← Chapters

ဒေါသ

Vol. 70 Ch. 964

ဒေါသ

Vol. 70 Ch. 964

ကျန်းရီက အလှည့်စား မခံရပေ။

ဝူမျိုးနွယ်မှ လူများက သနားစရာကောင်းလွန်းပေသည်။ သူတို့သည် ကျန်းရီထံတွင် အလွန်ဆန်းကြယ်သော ကောင်းကင်နားလည်သိမြင်ခြင်း ရှိကြောင်း မသိကြပေ။

စုန်းနတ်ဘုရားက အမှန်ပင် ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ကြောင်း ဝန်ခံရပေမည်။ ကောင်းကင်နားလည်သိမြင်ခြင်းဟူသော မှော်အတတ်က အလွန်အစွမ်းထက်ပေသည်။ ထိုအတတ်သည် လူတစ်ယောက်၏ ကောင်းကင်စိတ်အာရုံကို အကန့်အသတ်မရှိ ဆန့်ထွက်သွားစေနိုင်သည်။ စိတ်ဝိညာဉ်က စွမ်းအားကြီးလေလေ၊ ထောက်လှမ်းနိုင်သည့် အကွာအဝေးက ပိုတိုးလာလေလေပင်။ အတိတ်တွင် ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းက မိုင်ဆယ်သန်းပတ်လည်အတွင်း ထောက်လှမ်းနိုင်ခဲ့သည်။ ယခုတွင်မူ သူ၏စိတ်ဝိညာဉ်က ရွှေကျီးကန်းဆန်းကြယ်နယ်မြေထဲတွင် ပိုသန်မာလာသဖြင့် ကောင်းကင်နားလည်သိမြင်ခြင်းက မိုင်ဆယ့်ငါးသန်းပတ်လည်အတွင်း ထောက်လှမ်းနိုင်နေပြီဖြစ်သည်။

ကျန်းရီသည် မြို့များတွင် အလံဖြူထောင်ထား၊ မထားကို စစ်ဆေးရန် မြို့များ အနီးသို့ သွားစရာမလိုပေ။ ကောင်းကင်နားလည်သိမြင်ခြင်းကိုသုံး၍ ထောက်လှမ်းလိုက်ရုံသာ။ ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ အနီးရှိ မြို့ဒါဇင်ကျော်သို့ ပညာရှင်များ ရောက်လာကြောင်း သူ သိထားသည်။

ငါးရက်မြောက်နေ့တွင် ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ထောက်လှမ်းလိုက်၏။ မည်သည့်မြို့တွင်မှ အလံဖြူလွှင့်မထားကြောင်း သိလိုက်ရသောအခါ သူ စိတ်ပျက်သွားသည်။

ကျန်းရီ မြောက်ဘက်ဘုရင်ထံ ရေးလိုက်သော စာက အလွန်ရှင်းပေသည်။ ဓားစာခံလဲလှယ်ရန် သဘောတူကြောင်း ပြသဖို့အတွက် မြို့တိုင်းတွင် အလံဖြူလွှင့်ရမည်ဖြစ်သည်။ ဝူမျိုးနွယ်သည် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ပညာရှင်များကို နေရာချနေခဲ့ပြီး ယနေ့တွင်လည်း အလံဖြူမလွှင့်ခဲ့ပေ။ ထိုအတွက် ရှင်းပြချက် အနည်းငယ်သာ ရှိပေသည်။

စုလောရွှယ်က‌ သေသွားပြီဖြစ်ခြင်း သို့မဟုတ် စုလောရွှယ်ကို လွှတ်မပေးနိုင်ခြင်း သို့မဟုတ် ဝူမျိုးနွယ်က ဝူယင်အာနှင့် ဟုန်ပိုတို့၏ အသက်ကို အရေးမထားသဖြင့် ဓားစာခံလဲလှယ်သည်မျိုး မလုပ်ခြင်းဆိုသော ရှင်းပြချက်များသာ ရှိသည်။ သို့မဟုတ် ဝူမျိုးနွယ်အကြီးအကဲက လက်လျှော့ရန် လက်မခံခဲ့ခြင်းလော။

“သေပြီလား...”

လက်ရှိတွင် ကျန်းရီသည် အထူးစွမ်းရည်များဖြင့် ထောက်လှမ်းမှုကို မခံရရန် လူဝံပုံစံဖြင့်သာ ရှိနေသေးပြီး တောင်ထွတ်လေးတစ်ခုပေါ်တွင် ထိုင်နေပေသည်။ သူသည် စိုးရိမ်မှုကြောင့် တုန်ယင်နေ၏။ သူ၏ လက်များနှင့် နှုတ်ခမ်းများပင် တဆတ်ဆတ် တုန်နေသည်။ စုလောရွှယ်သေပြီဟု သူ လက်မခံနိုင်ပေ။

“လောရွှယ်... မင်း သေလို့မရဘူး.. မင်း မသေရဘူး”

လူဝံမွေးများက ကျန်းရီ၏ မျက်နှာကို ကာထားသည်။ သူသည် တောင်ထွတ်ပေါ်တွင် ခေါင်းငိုက်စိုက်ဖြင့် ထိုင်ရင်း အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာမည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေလေသည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာ၏။ နေလုံးသည် အနောက်ဘက်သို့ တဖြည်းဖြည်း ဝင်သွားပြီး ညအချိန်ကို ခေါ်ဆောင်လာလေသည်။ ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းဖြင့် ထပ်မံ ထောက်လှမ်းလိုက်၏။ အနီးပတ်ဝန်းကျင်ရှိ မည်သည့်မြို့တွင်မှ အလံဖြူလွှင့်မထားကြောင်း တွေ့လိုက်သောအခါ သူ နာကျင်စွာဖြင့် မျက်လုံးများ မှိတ်လိုက်သည်။

“အား...အား...”

ကျန်းရီသည် ခေါင်းမော့၍ ဒေါသတကြီး အော်လိုက်၏။ ထို့နောက် သူသည် လူဝံတစ်ကောင်ကဲ့သို့ သူ့ရင်ဘတ်ကို လက်နှစ်ဘက်ဖြင့် တဘုန်းဘုန်း ပုတ်လိုက်သည်။ စုလောရွှယ် သေသွားမည်ကို သူ စိုးရိမ်နေသည်။ သူ့စိတ်ထဲတွင် အကြောက်တရားများ၊ စိုးရိမ်မှုများနှင့် ပြည့်နှက်နေ၏။ မကြာခင်မှာပင် ယင်းတို့က အကန့်အသတ်မဲ့သော ဒေါသအဖြစ် ပြောင်းလဲသွားလေသည်။

“မင်းတို့က ဟုန်ပိုနဲ့ ဝူယင်အာရဲ့ အသက်ကို အရေးမထားမှတော့ ငါကလည်း ဘာလို့ အရေးထားနေရမှာလဲ။ မင်းတို့က ငါကျန်းရီ သွေးကြွေးဆပ်မှာကို မကြောက်မှတော့၊ မင်းတို့ရဲ့ ဒေသတွေ မီးလောင်တိုက်သွင်းခံရမှာကို မကြောက်မှတော့... ငါတို့ စစ်ပွဲတစ်ပွဲ စကြတာပေါ့။ ဝူမျိုးနွယ်... မင်းတို့ ငါကျန်းရီကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့။ ငါ့ကို အရင်ရန်လာစတာ မင်းတို့ဝူမျိုးနွယ်ပဲ။ မင်းတို့ရဲ့ အသက်ကို အရေးမထားတာက မင်းတို့ရဲ့ မြောက်ဘက်ဘုရင်ပဲ။ သတ်မယ်... သတ်မယ်... အကုန်သတ်ပစ်မယ်”

ကျန်းရီသည် ထရပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ ထို့နောက် သူ့ရုပ်သွင်က တဖြည်းဖြည်း ပြောင်းလဲသွားသည်။ သူက မူလရုပ်သွင် ပြန်ပြောင်းသွားပေပြီ။ သူ၏ခံ့ညားသောမျက်နှာက ရှုံ့တွနေပြီး သူ၏ဆံပင်အနီများက လေထဲတွင် တဖျပ်ဖျပ် ဝဲလွင့်နေလေသည်။ သူ၏ မျက်ဝန်းများကလည်း ရဲတွတ်နေကာ ကြောက်မက်ဖွယ်ကောင်းနေပေသည်။

ရွှီး...

ကျန်းရီ၏ လက်ထဲတွင် ဧကရာဇ်နန်း‌တော် ထွက်ပေါ်လာ၏။ ထို့နောက် သူသည် ဟုန်ပိုနှင့် ဝူယင်အာတို့ကို အပြင်သို့ ထုတ်လိုက်လေသည်။ ဟုန်ပိုနှင့် ဝူယင်အာတို့က သူတို့ အပြင်သို့ အထုတ်ခံလိုက်ရကြောင်း သိလိုက်သောအခါ တုန်လှုပ်သွားကြ၏။ သူတို့သည် ငရဲမှ တက်လာသော မိစ္ဆာတစ်ကောင်နှင့် ဆင်တူနေသည့် ကျန်းရီ၏ ပုံစံကို တွေ့လိုက်သောအခါ ကြောက်ရွံ့လွန်းလှသဖြင့် တဆတ်ဆတ်တုန်သွားကြသည်။

“ကျန်းရီ...”

ဟုန်မျိုးနွယ်၏ အကြီးဆုံးသခင်လေးဖြစ်သော ဟုန်ပိုက အခြေအနေအမျိုးမျိုးကို တွေ့ကြုံဖူးသဖြင့် လျင်မြန်စွာ စိတ်ပြန်တည်ငြိမ်သွားလေသည်။ သူက ကျန်းရီကို လှောင်ပြောင်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“မင်းက ငါတို့ကို ပြန်ပေးဆွဲရဲတယ်ပေါ့လေ။ မင်းက ငါသခင်လေးကို ဒုက္ခိတဖြစ်သွားအောင် လုပ်ရဲတယ်ပေါ့လေ။ အဟင်း... ဝူမျိုးနွယ်နဲ့ ငါရဲ့ဟုန်မျိုးနွယ်က မင်းကို လိုက်သတ်တော့မှာပါ။ မင်းရဲ့ ဆွေမျိုးတွေအကုန်လုံးလည်း အသတ်ခံရလိမ့်မယ်... သူတို့က သင်္ဂြိုလ်တောင်ခံရမှာ မဟုတ်ဘူး”

ဟုန်ပို၏ စကားဆုံးသွားသောအခါ ဝူယင်အားလည်း ပြန်၍စိတ်တည်ငြိမ်လာလေသည်။ သူမ၏ လှပသောမျက်နှာလေးတွင် အမုန်းတရားဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူမက စူးရှသော လေသံဖြင့် ပြောလိုက်လေသည်။

“ကျန်းရီ... မိစ္ဆာကောင်၊ မျိုးမစစ်ကောင်။ ငါတို့ကို မြန်မြန်လွှတ်ပေးပြီး အဖမ်းခံရဖို့ စောင့်နေလိုက်။ မဟုတ်လို့ ငါ့အဖေ မြောက်ဘက်ဘုရင် ရောက်လာရင် နင် သတ်ပေးပါ‌တော့လို့ တောင်းပန်ရလိမ့်မယ်...”

ရွှစ်...ရွှစ်...

ဝူယင်အာ၏စကား ဆုံးသွားသောအခါ ကျန်းရီ၏ လက်ထဲတွင် ဓားပျော့တစ်ချောင်း ထွက်ပေါ်လာပြီး လက်ခနဲ ဖြစ်သွားလေသည်။ ဝူယင်အာ၏ ဦးခေါင်းက လေထဲသို့ ဝဲပျံတက်သွားပြီး သွေးစိမ်းရှင်ရှင်များ ပန်းထွက်သွားသည်။ သူမ၏အသံ တိတ်သွားပေပြီ။ သူမသည် သေသည်အထိ မျက်လုံးများ ပွင့်နေဆဲပင်။

“အား...”

ဟုန်ပိုသည် ကြောက်ရွံ့တကြီး ‌အော်ဟစ်ကာ နောက်သို့ ဆုတ်သွား၏။ ကျန်းရီ၏ ခန္ဓာကိုယ်က ဖြတ်ခနဲ ရှေ့သို့တိုးလာလေသည်။ သူ၏ဓားပျော့ကလည်း လက်ခနဲ ထွက်လာသည်။ လေထဲသို့ နောက်ထပ်ခေါင်းတစ်လုံး ထပ်မံ လွင့်ပျံသွားပေပြီ။ ဟုန်ပို၏ လည်ပင်းမှနေ၍ သွေးများပန်းထွက်နေသည်။ ထိုသွေးများက ကျန်းရီအပေါ်ကျကာ သူ၏ခန္ဓာကိုယ် နီရဲနေစေလေသည်။

ဝှစ်...ဝှစ်...

ကျန်းရီသည် လက်တစ်ဘက်ကို လှုပ်ရှား၍ ခေါင်းပြတ်နှစ်လုံးကို ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲတွင် သိမ်းလိုက်၏။ ထို့နောက် သူ မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွားလိုက်လေသည်။ သူသည် လက်နှက်ဘက်ကို လှုပ်ယမ်းကာ ဝိညာဉ်လေများကို စုပ်ယူ၍ အဝေးရှိ မြို့များဆီသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။

အ‌ရှေ့ မိုင်တစ်ထောင်အကွာတွင် မြို့ငယ်လေးတစ်မြို့ ရှိပေသည်။ ထိုမြို့ငယ်လေးတွင် ကြယ်လေးပွင့်ပညာရှင်တစ်ယောက်နှင့် အဆင့်မြင့် ကောင်းကင်ဧကရာဇ် သိုင်းသမား ဆယ်ယောက်ကျော် ရှိကြောင်း ထောက်လှမ်းထားပြီးဖြစ်သည်။ သို့သော် ကျန်းရီသည် တုံ့ဆိုင်းမှုမရှိဘဲ ထိုမြို့သို့ ဦးတည်သွားလိုက်သည်။

သေခြင်းတရားက ကြောက်စရာမကောင်းပေ။

စုလောရွှယ် သေသွားလျှင်လည်း အရေးမကြီး‌တော့ချေ။ ဝူမျိုးနွယ်က သူမကို မလွှတ်ပေးချင်သဖြင့် သူသည် ဝူမျိုးနွယ်ကို သွေးဖြင့် သင်ခန်းစာတစ်ခု ပေးရပေမည်။ သူသည် လောကအား ကျန်းရီ၏ဒေါသကို မြည်းစမ်းစေမည်ဖြစ်သည်။

ကျန်းရီသည် အရာအားလုံးကို ရင်းလိုနေ၏။ ဝူမျိုးနွယ်၏ ဒေသလေးခုထဲမှ တိုက်ပွဲတွင် သူ သေသွားမည်ဆိုလျှင်ပင် အရေးမကြီးပေ။ စုလောရွှယ်က သူအချစ်ဆုံးမိန်းမဖြစ်သည်။ ထို့ပြင် သူမသည် ဤနှစ်များအတွင်း ဒုက္ခခံခဲ့ရသည်။ ထို့ကြောင့် သူ သူမအတွက် တစ်ခုခု လုပ်ပေးရပေမည်။

ကျန်းရီသည် မြေပြင်အထက် မီတာရာကျော်အကွာတွင် ပျံသန်းနေခြင်းပင်။ ညအချိန်တွင် ထိုအမြင့်သို့ သာမန် နတ်ဘုရားတစ်ပိုင်း ပညာရှင်များပင် ပျံတက်လာဝံ့မည်မဟုတ်သဖြင့် သူ အလွန်လုံခြုံနေပေသည်။ အကယ်၍ အောက်ဘက်မှ လှမ်းတိုက်ခိုက်လျှင်လည်း ထိုတိုက်ခိုက်မှုများကို ဝိညာဉ်လေများက ကာပေးမည်ဖြစ်သည်။ တိုက်ခိုက်မှုများသည် သူ့ထံသို့ ရောက်မလာခင်မှာပင် အားနည်းသွားပေလိမ့်မည်။

ကျန်းရီသည် ဒေသလေးခုကို သွေးဖြင့်ဆေးကြောတော့ပေမည်။ သို့သော် သူသည် သူ့အသက်ကို အချည်းနှီးဆုံးရှုံးခံမည် မဟုတ်ပေ။ အရှေ့မှ မြို့ငယ်လေးတွင် ကြယ်လေးပွင့် ပညာရှင်တစ်ယောက် ရှိနေကြောင်း သူ သိထားသည်။ သို့သော် သူ မတုံ့ဆိုင်းခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယခုက ညအချိန် ဖြစ်နေ၍ပင်။ ညအချိန်က သူ့အတွက် အားသာပေသည်။

ဝှစ်...ဝှစ်...

ကျန်းရီသည် မိနစ်သုံးဆယ်အတွင်းမှာပင် မိုင်တစ်ထောင်ကို ဖြတ်သန်းခဲ့၏။ သူသည် မြို့အနီးသို့ မရောက်ခင်မှာပင် ဝိညာဉ်လေနတ်ဘုရားဒိုင်းနှင့် ဝိညာဉ်လေဓားများကို ပြုလုပ်လိုက်သည်။ မြို့သို့ရောက်ရန် မီတာထောင်ကျော် အကွာတွင် ကောင်းကင်စိတ်အာရုံများက သူ့ထံသို့ ရောက်လာကြောင်း သူ သတိပြုမိလိုက်သည်။

“ကျန်းရီ ရောက်လာပြီ”

ရုတ်ခြည်းပင် မြို့ထဲမှနေ၍ အော်သံတစ်သံ ပဲ့တင်ထွက်လာသည်။ သတင်းပို့လျှို့ဝှက်အစီအရင်ကလည်း ချက်ချင်း လင်းလက်လာသည်။ မြောက်ဘက်ဧကရာဇ်မြို့သို့ သတင်းတစ်ခု ပို့လွှတ်လိုက်ပေပြီ။ ထို့နောက်တွင် မြို့ထဲမှနေ၍ လူထောင်ချီ ပျံထွက်လာပြီး တိုက်ကွက်‌ဖော်ကာ ကျန်းရီကို ထိန်းထားရန် ပြင်ဆင်လိုက်ကြသည်။

ဝုန်း...ဝုန်း...ဝုန်း...

ထိုလူများက အလွန်လျင်မြန်သော်ငြား ကျန်းရီကလည်း ခေသူမဟုတ်ပေ။ ဝိညာဉ်လေဓားဆယ်ချောင်းက အောက်ဘက်သို့ ပျံဆင်းသွားသည်။ ရုတ်ခြည်းပင် မြို့အကာအရံက ပျက်စီးသွားလေသည်။ အောက်ဘက်ရှိ လူအားလုံးက သူတို့၏ တိုက်ခိုက်မှုများကို ထုတ်လွှတ်ရန် ဟန်ပြင်နေစဉ်မှာပင် ကောင်းကင်ထက်မှနေ၍ နတ်ဘုရားမိုးကြိုးတန်းတစ်တန်း ကျဆင်းလာကာ ကြယ်လေးပွင့် ပညာရှင်ကို ထိမှန်သွားတော့သည်။

“အား...”

သာမန် ကောင်းကင်ဧကရာဇ်များသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို မည်သို့ ခံနိုင်ပါမည်နည်း။ ထိုကောင်းကင်ဧကရာဇ်ထောင်ကျော်သည် သူတို့၏ တိုက်ခိုက်မှုများကို ထုတ်လွှတ်ရန် ပြင်ဆင်ပြီးဖြစ်၏။ သို့သော်လည်း သူတို့၏ စိတ်ဝိညာဉ်များက ကြီးစွာသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် ထိုတိုက်ခိုက်မှုများက ပျက်ပြယ်သွားကြသည်။ သူတို့သည်လည်း သူတို့၏ခေါင်းကို လက်ဖြင့်ဆုပ်ကိုင်ကာ လေထဲတွင် နာကျင်တကြီး လူးလွန့်နေကြသည်။

ဂျိန်း...

ကြယ်လေးပွင့် ပညာရှင်ကလည်း ကံဆိုးမိုးမှောင်ကျသွားသည်။ ကျန်းရီ၏ မိုးကြိုးအမျက်က သူ့အပေါ် ကျဆင်းလာသောအခါ သူ၏နတ်ဘုရားဒိုင်းက ချက်ချင်း ပျက်စီးသွားလေသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး မီးသွေးတုံး ဖြစ်သွား၏။ သူသည် တစ်ချက်ပင် မတိုက်ခိုက်နိုင်လို်ကပေ။

“သေပေတော့...”

ကြောက်မက်ဖွယ် အေးစက်စက်အသံတစ်သံ ပဲ့တင်ထပ်လာပြီး ဝိညာဉ်လေဓားများက ထောင်ချီသော လူများကို ကောက်ရိတ်သကဲ့သို့ ပိုင်းဖြတ်သွားကြသည်။ ကျန်းရီသည် ဝိညာဉ်လေဓားတစ်ချောင်းကို ထိန်းချုပ်၍ မြို့အရှင်စံအိမ်ကို တိုက်ခိုက်လိုက်သည်။ ထိုအခိုက်တွင် တည်နေရာပြောင်းရွှေ့အစီအရင်က အတန်ငယ် တုန်ခါသွားပြီး လင်းလက်လာလေသည်။ ကျန်းရီ မျက်မှောင်ကြုတ်လိုက်ပြီး တိုက်ခိုက်မှုများကို ချက်ချင်းရပ်လိုက်၏။ ထို့နောက်တွင် သူသည် ဟင်းလင်းပြင်ကို စုတ်ဖြဲကာ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးလိုက်သည်။

ရွှီး...

တည်နေရာပြောင်းရွှေ့အစီအရင်ထဲ၌ လူဆယ်ယောက် ထွက်ပေါ်လာ၏။ ဝူမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက်က အတော်လေးလျင်မြန်စွာ ရောက်ရှိလာပေသည်။ သို့သော် သတင်းပို့လျှို့ဝှက်အစီအရင်မှ သတင်းက မြောက်ဘက်ဧကရာဇ်မြို့သို့ရောက်ရန် အချိန်အနည်းငယ် လိုပေသည်။ ထို့ပြင် ဤမြို့နှင့် မြောက်ဘက်ဧကရာဇ်မြို့ကို တိုက်ရိုက်ဆက်သွယ်ထားသော တည်နေရာပြောင်းရွှေ့အစီအရင် မရှိသဖြင့် နတ်ဘုရားတစ်ပိုင်း ပညာရှင်များသည် ဤမြို့သို့ ရောက်ရန် အကြိမ်အနည်းငယ် တည်နေရာပြောင်းရွှေ့ခဲ့ရသည်။ ကျန်းရီက တဒင်္ဂအတွင်းမှာပင် မြို့ကို ကျူးကျော်၍ သတ်ဖြတ်ခဲ့ခြင်းပင်။ ထို့ကြောင့် နတ်ဘုရားတစ်ပိုင်း ပညာရှင်များက မည်မျှ လျင်မြန်စေကာမူ အချိန်မီ ရောက်မလာနိုင်ခဲ့ချေ။

နတ်ဘုရားတစ်ပိုင်း ပညာရှင် ဆယ်ယောက်သည် တည်နေရာပြောင်းရွှေ့ အစီအရင်ထဲတွင် ထွက်ပေါ်လာချင်းချင်း အပြင်သို့ ပျံထွက်ကာ ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်ကြ၏။ သို့သော် ကျန်းရီက အရိပ်အယောင်တစ်ခုပင် မချန်ခဲ့ဘဲ ပျောက်ကွယ်သွားပေပြီ။ လေထဲတွင်မူ သွေးများသာ ကျန်ခဲ့လေသည်။

***

All Chapters