ခုနစ်ရက်အတွင်း မြို့ဆယ့်လေးမြို့
Vol. 70 Ch. 965
ကျန်းရီသည် မြို့ကို ကျူးကျော်ကာ သိုင်းသမား ထောင်ဂဏန်းအနည်းငယ်ကို သတ်ဖြတ်ပြီးနောက် ကောင်းကင်ရှောင်တိမ်ခြင်းကိုသုံး၍ ချက်ချင်း ထွက်ပြေးသွားလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် မိုင်သန်းနှစ်ဆယ်အကွာအထိ ထွက်ပြေးသွား၏။ သို့သော် ဤတစ်ခေါက်တွင် သူ ကံဆိုးခဲ့သည်။ သူက မြို့ကြီးတစ်မြို့နှင့် မိုင်တစ်ရာအကွာလောက်တွင် ပြန်ထွက်ပေါ်လာခဲ့သည်။
တော်သေးသည်မှာ ညအချိန်ဖြစ်နေ၍ မြို့အပြင်တွင် မည်သူမှ ရှိမနေခြင်းပင်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်ပြီးနောက် လုံခြုံစေရန် တာတိုကောင်းကင်ရှောင်တိမ်းခြင်းကို ဆက်သုံးလိုက်သည်။ ထို့နောက် သူသည် တောင်တစ်လုံးကိုရှာ၍ မိစ္ဆာသားရဲတစ်ကောင်အသွင်ပြောင်းကာ ပုန်းအောင်း အနားယူနေလိုက်လေသည်။
ကောင်းကင်ရှောင်တိမ်းခြင်းက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို အလွန်ပင်ပန်းစေသည်။ ကျန်းရီ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က ယခင်ကထက် ပိုသန်မာလာပေပြီ။ သို့သော် သူ မဆင်မခြင် မပြုမူဝံ့သေးပေ။ သူသည် ခြောက်နာရီခန့် အနားယူလိုက်ပြီး အရုဏ်မတက်ခင်တွင် ထပ်မံ လှုပ်ရှားလိုက်သည်။
ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို အဆုံးစွန်ထိ ထုတ်လွှတ်၍ မြို့ငယ်တစ်မြို့ကို ရှာလိုက်သည်။ အရှေ့ဘက် မိုင်ရာကျော်အကွာတွင် မြို့ငယ်လေးတစ်မြို့ ရှိနေသည်။
ကျန်းရီ၏ ပစ်မှတ်များက သိသာပေသည်။ သူသည် မြို့ငယ်လေးများကိုသာ တိုက်ခိုက်မည်ဖြစ်သည်။
မြို့ငယ်လေးများ၏ အကာအရံများက အလွန်စွမ်းအားနည်းသဖြင့် သူ ယင်းတို့ကို အလွယ်တကူ ချိုးဖျက်နိုင်ပေသည်။ ဝူမျိုးနွယ်၏ ဒေသများတွင် မြို့ငယ်လေများ အမြောက်အမြား ရှိသည်။ ထို့ကြောင့် ဝူမျိုးနွယ်သည် မြို့ငယ်လေးတိုင်းတွင် ကြယ်ငါးပွင့် ပညာရှင်များ မထားနိုင်ပေ။ သူတို့မျိုးနွယ်ဝင် ပညာရှင်များ မလုံလောက်သည် မဟုတ်ပါလော။
ဆယ့်ငါးမိနစ်ကြာပြီးနောက် ကျန်းရီသည် မြို့ငယ်လေးအထက်ရှိ ကောင်းကင်သို့ ရောက်ရှိလာပြီး ခက်ထန်သော နဂါးတစ်ကောင်ကဲ့သို့ အောက်ဘက်သို့ ပျံဆင်းသွားလေသည်။ ဝိညာဉ်လေဓားဆယ်ချောင်းကလည်း တိတ်တဆိတ် ပျံဆင်းလာသည်။ မြို့အကာအရံသည် တောက်ပစွာ လင်းလက်လာကာ ရုတ်ခြည်း ဖျက်ဆီးခံလိုက်ရသည်။
ကောင်းကင်သို့ ပျံတက်လာသော သိုင်းသမား နှစ်ထောင်ကျော်သည်လည်း နတ်ဘုရားအသံ ကောင်းကင်အတတ်၏ သက်ရောက်မှုကို ခံလိုက်ရသဖြင့် လေထဲတွင် လူးလွန့်သွားကြသည်။ ကောင်းကင်ထက်မှ မိုးကြိုးတန်းများကလည်း မြို့အကာအရံ ပျက်စီးသွားသည်နှင့် မြို့ကို စောင့်ကြပ်နေသည့် ဝူမျိုးနွယ်မှ ကြယ်လေးပွင့် ပညာရှင်အပေါ်သို့ ကျဆင်းလာလေသည်။
ရွှီး...ရွှီး...
ဝိညာဉ်လေဓားများကလည်း လှည့်ပတ်ပျံသန်းကာ သိုင်းသမား နှစ်ထောင်ကျော်ကို ရက်ရက်စက်စက် သတ်ပစ်လိုက်သည်။ ကြယ်လေးပွင့် ပညာရှင်ပင် အပိုင်းပိုင်းပြတ်သွားပြီဖြစ်သည်။ ဤတစ်ကြိမ်တွင်လည်း ရန်သူ၏တုံ့ပြန်မှုက နှေးခဲ့သဖြင့် တည်နေရာပြောင်းရွှေ့အစီအရင်က ကျန်းရီ မြို့အရှင်စံအိမ်ကို ဖျက်ဆီးပြီးခါမှ လင်းလက်လာသည်။ အစီအရင် လင်းလက်လာသည်နှင့် ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကို ချက်ချင်းသုံးကာ ထွက်ပြေးလိုက်သည်။
“အား...အား...အား...”
နတ်ဘုရားတစ်ပိုင်းပညာရှင် ဆယ်ယောက်သည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲတွင် ထွက်ပေါ်လာသောအခါ ကောင်းကင်ထက်ရှိ သွေးများနှင့် အသားစများကို တွေ့လိုက်ရသည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်သည် မြို့အရှင်စံအိမ်က ပျက်စီးနေသည်ကို တွေ့လိုက်သောအခါ ဒေါသတကြီး အော်လိုက်၏။
ထိုပညာရှင်သည် ကောင်းကင်ထက်သို့ လက်ဝါးချက်များ အဆက်မပြတ် ရိုက်ထုတ်ရာ ကောင်းကင်က အလွန်တုန်ခါသွားသဖြင့် အာကာပြင်အက်ကြောင်းတစ်ခုပင် ထွက်ပေါ်လာလေသည်။ သို့သော် ကျန်းရီက ထွက်သွားသည်မှာ ကြာပြီဖြစ်၍ မိုင်ထောက်ကျော်အကွာသို့ပင် ရောက်နေပြီဖြစ်သည်။ သို့ဖြစ်၍ ထိုအာကာပြင်တုန်ခါမှုက ကျန်းရီကို မတားဆီးနိုင်တော့ချေ။
နတ်ဘုရားတစ်ပိုင်း ပညာရှင်များက အလွန်လျင်မြန်ကြသည်။ ယခုက နေ့အချိန်ဖြစ်လျှင် သူတို့သည် ကျန်းရီနောက်သို့ ချက်ချင်းလိုက်ကာ တိုက်ခိုက်၍ ကျန်းရီကို ဟင်းလင်းပြင်ထဲမှ ပြန်ထုတ်နိုင်လောက်ပေသည်။ သို့သော် ယခုက ညအချိန်ဖြစ်နေသည်။ သူတို့ နတ်ဘုရားတစ်ပိုင်းအုပ်စုသည်ပင် မဆင်မခြင် မပျံသန်းဝံ့ကြပေ။ ပတ်ဝန်းကျင်တွင် ဝိညာဉ်လေများ များစွာရှိနေ၍ သူတို့၏ ပျံသန်းနှုန်းအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။ သူတို့ လိုက်ဖမ်းလျှင်ပင် အချည်းနှီးဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် ရွေးချယ်စရာ မရှိတော့ဘဲ ကြယ်စုံသော ညကောင်းကင်ကို ကြည့်၍သာ သက်ပြင်းရှည်ကြီးများ မှုတ်ထုတ်လိုက်ရတော့သည်။
***
တစ်ညအတွင်းမှာပင် မြို့နှစ်မြို့ အကျူးကျော်ခံလိုက်ရပြီး လူငါးထောင်ခန့် အသတ်ခံလိုက်ရသည်။
ထိုသတင်းက ဝူမျိုးနွယ်၏ ဒေသလေးခုအတွင်း၌ နေထွက်ချိန်တွင် အရည်ပျော်သွားသော နှင်းပွင့်များကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ဒေသလေးခုထဲရှိ မြို့များမှ စစ်တပ်အားလုံး အလွန်အမင်း တုန်လှုပ်သွားကြသည်။ သူတို့သည် ပညာရှင်များကို မြို့ပြင်သို့ စေလွှတ်၍ ပုန်းအောင်းနေစေပြီး သူတို့က ကျန်းရီ မြို့ကို လာတိုက်ခိုက်မည်ကို စောင့်ဆိုင်းနေကြသည်။
ထိုအကြောင်းများကို မျိုးနွယ်ကြီးများ၏ ထောက်လှမ်းရေးများက သူတို့၏ မျိုးနွယ်များဆီသို့ ပြန်တင်ပြကြသည်။ ထို့ကြောင့် ထိုအကြောင်းများသည် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးသို့ ဆက်လက်ပျံ့နှံ့သွားလေသည်။ ပြန်လည်တည်ငြိမ်စပြုနေသော အရှေ့ဘက် တော်ဝင်နယ်မြေသည် ထိုသတင်းကြောင့် ထပ်မံ အုတ်အော်သောင်းနင်း ဖြစ်သွားပြန်သည်။
မျက်လုံးတိုင်းသည် ဝူမျိုးနွယ်၏ ဒေသလေးခုကို စောင့်ကြည့်နေကြသည်။ မရေမတွက်နိုင်သော မျိုးနွယ်များက သူတို့၏ ထောက်လှမ်းရေးများကို ဝူမျိုးနွယ်၏ ဒေသလေးခုဆီ စေလွှတ်ကြသည်။ ထိုထောက်လှမ်းရေးများက ဒေသလေးခု၏ အခြေအနေများကို မျက်လုံးဒေါက်ထောက်ကြည့်ကာ ကိစ္စတစ်ခုခု ဖြစ်လာသည်နှင့် ချက်ချင်း ပြန်သတင်းပို့ရန် အသင့်ဖြစ်နေကြပေပြီ။
လူပေါင်းများစွာက စိတ်လှုပ်ရှားနေကြသည်။ ထိုကဲ့သို့ ပြင်းထန်သော ကိစ္စမျိုး မဖြစ်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှ ကြာခဲ့ပြီနည်း။
ကျန်းရီ၏ လုပ်ရပ်များကို ကြည့်ရသည်မှာ သူသည် ဝူမျိုးနွယ်၏ ဒေသများကို အမှန်ပင် သွေးဖြင့် ဆေးကြောလိုနေပုံပင်။ အကယ်၍ သူသာ အမှန်တကယ် ထိုသို့လုပ်ခဲ့ပါက ဝူမျိုးနွယ်၏ ဂုဏ်သိက္ခာက အောက်ခြေသို့ ရောက်သွားပေလိမ့်မည်။ ယခုတွင်ပင် ဝူမျိုးနွယ်မှ လူများသည် စိတ်ဓာတ်ကျဆင်းနေပြီး စစ်တပ်များကလည်း ပုန်ကန်နေကြသည်။ ဝူမျိုးနွယ်၏ လက်အောက်ခံမျိုးနွယ်များကလည်း စတင်စိတ်ပြောင်းလာကာ ဝူမျိုးနွယ်အစား လျှို့ဝှက်မဟာမျိုးနွယ်ကြီးများနှင့် သွားရောက်ပူးပေါင်းကြသည်။
ဝူမျိုးနွယ်၏ မြို့များမှ လူများသည် နေ့အချိန်တွင် အလွန်သတိကြီးနေခဲ့၏။
သို့သော် ကျန်းရီက ထပ်မံရောက်မလာပေ။ ကျန်းရှင်းကျားများစွာက ပတ်ဝန်းကျင်ကို ထောက်လှမ်းနေသော်လည်း ကျန်းရီ၏ စိတ်ဝိညာဉ်အရှိန်အဝါကို ရှာမတွေ့ချေ။ ကျန်းရီ၏ စိတ်ဝိညာဉ်အရှိန်အဝါက အမြဲပြောင်းလဲမည်ဖြစ်သည်။ ကျန်းရှင်းကျားများက နတ်ဘုရားမဟုတ်သဖြင့် ကျန်းရီကို မည်သို့ ထောက်လှမ်းနိုင်ပါမည်နည်း။
ညအချိန်ရောက်သောအခါ ကျန်းရီ လှုပ်ရှားလိုက်သည်။ သူသည် မြောက်ဘက်နှင်းဖုံးဒေသထဲတွင် ထွက်ပေါ်လာခြင်းမဟုတ်ဘဲ ပိုမြောက်ကျသော မြောက်ဘက်ဧကရာဇ်ဒေသထဲ၌ ထွက်ပေါ်လာခြင်းပင်။ ယင်းဒေသက မြောက်ဘက်ဧကရာဇ်မြို့ တည်ရှိသော ဒေသပင်။
ကျန်းရီသည် ယခင်ညကကဲ့သို့ပင် မြို့နှစ်မြို့ကို ကျူးကျော်၍ ဝူမျိုးနွယ်၏ ကောင်းကင်ဧကရာဇ်ထောင်ကျော်ကို သတ်ဖြတ်ကာ မြို့အရှင်စံအိမ်နှစ်လုံးကို ဖျက်ဆီးပစ်လိုက်သည်။ ကြယ်လေးပွင့် ပညာရှင် လေးဦးကိုလည်း သတ်ပစ်ခဲ့သည်။ ထို့နောက် ထုံးစံအတိုင်း နတ်ဘုရားတစ်ပိုင်း ပညာရှင်များ တည်နေရာပြောင်းရွှေ့မလာခင် သူ ကောင်းကင်ရှောင်တိမ်းခြင်းဖြင့် ထွက်ပြေးသွားလိုက်သည်။
ဒုတိယနေ့၏ နေ့အချိန်တွင် ကျန်းရီသည် ဆက်လက်ပုန်းအောင်းနေလိုက်ပြီး ညအချိန်ကျမှ ထပ်မံ လှုပ်ရှားလေသည်။ သို့သော် ဤတစ်ကြိမ်တွင် သူသည် မြောက်ဘက်ဧကရာဇ်ဒေသနှင့် ကပ်ရပ်ဖြစ်သော မြောက်ဘက်နတ်ဆိုးဒေသသို့ သွားလိုက်သည်။ ထုံးစံအတိုင်းပင် သူ မြို့နှစ်မြို့ကို ကျူးကျော်ခဲ့သည်။
တတိယညတွင် ကျန်းရီသည် မြောက်ဘက်နတ်ဆိုးဒေသ၏ တောင်ဘက်ရှိ မြောက်ဘက်ကောင်းကင်ဒေသသို့ သွားလိုက်သည်။ သူသည် မြို့နှစ်မြု့ကို ကျူးကျော်လိုက်ပြီး ကောင်းကင်ဧကရာဇ်ထောင်ကျော်၏ အသက်များကို နှုတ်ယူခဲ့သည်။
စတုတ္ထမြောက်၊ ပဉ္စမမြောက်၊ ဆဋ္ဌမမြောက်၊ သတ္တမမြောက်...
ခုနစ်ရက်အတွင်း မြို့ဆယ့်လေးမြို့ ကျူးကျော်ခံလိုက်ရပေပြီ။ တပ်သားခုနစ်သောင်းကျော်လည်း ရက်ရက်စက်စက် အသတ်ခံလိုက်ရသည်။ ဝူမျိုးနွယ်၏ ဒေသလေးခုတွင် သွေးချောင်းစီးပြီဖြစ်သည်။ ကျန်းရီသည် ရုတ်တရက် ထွက်ပေါ်လာတတ်သော တစ္ဆေတစ်ကောင်ကဲ့သို့ပင်။ ညအချိန်ရောက်တိုင်း သူသည် မြို့များကို ကျူးကျော်ကာ ရန်သူများကို ရက်ရက်စက်စက် သတ်ပစ်လေသည်။ သူသည် တပ်သားထောင်ကျော်ကို ကျင်လည်စွာ သတ်ဖြတ်ပြီးနောက် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ချက်ချင်း ထွက်ပြေးသည်။ သူက သာမန်လူများကို မသတ်ပေ။ ကောင်းကင်ဧကရာဇ်သိုင်းသမားများနှင့် ဝူမျိုးနွယ်မှ တပ်သားများကိုသာ သတ်ပေသည်။
ကျန်းရီ ကျူးကျော်ခဲ့သော မြို့များက တစ်မြို့နှင့်တစ်မြို့ အနည်းဆုံး မိုင်ဆယ်သန်းကွာဝေးကြသည်။ ထို့ကြောင့် သူ မည်သည့်နေရာတွင် ရှိနေကြောင်း ခြေရာခံ၍ မရနိုင်ပေ။ သူသည် ယနေ့တွင် မြောက်ဘက်နှင်းဖုံးဒေသတွင် ပေါ်လာလျှင် မနက်ဖြန်တွင် မြောက်ဘက်ဧကရာဇ်ဒေသ၊ သဘက်ခါတွင် မြောက်ဘက်ကောင်းကင်ဒေသတို့၌ ပေါ်လာနိုင်ပေသည်။ ဝူမျိုးနွယ်၏ ဒေသလေးခုစလုံးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများ၏ သက်ရောက်မှုကလည်း နေရာအနှံ့သို့ ပျံ့နှံ့နေသည်။ မြို့ငယ်လေးများ၏ စစ်တပ်များသည် ကျန်းရီက မည်သည့်မြို့သို့ ဆက်ကျူးကျော်မည်ကို မသိနိုင်သဖြင့် အလွန်စိုးရိမ်ကြောင့်ကြ နေကြသည်။ ကျန်းရီသည် မည်သည့်ညတွင် မိစ္ဆာတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာကာ သူတို့၏ အသက်ကို နှုတ်ယူသွားမည်ကို မည်သူမှ မသိပေ။
အရှက်ရခြင်း...
ဝူမျိုးနွယ်၏ အကြီးအကဲများအတွက် ပြီးခဲ့သော ခုနစ်ရက်သည် နှစ်သိန်းချီအတွင်း အရှက်အကွဲရဆုံး နေ့ရက်များဖြစ်ခဲ့သည်။ သူတို့သည် မျိုးနွယ်တစ်ခုလုံး၏ အင်အားကို သုံးခဲ့သည့်အပြင် ယဲ့မျိုးနွယ်နှင့် ရွှမ်မျိုးနွယ်တို့မှ ပညာရှင်များကိုလည်း ငှားယမ်းခဲ့သည်။ သို့သော် သူတို့သည် ကျန်းရီကို မသတ်နိုင်သေးပေ။ ထိုအစား ကျန်းရီကသာ မြို့ဆယ့်လေးမြို့ကို ကျူးကျော်၍ လူခုနစ်သောင်းကျော်ကို သတ်သွားလေသည်။
နောက်ဆုံးတွင် ဝူမျိုးနွယ်က ကျန်းရီကို သတ်နိုင်၊ မသတ်နိုင်က အရေးမကြီးတော့ပေ။ မည်သို့ပင်ဖြစ်စေ သူတို့ မျက်နှာပျက်ရမည်သာ။ အချိန်အတိုင်းအတာတစ်ခုအထိ ဝူမျိုးနွယ်သည် လူအများ၏ ဟားစရာတစ်ခု ဖြစ်နေပေလိမ့်မည်။ ဝူမျိုးနွယ်၏ ညစာစားပွဲများတွင် အတင်းပြောစရာ အကြောင်းတစ်ခု၊ လှောင်ပြောင်စရာ အကြောင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။
ဝူယင်အာနှင့် ဟုန်ပိုတို့၏ ဦးခေါင်းများကလည်း မြောက်ဘက်ဧကရာဇ်မြို့သို့ ရောက်လာခဲ့ပြီဖြစ်သည်။ ကျန်းရီသည် မြို့တစ်မြို့ကို ကျူးကျော်ရင်း ထိုခေါင်းပြတ်များကို လွှင့်ပစ်သွားခဲ့ခြင်းပင်။ သူသည် မြောက်ဘက်ဘုရင်ထံပင် သတင်းစကားတစ်ခု ပါးလိုက်သေးသည်။ သူက ဝူမျိုးနွယ်မှလူများကို မြောက်ဘက်ဧကရာဇ်မြို့ထဲတွင် ပုန်းအောင်းကာ မည်သည့်အခါမှ အပြင်သို့ ထွက်မလာရန် ပြောခဲ့သည်။ မဟုတ်လျှင် သူက တွေ့သမျှ ဝူမျိုးနွယ်ဝင်တိုင်းကို သတ်ပစ်မည်ဖြစ်သည်။
ဝူယင်အာ၏ အမေက အတွင်းခြံဝန်းထဲ၌ မူးလဲသွားခဲ့သည်။ မြောက်ဘက်ဧကရာဇ်ကလည်း ဒေါသူပုန်ထနေသည်။ သူသည် အကြီးအကဲများနှင့် ဆွေးနွေးစဉ်တွင် တည်ငြိမ်ပုံပေါ်သော်လည်း အကြီးအကဲများက သူ့ရင်ထဲမှ ဒေါသကို ခံစားနိုင်ပေသည်။ သူ့ကိုယ်ထဲမှ သတ်ဖြတ်အရှိန်အဝါကို ဖုံးကွယ်နိုင်မည် မဟုတ်ပေ။
ဝူနီကလည်း ဒေါသူပုန်ထနေသည်။ ထို့ကြောင့် သူ ဣန္ဒြေမဆည်နိုင်အောင်ပင် ဖြစ်နေသည်။ ဝူရဲတိုက်ဝန်းထဲရှိ ကျောက်စိမ်းစားပွဲ ဒါဇင်ကျော်ကိုလည်း အသစ်လဲလိုက်ရပြီဖြစ်သည်။ ထိုအတိုင်းသာ ဆက်ဖြစ်နေပါက ဝူရဲတိုက်ဝန်းက သူ့ကြောင့် ပျက်စီးသွားပေတော့မည်။
“ထင်ယွီ...”
ဝူနီသည် ပြတင်းပေါက်ဘေးတွင် ပန်းထိုးနေသော ကျထင်ယွီကို နီရဲသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ ဒေါသဖြင့် အော်ပြောလိုက်သည်။
“အခု အခြေအနေက ဘာလဲ။ ဒါကိုတောင် မင်းက ပန်းထိုးနေနိုင်သေးတယ်ပေါ့လေ။ မင်းမှာ အစီအစဉ်တစ်ခုရှိတယ်လို့ မပြောခဲ့ဘူးလား။ အခု မလှုပ်ရှားဘူးဆိုရင် ဘယ်အချိန်မှ လှုပ်ရှားမှာလဲ”
“ဟင်းဟင်း...”
ကျီထင်ယွီက အရေးမစိုက်ဟန်ဖြင့် ပြုံးလိုက်ပြီး နောက်လှည့်ကာ ပြန်ပြောလိုက်သည်။
“သခင်လေး... အလျင်မလိုပါနဲ့။ တကယ်တော့ အစီအစဉ်အတွက် ကျွန်မ ပြင်ဆင်နေပါပြီ... ပြင်ဆင်ဖို့က အချိန်တစ်ခုတော့ လိုတယ်မလား။ အစောက ကျွန်မ သတင်းတစ်ခု ရလိုက်တယ်။ ကျွန်မ ရှာချင်တဲ့သူကို ရှာတွေ့ပါပြီ။ အခု အစီအစဉ်ကို စလို့ရပါပြီ”
“ဘာအစီအစဉ်လဲ”
ဝူနီက အေးစက်စက် မျက်ဝန်းများဖြင့် ပြောလိုက်သည်။
“မြန်မြန် ငါ့ကိုပြောပြ။ ကျန်းရီ အသက်ဆက်ရှင်နေတဲ့ နေ့တိုင်းက ငါ့အတွက်ငရဲပဲ”
ကျီထင်ယွီသည် တောက်ပသော မျက်ဝန်းများဖြင့် ပြောလိုက်၏။
“အစီအစဉ်က အစီအစဉ်ကောင်းတစ်ခုပါ။ ဒါပေမဲ့ ရှင် ရှင့်အဖေ မြောက်ဘက်ဘုရင်ကို သွားတွေ့ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ရလိမ့်မယ်။ အဲ့အစီအစဉ်ကို ဆောင်ရွက်နိုင်ဖို့ ရှင့်အဖေရဲ့ အပြည့်အဝပူးပေါင်းမှုကို လိုအပ်တယ်။ အဲ့အစီအစဉ်နဲ့သာဆို ကျန်းရီ သေချာပေါက် သေသွားစေရမယ်လို့ ကျွန်မ အာမခံတယ်”
***