လဲလှယ်ခြင်း
Vol. 70 Ch. 969
ချီထျန်းယွီသည် ဝူနီ၏ တောင်းဆိုချက်ကို မည်သို့မှ မတုံ့ပြန်နိုင်ပေ။ ထိုကိစ္စကို ကျန်းရီက ဆုံးဖြတ်ရမည် မဟုတ်ပါလား။ ထို့ကြောင့် သူ တည်နေရာပြောင်းရွှေ့ကာ ထွက်ခွာသွားလေသည်။
ချီထျန်းယွီက ရွှမ်ဘုရင်ဒေသသို့ ပြန်သွားခြင်း မဟုတ်ဘဲ ဝူမျိုးနွယ်၏ ဒေသလေးခုအတွင်း၌ လှည့်ပတ်တည်နေရာပြောင်းရွှေ့ နေခြင်းပင်။ သူက တမန်တော်ဖြစ်သဖြင့် မည်သူမှ သူ့ကို မတားဝံ့ကြပေ။ သူ့ထံတွင် ဝူနီပေးထားသော တံဆိပ်ပြားရှိပေသည်။ သူသည် အကြိမ်ဒါဇင်ကျော် တည်နေရာပြောင်းရွှေ့ပြီးနောက် မြောက်ဘက်ဧကရာဇ်ဒေသအတွင်းရှိ မြို့ကြီးတစ်မြို့အတွင်း၌ နေလိုက်လေသည်။
ချီထျန်းယွီ စတင်လှုပ်ရှားသည်နှင့် ဝူနီ၏ လူများက သူ့ကို ချက်ချင်း နောက်ယောင်ခံလိုက်လိုက်သည်။ ကျန်းရှင်းကျားများကလည်း သူ့ကို အမြဲ ခြေရာခံနေသည်။ ထိုအခိုက်တွင် လူများက သူ့ကို ဂရုတစိုက် စောင့်ကြည့်နေကြပေသည်။ သူတို့သည် သူက မည်သူနှင့် ဆက်သွယ်မည်ကို သိလိုနေကြသည်။ ထိုမှ သူတို့ ကျန်းရီ၏ သဲလွန်စများကို ရှာနိုင်မည်ဖြစ်သည်။
သို့သော် ချီထျန်းယွီက မည်သူနှင့်မှ မဆက်သွယ်သဖြင့် ဝူနီ စိတ်ပျက်သွားရသည်။ ချီထျန်းယွီသည် မြို့ထဲမှ နေ၍ အေးအေးလူလူ ရေချိုးကာ ညစာစားသောက်၍ အိပ်ရာဝင်သွားလေသည်။ ဒုတိယနေ့တွင်လည်း သူက ယမန်နေ့ကကဲ့သို့ပင် ဆက်၍ တည်နေရာပြောင်းရွှေ့သည်။ ဝူနီ၏ လက်အောက်ငယ်သားများသည်လည်း သူ့နောက်သို့ အသည်းအသန် လိုက်ကြရသည်။ သူတို့သည် ယဲ့မျိုးနွယ်၏ ပိုင်နက်မှနေ၍ ယဲ့မျိုးနွယ်၏ တောင်ဘက်ရှိ ရှေးဟောင်းတော်ဝင်မျိုးနွယ်၏ ပိုင်နက်တစ်ခုသို့ ရောက်သွားကြသည်။ ချီထျန်းယွီသည် တစ်ရက်အတွင်းမှာပင် အကြိမ်ရာကျော် တည်နေရာပြောင်းရွှေ့ခဲ့သည်။ ထို့ကြောင့် သူ့နောက်သို့ လိုက်ရသူများသည် အလွန်ပင်ပန်းနေကြပြီဖြစ်သည်။
တတိယမြောက်နေ့တွင်လည်း ချီထျန်းယွီက ဆက်၍ တည်နေရာပြောင်းရွှေ့ပြန်သည်။ သူ့တွင် ကောင်းကင်ကျောက်တုံးများ ပေါပေသည်။ ဤတစ်ကြိမ်တွင် ကျန်းရီသည် သူ့ကို စိတ်ကြိုက်တည်နေရာပြောင်းရွှေ့ရန် ကောင်းကင်ကျောက်တုံး သန်းထောင်ကျော်ပေးလိုက်သည်။ သူသည် အရှေ့ဘက်ရှိ ရှီးမျိုးနွယ်၏ ပိုင်နက်အတွင်းသို့လည်း သွားလိုက်သည်။ သူက အလွန်လျင်မြန်စွာ တည်နေရာပြောင်းရွှေ့နေခြင်းဖြစ်၍ ဝူနီ၏ လူများက လိုက်မမီတော့ပေ။
ချီထျန်းယွီနောက်သို့ လိုက်နေသူများမှာ တစ်ယောက်၊ နှစ်ယောက်သာ မဟုတ်ပေ။ ကျန်းရှင်းကျားတစ်ယောက်၊ ရှန်းဝမ်တာ့ရှီးတစ်ယောက်၊ နတ်ဘုရားတစ်ပိုင်းပညာရှင်တစ်ယောက်၊ အာကာသတာအိုပုံသဏ္ဌာန်ကို ကျွမ်းကျင်သော ပညာရှင်များ၊ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ကျွမ်းကျင်သော ပညာရှင်များ စသည်ဖြင့် အုပ်စုလိုက်ကြီးဖြစ်သည်။ အစမှနေ၍ သူတို့သည် ချီထျန်းယွီနောက်သို့ တည်နေရာပြောင်းရွှေ့ရင်း လိုက်နေခြင်းပင်။ သို့သော် သူတို့သည် ဝူမျိုးနွယ်၏ ပိုင်နက်အတွင်းမှ ထွက်သွားသည်နှင့် ဆက်၍ တည်နေရာမပြောင်းရွှေ့ဝံ့ကြတော့ပေ။ ချီထျန်းယွီက သူတို့ကို သတိထားမိသွားနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် သူတို့သည် ရွေးချယ်စရာ မရှိတော့ဘဲ ချီထျန်းယွီကို ခြေရာခံရန် ကျန်းရှင်းကျားနှင့် ရှန်းဝမ်တာ့ရှီးတို့အပေါ်တွင်သာ မှီခိုရတော့သည်။
ချီထျန်းယွီက နောက်ယောင်ခံလိုက်လာသည့် အုပ်စုကို ကွေ့ပတ်ခေါ်သွားခဲ့၏။ သို့သော် ကျန်းရီက သတင်းကို ဒုတိယမြောက်နေ့ကတည်းက လက်ခံရရှိပြီးဖြစ်သည်။ သူသည် လုံခြုံစေရန် လိုရမည်ရအဖြစ် သတင်းလာပို့သူကို ဧကရာဇ်နန်းတော်ထဲသို့ ချက်ချင်း ထည့်ထားလိုက်သည်။ ထို့နောက်မှ သူက ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ မြို့မှ ထွက်သွားလိုက်လေသည်။
ကျန်းရီသည် မြို့ပြင်သို့ ရောက်သောအခါ သူ့ရုပ်သွင်နှင့် စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းလဲလိုက်ပြီး စဉ်းစားချင့်ချိန်လိုက်သည်။ ဝူနီ၏ တောင်းဆိုချက်က အလွန်များပေသည်။ သို့သော် တောင်းဆိုချက်က များလေလေ၊ စုလောရွှယ်က သူတို့၏ လက်ထဲတွင် ရှိနေရမည်ဟု သူ ယုံကြည်လာလေလေပင်။ အကယ်၍ သူတို့က သူ့ကို လှည့်စားခြင်းဆိုလျှင် ကျန်းရီသည် သွေးဖြင့် လက်စားချေမည်ဖြစ်သည်။
စုလောရွှယ်ကို ကယ်တင်ရပေမည်။ ဝူမျိုးနွယ်ကို ထပ်မံတိုက်ခိုက်တော့မည် မဟုတ်ဟုနှင့် အရှေ့ဘက် တော်ဝင်နယ်မြေကို ထပ်မံခြေချတော့မည်မဟုတ်ဟု ကျိန်ဆိုရန်မှာ ကျန်းရီအတွက် ပြဿနာမဟုတ်ပေ။ ကျိန်ဆိုခြင်းက ဘာမှ အဖိုးမတန်ပေ။ သူသည် အရှေ့ဘက် တော်ဝင်နယ်မြေမှ ချက်ချင်း ထွက်ကာ အပြစ်သားကျွန်းသို့ ပြန်သွားနိုင်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ကိုလည်း သူ လက်လျှော့နိုင်သည်။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်အထိ ရောက်အောင် ကျင့်ကြံပြီးမှ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်လာနိုင်သည်။
သမိုင်းကို အနိုင်ရသူများကသာ ရေးထိုးကြခြင်းပင်။ ထို့ကြောင့် ကျန်းရီအတွက် ဂုဏ်သိက္ခာက အရာအားလုံး မဟုတ်ပေ။ သူသည် ကောင်းကင်ကြယ်တာရာနယ်မြေတွင် ရှန်ဝူနိုင်ငံကို သစ္စာဖောက်ခဲ့သဖြင့် အရှက်ရခဲ့၏။ သို့သော် သူက ကောင်းကင်ကြယ်တာရာနယ်မြေကို သိမ်းပိုက်နိုင်လောက်သည်အထိ အင်အားကြီးလာသောအခါ လူတိုင်းသည် သူ့ကို ချီးကျူးခဲ့ကြပြီး ကယ်တင်ရှင်အဖြစ်ပင် ယုံကြည်ခဲ့ကြသည်။
ထို့ကြောင့် ကျိန်ဆိုခြင်းများမှာ ဘာမှ အဖိုးမတန်သည့် ပေါက်ကရများသာဖြစ်သည်။ စုလောရွှယ်သာ ဘေးကင်းကင်း လွတ်လာမည်ဆိုလျှင် သူ ကျိန်ဆိုနိုင်ပေသည်။ သို့သော် ရှေးဟောင်းအသုံးအဆောင်ကိုမူ သူ သိပ်မပေးလိုပေ။ ထိုပစ္စည်းက သူ ဝူမျိုးနွယ်တစ်ခုလုံးကို ရှင်းပစ်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
‘ဟုတ်တယ်... အပြစ်ဆေးကြောဒေသထဲက ပြန်ထွက်လာရင် မှတ်ဉာဏ်တွေ အဖျက်ခံရတာပဲ။ သူတို့က ငါ ရှေးဟောင်းအသုံးအဆောင်တစ်ခုကို ရသွားတယ်လို့ပဲ ရေးမှတ်ထားကြမှာ။ ဒါပေမဲ့ ဘယ်လိုရှေးဟောင်းအသုံးအဆောင်လဲဆိုတာကို ဘယ်သူမှ မသိလောက်ဘူးမလား’
ကျန်းရီ အကြံတစ်ခု ရလိုက်၏။ ဝူနီက သူ မည်သည့်ရှေးဟောင်းအသုံးအဆောင်ကို ရခဲ့ကြောင်း မသိသဖြင့် အသုံးအဆောင်အတုတစ်ခုကို ပေးလိုက်၍ ရပေသည်။ ယင်းက ရှေးဟောင်းအသုံးအဆောင်ဖြစ်နေသ၍ အဆင်ပြေမည်ဖြစ်သည်။ အသုံးအဆောင်အတု၏ စွမ်းအားကို ကျန်းရီ ဂရုမစိုက်ပေ။ ၎င်းက စွမ်းအားကြီးပုံ ပေါ်နေလျှင် လုံလောက်ပြီဖြစ်သည်။
ကျန်းရီ၏ လက်ထဲတွင် ဧကရာဇ်နန်းတော် ထွက်ပေါ်လာသည်။ သူသည် ဧကရာဇ်နန်းတော်ထဲမှ သတင်းလာပို့သူကို ပြန်ထုတ်လိုက်ပြီး ချက်ချင်း ညွှန်ကြားလိုက်သည်။
“ရှေ့ပိုင်းတောင်းဆိုချက်တွေက ပြဿနာမရှိဘူးလို့ ချီထျန်းယွီကို ပြန်ပြောလိုက်။ ရှေးဟောင်းအသုံးအဆောင်အတွက်ကတော့ အသုံးအဆောင်တစ်ခုကို မသိမသာ သွားဝယ်လိုက်။ အဲ့အသုံးအဆောင်က စွမ်းအားကြီးတဲ့ပုံပေါ်ရင် ရပြီ... တကယ်ကြီး စွမ်းအားကြီးစရာမလိုဘူး။ မင်းတို့က ရတနာကို ပေးပြီးရင် သူတို့ကို စုလောရွှယ်ကို လွှတ်ပေးမှာဆိုတော့... စုလောရွှယ် လွတ်တာနဲ့ မင်းတို့ ငါ့ကို ဂရုမစိုက်တော့ဘဲ စုလောရွှယ်ကို အပြစ်သားကျွန်းဆီ ချက်ချင်းခေါ်သွားလိုက်။ ငါ မထွက်ပေါ်လာသေးသ၍ ဝူနီက မင်းတို့ကို လိုက်သတ်ရဲမှာ မဟုတ်ပါဘူး”
ကျန်းရီသည် ညွှန်ကြားပြီးနောက် ချက်ချင်း ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ခွာသွား၏။ ရန်သူသည် ထိုသတင်းပို့သူ၏ အရှိန်အဝါကိုလည်း ခြေရာခံကာ သူ့ကို ရှာနေနိုင်ပေသည်။ ထို့ကြောင့် သူ သတိထားရပေမည်။ သူ ပြောခဲ့သလိုပင် သူ မသေသေးသ၍ ချီထျန်းယွီနှင့် အခြားသူများက လုံခြုံပေသည်။
သတိရှိခြင်းကကောင်းသော်လည်း ကျန်းရီက ဝူနီ၏ ထောက်လှမ်းရေးများကို ပိုတွက်ကာ အရိပ်ဧကရာဇ်၏ လက်အောက်ငယ်များ၏ သတင်းပို့ စွမ်းရည်ကို လျှော့တွက်မိခြင်းပင်။ ထိုလူသည် မြို့ထဲသို့ ပြန်ရောက်သွားသော်လည်း မည်သူ၏ ခြေရာခံမှုကိုမှ မခံခဲ့ရပေ။
အရိပ်ဧကရာဇ်၏ မျိုးနွယ်က သူလျှိုလုပ်ခြင်းနှင့် ထောက်လှမ်းရေးတို့တွင် အစွမ်းဆုံးဖြစ်သည်။ သူတို့ထက် ပိုသာသူ တစ်ယောက်မှ မရှိပေ။
အတိတ်တွင် အရိပ်ဧကရာဇ်၏ မျိုးနွယ်ကြောင့်မဟုတ်လျှင် မိစ္ဆာမျိုးနွယ်က ပျက်သုဉ်းခဲ့မည်ဖြစ်သည်။ အပြစ်သားကျွန်းကလည်း ပြာကျနေသည်မှာ ကြာလောက်ပေပြီ။ ချီထျန်းယွီတို့မျိုးနွယ်က အရှေ့ဘက် တော်ဝင်မျိုးနွယ်တွင် သူလျှိုလုပ်နေခဲ့သည်မှာ နှစ်သောင်းချီကြာပြီဖြစ်သော်လည်း မည်သူကမှ သူတို့က သူလျှိုများဖြစ်ကြောင်း သတိမထားမိကြသေးပေ။ ထို့ကြောင့် သူတို့က မည်မျှ စွမ်းဆောင်နိုင်ကြောင်း သိနိုင်ပေသည်။
ချီထျန်းယွီ၏ လူများသည် ကျန်းရီ၏ ညွှန်ကြားချက်အတိုင်း ရှေးဟောင်းအသုံးအဆောင်တစ်ခုကို ရှာလိုက်ကြသည်။ ရှေးဟောင်းအသုံးအဆောင်များက ရှားပါးပေသည်။ သို့သော် အချို့ကို ရှေးဟောင်းနယ်မြေများတွင် ရှာတွေ့ခဲ့သည်။ ထို့ကြောင့် အသုံးမဝင်သော ရှေးဟောင်းအသုံးအဆောင်များကို အလွယ်တကူ ဝယ်ယူနိုင်သည်။ သူတို့သည် တစ်ရက်အတွင်းမှာပင် ရှေးဟောင်းအသုံးအဆောင်တစ်ခုကို ကောင်းကင်ကျောက်တုံး သန်းတစ်ထောင်ဖြင့် ဝယ်ယူနိုင်ခဲ့သည်။
ချီထျန်းယွီကလည်း အထူးသတင်းကို ရထားပြီးဖြစ်၍ လူတစ်စုကို ဦးဆောင်ကာ မြောက်ဘက်လွင်ပြင်မြို့သို့ ပြန်သွားလိုက်သည်။ သူသည် အရှေ့ဘက် တော်ဝင်နယ်မြေ၏ တစ်ဝက်လောက်ကို လှည့်ပတ်တည်နေရာပြောင်းရွှေ့ခဲ့ပြီး ဝူနီ၏ လူများကို ပတ်ချာယမ်းသွားစေခဲ့သည်။ နှစ်ရက်ကြာပြီးမှ သူ မြောက်ဘက်လွင်ပြင်မြို့သို့ တည်နေရာပြောင်းရွှေ့ကာ ဝူနီနှင့် တွေ့ဆုံ၍ တောင်းဆိုချက်များကို သဘောတူလိုက်လေသည်။
သို့သော် ဝူနီက တုံ့ဆိုင်းသွားခဲ့ပြီး နေ့တစ်ဝက်စောင့်ရန် ပြောခဲ့သည်။ သူသည် ချီထျန်းယွီကို ထားခဲ့၍ မြို့အရှင်စံအိမ်၏ အတွင်းခြံဝန်းထဲသို့ ဝင်သွားလိုက်သည်။ အတွင်းခြံဝန်းထဲတွင် လှပသောအဆောက်အဦတစ်ခု ရှိပေသည်။ ထိုအဆောက်အဦထဲတွင် အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးများက အပင်ငယ်လေးများကို အရွက်ညှပ်နေသည်။ သူမ၏ မျက်နှာထားက ပန်းနတ်သမီးတစ်ပါးကဲ့သို့ တည်ငြိမ်အေးချမ်းနေပေသည်။
ဝူနီသည် ကျီထင်ယွီကို တွေ့သောအခါ စိတ်တည်ငြိမ်သွား၏။ သူသည် သူမထံ လျှောက်သွားလိုက်ပြီး သက်ပြင်းရှည်ကြီးချကာ ပြောလိုက်သည်။
“ကျန်းရီ ဘယ်မှာရှိနေတယ်ဆိုတာကို မသိရသေးဘူး။ သူ့ရဲ့ တမန်တော်ကတော့ ငါတို့ရဲ့ တောင်းဆိုချက်တွေကို သဘောတူလိုက်ပြီ။ သူယူလာတဲ့ ရှေးဟောင်းအသုံးအဆောင်က အတုဖြစ်ရလိမ့်မယ်လို့ ငါထင်တယ်။ ထင်ယွီ ငါတို့ ဘာလုပ်သင့်လဲ”
“အတုဆိုလည်း အတုပေါ့။ ရှင်တို့ရဲ့ ဝူမျိုးနွယ်က မျိုးနွယ်ကြီးတစ်ခုပဲ... ရတနာတွေ မရှားပါဘူး”
ကျီထင်ယွီသည် အပင်ငယ်လေးများ၏ အရွက်များကို ဆက်ညှပ်ကာ ပြောလိုက်သည်။
“သူက ဓားစာခံကို လိုချင်တယ်ဆိုတော့လည်း ပေးလိုက်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် အစကတည်းက သူ့ကို ဓားစာခံပေးလိုက်ဖို့ စီစဉ်ထားတာပဲ မဟုတ်လား”
“သူ့ကို ပေးရမယ်...”
ဝူနီက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“သူက ဓားစာခံကို ရပြီးပေမယ့် ငါတို့ကို ဆက်တိုက်ခိုက်နေဦးမယ်ဆို ဘယ်လိုလုပ်မှာလဲ”
“သူ လူကို ကိုယ်တိုင်ယူမှာ မဟုတ်ပါဘူး”
ကျီထင်ယွီက နောက်လှည့်၍ ပြုံးကာ ပြောလိုက်သည်။
“ကျန်းရီက အရမ်းသတိကြီးတယ်။ ကျွန်မ သူ့အကြောင်းကို ကောင်းကောင်းသိပါတယ်။ ကျွန်မ မှန်းတာသာ မမှားဘူးဆိုရင် သူက ဒီတစ်ခေါက်လည်း ပေါ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ အစောင့်တစ်ယောက်အနေနဲ့ တိတ်တဆိတ် လိုက်လာလိမ့်မယ်။ သူက စုလောရွှယ်ကို အပြစ်သားကျွန်းဆီ လိုက်ပို့ပေးမှာပဲ။ မပူပါနဲ့... ကျွန်မရဲ့ နောက်ပိုင်းအစီအစဉ်က စနေပါပြီ။ ဒီတစ်ခေါက် ဘာပြဿနာမှ မတက်ဘူးဆိုရင် သူ ဒီကပ်ဘေးကနေ လွတ်မြောက်နိုင်တော့မှာ မဟုတ်ပါဘူး”
ဝူနီသည် ကျီထင်ယွီ၏ မှင်တက်ဖွယ် အပြုံးနှင့် ခန့်မှန်း၍ မရသော မျက်နှာထားကို တွေ့လိုက်သောအခါ စိတ်အေးသွား၏။ ထို့ကြောင့် သူ ခေါင်းညိတ်လိုက်ပြီး ချီထျန်းယွီနှင့် အပေးအယူ ပြုလုပ်လိုက်လေသည်။
ချီထျန်းယွီက ရှေးဟောင်းအသုံးအဆောင်ကို တန်းမပေးသေးဘဲ အလေးအနက် ပြောလိုက်သည်။
“သခင်လေးက ပြောလိုက်ပါတယ်... သခင်မလေးစုသာ အရှေ့ဘက် တော်ဝင်နယ်မြေက ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်မယ်ဆိုရင် သူ အရှေ့ဘက် တော်ဝင်နယ်မြေကို ဘယ်တော့မှ ထပ်ခြေမချတော့ဘူးလို့ ကြေညာပါမယ်တဲ့။ ရှေးဟောင်းအသုံးအဆောင်အတွက်ကတော့ ဓားစာခံနဲ့ လဲယူရပါမယ်။ သခင်မလေးစုက ဘယ်မှာပါလဲ”
ကြေညာခြင်း မကြေညာခြင်းက အရေးမကြီးပေ။ ဝူနီကလည်း ဖိအားမပေးပေ။ သူသည် လက်ဝှေ့ယမ်းလိုက်ပြီး အော်ပြောလိုက်သည်။
“သူ့ကို ဒီကိုခေါ်လာခဲ့ကြ”
အစောင့်တစ်စုသည် အဝတ်ထမ်းစင်ဖြင့် မိန်းမပျိုတစ်ယောက်ကို သယ်ခေါ်လာ၏။ ထိုမိန်းမပျိုက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ယစ်မူးဖွယ် လှပပေသည်။ သူမသည် သတိမေ့နေသဖြင့် အိပ်ပျော်နေသော နတ်မိမယ်တစ်ပါးကဲ့သို့ လှပနေသည်။
“သူက သခင်မလေးစုပဲ”
ချီထျန်းယွီ၏ မျက်လုံးများ အရောင်တောက်သွား၏။ သူမသည် ကျန်းရီ သူ့ကို ပေးလိုက်သော ပုံတူထဲကအတိုင်း တစ်ပုံစံတည်း တူပေသည်။ သို့သော် သူသည် ချက်ချင်း မလဲလှယ်လိုက်သေးဘဲ ခေတ္တမျှ တိတ်တဆိတ် စောင့်နေလိုက်သည်။ ကျန်းရီက မိုင်းတစ်သန်းပတ်လည်အတွင်း၌ ရှိနေမည်ကို သူသိပေသည်။ ယခုလောက်ဆိုလျှင် ကျန်းရီက သူမကို စစ်ဆေးနေလောက်ပေပြီ။ ထို့ကြောင့် သူသည် ရှေးဦးစွာ ကျန်းရီ၏ အတည်ပြုမှုကို ယူရမည်ဖြစ်သည်။
“လောရွှယ်...”
ကျန်းရီသည် အမှန်ပင် မိုင်တစ်သန်းအကွာရှိ တောင်ထွတ်တစ်ခုပေါ်တွင် ရှိနေပေသည်။ သူက မိစ္ဆာသားရဲတစ်ကောင်အဖြစ် ပြောင်းလဲကာ ကောင်းကင်နားလည်သိမြင်ခြင်းဖြင့် စစ်ဆေးနေသည်။ ကျီထင်ယွီက စုလောရွှယ်နှင့် တစ်ပုံစံတည်းတူသော မိန်းမပျိုတစ်ယောက်အား ရှာခဲ့နိုင်ခြင်းကို အသိအမှတ်ပြုရပေမည်။ ထို့ကြောင့် ထိုမိန်းမပျိုက မည်သည့် ရုပ်ဖျက်အတတ်ကိုမှ သုံးစရာမလိုချေ။ ထို့ပြင် သူမ၏ စိတ်ဝိညာဉ်က ငြိမ်သက်နေသဖြင့် ကျန်းရီသည် သူမ၏ စိတ်ဝိညာဉ်အရှိန်အဝါကို အာရုံမခံနိုင်ပေ။
ကျန်းရီသည် အလွန်ဝေးသောနေရာတွင် ရှိနေသဖြင့် အကြမ်းဖျင်းသာ စစ်ဆေးနိုင်ပေသည်။ ထို့ကြောင့် သူသည် အကြိမ်အနည်းငယ် စစ်ဆေးပြီးနောက် သူ့လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို လျင်မြန်စွာ ဖိချေလိုက်လေသည်။
ဝှစ်...
တစ်နာရီအတွင်းမှာပင် မြောက်ဘက်လွင်ပြင်မြို့၏ တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာပြီး လူတစ်ယောက် တည်နေရာပြောင်းရွှေ့လာလေသည်။ ထိုလူက ချီထျန်းယွီ၏ လက်အောက်ငယ်သားတစ်ယောက်ပင်။ သူသည် တည်နေရာပြောင်းရွှေ့လာပြီးပြီးချင်း ချီထျန်းယွီထံ သတင်းပို့လိုက်သည်။
“လဲလို့ရပြီလို့ သခင်လေးက ပြောပါတယ်”
‘ထင်ထားတဲ့အတိုင်း ကျန်းရီက အနီးနားမှာပဲ’
ဝူနီက မသိမသာ လက်ဟန်ပြလိုက်၏။ သူ၏မျက်လုံးများကလည်း ကျေနပ်ဟန် လင်းလက်သွားသည်။ သို့သော် ထိုအလင်းအောက်တွင် သတ်ဖြတ်အရှိန်အဝါတစ်ခု ပုန်းအောင်းနေပေသည်။
***