← Chapters

မြောက်ဘက်ဘုရင်မ

Vol. 70 Ch. 966

မြောက်ဘက်ဘုရင်မ

Vol. 70 Ch. 966

မြောက်ဘက်တိုက်ပွဲရဲတိုက်၏ အတွင်းခြံဝန်းထဲရှိ စာကြည့်ခန်းသို့ မြောက်ဘက်ဘုရင် ပြန်ရောက်လာသည်။ ထို့နောက် သူသည် တံခါးအပြင်၌ ရပ်နေသော ဝူနီကို တွေ့လိုက်၏။ ထို့ကြောင့် သူ မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“နီအာ... မင်း ဘာရပ်လုပ်နေတာလဲ”

ဒေါက်...

ဝူနီက မြေပြင်တွင် ဒူးနှစ်ဘက်ထောက်လိုက်ပြီး အပြစ်ရှိသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ကျွန်တော် အဖေ့ဆီမှာ အပြစ်လာခံယူတာပါ”

မြောက်ဘက်ဘုရင်က ထပ်မံ မျက်ခုံးပင့်လိုက်ပြီး စာကြည့်ခန်းထဲမှ ထွက်ကာ ပြောလိုက်သည်။

“အထဲဝင်လာပြီး ရှင်းပြပါ။ မင်းက ဘယ်လိုလုပ် အပြင်ဘက်ကြီးမှာ ဒူးထောက်ရတာလဲ။ ယောက်ျားတစ်ယောက်ရဲ့ ဒူးကို ရွှေနဲ့ကာထားတာကွ။ သင့်တော်တဲ့ အကြောင်းပြချက်မရှိဘဲ ဒူးမထောက်ရဘူး”

ဝူနီ သက်ပြင်းရှည်ကြီး ချလိုက်သည်။ မြောက်ဘက်ဘုရင်သည် ကျန်းရီ၏ ကိစ္စကြောင့် ဖြစ်ရသော ဒေါသကို သူ့အပေါ် ပုံချမည်ပုံ မပေါ်ပေ။ ထို့ကြောင့် သူ ထရပ်ကာ စာကြည့်ခန်းထဲသို့ ဝင်သွားလိုက်ပြီး အခန်းထဲ၌ ထပ်မံဒူးထောက်၍ ပြောလိုက်သည်။

“ဒီတစ်ခေါက် ကျွန်တော်က အမှန်တရားကို ဖုံးကွယ်ထားခဲ့မိတဲ့အတွက် အပြစ်လာခံယူတာပါ။ အမှန်တရားဆိုတာ... စုလောရွှယ်နဲ့ ပတ်သတ်တဲ့ကိစ္စပါ”

“အန်...”

မြောက်ဘက်ဘုရင်၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်း လက်သွား၏။ သို့သော် သူ ဒေါသမထွက်သွားဘဲ ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

“ဆက်ပြောပါ”

ဝူနီက လေးလေးစားစားဖြင့် ဆက်ပြောလိုက်သည်။

“စုလောရွှယ်က ကျန်းရီရဲ့ ချစ်သူပါ။ ကောင်းကင်ကြယ်တာရာနယ်မြေမှာ ကျန်းရီ သိုင်းခန်းမခွဲကို ဖျက်ဆီးခဲ့တုန်းက သိုင်းခန်းမခွဲရဲ့ နတ်မိမယ်က စုလောရွှယ်ကိုဖမ်းပြီး ပင်မခန်းမကို ခေါ်လာခဲ့တာပါ။ ကျန်းရီရဲ့အဖေက ကျွန်တော်တို့ သိုင်းခန်မက လူတွေရဲ့ လက်ချက်နဲ့ သေသွားခဲ့တာပါ။ အဲ့ဒါကြောင့် သူနဲ့ ကျွန်‌တော်တို့မျိုးနွယ်ကြားက ရန်ငြိုးကို ဘယ်လိုမှ ရှင်းလို့ မရနိုင်ပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်က လိုလိုမယ်မယ်အနေနဲ့ စုလောရွှယ်ကို ဖမ်းချုပ်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ...”

“ဒါပေမဲ့... ပြီးခဲ့တဲ့ တစ်လကျော်လောက်က ကျန်းရီ ဟုန်ဝူမြို့ကို မတိုက်ခိုက်ခင်မှာပဲ စုလောရွှယ်က ရုတ်တရက် ပျောက်သွားခဲ့ပါတယ်။ ကျွန်တော် စုံစမ်းကြည့်တော့ စုလောရွှယ်ကို ကောင်းကင်လျှို့ဝှက်ဂိုဏ်းက လူတွေက ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် ဒီကိစ္စကို မတင်ပြရဲခဲ့တာပါ။ ဒါပေမဲ့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျွန်တော် မှားတာက မှားတာပါပဲ။ အဲ့ဒါကြောင့် ကျွန်တော် အဖေ့ဆီမှာ အပြစ်လာခံယူတာပါ”

အမှန်တွင် စုလောရွှယ်ကို ကျီထင်ယွီက ဖမ်းထားခဲ့ခြင်းဖြစ်သည်။ သို့သော် ဝူနီ၏ ရှင်းပြချက်က ယုံချင်စရာကောင်းပေသည်။ ထိုသို့ ရှင်းပြရန် ဝူနီကို ကျီထင်ယွီက သင်ပေးလိုက်ခြင်း ဖြစ်မည်။ ဝူနီကလည်း သူကသာ ထိုကိစ္စကို တင်ပြနိုင်မည့်သူဖြစ်ကြောင်း သဘောပေါက်ခဲ့ပုံရသည်။ အကယ်၍ ကျီထင်ယွီသာ လာတင်ပြလျှင် မြောက်ဘက်ဘုရင်က သူမကို ချက်ချင်း သတ်ပစ်လောက်ပေသည်။

မြောက်ဘက်ဘုရင်သည် ရှင်းပြချက်ကို နားထောင်ပြီးနောက် မျက်နှာသေဖြင့် နှုတ်ဆိတ်နေလေသည်။ ခေတ္တမျှကြာပြီးနောက်မှ သူ မေးလိုက်သည်။

“မင်း ဒီကို ရောက်လာပြီဆိုတော့ မင်းမှာ တခြားပြောစရာတွေလည်း ရှိမှာပေါ့။ ဟုတ်တယ်မလား...”

“အဖေ့ကို ဘာမှ ဖုံးကွယ်ထားလို့ မရဘူးပဲ”

ဝူနီက မျက်နှာလိုမျက်နှာရ ပြောလိုက်ပြီးနောက် အလေးအနက်ဖြင့် ဆက်ပြောလိုက်သည်။

“ကျွန်တော် လျှို့ဝှက်ပြီး ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ စုလောရွှယ်နဲ့ တစ်ပုံစံတည်းတူတဲ့ မိန်းမတစ်ယောက်ကို ကျွန်တော် ရှာတွေ့ခဲ့ပါပြီ။ ပြီးတော့ ချမ်ဝမ်ကွမ်းရဲ့ အဖေ ချမ်ကွေ့နဲ့ တစ်ပုံစံတည်းတူတဲ့သူကိုလည်း ကျွန်‌တော် ရှာထားပါတယ်။ အဲ့နှစ်ယောက်ကိုသုံးပြီး ကျန်းရီနဲ့ ညှိုနှိုင်းဖို့ ကျွန်တော် ပြင်ဆင်ထားပါတယ်။ ကျန်းရီ သူတို့ကို လာကယ်တဲ့အခါကျရင် ကျွန်တော်တို့ အခွင့်အရေးကိုအသုံးချပြီး သူ့ကို ရှင်းပစ်နိုင်ပါတယ်”

“တစ်ပုံစံတည်းတူတာလား။ မင်း သေချာရဲ့လား”

မြောက်ဘက်ဘုရင်က မျက်ခုံးပင့်၍ ‌အေးစက်စက် ပြောလိုက်သည်။

“ငါ ကျန်းရီကို မတွေ့ဖူးဘူးဆိုပေမယ့် သူက ငါတို့ရဲ့ ဝူမျိုးနွယ်ကို ဒီလိုသနားစရာအခြေအနေဖြစ်အောင် လုပ်နိုင်တယ်ဆိုတော့ သာမန်တော့ ဟုတ်မှာမဟုတ်ဘူး။ တကယ်လို့ အဲ့အစီအစဉ်ကို သေချာမဆောင်ရွက်ဘူးဆိုရင် အခြေအနေတွေက ပိုဆိုးသွားနိုင်တယ်”

ဝူနီသည် စိတ်ထဲတွင် အတန်ငယ် ဝမ်းသာသွား၏။ မြောက်ဘက်ဘုရင်က ထိုသို့ပြောပြီဖြစ်၍ အစီအစဉ်ကို သဘောတူလိုက်ပြီဖြစ်ကြောင်း သိနိုင်ပေသည်။ လက်ရှိတွင် ကျန်းရီသည် ပေါ်ချင်သလိုပေါ်၊ ပျောက်ချင်သလိုပျောက်ဖြစ်နေသည်။ ထို့ကြောင့် သူ၏ တည်နေရာကို ခန့်မှန်း၍ မရနိုင်ပေ။ မြောက်ဘက်ဧကရာဇ်ကိုယ်တိုင် ဝင်ပါမှသာ ထိုအခြေအနေကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ သို့သော် ကျန်းရီက ပမွှားလေးဖြစ်၍ မြောက်ဘက်ဧကရာဇ်ကို ဝင်ပါပေးရန် မည်သို့ တောင်းဆိုနိုင်ပါမည်နည်း။

ထိုအကြောင်းကိုသာ လောက,က သိသွားလျှင် ဝူမျိုးနွယ်သည် ပို၍ပင် အရှက်ကွဲရပေလိမ့်မည်။ မြောက်ဘက်ဘုရင်နှင့် အကြီးအကဲများ၏ အသုံးမကျမှုကိုလည်း ပြသလိုက်သလို ဖြစ်သွားပေမည်။ မျိုးနွယ်တစ်ခုလုံး၏ အင်အားက လူငယ်လေးတစ်ယောက်ကိုပင် မသတ်နိုင်သဖြင့် မြောက်ဘက်ဧကရာဇ်ကိုယ်တိုင် ဝင်ပါရသည်ဆိုလျှင် အလွန်အရှက်ရစရာ မကောင်းသလော။ လူရယ်စရာ ဖြစ်မနေသလော။ ထိုသို့ဖြစ်လာလျှင် မြောက်ဘက်ဘုရင်သည် လုံးဝခေါင်းဖော်နိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် မြောက်ဘက်ဘုရင်သည် မလိုအပ်လျှင် မြောက်ဘက်ဧကရာဇ်ကို ဝင်ပါရန် ‌တောင်းဆိုမည် မဟုတ်ချေ။ မြို့အနည်းငယ် ကျူးကျော်ခံရခြင်းနှင့် လူအနည်းငယ် သေသွားခြင်းက မြောက်ဘက်ဘုရင်အတွက် အသေးအမွှားပင်။ ထိုမျှလောက်နှင့် ဝူမျိုးနွယ်၏ အခြေကို ယိုင်နဲ့စေမည် မဟုတ်ပေ။ သူတို့သာ ကျန်းရီကို သတ်နိုင်လိုက်လျှင် ယင်းက ပြဿနာအသေးအဖွဲလေးသာ ဖြစ်သွားမည်ဖြစ်သည်။

ဝူမျိုးနွယ်၏ ကျန်းရီ ထွက်ပေါ်လာသည်ကို စောင့်၍ သတ်ဖြတ်မည်ဆိုသော လက်ရှိဗျူဟာက အလုပ်မဖြစ်ကြောင်း ထင်ရှားနေပြီဖြစ်သည်။ သူတို့သည် ထိုဗျူဟာဖြင့် ကျန်းရီကို သတ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် မြွေကို တွင်းအပြင်သို့ မျှားခေါ်ထုတ်မည့် ဝူနီ၏ဗျူဟာကို မြောက်ဘက်ဘုရင်က အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။

ဝူနီသည် သတင်းအချက်အလက်များကို ထုတ်၍ အသေးစိတ် ရှင်းပြလိုက်၏။

“အဖေ... ကျန်းရီက တကယ်ကို ထူးကဲတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သူက အဲ့လူနှစ်ယောက်ကို ကယ်ချင်နေပါတယ်။ အဲ့တော့ သူ အဲ့လူတွေကို ကယ်ဖို့ ကျွန်တော်တို့နဲ့ ညှိနှိုင်းလိုက်တာနဲ့ ကျွန်တော်တို့ အခွင့်အရေးတစ်ခု ရနိုင်ပါတယ်။ ရုပ်သွင်အရ ကျွန်တော်တို့ ရှာထားတဲ့နှစ်ယောက်က တကယ့်အစစ်တွေနဲ့ တစ်ပုံစံတည်းတူပါတယ်။ အဲ့ဒါကို ကောင်းကင်ကြယ်တာရာနယ်မြေက သိုင်းခန်းမခွဲရဲ့ နတ်မိမယ်က အတည်ပြုပေးပြီးပါပြီ။ ရုပ်သွင်အရတော့ ကျန်းရီ ဘယ်လိုမှ အစစ်နဲ့အတုကို ခွဲနိုင်မှာ မဟုတ်ပါဘူး။ အဲ... ကျွန်တော်တို့ သူနဲ့ ညှိနှိုင်းတဲ့အချိန်မှာတော့ အဲ့လူနှစ်ယောက်ကို သတိမေ့နေအောင် လုပ်ထားပြီး သူတို့ရဲ့ စိတ်ဝိညာဉ်ကို တည်ငြိမ်အောင် လုပ်ထားရမယ်။ အဲ့ဒါက သူ စိတ်ဝိညာဉ်အရှိန်အဝါကနေပြီး မခွဲခြားနိုင်မှာ။ အဲ့နောက်မှ ကျွန်တော်တို့ အဲ့နှစ်ယောက်ကို သူ့ဆီ ပို့လိုက်လို့ရတယ်။ သူတို့က ငါးစာတွေ ဖြစ်လာလိမ့်မယ်။ တကယ်လို့ ကျန်းရီသာ အဲ့နှစ်ယောက်ကို ကယ်ချင်တယ်ဆိုရင် ထွက်ပေါ်လာရမှာပဲ မဟုတ်လား။ သူ ထွက်ပေါ်လာတာနဲ့ ကျွန်တော်တို့ အစီအစဉ်အတိုင်း ဆောင်ရွက်ပြီး သူ့ကို သတ်လိုက်ရုံပါပဲ။ အဖေ... ဒီအစီအစဉ်ကို တစ်ချက်ကြည့်ကြည့်ပါ...”

“အင်း... မဆိုးဘူး”

မြောက်ဘက်ဘုရင်သည် အစီအစဉ်စာရွက်ကို ယူ၍ တည်ငြိမ်စွာဖြင့် တိတ်တဆိတ် ဖတ်ရှုလိုက်သည်။ တစ်နာရီကြာ ဖတ်ပြီးနောက် သူက ခေါင်းမော့ကာ ချီးကျူးလိုက်သည်။ ထို့နောက် သူသည် ဝူနီကို မှေးမှိုန်သော မျက်ဝန်းများဖြင့်ကြည့်ကာ ပြောလိုက်၏။

“ဒီအစီအစဉ်ကို ကောင်းကင်ကြယ်တာရာနယ်မြေရဲ့ နတ်မိမယ် ကျီထင်ယွီက ဆွဲတာမလား”

ဝူနီသည် ‘မဆိုးဘူး’ဟူသော စကားကို ကြားလိုက်စဉ်က တောက်ပစွာ ပြုံးနေခဲ့၏။ သို့သော် ယခုတွင် သူ တစ်ကိုယ်လုံးတောင့်တင်းသွားပြီး အိုးတိုးအန်းတန်းဖြင့် နှာခေါင်းပွတ်ကာ မေးလိုက်လေသည်။

“အဖေက အရာရာတိုင်းကို ဘယ်လိုလုပ် သိနေရတာလဲ”

မြောက်ဘက်ဘုရင်က ဝူနီကို စိုက်ကြည့်လိုက်သည်။ ဝူနီသည် သူ၏လျှို့ဝှက်ချက်အားလုံးကို သူ့အဖေက တွေ့သွားပြီဟု ခံစားလိုက်သည်။ သူသည် ဖခင်ထံတွင် အလိမ်မိသွားသော ကလေးငယ်တစ်ယောက်ကဲ့သို့ ရှက်ရွံ့နေလေသည်။ အတိတ်တွင် သူ့အဖေသည် ဝူမျိုးနွယ်ရှိ မရေမတွက်နိုင်သော ပါရမီရှင် လူငယ်သခင်လေးများကို ဖြတ်ကျော်၍ မြောက်ဘက်ဘုရင် ဖြစ်လာနိုင်ခဲ့ခြင်းမှာ ကံတရားကြောင့်သာ မဟုတ်နိုင်ကြောင်း ဝူနီ တွေးလိုက်သည်။

“ဟွန်း...”

မြောက်ဘက်ဘုရင်က အရေးမစိုက်ဟန်ဖြင့် နှာမှုတ်လိုက်သည်။ သူသည် ဝူနီကို ဆက်မကြည့်တော့ဘဲ တိတ်တဆိတ် ခေါင်းငုံ့နေလေသည်။ ဝူနီသည် အပ်ဖျာတစ်ချပ်ပေါ်တွင် ရပ်နေရသကဲ့သို့ အသက်ပင် ပြင်းပြင်းမရှူဝံ့ဖြစ်နေသည်။ တစ်နာရီကြာပြီးနောက် မြောက်ဘက်ဘုရင်က စကားပြောလိုက်လေသည်။

“ဒီအစီအစဉ်ကို မင်းကိုယ်တိုင် ‌ဆောင်ရွက်ပါ။ ငါ မင်းကို အာဏာကုန် လွှဲပေးလိုက်မယ်။ မင်း ကောင်းကောင်းလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိလား”

“ရှိပါတယ်...”

ဝူနီ၏ မျက်လုံးများက ကြယ်တာရာများကဲ့သို့ လင်းလက်လာသည်။ သူ၏ခန္ဓာကိုယ်ကလည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားသည်။ မြောက်ဘက်ဘုရင်က ထိုကဲ့သို့ အရေးကြီးအစီအစဉ်တစ်ခုကို သူ့အား ဆောင်ရွက်ခွင့် ပေးနေပေသည်။ အဓိပ္ပာယ်မှာ မြောက်ဘက်ဘုရင်၏ ရင်ထဲတွင် ဝူနီ၏အဆင့်အတန်းက အလွန်မြင့်နေပြီဟူခြင်းပင်။ အရေးအကြီးဆုံးမှာ... အကယ်၍ သူသာ ထိုအစီအစဉ်ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်လျှင် မျိုးနွယ်ခေါင်းဆောင်ငယ်ရာထူးက သူ့ဆီ သေချာပေါက် ရောက်လာမည်ဖြစ်သည်။

ဝူမျိုးနွယ်သည် ကျန်းရီကြောင့် ဘေးကြပ်နံကြပ် အခြေအနေထဲသို့ ရောက်နေပေသည်။ မြောက်ဘက်ဘုရင်ကလည်း အကြံကုန်နေပြီဖြစ်သည်။ ယခုတွင် ထိုသို့ အစီအစဉ်ကောင်းတစ်ခု ထွက်ပေါ်လာသော်လည်း မြောက်ဘက်ဘုရင်က ကိုယ်တိုင် မဆောင်ရွက်ဘဲ ဝူနီကို တာဝန်ပေးခဲ့သည်။ ယင်းမှာ ဝူနီ၏ စွမ်းဆောင်နိုင်စွမ်းကို လောကကြီးနှင့် ဝူမျိုးနွယ်တို့အား ပြသနိုင်မည့် အခွင့်အရေးကောင်းတစ်ခုပင်။

အကယ်၍ ဤတစ်ခေါက်တွင် ဝူနီသာ ကျန်းရီကို သတ်နိုင်လိုက်ပါက ဝူနီ၏ ဂုဏ်သတင်းက သေချာပေါက် မွှေးပျံ့သွားမည်ဖြစ်သည်။ မြောက်ဘက်ဘုရင်က ကျန်းရီကို မသတ်နိုင်သော်လည်း ဝူနီက သတ်နိုင်မည်လော။ မြောက်ဘက်ဘုရင်သည် သူ၏ဂုဏ်သိက္ခာကိုသုံး၍ ဝူနီအတွက် လမ်းခင်းပေးလိုက်ခြင်းပင်။ သူက ဝူနီကို ဝူမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ် ဖြစ်လာနိုင်စေရန် ကြိုးစားထောက်ပံ့ပေးနေခြင်းဖြစ်သည်။

“ကျေးဇူးတင်ပါတယ် အဖေ”

ဝူနီက ထိုအကြောင်းကို ချက်ချင်း သဘောပေါ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ဒူးမထောက်‌တော့ဘဲ ခါးကိုင်းသည်အထိ ဦးညွှတ်လိုက်ပြီး တိတ်တဆိတ် ထွက်သွားလိုက်လေသည်။ သူ၏ ခြေလှမ်းများက ခိုင်မာနေ၏။ သူ၏နောက်ကျောပြင်က ဓားတစ်ချောင်းကဲ့သို့ ဖြောင့်စင်းနေ၏။ သူ၏မျက်နှာပေါ်တွင်လည်း တက်ကြွမှုများနှင့် ပြည့်နှက်နေလေသည်။

“ဟင်းဟင်း...”

မြောက်ဘက်ဘုရင်သည် ဝူနီ ထွက်သွားပုံကိုကြည့်၍ ကျေနပ်ဟန် ပြုံးလိုက်သည်။ ပြီးခဲ့သောနှစ်ပိုင်းအတွင်းတွင် ဝူနီသည် အမှန်ပင် များစွာရင့်ကျက်လာခဲ့ပေသည်။ သူသည် ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်တစ်ခုကိုပင် သိမြင်နားလည်နိုင်ခဲ့သည်။ သို့သော် မြောက်ဘက်ဘုရင်သည် အင်အားဖြင့် အကဲဖြတ်ခြင်းမဟုတ်ဘဲ အရှိန်အဝါဖြင့် အကဲဖြတ်ခြင်းပင်။

ခေါင်းဆောင်တစ်ယောက်တွင် ရှိန်လောက်ဖွယ် အရှိန်အဝါတစ်ခု ရှိရပေမည်။

အရှိန်အဝါကသာ လူများကို ဦးညွှတ်လာစေနိုင်မည် ဖြစ်သည်။ ယင်းကို ခေါင်းဆောင်အရှိန်အဝါ၊ ဩဇာအရှိန်အဝါဟုခေါ်သည်။

ဝူမျိုးနွယ်က ကြီးမားပြီး အောင်မြင်မှုရှိသော မျိုးနွယ်တစ်ခုဖြစ်သည်။ မျိုးနွယ်ထဲတွင် စွမ်းဆောင်နိုင်စွမ်းရှိသော လူများ၊ စွမ်းအားကြီး တိုက်ခိုက်စွမ်းအားရှိသော ပညာရှင်များနှင့် ထူးကဲသောဉာဏ်ရည်ရှိသည့် ပါရမီရှင်များ များစွာရှိပေသည်။ မျိုးနွယ်တစ်ခု၏ အုပ်ချုပ်သူက စစ်တပ်တစ်တပ်၏ စစ်သေနာပတိတစ်ယောက်ကဲ့သို့ပင်။ စစ်ဗျူဟာများကို ဗျူဟာမှူးများကို ရေးဆွဲပြီး တိုက်ပွဲများကို စစ်သူကြီးများက တိုက်ခိုက်ခြင်းဖြစ်၍ စစ်သေနာပတိ၏ တာဝန်က အဘယ်နည်း။ စစ်သေနာပတိတစ်ယောက်က စစ်တပ်၏ ထောက်တိုင်ဖြစ်သည်။ တပ်သားအားလုံး၏ ကောင်းကင်ဖြစ်သည်။ စစ်တပ်ကို တစ်စိတ်တစ်ဝမ်းတည်းဖြစ်အောင် စုစည်းပေးရသော နှလုံးသားဖြစ်သည်။

စစ်တပ်၏ နှလုံးသားက မသေဆုံးသေး၍ စစ်တပ်က အောင်ပွဲခံနိုင်မည်သာ။

“ကျီထင်ယွီတဲ့လား...”

မြောက်ဘက်ဘုရင်၏ လက်စွပ်က ခပ်မှိန်မှိန်လင်းလက်လာပြီး မှတ်တမ်းမှတ်ရာ တစ်ထပ် ထွက်လာလေသည်။ မှတ်တမ်း၏ ပထမစာမျက်နှာပေါ်တွင် ကျီထင်ယွီ၏ပုံတူ ရှိနေသည်။ မှတ်တမ်းထဲတွင် ကျီထင်ယွီ၏ အကြောင်းများကို အသေးစိတ် မှတ်တမ်းတင်ထားသည်။ မြောက်ဘက်ဘုရင်သည် မှတ်တမ်းကို ခေတ္တမျှ ဖတ်၍ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

“ဒီကောင်မလေးက တကယ့်ကို ဉာဏ်နီဉာဏ်နက်များတာပဲ။ သူ့ဉာဏ်ကို မိစ္ဆာဉာဏ်ရည်လို့တောင် ပြောရမလိုပဲ။ အင်း... မင်းက နီအာတစ်ယောက် မြန်မြန်တိုးတက်လာရတဲ့ အဓိကအကြောင်းပေါ့လေ... ဒီတစ်ခေါက် မင်း ကျန်းရီကို သတ်နိုင်ပြီး နီအာကို ပိုတိုးတက်လာ‌အောင် ဆက်ကူညီပေးနိုင်မယ်ဆိုရင် ငါ မင်းကို ဝူမျိုးနွယ်အိမ်ရှေ့စံရဲ့ ကိုယ်လုပ်တော် ဖြစ်ခွင့်ပေးပြီး အနာဂတ်မှ မြောက်ဘက်ဘုရင်မ ဖြစ်လာစေမယ်”

***

All Chapters