မြို့များအားလုံး အလံဖြူလွှင့်ခြင်
Vol. 70 Ch. 967
မြောက်ဘက်ကောင်းကင်ဒေသ...
အရှေ့ဘက်ရှိ မြို့ငယ်လေးတစ်မြို့နှင့် မိုင်ထောင်ကျော်ကာဝေးသော တောင်ထွတ်တစ်ခုပေါ်တွင် လူသားပုံစံဆောင်ထားသည့် မိစ္ဆာဧကရာဇ်ပုံစံ ပြောင်းလဲထားသော ကျန်းရီတစ်ယောက် ရပ်နေသည်။ ထိုတောင်ထွတ်၏ ပတ်ဝန်းကျင်တွင် ဧရာမတောင်တန်းကြီးတစ်ခု ရှိသည်။ ထိုတောင်တန်းတွင် မိစ္ဆာဧကရာဇ်အနည်းငယ် ရှိ၏။ ထိုမိစ္ဆာဧကရာဇ်များကို မျိုးနွယ်ကြီးများက တမင်မသတ်ဘဲ ချန်ထားခြင်းဖြစ်ပြီး ၎င်းတို့ကို အသုံးချ၍ သူတို့၏မျိုးဆက်များကို လေ့ကျင့်စေပေသည်။ ထို့ကြောင့် ယခုတွင် ကျန်းရီက မိစ္ဆာဧကရာဇ်တစ်ပါးပုံစံ ပြောင်းလဲထားသော်လည်း များစွာအာရုံစိုက်မှုကို မခံရပေ။
ယနေ့သည် ကျန်းရီ ဝူမျိုးနွယ်ကို လိုက်စားချေသည့် ကိုးရက်မြောက်နေ့ဖြစ်သည်။ သူသည် မြို့ဆယ့်ခြောက်မြို့ကို သွေးဖြင့် ဆေးကြောခဲ့ပြီးပေပြီ။ ယခုတွင် အချိန်ရောက်လာပြီဖြစ်၍ သူ ထပ်မံလှုပ်ရှားရန် ဟန်ပြင်လိုက်သည်။ ထိုသို့ဆက်သတ်နေလျှင် မည်သို့ အကျိုးရှိမည်ကို သူ မသိပေ။ သူ စုလောရွှယ်ကို ကယ်နိုင်မည်လော။ သို့မဟုတ် သူ သေသွားမည်လော။ သို့သော် သူသည် လမ်းပျောက်နေပြီဖြစ်ပြီး မည်သို့လုပ်ရမည် မသိဖြစ်နေခြင်းပင်။ သူက စုလောရွှယ်အတွက် တစ်ခုခု လုပ်ပေးလိုခြင်းသာဖြစ်ပြီး ဝူမျိုးနွယ်ကို လက်စားချေလိုခြင်းသာဖြစ်သည်။
အနောက်ဘက်တွင် နေလုံးက တဖြည်းဖြည်း ဝင်သွားပေပြီ။ လောကကြီးကို မဟူရာခြုံလွှာက လွှမ်းခြုံလာသည်။ ဝိညာဉ်လေများကလည်း မြင့်မားသော ကောင်းကင်ထက်မှနေ၍ အောက်ဘက်သို့ သက်ဆင်းလာပေပြီ။ ညအချိန် ထပ်မံရောက်လာပြီဖြစ်သည်။
“လုပ်ကွာ...”
ကျန်းရီ ရေရွတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ နောက်ထပ်ပစ်မှတ်တစ်ခုကို ရှာရန် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်လိုက်လေသည်။ အနီးတစ်ဝိုက်တွင် မြို့ငယ်လေးများ ဒါဇင်ကျော်ရှိ၏။ အလယ်အလတ် အရွယ်အစား မြို့တစ်မြို့လည်း ရှိသည်။ သူ၏ ပစ်မှတ်က မြို့ငယ်လေးများပင် ဖြစ်နေသေးသည်။ သူ့တွင် ဝူမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းရည်မရှိသေးချေ။ ထို့ကြောင့် သူသည် ဝူမျိုးနွယ်၏ မြို့ငယ်လေးများကို တတိတိ ဖျက်ဆီး၍သာ ဝူမျိုးနွယ်ကို ဂုဏ်သိက္ခာကျအောင် လုပ်မည်ဖြစ်သည်။
ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းက အနီမှ မြို့များကို ဖြတ်သန်းသွား၏။ ထိုစဉ် သူ၏ခန္ဓာကိုယ် တုန်ယင်သွားသည်။ မြို့တစ်မြို့၏ အထက်တွင် လွှင့်ထူထားသော အလံဖြူတစ်ခုကို သူ သတိပြုမိလိုက်ခြင်းပင်။
“အလံဖြူလား”
ကျန်းရီသည် မယုံနိုင်ဟန်ဖြင့် မျက်လုံးပြူးသွား၏။ သူသည် ဝူမျိုးနွယ်ကို ဓားစာခံလဲရန် သဘောတူလျှင် မြို့တိုင်းတွင် အလံဖြူထောင်ရန် ပြောခဲ့၏။ သို့သော် ဝူမျိုးနွယ်က ငြင်းခဲ့ပြီး ပညာရှင်များကို နေရာချကာ သူ့ကို အလစ်ဝင်တိုက်ရန် ပြင်ဆင်ခဲ့သည်။ သူ မြို့ဒါဇင်ကျော်ကို သွေးဖြင့် ဆေးကြောပြီးနောက်မှ ဝူမျိုးနွယ်က အလံဖြူလွှင့်ခဲ့ခြင်းလော။
“ငါ မှားပြီး အာရုံခံမိတာများလား”
ကျန်းရီသည် နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ခတ်လိုက်ပြီး မျက်လုံးများ ပြန်ပိတ်၍ ဆက်ထောက်လှမ်းလိုက်လေသည်။ ရလဒ်က သူ့ကို အံ့အားသင့်သွားစေ၏။ သံသယဖြစ်သွားစေ၏။ ပျော်သွားစေ၏။ အနီးမှ မြို့ဒါဇင်ကျော်သည် အလံဖြူများ လွှင့်ထားကြပေသည်။ ယင်းက ဝူမျိုးနွယ်သည် ဒေသလေးခုထဲရှိ မြို့အားလုံးကို အလံဖြူလွှင့်ရန် အမိန့်ပေးလိုက်ပြီဆိုသော အဓိပ္ပာယ်ပင်။ သူတို့က သူနှင့် ညှိနှိုင်လိုနေပြီလော။
‘ဒါက သဘာဝမကျဘူး။ ငါက ဝူယင်အာနဲ့ ဟုန်ပိုရဲ့ ခေါင်းတွေကို ပြန်ပို့ပေးလိုက်ပြီပဲ။ ဒါတောင် သူတို့က စုလောရွှယ်ကို လွှတ်ပေးချင်နေသေးတာလား။ ဒါမှမဟုတ်... သူတို့က ငါ့ကို လိုက်မဖမ်းနိုင်လို့ ငါ ဒီလိုဆက်သတ်နေရင် စစ်တပ်တွေ စိတ်ဓာတ်ကျလာမှာစိုးလို့ ငါနဲ့ညှိနှိုင်းချင်တာလား။ သူတို့က ငါ သတ်ဖြတ်တာကို ကြောက်တာလား’
ကျန်းရီ မသင်္ကာဖြစ်နေပေသည်။ သို့သော် သူ့ရင်ထဲတွင် မျှော်လင့်ချက်တစ်စတော့ ထွက်ပေါ်လာသည်။ စုလောရွှယ်က အသက်ရှင်နေသေးပြီး ဝူမျိုးနွယ်က သူမကို လွှတ်ပေးရန် သဘောတူလိုက်ပြီဟု တွေးကြည့်ရုံဖြင့်ပင် သူ စိတ်လှုပ်ရှားလာလေသည်။
“ထောက်လှမ်းရမယ်”
ကျန်းရီသည် စိတ်လှုပ်တရှားဖြင့် ထပ်မံ ထောက်လှမ်းလိုက်၏။ ဤတစ်ကြိမ်တွင်မူ သူ မြို့တိုင်းကို သေချာ ထောက်လှမ်းလိုက်လေသည်။ ထိုအခါမှ အလံဖြူများပေါ်တွင် စာလုံးကြီးများ ရေးထားသည်ကို သူ သတိပြုမိလိုက်သည်။
“ကျန်းရီ တိုက်ခိုက်တာတွေကို ရပ်လိုက်တော့။ မဟုတ်ရင် စုလောရွှယ် သေရမယ်”
ကျန်းရီသည် ထိုစာလုံးများကို သေချာဖတ်ရှုလိုက်ပြီးနောက် ဝမ်းသာသွား၏။ ထိုစာအရ ဝူမျိုးနွယ်၏ သူ၏သတ်ဖြတ်မှုကို အမှန်ပင် ကြောက်သည့်ပုံပင်။ ထို့ကြောင့် သူတို့က ညှိနှိုင်းလိုခြင်း ဖြစ်မည်။ သူတို့က ဂုဏ်သိက္ခာအကျခံ၍ အလံဖြူများ လွှင့်လိုက်ပြီဖြစ်၍ အမှန်ပင် စုလောရွှယ်ကို ပြန်လွှတ်ပေးနိုင်လောက်ပေသည်။
ကျန်းရီသည် အခြားမြို့များကိုလည်း ထောက်လှမ်းလိုက်ပြီး အလံများအားလုံးပေါ်မှ စာများက အတူတူဖြစ်ကြောင်း အတည်ပြုလိုက်လေသည်။ ကျန်းရီသည် သူ့ရင်ထဲမှ အပျော်ကို ထိန်းချုပ်ကာ စိတ်ငြိမ်ငြိမ်ထားလိုက်၏။ သူတို့သာ စုလောရွှယ်ကို လွှတ်ပေးမည်ဆိုလျှင် သူ ညှိနှိုင်းလိုပေသည်။ သူတို့၏ တောင်းဆိုချက်များက အရမ်းတရားမလွန်လျှင် သူ လိုက်လျောပေးမည်ဖြစ်သည်။ စုလောရွှယ်၏ လုံခြုံရေးက အခြားအရာများထက် ပိုအရေးကြီးပေသည်။
သို့သော် ကျန်းရီက အရူးတစ်ယောက် မဟုတ်ပေ။ သူသည် မြို့ထဲသို့ အပြေးဝင်သွားကာ ဝူမျိုးနွယ်နှင့် ညှိနှိုင်းမည် မဟုတ်ပေ။ သူ ဆက်ပုန်းအောင်းနေလျှင် ခေါင်းအထက်တွင် တွဲလောင်းကျနေသော ထက်ရှသည့်ဓားတစ်ချောင်းကဲ့သို့ ဝူမျိုးနွယ်ကိုဆက်၍ ခြိမ်းခြောက်နိုင်မည်ဖြစ်သည်။ သို့သော် သူ လူလုံးထွက်ပြလိုက်ပါက ထိုထက်ရှသည့်ဓားက သုံးမရသောဓားဖြစ်သွားပေလိမ့်မည်။ သူသည်လည်း ရက်ရက်စက်စက် အသတ်ခံရမည်ဖြစ်သည်။
‘ငါကိုယ်တိုင် လူလုံးထွက်ပြလို့ မရဘူးဆိုရင် ဘယ်သူ့ကို သွားညှိနှိုင်းခိုင်းရမလဲ’
ကျန်းရီ ခေါင်းကိုက်လာ၏။ သူသည် လူတစ်ယောက်ကိုဖမ်း၍ ထိုသူကို ဝိညာဉ်ကျွန်အဖြစ် ပြောင်းကာ သွားရောက်ညှိနှိုင်းခိုင်း၍ မရပေ။ အကယ်၍ သူသာ ဝိညာဉ်ကျွန်တစ်ယောက်ကို သွားခိုင်းလိုက်လျှင် ထိုဝိညာဉ်ကျွန်က သူနှင့် စိတ်ဝိညာဉ်ချိတ်ဆက်မှု ရှိနေမည်ဖြစ်သည်။ ဝူမျိုးနွယ်မှ ဆန်းကြယ်သော စွမ်းရည်ရှိသည့် အကြီးအကဲအချို့က ထိုဝိညာဉ်ကျွန်၏ စိတ်ဝိညာဉ်ချိတ်ဆက်မှုမှတဆင့် သူ့ကို ခြေရာခံလျှင် မည်သို့ လုပ်မည်နည်း။
ထို့ပြင် ညှိနှိုင်းမှုပြီးသွားလျှင် နောက်ဆက်တွဲလုပ်ရမည်ကို ကိစ္စများကို သိရန် လိုသည် မဟုတ်လော။ ထိုအခါကျ ကျန်းရီသည် သူ့ကိုယ်စားလှယ်နှင့် မည်သို့ ဆက်သွယ်ရမည်နည်း။ ကျန်းရီ သူ့ကိုယ်စားလှယ်နှင့် တွေ့ဆုံသည့်အချိန်တွင် ရန်သူများကို သူ့ကို ခြေရာခံနိုင်လောက်သည်။ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို သူတစ်ယောက်သာ အသုံးပြုတတ်ပေသည်။
‘အရိပ်ဧကရာဇ်ရဲ့ လူတွေ’
ကျန်းရီ အကြံတစ်ခု ရလိုက်၏။ သူသည် အရိပ်ဧကရာဇ်၏ လူများကို သွားရောက် ညှိနှိုင်းရန် စေခိုင်းနိုင်ပေသည်။ ထိုလူများကို မယုံကြည်စရာလည်း မရှိပေ။ အရေးအကြီးဆုံးမှာ အရိပ်ဧကရာဇ်၏ လူများထဲတွင် ထူးခြားသော ဆက်သွယ်ရေးနည်းလမ်းတစ်ခု ရှိခြင်းပင်။ သူတို့က အရှေ့ဘက် တော်ဝင်နယ်မြေတွင် ပုန်းအောင်းနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုပင် သူတို့ကို သတိမပြုမိခဲ့ချေ။ ချီထျန်းချန်ဆိုလျှင် မြို့ကြီးတစ်မြို့၏ မြို့အရှင်ပင် ဖြစ်နေသေးသည်။ ထို့ကြောင့် သူတို့၏ နည်းလမ်းများက ပြောင်မြောက်ကြောင်း ထင်ရှားပေသည်။
အကယ်၍ အရိပ်ဧကရာဇ်၏ လူများသာ သွား၍ညှိနှိုင်းပါက ကျန်းရီသည် မည်သည့်မြို့သို့မဆိုသွား၍ သူတို့နှင့် ဆက်သွယ်နိုင်ပေသည်။ ထိုနည်းဖြင့်ဆိုလျှင် သူ၏ တည်နေရာပေါ်သွားမည်ကို စိုးရိမ်စရာမလိုပေ။ သူ အဖမ်းမခံရသေးသ၍ ဝူမျိုးနွယ်က အရိပ်ဧကရာဇ်၏လူများကို အခက်တွေ့အောင် လုပ်ဝံ့မည် မဟုတ်ချေ။ မဟုတ်လျှင် သူတို့သည် ကျန်းရီ၏ သွေးဖြင့် ဆေးကြောခြင်း ကလဲ့စားကို ခံရမည်ဖြစ်သည်။
“သွားမယ်...”
ကျန်းရီသည် ဆုံးဖြတ်ချက်ချပြီးနောက် ချက်ချင်း ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးကာ တောင်ဘက်ရှိ ရွှမ်မျိုးနွယ်၏ ပိုင်နက်ထဲသို့ သွားလိုက်လေသည်။ သူသည် ဝူမျိုးနွယ်၏ မြို့များအတွင်းသို့ မဝင်ဝံ့ပေ။ ကောင်းကင်ရှောင်တိမ်းခြင်းကို နှစ်ကြိမ်ဆက်တိုက် သုံးပြီးနောက် ကျန်းရီက ရွှမ်ဘုရင်ဒေသ၏ အနောက်မြောက်ဘက်ရှိ အလယ်အလတ် အရွယ်အစားရှိသော မြို့တစ်မြို့သို့ ရောက်သွားသည်။ ယခုက ညအချိန်သာ ဖြစ်နေသေး၍ သူ မြို့ထဲသို့ မဝင်နိုင်ပေ။ ထို့ကြောင့် သူသည် ဂူတစ်ခုကိုရှာ၍ တစ်ညတာ အနားယူလိုက်လေသည်။
ရွှမ်မျိုးနွယ်၏ ဒေသသုံးခုက ကျန်းရီကို ဆက်မရှာတော့သည်မှာ အချိန်တစ်ခု ကြာခဲ့ပြီဖြစ်သည်။ ကျန်းရီသည် ထိုတစ်ချိန်လုံး ဝူမျိုးနွယ်၏ ဒေသလေးခုထဲတွင် ပုန်းအောင်းနေခဲ့၏။ ထို့ကြောင့် ရွှမ်မျိုးနွယ်၏ မြို့များသည် ပုံမှန်အတိုင် ပြန်လည်ပတ်နေပြီဖြစ်သည်။
နေ့လယ်သို့ ရောက်သောအခါ ကျန်းရီသည် အဘိုးအိုတစ်ဦးပုံစံ ဟန်ဆောင်၍ မြို့ထဲသို့ ဝင်သွားလိုက်၏။ ထို့နောက် သူသည် တည်းခိုခန်းတစ်ခုကိုရှာ၍ တည်းခိုကာ အစိမ်းရောင်ပုလဲအတွင်းသို့ အတွင်းအားအနည်းငယ် ထည့်သွင်းလိုက်လေသည်။ တစ်နာရီအတွင်းမှာပင် လူတစ်ယောက်က သူ့ထံ သတင်းပို့လာ၍ သူ အံ့အားသင့်သွားသည်။ ထိုလူက မြို့ထဲတွင် ပုန်းအောင်းနေသော အရိပ်ဧကရာဇ်၏ လူပင်။
မိနစ်သုံးဆယ်ထပ်ကြာပြီးနောက် တစ်စုံတစ်ယောက်က အပြင်မှနေ၍ တံခါးလာခေါက်၏။ ကျန်းရီက ကောင်းကင်စိတ်အာရုံကို ဆန့်တန်း၍ အာရုံခံလိုက်ရာ ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ ရောက်လာသူမှာ ချီမျိုးနွယ်၏ အကြီးအကဲတစ်ယောက်ဖြစ်သော ချီထျန်းယွီပင်။ သူသည် ထန်ထိုက်မျိုးနွယ်၏ မြို့ထဲတွင် တိုက်ခိုက်ခဲ့သည့် အဖွဲ့ကို ဦးဆောင်ခဲ့သော ချီမျိုးနွယ်၏ တပ်မှူးဖြစ်သည်။
“ချီထျန်းယွီ သခင်လေးကို နှုတ်ခွန်းဆက်ပါတယ်”
ကျန်းရီက တံခါးဖွင့်ပေးလိုက်သောအခါ ချီထျန်းယွီက အခန်းထဲသို့ ဝင်လာပြီး ဒူးတစ်ဘက် ထောက်လိုက်လေသည်။ ကျန်းရီက သူ့ကို အလျင်အမြန် ဆွဲထူလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“အကြီးအကဲထျန်းယွီ... အကြီးအကဲက ဘာလို့ ဒီမြို့ကို ရောက်နေရတာလဲ”
ချီထျန်းယွီက ကျန်းရီကို စိတ်လှုပ်တရှားဖြင့်ကြည့်ကာ ပြောလိုက်သည်။
“သခင်လေး... အစောတုန်းက ကျွန်တော်က ဒီမြို့ထဲမှာ မဟုတ်ပါဘူး။ အနီးနားက မြို့တစ်မြို့မှာပါ။ လက်အောက်ငယ်သားတစ်ယောက်က ကျွန်တော့်ဆီ သတင်းပို့လိုက်လို့ ကျွန်တော် ဒီကို အမြန်လာခဲ့တာပါ။ သခင်လေးရဲ့ နာမည်က အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးမှာ ကျော်ကြားပါတယ်။ သခင်လေး ဝူနီကို ကြားဖြတ်နှောင့်ယှက်၊ ဟုန်ဝူမြို့ကို ကျူးကျော်တိုက်ခိုက်၊ ဝူမျိုးနွယ်ရဲ့ သခင်မလေးနဲ့ သားမက်ကို ခေါင်းဖြတ်သတ်၊ ဒေသလေးခုက မြို့ဆယ့်ခြောက်မြို့ကို သွေးနဲ့ဆေးကြောပြီး ဝူမျိုးနွယ်ကို မြို့တိုင်းမှာ အလံဖြူလွှင့်ရအောင် ဖိအားပေးပြီးကတည်းက မျိုးနွယ်ခေါင်းဆောင်က ကျွန်တော့်ကို လူတွေလျှို့ဝှက်ခေါ်ဆောင်ပြီး သခင်လေးကို အပြည့်အဝသွားကူညီပေးဖို့ စေခိုင်းလိုက်တာပါ။ ကျွန်တော်တို့က သခင်လေးရဲ့ အမိန့်တိုင်းကို နာခံပါမယ်”
“အာ...”
ကျန်းရီသည် ရင်ထဲတွင် နွေးထွေးသွားပြီး ဤတိုက်ပွဲကို သူတစ်ယောက်တည်း တိုက်ခိုက်နေခြင်းမဟုတ်ဟု ခံစားလိုက်ရလေသည်။ သေချာပေါက် ထိုအမိန့်ကို အရိပ်ဧကရာဇ်က ပေးခဲ့ခြင်းဖြစ်မည်။ ချီထျန်းယွီခေါ်လာခဲ့သော လူများက အသက်စွန့်ရန်ပင် အသင့်ပြင်နေကြပေပြီ။ ကြည့်ရသည်မှာ ကျန်းရီက မဆက်သွယ်လျှင်ပင် ချီထျန်းယွီနှင့် အခြားသူများက ဝူမျိုးနွယ်၏ ဒေသလေးခုစလုံးမှ အခြေအနေများကို ဂရုတစိုက် စောင့်ကြည့်နေမည့်ပုံပင်။ လိုအပ်လာလျှင် သူတို့သည် သူတို့၏အသက်ကို စွန့်၍ပင် ကျန်းရီကို ကာကွယ်ကြမည်ဖြစ်သည်။
ကျန်းရီသည် လိပ်ပြာသခင်မမျိုးနွယ်နှင့် သူမ၏ အံ့ဩဖွယ်ခန္ဓာကိုယ်ကို အမှတ်ရသွားသောအခါ လေးလံသောလေသံဖြင့် မေးလိုက်လေသည်။
“ဟူတန်နီနဲ့ ကလေးနှစ်ယောက်ရော အဆင်ပြေရဲ့လား”
“အရမ်းအဆင်ပြေပါတယ်”
ချီထျန်းယွီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“ကလေးနှစ်ယောက်က အတော်လေး ပါရမီထူးကြတယ်... သူတို့က စကျင့်ကြံနေပါပြီ။ သခင်မရဲ့ အခြေအနေကလည်း အရမ်းကောင်းပါတယ်။ ဒါပေမဲ့ သူက သခင်လေးကိုတော့ နည်းနည်းသတိရနေပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် ဒီကိုထွက်မလာခင် သူ့ကို သခင်လေးဆီ ဘာပြောလိုက်ဦးမလဲလို့ မေးခဲ့ပါတယ်။ သူက ဘာမှ မပြောလိုက်ပါဘူး။ ဒါပေမဲ့ သူက သခင်လေးအတွက် အရမ်းစိုးရိမ်နေတယ်ဆိုတာကို ကျွန်တော် မြင်နိုင်ခဲ့ပါတယ်။ သူက မကြာမကြာဆိုသလို သခင်လေးရဲ့ အကြောင်းကို မေးတတ်ပါတယ်”
“အင်း...ကျွန်တော် အချိန်ရရင် သူတို့ဆီ သွားလည်မှာပါ”
ကျန်းရီသည် သက်ပြင်းသဲ့သဲ့ချကာ အလေးအနက် ပြောလိုက်သည်။
“ကျွန်တော် အကြီးအကဲတို့ကို ဆက်သွယ်လိုက်တာ အရေးကြီးကိစ္စတစ်ခုရှိလို့ပါ။ အကြီးအကဲတို့က ကျွန်တော့်ကို ကူညီပြီး ဝူမျိုးနွယ်နဲ့ ညှိနှိုင်းပေးပါ။ ကျွန်တော် ထွက်ပေါ်မလာသေးသ၍ အကြီးအကဲတို့ စိုးရိမ်စရာမရှိပါဘူး။ ကျွန်တော် မသေသေးရင် ဝူမျိုးနွယ်က အကြီးအကဲတို့ကို ထိရဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အချင်းချင်း ဘယ်လိုဆက်သွယ်မလဲဆိုတာကိုတော့ ဆွေးနွေးရလိမ့်မယ်။ အကြီးအကဲတို့က ဘယ်သူဆိုတာလည်း ပေါ်သွားလို့မရဘူး။ မဟုတ်ရင် ဝူမျိုးနွယ်က ချီမျိုးနွယ်ကို တိုက်ခိုက်လိမ့်မယ်”
ချီထျန်းယွီသည် ကျန်းရီ၏ ညွှန်ကြားချက်ကို ဂရုတစိုက် နားထောင်ပြီးနောက် ခေတ္တမျှ တွေးတောကာ ခေါင်းညိတ်လိုက်လေသည်။
“သခင်လေး မပူပါနဲ့။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ကျွန်တော်တို့ကို နှစ်ပေါင်းများစွာ သတိမပြုမိခဲ့ပါဘူး။ ဒီတစ်ခေါက်လည်း သူတို့ အောင်မြင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်သွားပြီး ဝူမျိုးနွယ်နဲ့ ညှိနှိုင်းပါမယ်။ သခင်လေး သခင်မလေးစုကို ပြန်ခေါ်နိုင်အောင် ကျွန်တော် ကူညီပေးမှာပါ”
***