက်နှင်းဖုံးဒေသ၏ တောင်ဘက်ရှိ မြို့ငယ်လေးတစ်မြို့ကို တစ်စုံတစ်ယောက်က ကျူးကျော်တိုက်ခိုက်သွားခဲ့သည်။ မြို့အရှင်စံအိမ်က ဖျက်ဆီးခံလိုက်ရပြီး ဝူမျိုးနွယ်မှ မြို့အရှင်နှင့် လူတစ်ထောင်နီးပါး အသတ်ခံလိုက်ရသည်။ စာတစ်စောင်မှာ မြို့ကို ကျူးကျော်တိုက်ခိုက်သွားသူက ပေးခဲ့သောစာပင်။ စာပါအကြောင်းအရာများက အလွန်ရှင်းလင်းပေသည်။ သူတို့က စုလောရွှယ်ကို ဆယ်ရက်အတွင်း လွှတ်ပေးရမည်ဖြစ်သည်။ မဟုတ်လျှင် မြောက်ဘက်ဘုရင်ထံသို့ ဟုန်ပိုနှင့် ဝူယင်အာတို့၏ ဦးခေါင်းများ ရောက်ရှိလာပေလိမ့်မည်။ ထိုကျူးကျော်သူကလည်း ဝူမျိုးနွယ်၏ ဒေသလေးခုကို သွေးဖြင့် ဆေးကြောပစ်မည်ဖြစ်သည်။
ဟုန်ပိုက မြောက်ဘက်နှင်းဖုံးဒေသရှိ မျိုးနွယ်ကြီးတစ်ခုဖြစ်သော ဟုန်မျိုးနွယ်၏ အကြီးဆုံးသခင်လေးပင်။ သူသည် မြောက်ဘက်ဘုရင်၏ သားမက်လည်းဖြစ်သည်။ ဝူယင်အားကမူ မြောက်ဘက်ဘုရင်၏ အကြီးဆုံးသမီးဖြစ်သည်။ ကျူးကျော်သူသည် ထိုနှစ်ယောက်၏ ဦးခေါင်းများကို မြောက်ဘက်ဘုရင်ထံသို့ ပို့မည်လော။ ထို့ပြင် မြောက်ဘက်ဧကရာဇ် ပိုင်ဆိုင်သော ဒေသလေးခုကို သွေးဖြင့် ဆေးကြောမည်လော။
မြောက်ဘက်ဘုရင်နှင့် ဝူမျိုးနွယ်သည် မည်သည့်အခါကမှ ထိုကဲ့သို့ အရှက်ခွဲမှု၊ ခြိမ်းခြောက်မှုကို မခံခဲ့ဖူးပေ။ မြောက်ဘက်ဘုရင်က မည်သူနည်း။ သူသည် အရှေ့ဘက် တော်ဝင်နယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်ပြီး နယ်မြေအတွင်းရှိ အင်အားအကြီးဆုံး၊ အာဏာအကြီးဆုံး လူဒါဇင်ကျော်ထဲမှ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ယခုတွင် မြောက်ဘက်ဧကရာဇ်၏ စိတ်အခြေအနေက မည်သို့ဖြစ်နေမည်ကို တွေးကြည့်နိုင်ပေသည်။
“စုလောရွှယ်ဆိုတာ ဘယ်သူလဲ”
အတော်ကြာပြီးမှ မြောက်ဘက်ဘုရင်က ပြောလိုက်သည်။ သူ၏အသံက အလွန်တည်ငြိမ်နေ၏။ သို့သော် သူ့အသံက တည်ငြိမ်လေလေ၊ အောက်မှ အကြီးအကဲများက ကြောက်ရွံ့လာလေလေပင်။ သူသည် မုန်တိုင်းမစခင်က လေပြေကဲ့သို့ပင်။ မြောက်ဘက်ဧကရာဇ်က မည်သည့်အချိန်တွင် ပေါက်ကွဲထွက်လာမည်ကို မည်သူမှ မသိပေ။
အကြီးအကဲများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ အတိတ်တွင် ကျီထင်ယွီသာ စုလောရွှယ်၏အကြောင်းကို သိပေသည်။ သူမသည် ထိုအကြောင်းကို မည်သူ့ကိုမှ မပြောပြခဲ့ပေ။ ထို့ပြင် သူမသည် စုလောရွှယ် ပျောက်သွားသည့်အကြောင်းကိုလည်း အပြင်သို့ မပေါက်ကြားစေရဟု ဝူနီကို အမိန့်ပေးစေခဲ့သည်။ ထို့ကြောင့် ထိုအကြီးအကဲများက စုလောရွှယ်အကြောင်းကို မသိကြပေ။ ဤမတိုင်ခင်အထိ စုလောရွှယ်ကဲ့သို့ အညတရတစ်ယောက်ကို မည်သူမှ ဂရုမစိုက်ခဲ့ကြချေ။
ထို့ကြောင့် မည်သည့်အကြီးအကဲကမှ မြောက်ဘက်ဘုရင်မေးသည်ကို မဖြေနိုင်ကြပေ။
“အန်...”
မြောက်ဘက်ဧကရာဇ်သည် အတန်ကြာ စောင့်နေသော်လည်း မည်သူကမှ သူ့မေးခွန်းကို ပြန်မဖြေကြောင်း တွေ့လိုက်သောအခါ ရုတ်တရက် ပြုံးလိုက်ပြီး အေးစက်စက်မျက်ဝန်းများဖြင့် ပြောလိုက်လေသည်။
“အရမ်းကောင်းတယ်... ရန်သူက ငါတို့ရဲ့ တံခါးဝကို ရောက်နေပြီ၊ ဒါကိုတောင် မင်းတို့က ရန်သူက ဘာအတွက် ရောက်လာလဲဆိုတာကို မသိသေးဘူးပေါ့လေ။ ကြည့်ရတာ မင်းတို့အကုန်လုံးက မြောက်ဘက်ဧကရာဇ်မြို့မှာ သက်တောင့်သက်သာနေပြီး ဇိမ်ရစ်နေတယ်ပေါ့လေ”
ဝှစ်...ဝှစ်...ဝှစ်...
မြောက်ဘက်ဘုရင်၏ အပြုံးက အကြီးအကဲအားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေ၏။ သူတို့သည် ကြောက်ရွံ့တကြီး ဦးညွှတ်လိုက်ကြပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်ကြသည်။
“ကျွန်တော်တို့ အပြစ်ရှိပါတယ်”
မြောက်ဘက်ဧကရာဇ်မျိုးနွယ်စုသည် စည်းမျဉ်းများကို အလွန်တန်ဖိုးထား၏။ မျိုးနွယ်အတွင်း၌ မျိုးနွယ်အကြီးအကဲနှင့် ခေါင်းဆောင်က ဧကရာဇ်နှင့် ဘုရင်ဖြစ်သည်။ ဘုရင်က ဒေါသထွက်လျှင် သွေးထွက်သံယိုများကို မြင်ရပေလိမ့်မည်။ မြောက်ဘက်ဘုရင်သာ သူ၏ဒေါသကို မထိန်းနိုင်တော့လျှင် လူများစွာသည် ယနေ့ ကံဆိုးသွားပေလိမ့်မည်။
ထိုစဉ် အကြီးအကဲတစ်ယောက် လူအုပ်ထဲမှ ရှေ့သို့ ထွက်လာလေသည်။ ထို့နောက် သူက လက်ဆုပ်၍ ပြောလိုက်သည်။
“မြောက်ဘက်ဘုရင်ခင်ဗျား... အခု ပြဿနာက စုလောရွှယ် မဟုတ်ပါဘူး။ ဝူမျိုးနွယ်ရဲ့ အင်အားနဲ့ အာဏာကို လျှော့တွက်နေတဲ့သူတစ်ယောက် ရှိနေတာကမှ ပြဿနာပါ။ စုလောရွှယ်က ကျွန်တော်တို့ လက်ထဲမှာ ရှိနေတယ်ဆိုရင်တောင် ကျွန်တော်တို့ သူတောင်းဆိုတာကို လိုက်လျောပေးလို့ မဖြစ်ပါဘူး။ ပြီးတော့ စုလောရွှယ်က ဘယ်သူလဲဆိုတာကိုလည်း ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်တို့ ဓားစာခံဖို့ လက်ခံကြောင်း ပြဖို့ နောက်ငါးရက်အတွင်း ကျွန်တော်တို့ရဲ့ မြို့တွေအကုန်လုံးမှာ အလံဖြူလွှင့်ရမယ်လို့ ကျန်းရီက ပြောပါတယ်။ အဲ့ဒါကို ကျွန်တော်တို့ ဘယ်တော့မှ သဘောတူလို့ မရပါဘူး။ ကျွန်တော်တို့ အလံဖြူလွှင့်လိုက်တာနဲ့ ဝူမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာက အောက်ဆုံးကို ရောက်သွားမှာပါ...”
“ကျန်းရီက မြို့တိုင်းမှာ အလံဖြူလွှင့်ဖို့ ပြောတယ်ဆိုတော့ နောက်ငါးရက်အတွင်း သူ မြို့တွေအနီးမှာ ထွက်ပေါ်လာလောက်မှာပဲ။ အဲ့ဒါကြောင့်.... ကျွန်တော်တို့ ပညာရှင်တွေကို ချက်ချင်းစုစည်းဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ မြို့တိုင်းမှာ အနည်းဆုံး ကြယ်လေးပွင့် ပညာရှင်တစ်ယောက်တော့ ရှိနေရပါမယ်။ ကျန်းရီ ထွက်ပေါ်လာတာနဲ့ ကျွန်တော်တို့ အာကာပြင်ကို တုန်ခါသွားအောင် လုပ်လိုက်မယ်... အဲ့ဒါဆို သူ ကောင်းကင်ရှောင်တိမ်းခြင်းကို ထုတ်သုံးနိုင်တော့မှာ မဟုတ်ဘူး။ အချိန်ခဏလောက်သာ ဆွဲထားနိုင်ရင် ကျန်တဲ့ပညာရှင်တွေအကုန်လုံးက ကျန်းရီ ထွက်ပေါ်လာတဲ့မြို့ကို သွားနိုင်မှာပဲ။ အဲ့ကျရင် ကျန်းရီ သေချာပေါက် သေရပါလိမ့်မယ်”
ကျန်အကြီးအကဲများကလည်း ထိုအကြီးအကဲပြောသောစကားကို သဘောတူကြသည်။
“ဟုတ်ပါတယ်... အကြီးအကဲလို့ရှန် ပြောတာ လုံးဝမှန်ပါတယ်”
“ကျွန်တော်တို့ မျိုးနွယ်က ပညာရှင်အကုန်လုံးကို စုစည်းပြီး မြို့တိုင်းမှာ လူခွဲနေရာချထားလို့ ရပါတယ်။ သူတို့က ကျန်းရီကို ဆယ်မိနစ်လောက် ထိန်းထားနိုင်မယ်ဆိုရင် ကျွန်တော်တို့လူတွေက အဲ့ကို ချက်ချင်း တည်နေရာပြောင်းရွှေ့ပြီး သူ့ကို သတ်လို့ ရပါတယ်”
“သူက စုလောရွှယ်က ကျွန်တော်တို့ လက်ထဲမှာလို့ ထင်နေတာ။ အဲ့တော့ သူ သေချာပေါက် ဟုန်ပိုနဲ့ ပထမသခင်မလေးကို ထိခိုက်အောင် လုပ်ရဲမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က သူ့ကို ဝိုင်းနိုင်ရန် သူ့ကိုလည်း သတ်နိုင်ပြီး ပထမသခင်လေးနဲ့ ဟုန်ပိုကိုလည်း ကယ်နိုင်ပါလိမ့်မယ်”
“ကျွန်တော်တို့ ပထမသခင်မလေးနဲ့ ဟုန်ပိုရဲ့ စိတ်ဝိညာဉ်အရှိန်အဝါကို မထောက်လှမ်းနိုင်ခဲ့ဘူး။ သူတို့က ကျန်းရီပိုင်တဲ့ လေဟာနယ်အသုံးအဆောင်ထဲမှာ အချုပ်ခံထားရတာ ဖြစ်ဖို့များပါတယ်။ ကျွန်တော်တို့သာ ကျန်းရီကို ချက်ချင်း သတ်ပစ်နိုင်ရင် ပထမသခင်မလေးနဲ့ ဟုန်ပိုကို ကယ်တင်နိုင်မှာပါ”
“...”
မြောက်ဘက်ဘုရင်သည် အကြီးအကဲများ၏ စကားများကို နားထောင်ရင်း ဘဲများ တဂတ်ဂတ်အော်သည်ကို နားထောင်နေရသကဲ့သို့ ခံစားနေရပေသည်။ စိတ်အားထက်သန်စွာ အမြင်များကို တင်ပြနေကြသော အကြီးအကဲများ၏ သူ၏ရင်ထဲတွင် အေးစက်စက်ခံစားချက်တစ်ခု ဖြစ်ပေါ်လာစေလေသည်။ ထိုလူစုသည် သူ့သမီး၏ အသက်ကို အရေးမစိုက်ကြပေ။ သူတို့အရေးစိုက်သည်မှာ ဝူမျိုးနွယ်၏ ဂုဏ်သိက္ခာကိုသာ။
“တော်လောက်ပြီ...”
မြောက်ဘက်ဘုရင်က ဒေါသတကြီး အော်ပြောလိုက်သည်။ ထို့ကြောင့် အကြီးအကဲအားလုံး ချက်ချင်း နှုတ်ဆိတ်သွားကြလေသည်။ မြောက်ဘက်ဘုရင်သည် အေးစက်စက်မျက်ဝန်းများဖြင့် ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။
“အမိန့်ပြန်လိုက်... ကြယ်လေးပွင့် ပညာရှင်တွေ အကုန်လုံး စုဝေးပြီး မြို့တိုင်းကို ကာကွယ်ရမယ်။ တကယ်လို့ ကျန်းရီ ပေါ်လာရင် သေရမယ်ဆိုရင်တောင် အာကာပြင်ကို တုန်ခါသွားအောင် လုပ်ရမယ်။ သူ့ကို တားထားနိုင်တဲ့ ဘယ်သူ့ကိုမဆို ငါ ဆုကြီးကြီး ချီးမြှင့်မယ်။ အသေးစိတ်ကတော့ မင်းတို့ဘာသာပဲ ပြင်ဆင်လိုက်ကြ။ ဒီတစ်ခေါက် ဘာမှ မှားလို့မရဘူး။ မင်းတို့ ကျန်းရီကို သေချာပေါက် သတ်ရမယ်”
မြောက်ဘက်ဧကရာဇ်သည် အမိန့်ပေးပြီးနောက် ထရပ်ကာ ဘေးရှိ စင်္ကြံလမ်းသို့ လျှောက်သွားလိုက်သည်။ သူ၏မျက်နှာက တည်ငြိမ်နေသည်။ သူထိုအမိန့်ကို ပေးလိုက်သည်နှင့် ဝူယင်အာနှင့် ဟုန်ပိုတို့၏ လုံခြုံရေးက မသေချာတော့ကြောင်း သူသိပေသည်။ သို့သော် သူသည် ဖခင်တစ်ဦးသာမဟုတ်ပေ။ ဝူမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်လည်း ဖြစ်သည်။ မျိုးနွယ်၏ ဂုဏ်သိက္ခာက အရာအားလုံးထက်ပို၍ အရေးကြီးပေသည်။ သူ့သမီးနှင့် သားမက်တို့၏ အသက်ထက်ပင် ပိုအရေးကြီးသည်။
အကြီးအကဲများသည် မြောက်ဘက်ဧကရာဇ်၏ အမိန့်ကို ကြားသောအခါ ချက်ချင်း စိတ်အားတက်ကြွသွားကြသည်။ ကျန်းရီက ထိုကဲ့သို့ တောင်းဆိုမှုမျိုးကို လုပ်ခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ။ ငါးရက်ကြာပြီးနောက် မြို့များတွင် အလံဖြူထောင်ထား၊ မထား သူ လာရောက်စစ်ဆေးဝံ့ပါက သူတို့သည် ထိုအခွင့်အရေးကို အသုံးချ၍ သူ့ကို သတ်ပစ်မည်ဖြစ်သည်။
အမိန့်ထုတ်ပြန်ပြီးသည်နှင့် တစ်ပြိုင်နက် ဝူမျိုးနွယ်၏ ဒေသလေးခုတွင် ထပ်မံ၍ ရုတ်ရုတ်သဲသဲ ဖြစ်လာလေသည်။ တည်နေရာပြောင်းရွှေ့ အစီအရင်များကလည်း အဆက်မပြတ် လင်းလက်နေသည်။ ဒေသလေးခုထဲတွင် မြို့ပေါင်းများစွာ ရှိသည်။ ဒေသတစ်ခုစီတွင် အနည်းဆုံး မြို့ပေါင်း သိန်းနှင့်ချီ ရှိပေသည်။ ထို့ကြောင့် ဒေသလေးခုစလုံးမှ မြို့အားလုံးကို ပေါင်းလိုက်လျှင် မြို့ပေါင်း နှစ်သန်းနီးပါး ရှိလေသည်။
တစ်နည်းဆိုရသော် ထိုမြို့အားလုံးကို စောင့်ကြပ်ရန် ကြယ်လေးပွင့် ပညာရှင် နှစ်သန်း လိုအပ်ပေသည်။
ထို့ကြောင့် ဝူမျိုးနွယ်၏ ပညာရှင်များဖြင့်ပင် မလုံလောက်ကြောင်း ထင်ရှားသည်။ ဝူမျိုးနွယ်တွင် ကြယ်လေးပွင့်နှင့်အထက် ပညာရှင်များ များစွာ ရှိသည်။ သို့သော် အားလုံးပေါင်းလိုက်လျှင်ပင် အရေအတွက်က သောင်းဂဏန်းသာ ရှိပေလိမ့်မည်။ ဝူမျိုးနွယ်၏ ဒေသလေးခုထဲတွင် လက်အောက်ခံ မျိုးနွယ်များ များစွာရှိနေ၍ တော်သေးသည်ဟု ဆိုရမည်။ အရေးအကြီးဆုံးမှာ သူတို့က ကျန်းရီကို သတ်ရန်မလိုဘဲ အချိန်ဆွဲထားရုံသာ လိုခြင်းပင်။ ထို့ကြောင့် အာကာသတာအိုပုံသဏ္ဌာန်ကို ကျင့်ကြံသော အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် ကောင်းကင်ဧကရာဇ်များစွာကိုလည်း အသုံးချနိုင်ပေသည်။
သို့သော် ဝူမျိုးနွယ်မှ အကြီးအကဲများသည် သူတို့ကိုပါ ထည့်တွက်လျှင်ပင် လူလိုသေးကြောင်း သိရှိသွားသည်။ ထို့ကြောင့် သူတို့ အကြံတစ်ခု ထုတ်လိုက်ကြ၏။
အကြံမှာ လူများ ငှားရန်ပင်။
ဝူမျိုးနွယ်မှ အကြီးအကဲများသည် ယဲ့မျိုးနွယ်၊ ရွှမ်မျိုးနွယ်နှင့် ရီမျိုးနွယ်တို့သို့သွား၍ လူများ ငှားလိုက်ကြ၏။ သူတို့က ကြယ်လေးပွင့် ပညာရှင်များနှင့် အာကာသတာအိုပုံသဏ္ဌာန်ကို ကျင့်ကြံသူများကို ငှားခဲ့ခြင်းပင်။
ယဲ့မျိုးနွယ်နှင့် ရွှမ်မျိုးနွယ်တို့က သဘောတူလိုက်၏။ တစ်ရက်အတွင်းမှာပင် သူတို့သည် ပညာရှင်သောင်းကျော် စုစည်း၍ ဝူမျိုးနွယ်ဆီသို့ ပို့ပေးလိုက်သည်။ သို့သော် ရီမျိုးနွယ်ကမူ ငြင်းခဲ့ပေသည်။ သူတို့၏ အကြောင်းပြချက်မှာ ဗုဒ္ဓအင်ပါယာက အခန်းအောင်းကျင့်ကြံနေပြီး အပြင်ရှိ အကြီးအကဲများကလည်း လူများစွာကို စေလွှတ်ပေးရန် အာဏာမရှိဟူသော အကြောင်းပြချက်ပင်။
ရီမျိုးနွယ်သည် အရှေ့ဘက် တော်ဝင်နယ်မြေမှ ပဋိပက္ခများတွင် ဝင်ပါခဲပေသည်။ ထို့ကြောင့် ဝူမျိုးနွယ်တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ ယဲ့မျိုးနွယ်နှင့် ရွှမ်မျိုးနွယ်မှ လူများကြောင့် လူအရေအတွက် လုံလောက်လုနီးပါး ဖြစ်သွားပြီဖြစ်၍ အကြီးအကဲများက ရီမျိုးနွယ်ကို အတင်းမဆောင်ဆိုကြတော့ချေ။ ဝူမျိုးနွယ်မှ အကြီးအကဲများသည် နေ့ညမပြတ် အလုပ်များနေကြ၏။ နောက်ဆုံးတွင် သူတို့သည် တစ်မြို့လျှင် ပညာရှင်တစ်ယောက်ကျ နေရာချထားပြီးသွားပေပြီ။ လူဦးရေ မလုံလောက်မှုကြောင့် အကြီးအကဲများကိုယ်တိုင် သူတို့၏အဖွဲ့များကို ဦးဆောင်၍ မြို့များသို့ သွားရသည်။
ကျန်းရီ ထွက်ပေါ်လာသည်ဆိုသော သတင်းကို ရသည်နှင့် ချက်ချင်း ထွက်ခွာရန် မြောက်ဘက်ဧကရာဇ်မြို့တွင် နတ်ဘုရားတစ်ပိုင်းပညာရှင် ဆယ်ယောက်က အသင့်စောင့်နေကြသည်။ သူတို့သည် အမြန်ဆုံး တည်နေရာပြောင်းရွှေ့နိုင်ကြပြီး ကျန်းရီကို အချိန်မရွေး သတ်ပစ်နိုင်ကြပေသည်။ ဝူမျိုးနွယ်သည် ဒေသလေးခု၏ ကောင်းကင်တွင် ဧရာမပိုက်ကွန်းကြီးတစ်ခုကို လွှမ်းခြုံထားပေပြီ။ မနက်ဖြန်ဆိုလျှင် ကျန်းရီဆိုသောငါးက ထိုပိုက်ကွန်ထဲသို့ သူ့ဘာသာ ဝင်တိုးတော့မည်ဖြစ်သည်။
***