ကျွန်တော် ရှေးဟောင်းအသုံးအဆောင်ကို လိုချင်တယ်
Vol. 70 Ch. 968
ဝူမျိုးနွယ်၏ ဒေသလေးခုတွင် မြို့ပေါင်းနှစ်သန်းကျော် ရှိပေသည်။ ထို့မြို့အားလုံးသည် တစ်ညအတွင်းမှာပင် အလံဖြူလွှင့်ထားကြသည်။ ထို့ကြောင့် ဒေသလေးခုထဲတွင် အလံဖြူများ ဖွေးဖွေးလှုပ်နေလေသည်။ ထိုမြင်ကွင်းသည် အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများကို အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။
အလံဖြူ...
အလံဖြူကို အညံ့ခံရာတွင် သုံးသည်။ အရှေ့ဘက် တော်ဝင်နယ်မြေကို နှစ်ပေါင်းခုနစ်သိန်းကျော် အုပ်စိုးခဲ့သော အင်အားကြီးမျိုးနွယ်တစ်ခုက အင်အားကုန်ထုတ်သုံးသည်ပင် အသက်(၂၃)နှစ်အရွယ်သာရှိသည့် လူငယ်တစ်ယောက်ကို မသတ်နိုင်သလော။ သူတို့သည် နောက်ဆုံးတွင် ဒေသလေးခု၌ အလံဖြူလွှင့်ကာ ညှိနှိုင်းရန် တောင်းဆိုခဲ့ရသလော။
အလွန်အရှက်ရဖွယ်ပင်။
အလံဖြူများကြောင့် အခြားဧကရာဇ်မျိုးနွယ် ရှစ်ခုပင် မျက်နှာပူ၊ ရှက်ရွံ့နေကြသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲမှ အင်အားကြီးမျိုးနွယ်တစ်ခုသည် ထိုအခြေအနေသို့ ရောက်အောင်ပင် ဖိအားပေးခံခဲ့ရသည်လော။ ယင်းက အမှန်ပင် အရှက်ရဖွယ်ဖြစ်သည်။ ဝူမျိုးနွယ်၏ ဂုဏ်သိက္ခာက လုံးဝ ညစ်နွမ်းသွားပေပြီ။
သို့သော် ဉာဏ်ထက်သော အချို့လူများက မသင်္ကာစရာအချို့ကို ခံစားမိကြ၏။ မျိုးနွယ်ကြီးများသည် ဂုဏ်သိက္ခာကို အလေးအထားဆုံးဖြစ်သည်။ ထို့ပြင် ကျန်းရီ၏ သတ်ဖြတ်မှုများမှာ ဝူမျိုးနွယ်ကဲ့သို့ မျိုးနွယ်ကြီးတစ်ခုအတွက် အသေးအဖွဲမျှသာ။ ကျန်းရီက လက်ရှိထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပိုသတ်လျှင်ပင် ဝူမျိုးနွယ်၏ အခြေကို ယိမ်းယိုင်သွားစေဦးမည် မဟုတ်ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် ဝူမျိုးနွယ်က ညှိနှိုင်းရန် လက်ခံခဲ့ရသနည်း။
တစ်ခုခု မှားယွင်းနေကြောင်း သံသယဖြစ်စရာ မရှိပေ။
ဝူမျိုးနွယ်တွင် သေချာပေါက် အကြံအစည်တစ်ခု ရှိရပေမည်။ သူတို့သည် ညှိနှိုင်းရန် သဘောတူဟန်ဆောင်၍ ကျန်းရီကို မျှားခေါ်ကာ သတ်ရန် ကြံရွယ်ထားခြင်း ဖြစ်နိုင်သည်။ သူတို့သာ ကျန်းရီကို သတ်နိုင်လျှင် လောကကြီးက ဝူမျိုးနွယ်ကို သိက္ခာမရှိဟု ဆိုတော့မည် မဟုတ်ဘဲ ဉာဏ်ကောင်းပေသည်ဟု ချီးပင်ချီးကျူးမည်ဖြစ်သည်။ ကျန်းရီ လက်ရှိအတိုင်း ဆက်သတ်နေလျှင်လည်း အရှက်ရစရာ ကောင်းနေပြီဖြစ်၍ ထိုအကြံအစည်က မဆိုးလှပေ။
မျှော်လင့်ထားသလိုပင် ဝူမျိုးနွယ်က အလံဖြူများလွှင့်ပြီးနောက် ကျန်းရီက ကျူးကျော်သတ်ဖြတ်မှုများကို ရပ်တန့်လိုက်သည်။ ထို့ပြင် အလံဖြူလွှင့်ပြီးနောက် သုံးရက်အတွင်း ကျန်းရီက ထပ်မံထွက်ပေါ်မလာခဲ့ပေ။ ထို့ကြောင့် မယုံနိုင်လောက်အောင် အေးချမ်းနေပေသည်။
လေးရက်မြောက်နေ့တွင်မူ မြောက်ဘက်နှင်းဖုံးဒေသမှ မြို့ကြီးတစ်မြို့ရှိ တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာသည်။ တည်နေရာပြောင်းရွှေ့အစီအရင်ထဲတွင် အနက်ရောင်ချပ်ဝတ်နှင့် မျက်နှာဖုံးကို ဝတ်ဆင်ထားသော လူတစ်ယောက်ထွက်ပေါ်လာသည်။ ဝူမျိုးနွယ်မှ ပညာရှင်များက ထိုသူကို ကောင်းကင်စိတ်အာရုံများဖြင့် အာရုံခံလိုက်ရာ အံ့အားသင့်သွားကြသည်။
မျက်နှာဖုံးအောက်ရှိ မျက်နှာတွင် တစ်ခုနှင့်တစ်ခု ဖြတ်နေသော အမာရွတ်များနှင့် ပြည့်နှက်နေသည်။ ထိုမျက်နှာက ခွဲမရအောင် ပျက်စီးနေသဖြင့် ထိုလူက မည်သူဖြစ်ကြောင်း မသိနိုင်ပေ။ အစောင့်များက သူ့ကို ဝန်းရံလိုက်ကြသည်။ သို့သော် ထိုသူက မတုန်လှုပ်သွားဘဲ အသံဩဩဖြင့် ပြောလိုက်သည်။
“မင်းတို့အားလုံး ဖယ်ကြစမ်း။ ငါက သခင်လေးကျန်းရီရဲ့ တမန်တော်ပဲ။ မင်းတို့ ဝူမျိုးနွယ်က မညှိနှိုင်းချင်ဘူးလား”
“ကျန်းရီရဲ့ တမန်တော်လား”
တည်နေရာပြောင်းအရွှေ့အစီအရင် အပြင်ဘက်မှ အစောင့်များက ချက်ချင်း သူတို့၏ဓားများကို ဓားအိမ်အတွင်းမှ ထုတ်လွှတ်ကြသည်။ သူတို့ခန္ဓာကိုယ်များမှနေ၍လည်း သတ်ဖြတ်အရှိန်အဝါများ ထွက်ပေါ်လာသည်။ အတွင်းအားကို စတင်လှည့်ပတ်နေသူအချို့ပင် ရှိနေသည်။ သူတို့၏ မျက်ဝန်းများထဲတွင် အမုန်းတရားနှင့် ပြည့်နှက်နေသည်။ ဝူမျိုးနွယ်အတွက် ကျန်းရီ၏ အမည်က အရှက်ရမှုကို ကိုယ်စားပြုပေသည်။
“ငါ့ကိုသတ်ဖို့ စဉ်းစားနေတာလား”
ချပ်ဝတ်နက်နှင့်လူက ချီထျန်းယွီပင်။ သူသည် အစောင့်များကို အေးစက်စက်ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
“မင်းတို့ လုပ်ရဲရင် လုပ်လိုက်လေ။ ငါ သေသွားရင် ငါ့ရဲ့သခင်လေးက မင်းတို့ဝူမျိုးနွယ်ဝင်တစ်သန်းကို သတ်ပြီး ငါနဲ့အတူ မြှုပ်ပေးမယ်လို့ ကျိန်ဆိုထားတယ်”
“မင်းက အသက်မရှင်ချင်တော့ဘူး ထင်တယ်”
ဝူမျိုးနွယ်မှ တပ်မှူးတစ်ယောက်က ဒေါသထွက်သွားပြီး လှုပ်ရှားလိုက်သည်။ သို့သော် ထိုအခိုက်တွင် မြို့အရှင်စံအိမ်အတွင်းမှနေ၍ လူရိပ်အချို့ လျင်မြန်စွာ ပျံထွက်လာလေသည်။ ခမ်းနားသည့် ဝတ်ရုံကို ဝတ်ဆင်ထားသည် အကြီးအကဲတစ်ယောက်က အော်ပြောလိုက်သည်။
“အားလုံးပဲ ရပ်လိုက်ပါ။ စစ်ပွဲအတွင်းမှာတောင် တမန်တော်တွေကို မသတ်ရဘူး။ ငါတို့ ဝူမျိုးနွယ်က အဲ့လောက်တောင် သဘောထားမကြီးဘူးလား။ တမန်တော်ကို သတ်လိုက်ရင် ငါတို့က လောကကြီးရဲ့ ဟားစရာ ဖြစ်သွားလိမ့်မယ်”
အကြီးအကဲက လူတစ်စုနှင့်အတူ ပျံဆင်းလာပြီး လက်ဆုပ်ကာ ပြောလိုက်သည်။
“ကျုပ်က မြောက်ဘက်လွင်ပြင်မြို့ရဲ့ မြို့အရှင် ဝူမုန့်ပါ။ ကျုပ် ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ”
ချီထျန်းယွီက အေးစက်စက် ပြန်ပြောလိုက်သည်။
“ငါက အမည်မဲ့ပဲ။ ဝူမုန့်... မင်းတို့ ဝူမျိုးနွယ်ဆီ သတင်းပို့ပြီး အာဏာရှိတဲ့လူတွေကို ထွက်လာပြီး ညှိနှိုင်းဖို့ ပြောလိုက်။ မင်းက ဆုံးဖြတ်ချက်ချဖို့ အဆင့်မမီဘူး”
“ရိုင်းစိုင်းလိုက်တာ”
တပ်မှူးတစ်ယောက်က ဒေါသတကြီး အော်လိုက်သည်။ ချီထင်ယွီ၏ ဆိုလိုရင်းက ရှင်းပေသည်။ ဝူမု့န်က သူနှင့် စကားပြောရန် အဆင့်မမီဟု ဆိုလိုက်ခြင်းပင်။
“အမည်မဲ့တဲ့လား။ ကျုပ်နဲ့အတူ မြောက်ဘက်ဧကရာဇ်မြို့ကို သွားမယ်ဆိုရင်ရော ဘယ်လိုပါလဲ။ သခင်လေးနီက အားလုံးကို သတင်းပို့ထားပါတယ်။ တကယ်လို့ ကျန်းရီဒါမှမဟုတ် ကျန်းရီရဲ့ တမန်တော် ရောက်လာရင် ညှိနှိုင်းဖို့ မြောက်ဘက်ဧကရာဇ်မြို့ကို ခေါ်ခဲ့ဖို့ မှာထားပါတယ်”
“မသွားဘူး...”
ချီထင်ယွီက ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ငါတို့ ညှိနှိုင်းမယ်ဆိုရင် ဒီမှာပဲ ညှိနှိုင်းမယ်။ မင်းတို့က မညှိနှိုင်းချင်ဘူးဆိုရင် ငါ့ကို...အဲ မင်းအဖေငါ့ကို သတ်ချင်လည်း သတ်လိုက်။ ငါ ထွက်သွားတော့မယ်”
“အာ...”
ပတ်ဝန်းကျင်မှ တပ်မှူးများသည် ဒေါသငယ်ထိပ်ရောက်သွားကြ၏။ ဝူမုန့်လည်း မျက်နှာထားတင်းသွားသည်။ ထိုညှိနှိုင်းသူ၏ စိတ်ဓာတ်က ကျန်းရီနှင့် တစ်ပုံစံတည်းတူပြီး အလွန်တင်စီးပေသည်။ သူသည် ညှိနှိုင်းရန် ဝူနီကို ဤမြို့သို့ ခေါ်နေခြင်းလော။
“ကျုပ် ညွှန်ကြားချက် လှမ်းတောင်းလိုက်ပါမယ်။ အမည်မဲ့... မြို့အရှင်စံအိမ်ထဲမှာ ဆက်ပြောကြရင်ရော ဘယ်လိုလဲ။ ဒီနေရာမှာ စကားပြောရတာ မကောင်းဘူး”
ဝူမုန့်က ခေတ္တမျှ တွေးတောကာ ပြန်ပြောလိုက်သည်။ ဤတစ်ကြိမ်တွင် ချီထျန်းယွီက မငြင်းတော့ဘဲ မြို့အရှင်စံအိမ်အတွင်းသို့ ဝင်သွားလိုက်လေသည်။ ပညာရှင်တစ်စုက ခက်ထန်သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။ ချီထျန်းယွီသည် ပင်မခန်းမထဲရှိ အိမ်ရှင်ခုံတွင်ပင် ဝင်ထိုင်လိုက်သေးသည်။ သူသည် တတ်နိုင်သမျှ မောက်မောက်မာမာ ပြုမူနေခြင်းပင်။ ဝူမျိုးနွယ်ဝင်များသည် အံကြိတ်ကာ တောက်တခေါက်ခေါက် ဖြစ်နေကြပေသည်။
ဝူမုန့်သည် လူတစ်ယောက်ကို သတင်းပို့အစီအရင်ဖြင့် မြောက်ဘက်ဧကရာဇ်မြို့သို့ သတင်းပို့လိုက်ရန် ခိုင်းစေလိုက်၏။ မကြာခင်မှာပင် သတင်းပြန်ရောက်လာသည်။ ဝူနီက ကိုယ်တိုင်လာ၍ ညှိနှိုင်းမည်ဖြစ်သည်။ သူသည် ဝူမုန့်ကို မဆင်မခြင် မပြုမူရန်နှင့် တမန်တော်ကို ထွက်မသွားစေရန် မှာကြားခဲ့သည်။
ယခုတွင် ဝူမျိုးနွယ်က အလွန် လှုပ်လှုပ်ရှားရှား ဖြစ်နေပေသည်။ မရေမတွက်နိုင်သော လူများသည် မြောက်ဘက်လွင်ပြင်မြို့အနီးသို့ တိတ်တဆိတ် ရောက်ရှိလာကြ၏။ ထူးခြားသော စွမ်းရည်များရှိသည့် သိုင်းသမားများစွာကလည်း စုဝေးနေကြသည်။ ကျီထင်ယွီသည် ထိုတမန်တော်က သေချာပေါက် ကျန်းရီ မဟုတ်နိုင်ဟု ခန့်မှန်းခဲ့သည်။ သို့သော် ကျန်းရီက ထိုမြို့အနီးတွင် ရှိနေရမည်ဟု သူမ တွေးမိခဲ့သည်။ အကယ်၍ သူတို့ ကံကောင်းလျှင် ကျန်းရီကို ချက်ချင်း ဖမ်းမိနိုင်သည်။ သို့ဆိုလျှင် နောက်ပိုင်းအစီအစဉ်များကို ဆက်လုပ်ရန် လိုတော့မည် မဟုတ်ပေ။
ရှာဖွေမှုရလဒ်က ဝူနီကို စိတ်ပျက်စေခဲ့သည်။ မြောက်ဘက်လွင်ပြင်မြို့ အနီးတွင် မည်သည့်မသင်္ကာစရာပုဂ္ဂိုလ်မှ မရှိချေ။ မသင်္ကာစရာကောင်းသည့် အခြေအနေတစ်ခုပင် ရှိမနေပေ။ ထို့ကြောင့် ဝူနီသည် ရွေးချယ်စရာ မရှိတော့ဘဲ မြောက်ဘက်လွင်ပြင်ဒေသို့ တည်နေရာင်ပြောင်းရွှေ့ လိုက်ရတော့လေသည်။
ဝူနီကို မြောက်ဘက်ဘုရင်က အာဏာကုန် လွှဲအပ်ပေးထားပြီးပေပြီ။ ထို့ကြောင့် သူသည် မျိုးနွယ်၏ လူအင်အားကို အသုံးပြုနိုင်ပေသည်။ သို့ဖြစ်၍ သူက နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကို အတူခေါ်လာခဲ့သည်။ ထို့နောက် သူသည် မြို့အရှင်စံအိမ်ထဲသို့ ဝင်ကာ ချီထျန်းယွီနှင့် တွေ့လိုက်လေသည်။
ချီထျန်းယွီက အိမ်ရှင်ထိုင်ခုံတွင် ဆက်ထိုင်နေဆဲဖြစ်ပြီး ထရပ်မည့် အရိပ်အယောင်မမြင်ပေ။ ယခုတွင် ဝူမုန့်ကဲ့သို့ စိတ်ရှည်သူပင် သည်းမခံနိုင်တော့ဘဲ တစ်စုံတစ်ခု ပြောရန် လုပ်လိုက်သည်။ သို့သော် ဝူနီက ခေါင်းခါပြလိုက်ပြီး သူ့အနောက်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်ကို ကြည့်လိုက်လေသည်။
“အဲ့လူက ကျန်းရီမဟုတ်ဘူး”
နတ်ဘုရားတစ်ပိုင်း ပညာရှင်က တမန်တော်ကို တစ်ချက်ကြည့်လိုက်ပြီး ပြတ်ပြတ်သားသား အသံပို့လွှတ်လိုက်သည်။ လူတစ်ယောက်က ရုပ်သွင်နှင့် စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းလဲနိုင်လျှင်လည်း ကိစ္စမရှိပေ။ သူတို့ မပြောင်းလဲနိုင်သည့် တစ်စုံတစ်ခု ရှိနေသေးပေသည်။ ယင်းက အသက်အရှိန်အဝါပင်။ ချီထျန်းယွီက အသက်(၄၅)နှစ်ဖြစ်သည်။ ထို့ကြောင့် သူ၏အသက်အရှိန်အဝါက အတန်ငယ်အရွယ်ရနေပြီဖြစ်သည်။ ထိုအရှိန်အဝါကို ကျန်းရီက တုပနိုင်မည် မဟုတ်ပေ။
ဝူနီ၏ မျက်ဝန်းများထဲတွင် စိတ်ပျက်မှု အရိပ်အယောင်တစ်ခု လက်သွား၏။ ထို့နောက် သူသည် ချီထျန်းယွီကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားက ကျန်းရီရဲ့ တမန်တော်လား။ သူက ခင်ဗျားကို ဘာပြောခိုင်းလိုက်လဲ”
ချီထျန်းယွီက ဝူနီကို ချက်ချင်း မှတ်မိသွားသည်။ သို့သော် သူသည် စိတ်ငြိမ်ငြိမ်ထားလိုက်ပြီး အသံဩဩဖြင့် ပြောလိုက်လေသည်။
“မင်းက ဝူမျိုးနွယ်ကို ကိုယ်စားပြုနိုင်လား”
“ကျုပ်က ဝူမျိုးနွယ်ရဲ့ အကြီးအကဲ ဝူကျူးပဲ။ သူက ကျုပ်တို့မျိုးနွယ်ရဲ့ သခင်လေးနီပဲ”
ဝူနီက မပြောနိုင်သေးခင်မှာပင် အနောက်ရှိ နတ်ဘုရားတစ်ပိုင်း ပညာရှင်က ဝင်ပြောလိုက်သည်။
“မျိုးနွယ်ခေါင်းဆောင်က သခင်လေးနီကို အာဏာကုန် လွှဲပေးပြီးသွားပြီ။ အဲ့တော့ သူက ဝူမျိုးနွယ်ကို ကိုယ်စားပြုပြီး ဒီကိစ္စကို အပြည့်အဝ ကိုယ်တွယ်နိုင်တယ်”
“ဝူကျူးလား...”
ချီထျန်းယွီ မျက်မှောင်ကြုတ်လိုက်၏။ ထိုဝူကျူးက အလွန်ကျော်ကြားပေသည်။ သူက မြောက်ဘက်ဘုရင်၏ တစ်ဝမ်းကွဲညီဖြစ်သည်။ သူသည် လွန်ခဲ့သော ဆယ်နှစ်က နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ခဲ့ပြီး ဝူမျိုးနွယ်တွင် အလွန်အာဏာရှိသူတစ်ယောက်ဖြစ်သည်။
ချီထျန်းယွီက ထရပ်လိုက်ပြီး ဝူကျူးကို လက်ဆုပ်နှုတ်ဆက်လိုက်သည်။ ရန်သူဖြစ်စေ၊ မိတ်ဆွေဖြစ်စေ အထွတ်အထိပ်ပညာရှင်များကို လေးစားသမှု ပြရပေမည်။ ယင်းက သိုင်းပညာတာအိုကို လေးစားခြင်းပင်။ ထို့နောက် ချီထျန်ယွီ ပြောလိုက်လေသည်။
“ကျွန်တော့်ရဲ့ သခင်လေးက ပြောပါတယ်... ခင်ဗျားတို့ စုလောရွှယ်ကို လွှတ်ပေးမယ်ဆိုရင် သူက ခင်ဗျားတို့ မျိုးနွယ်ရဲ့ မြို့တွေကို ထပ်တိုက်ခိုက်တော့မှာ မဟုတ်ပါဘူးတဲ့”
“အဟင်း...”
ဝူနီက လှောင်ရယ် ရယ်ကာ ပြောလိုက်သည်။
“ကျန်းရီက ကျွန်တော်တို့ရဲ့ မြို့ဆယ့်ခြောက်မြို့ကို ကျူးကျော်ပြီး ဝူမျိုးနွယ်ဝင်တွေကို ထောင်နဲ့ချီပြီး သတ်ခဲ့ပြီးပြီ။ အခု သူက ကျွန်တော်တို့ မြို့တွေကို ထပ်မတိုက်ခိုက်တော့ဘူးလို့ ပြောတယ်ပေါ့လေ... အဲ့ဒါပဲလား။ သူက ဘာမှ ပြန်မပေးဘဲ ကျွန်တော်တို့က စုလောရွှယ်ကို လွှတ်ပေးလိုက်ရရင် နောက်ကျ ကျွန်တော်တို့ ဝူမျိုးနွယ်က အားလုံးရဲ့ရှေ့မှာ ဘယ်လို ခေါင်းဖော်နိုင်မလဲ”
ချီထျန်းယွီက ခေတ္တမျှ တွေးတောလိုက်ပြီး ပြောလိုက်သည်။
“မင်းက ဘာလိုချင်တာလဲ။ မင်းလိုချင်တာကို ပြောနိုင်တယ်... ဒါပေမဲ့ ငါက ဆုံးဖြတ်လို့ မရဘူး။ သခင်လေးဆီကို သတင်းပို့ပေးမယ်”
“သတင်းပို့မှာလား”
ဝူနီ၏ မျက်လုံးများ အရောင်လက်လာသည်။ သူ လိုအပ်သည်မှာ ထိုသတင်းပို့မှုပင်။ ချီထျန်းယွီတွင် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည် မရှိချေ။ ထို့ကြောင့် သူတို့မျိုးနွယ်၏ ကျန်းရှင်းကျားများက သူ့ကို ခြေရာခံနိုင်သည်။ သူတို့သည် ထိုတမန်တော်ကို အသုံးချကာ ကျန်းရီကို ရှာ၍ သတ်ဖြတ်နိုင်ပေသည်။
ဝူနီ လျင်မြန်စွာ ပြောလိုက်၏။
“ကျွန်တော်တို့ လိုချင်တာက ရိုးရှင်းပါတယ်။ ကျွန်တော်တို့ စုလောရွှယ်ကို လွှတ်ပေးနိုင်တယ်... ဒါပေမဲ့ ကျွန်တော်တို့ ဆုံးရှုံးခဲ့ရတာတွေအတွက် လျော်ကြေးလိုချင်တယ်။ ပြီးတော့ ကျန်းရီကိုယ်တိုင်လည်း သူက ကျွန်တော်တို့ ဝူမျိုးနွယ်နှင့် ဘယ်တော့မှ ရန်သူထပ်ဖြစ်တော့မှာ မဟုတ်သလို အရှေ့ဘက် တော်ဝင်နယ်မြေကိုလည်း ထပ်ခြေချတော့မှာ မဟုတ်ဘူးလို့ လောကကြီးကို ကြေညာပေးရမယ်”
“မင်းတို့ရဲ့ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးရမှာလား”
ချီထျန်းယွီ၏ မျက်ဝန်းများ တောက်ပသွား၏။ ဝူမျိုးနွယ်က မျိုးနွယ်ကြီးတစ်ခုဖြစ်ပြီး အင်အားကြီးပေသည်။ သူတို့တွင် မည်သည့်အရာများ ရှားပါးပါသနည်း။ သူတို့တွင် မည်သည့်အရာများ မရှိပါသနည်း။ သူ ခေတ္တမျှ တွေးတောလိုက်ပြီး ချက်ချင်း သဘောပေါက်သွားသည်။ ဝူမျိုးနွယ်က ဤရှက်ဖွယ်အခြေအနေမှ ရုန်းထွက်လိုနေခြင်းပင်။ အနည်းဆုံးတော့ သူတို့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ရမည်ဖြစ်သည်။ ထို့ကြောင့် ချီထျန်းယွီ မေးလိုက်သည်။
“မင်းက ဘာလိုချင်တာလဲ”
“ရှေးဟောင်းအသုံးအဆောင်”
ဝူနီက ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
“ကျွန်တော် ကျန်းရီ အပြစ်ဆေးကြောဒေသထဲမှာ ရလာခဲ့တဲ့ ရှေးဟောင်းအသုံးအဆောင်ကို လိုချင်တယ်”
***