← Chapters

ငါ့ဇနီး အတွက် လက်တုံ့ပြန်ခြင်း

Vol. 24 Ch. 327

ငါ့ဇနီး အတွက် လက်တုံ့ပြန်ခြင်း

Vol. 24 Ch. 327

ရတနာ ပစ္စည်းမရှိသည့် နှင်းခါး ပင်လယ်ကဲ့သို့ နယ်ပယ်သို့ ရေခဲဝိညာဉ်ကြော ပိုင်ရှင်များမှ လွဲ၍ လူအနည်းငယ်သာ လာရောက် ကြလေသည်။ သို့သော်လည်း လူအုပ်စုလိုက် အမှန်တကယ် ရောက်ရှိလာ ကြလေသည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်က ကိစ္စကို ပြန်တွေးကြည့်ပြီး ထိုမျှ အလိုက်ခံရသည့် အခါ မိုဝူကျီက မည်မျှပင် တုံးအစေကာမူ ထိုအရာမှာ ကျိုးပျက်ဂိုဏ်း သို့မဟုတ် ယန်မျိုးနွယ်စု တစ်ခုတည်း၏ အင်အားစု မဟုတ်ကြောင်း သိ၏။ ဖြစ်နိုင်သည်က သူ့တွင် ရတနာ ရရှိလာခြင်းကြောင့်သာ ဖြစ်ရမည်။

သူက အာကာသထဲ ထွက်မလာခင် သူက သေမင်းတိုက်ပွဲ စင်မြင့်တွင် ယန်ယန်ဒေါင်ကို သတ်ဖြတ်ခဲ့သည်။ အကယ်၍ ရတနာ ဖြစ်နေပါက ယန်ယန်ဒေါင်ဆီက ရရှိလာခြင်းသာ ဖြစ်ရမည်။

တကယ်လို့ သူ့ခန့်မှန်းချက်သာ မှန်နေပါက ထိုလူများလည်း လခြမ်းကွေး သော့ကြောင့် ရောက်ရှိလာခြင်း ဖြစ်ရမည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်က သူ့နောက်ကို လိုက်ဖမ်းကြသည့် လူများမှာလည်း လခြမ်းကွေး သော့ကြောင့် ဖြစ်ရမည်။ သို့သော်လည်း ထိုလူများမှာ အကြံအဖန် များပြီး လခြမ်းကွေး သော့အတွက် လုယူရန် မပြောနိုင်ကြသည့် အတွက် တခြား အကြောင်းပြချက်များ ရှာလိုက် ကြသေးသည်။

မိုဝူကျီက အေးစက်စွာ သရော်ရင်း မတ်တတ်ရပ် လိုက်သည်။

သူ့စွမ်းအားများက နှင်းခါး ပင်လယ်မှ အအေး စွမ်းအားများနှင့် တစ်သားတည်း ဖြစ်နေလေပြီ။ အကယ်၍ သူက လောက အင်မော်တယ် အဆင့် ကျင့်ကြံသူကို ဝင်တိုက် သွားလျှင်ပင် လောက အင်မော်တယ်က ရေခဲလှိုင်းများကြား ပုန်းကွယ်နေသည့် သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

သို့သော်လည်း သူက ထိုလူများဆီ ပုန်းကွယ်နေရန် မကြံထားပေ။ သူ့နှလုံးသားထဲမှ အမျက်ဒေါသမီးက တစ်နှစ်ကြာ လောင်မြိုက်ခဲ့ပြီ ဖြစ်ရာ တစ်ချိန်လုံးလည်း လောင်ကျွမ်း နေလေသည်။ သို့ဖြစ်ပါ၍ သူက သွေးချောင်းစီးအောင် သတ်ပစ်ချင်မိသည်။ ယခု လူများက နှင်းခါး ပင်လယ်ထဲအထိ ရောက်လာကြသည့် အတွက် လွှတ်ပေး လိုက်ရလျှင် သူက မိုဝူကျီ မဟုတ်တော့ပေ။

သူ့ကိုယ်ပိုင် အမုန်းတရားကြောင့် ဖြစ်စေ သို့မဟုတ် ချိန်စုယင်ကြောင့် ဖြစ်စေ သူက ထိုအကြွေးကို ပြန်လည် ဖြေရှင်းရမည်။

သူက နှင်းခါးပင်လယ် အစွန်အဖျားဆီ သွားရင်း သူ့မျက်လုံးမှ လူသတ်ငွေ့များ ဖုံးလွှမ်း နေလေသည်။ ဤနေရာသို့ ရောက်လာကြသည့် သူများမှာ သေချာပေါက် အားနည်းမည် မဟုတ်ပေ။ သူတို့က အနည်းဆုံးတော့ စစ်မှန်ခြင်း နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့် သို့မဟုတ် လောက အင်မော်တယ် များတောင် ဖြစ်နိုင်လေသည်။

အကယ်၍ အပြင်ဘက် အာကာသထဲတွင် ဖြစ်နေပါက သူက လက်လွှတ်လိုက်မည် ဖြစ်သော်လည်း ယခုတွင်မူ နှင်းခါး ပင်လယ်က သူ့ပိုင်နက် ဖြစ်နေလေပြီ။

သူတို့ ရောက်လာသည့် အတွက် ဤနေရာတွင် ထာဝရ အိပ်စက် သွားစေရမည်။

မိုဝူကျီက သူ့အကောင်းဆုံး အစီအရင်အလံကို ထုတ်ယူကာ ဝိညာဉ်စွမ်းအား ဝဲကတော့ အစီအရင်ကို စတင်ရန် ပြင်ဆင် လိုက်လေသည်။

ဝိညာဉ်စွမ်းအား ဝဲကတော့ အစီအရင်အတွက် အားယားနေသည့် အစီအရင်သခင် ချူရှင်းကျီမှ လွဲ၍ မည်သူကမျှ ဤအသုံးမဝင်သော အစီအရင်ကို တပ်ဆင်ကြမည် မဟုတ်ပေ။

ဤမှော် အစီအရင်တွင် လုပ်ဆောင်ချက် တစ်ခုသာ ပါရှိလေရာ ပတ်ဝန်းကျင် စွမ်းအားများ အားလုံးကို စုပ်ယူပြီး ဝဲကတော့ ဖြစ်လာခြင်း ဖြစ်၏။ သို့သော် ဤဝဲကတော့မှာ ပျက်စီးနေပြီး ကျင့်ကြံဖို့ အတွက် မသင့်တော်ချေ။

နှစ်နာရီ အကြာတွင် မိုဝူကျီက ဝိညာဉ်စွမ်းအား ဝဲကတော့ နယ်ပယ်ကို ပြင်ဆင်ပြီး ထိုအတွင်း၌ ပညာရှင် နှလုံးသား အမျှင်လေးနှင့် အတူ ကမ္ပည်းတိုင်ကို ချန်ထားရစ်ခဲ့ လိုက်သည်။ ထို့နောက် ချိန်စုယင် ကျောက်စိမ်း ခေါင်းတလား ဖက်ကာ အလျင်အမြန် ထွက်ခွာ သွားလေသည်။

မိုဝူကျီက ထိုနေရာနှင့် အတော်ဝေးသည့် နေရာကို ရောက်သည့်အခါ ချိန်စုယင် ခေါင်းတလားကို ချကာ ရောင်ခြည် အမြောက်ကို ထုတ်ယူ လိုက်တော့သည်။

သူက ရောင်ခြည် အမြောက်များ၏ ဖျက်ဆီး နိုင်စွမ်းကို မြင်တွေ့ပြီးလေပြီ။ ရောင်ခြည် အမြောက်များမှာ လောကအင်မော်တယ် အဆင့်နှင့် ရင်ဆိုင်မည့် ရတနာ မဟုတ်ဘဲ လောက အင်မော်တယ်များထက် ပို၍ အားကောင်းသော အရာများ ဖြစ်နေကြောင်း သေချာလေသည်။ ခဲယမ်းအတွက် သူ့၌ လက်နက်လုပ်နည်း ရှိနေလျှင်ပင် ပန်းပဲဆရာ သခင်အဆင့်ပင် ထုတ်လုပ်နိုင်မည် မဟုတ်ပေ။

ထိုအမြောက်များက အားကောင်း လာသော်လည်း အားနည်းချက် ရှိလေသည်။ တပ်ဆင်ဖို့ရန်က အချိန် ကြာလှသည်။ အကယ်၍ သူက အဆင့်မြင့် ကျင့်ကြံသူနှင့် တိုက်ခိုက် နေပါက အမြောက် မထုတ်နိုင်ခင် ထိုကျင့်ကြံသူ လက်ချက်ဖြင့် အရင်သေဆုံး သွားပေလိမ့်မည်။

ရောင်ခြည် အမြောက်ကို သေချာစွာ ချိန်ရွယ်လိုက်ပြီး မိုဝူကျီက ခဲယမ်းများကို ထုတ်ကာ ထည့်လိုက်တော့သည်။ ထို့နောက် သူက စောင့်နေလိုက်သည်။ သူက နှင်းခါး ပင်လယ်တွင် တစ်နှစ်ကြာ ကျင့်ကြံခဲ့ပြီး အသက်ရှူ လမ်းကြောင်းခွဲကို ဖွင့်ထား နိုင်လေသည်။ ထို့ကြောင့် သူ့ အသက်ရှူနှုန်း တစ်မျှင်ကိုပင် ကြားရတော့မည် မဟုတ်ပေ။

မိနစ် အနည်းငယ် အကြာတွင် မိုဝူကျီ၏ ဝိညာဉ်စွမ်းအား ဝဲကတော့ အစီအရင်က အသက်ဝင် လာလေ၏။ နှင်းခါးပင်လယ် အတွင်းမှ ရှိသော အဆုံးမဲ့သည့် ဝိညာဉ် စွမ်းအားများမှာ အပျက်အစီး ဝဲကတော့ အဖြစ် ပြောင်းလဲ သွားကြပြီး အစီအရင် ဗဟိုချက်၌ ပြင်းထန်စွာ ဝေ့ဝဲ နေလေသည်။

တကယ်တော့ မိုဝူကျီက နှင်းခါးပင်လယ်ထဲ လူတွေဝင်လာမှန်း သတိထားမိသည့် အချိန် လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ များမှာလည်း နှင်းခါးပင်လယ် အတွင်းပိုင်းမှ သက်ရှိ အရိပ်အယောင်ကို ခံစားမိ ကြလေသည်။

သူတို့က ဤနေရာသို့ ရောက်လာသည်မှာ အချိန်အတော် ကြာနေသော်လည်း သူတို့က နှင်းခါးပင်လယ် အတွင်း တစ်နှစ်ကြာသည့် အထိ ရေခဲလှိုင်းများနှင့် ပေါင်းစပ်နေသည့် မိုဝူကျီကဲ့သို့ မဟုတ်ကြပေ။ မိုဝူကျီက ဤနေရာတွင် ကျင့်ကြံခဲ့ပြီး သူ့ကိုယ်ပိုင် ပြုပြင်ထားသည့် ကျင့်စဉ်ဖြင့် ကျင့်ကြံနေခဲ့ခြင်း ဖြစ်ပေသည်။ သူ့အဓိက ရည်ရွယ်ချက်မှာ ဘေးပတ်လည်မှ အအေး စွမ်းအားနှင့် ရောနှော ပေါင်းစပ်သွားဖို့ရာ ဖြစ်၏။ ပထမ တစ်ချက်မှာ သူ့ကိုယ်သူ အအေးဓာတ်မှ ခုခံရန် ဖြစ်ကာ ဒုတိယ တစ်ချက်မှာမူ သူ့ကျင့်ကြံနှုန်း တိုးမြင့်လာရန် ဖြစ်ပေသည်။

တစ်ဖက်တွင် ထိုလူများမှာ တစ်ခုခုကို ရှာဖွေရန် ရောက်လာ ကြခြင်းသာ ဖြစ်၏။ သူတို့က သူတို့ နည်းလမ်းများကို အသုံးပြုပြီး အအေးဓာတ်ကို ခုခံကာကွယ်ရန် ကြိုးစား ထားရသည်။ ထို့ကြောင့် နှင်းခါးပင်လယ် အတွင်း၌ သူတို့၏ အာရုံခံနိုင်စွမ်းမှာ မိုဝူကျီနှင့် အလှမ်းကွာဝေး လွန်းလှသည်။

သူတို့က မိုဝူကျီ၏ အသက်ဓာတ်ကို အာရုံခံမိလျှင်ပင် သူတို့က ဘာမှလုပ်၍ မရချေ။ နှင်းခါးပင်လယ် အတွင်း သူတို့၏ စိတ်စွမ်းအားမှာ ကြီးမားစွာ ကန့်သတ် ထားလေသည်။ သူတို့က နှင်းခါးပင်လယ် အတွင်းပိုင်း၌ ပုန်းနေသည့် မိုဝူကျီကို စစ်ဆေး ရှာတွေ့နိုင်စွမ်း မရှိပေ။

အကယ်၍ တစ်ယောက်ယောက်က မိုဝူကျီသည် နှင်းခါးပင်လယ် အနက်ပိုင်း၌ ကျင့်ကြံ နေသည်ဟု ဆိုလာလျှင် ဤနေရာရှိ လောက အင်မော်တယ် မည်သူကမျှ ယုံကြမည် မဟုတ်ပေ။

သူတို့က ထိုအသက်ဓာတ်က ဘာမှန်းပင် မသိကြသော်လည်း ထိုလောက အင်မော်တယ်များမှာ မိုဝူကျီ တည်နေရာ အတိုင်း ချဉ်းကပ်လာဖို့ရာ ရွေးချယ်ကြဆဲ ဖြစ်သည်။

မိုဝူကျီ၏ ဝိညာဉ်စွမ်းအား ဝဲကတော့ အသက်ဝင် လာသည့်အခါ ကြောက်မက်ဖွယ် ဝိညာဉ် စွမ်းအားများက ထွက်ပေါ် လာလေသည်။ ထိုလောက အင်မော်တယ်များမှာ ဖြည်းဖြည်းချင်း မလုပ်နိုင်ကြတော့ဘဲ အရိပ်များသာ ချန်ထားရင်း ထိုဝိညာဉ် စွမ်းအား ဝဲကတော့ အစီအရင် ရှိသည့်နေရာ အတိုင်း ပြေးလာ ကြလေသည်။

“ဘုန်း”

ပထမဆုံး ရောက်လာသူမှာ မျက်နှာနီ လောက အင်မော်တယ် ဖြစ်လေသည်။ သူက လက်သီးတစ်ချက် ပို့လွှတ်ဖို့ရာ တွေဝေမနေဘဲ အစီအရင် ပြင်ပ အကာအရံကို ဖျက်ဆီးပစ် လိုက်သည်။

“ရှားကွမ်းယွမ် ... ဒီနေရာကို အားလုံး အတူတူ လာကြတာလေ။ မင်း တစ်ယောက်တည်း ဆင်နွဲဖို့ ဘယ်ကောင်းမလဲ” မျက်နှာနီ အဆင့်မြင့် ကျင့်ကြံသူ နောက်တွင် အရိပ်များစွာ လိုက်ပါ လာကြသည်။

“အာ ...” ရှားကွမ်းယွမ်ဟု ခေါ်သော မျက်နှာနီ လောက အင်မော်တယ် အဆင့် ကျင့်ကြံသူက အစီအရင်ကို ဖျက်ဆီးပစ်ပြီး နောက်တွင် ချက်ချင်း မဝင်သေးပေ။ ထို့အစား သူက ကျောက် ကမ္ပည်းတိုင်ကို တွေ့လိုက်ရသည်။

“ဒီမှာ ပညာရှင် နှလုံးသားရဲ့ မီးတောက် အမျှင်လေး ရှိနေတယ်” နောက်မှ ပါလာသော လောက အင်မော်တယ် တစ်ယောက်က ရေရွတ်လိုက်သည်။

ပညာရှင် နှလုံးသား ...

အားလုံး၏ စိတ်တွင် လိုချင် တပ်မက်မှုများ ကြီးစိုး လာကြလေသည်။ အကယ်၍ သူတို့သာ ပညာရှင် နှလုံးသားကို ရရှိပါက သူတို့ စွမ်းအားမှာ အဆများစွာ တိုးပွား မသွားပေဘူးလား ....

ထိုကျောက် ကမ္ပည်းတိုင် အောက်တွင် ပညာရှင် နှလုံးသား ရှိမှန်း သိနေကြသော်လည်း မည်သူကမျှ အလောတကြီး မဝင်ရဲကြပေ။

လောက အင်မော်တယ်အဆင့် အနေနှင့် ပညာရှင် နှလုံးသားမှာ မည်မျှ အားကောင်းကြောင်း သိထားကြသည်။ သူတို့သာ ပညာရှင် နှလုံးသားကို လှုပ်နိုးမိပါက လောက အင်မော်တယ် ဖြစ်နေလျှင်ပင် အပြည့်အဝ မသန့်စင်ရသေးဘဲ ထွက်သွားနိုင်မည် မဟုတ်ကြပေ။ ထို့အပြင် သူတို့များမှာ တစ်ယောက်တည်း မဟုတ်ဘဲ လောက အင်မော်တယ် ခြောက်ယောက် စုပေါင်း၍ ရောက်လာခြင်း ဖြစ်ရာ အားလုံးကလည်း ပညာရှင် နှလုံးသားကို အလိုရှိ နေကြ၏။

“ဒီနေရာမှာ အစီအရင်တချို့ ရှိနေတဲ့ ပုံပဲ။ ဘယ်သူကများ ပညာရှင် နှလုံးသားကို ဒီမှာ ထားခဲ့တာပါ့လိမ့်” ယန်ထုံချွီက သံသယဝင်စွာ ရေရွတ် လိုက်မိသည်။

“ခဏ ဒီမှာ စာလုံးတွေ ရှိနေတယ်။ နည်းနည်းလေးတော့ ဝေဝါးနေပေမဲ့ ပြောထားတာက ... ဒီနေ့က စပြီး‌တော့ မင်းတို့ ခွေးကောင်တွေ အားလုံးကို ဖြည်းဖြည်းချင်း သတ်ပြီးတော့ ငါ့ဇနီးအတွက် လက်တုံ့ပြန်မယ် ...” ကြယ်တာရာ ဘုရင်တောင်မှ လောက အင်မော်တယ်ထဲမှ တစ်ယောက်က စာလုံးများကို ဖတ်ပြီး ခေါင်းသာ ခါလိုက်မိတော့သည်။ ပြောရလျှင် ဗဟုသုတ နည်းပါးပြီး ပညာမဲ့သော သူများက အကြောက်တရားကို မသိသည်မှာ အမှန် ဖြစ်ပေလောက်မည်။

ဤနေရာတွင် လောက အင်မော်တယ် ခြောက်ယောက် ရှိနေပြီး တစ်ယောက်က ထိုရူးကြောင်ကြောင် စာလုံးများကို ဖတ်ပြလိုက်သည်။ တခြားသော လောက အင်မော်တယ်များမှာ သူ့အတိုင်း ခေါင်းသာ ယမ်းလိုက်ကြသည်။

မဟုတ်သေးပါဘူး ...

တစ်ချိန်တည်း ဆိုသလို လောက အင်မော်တယ် ခြောက်ယောက်လုံး တုံ့ပြန် လိုက်ကြသည်။ ထိုစာလုံးများမှာ လက်စားချေဖို့ရန် ဖြစ်သည့်အချက်နှင့် အစီအရင်မှာ အသစ်စက်စက် ဖြစ်နေသေးသည့် အချက်နှင့်အတူ ဖြစ်နိုင်ခြေကား တစ်ခုသာ ရှိတော့သည်။ လခြမ်းကွေး သော့များနှင့် ထိုလူမှာ အသက်ရှင်လျက် ရှိနေသေးသည်။

မိုဝူကျီက အမှန်ပင် အသက်ရှင် နေသေး၏။

ထိုခြောက်ယောက် မျက်လုံးတွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ပေါ်ပေါက် လာလေသည်။ ထိုစဉ် တချို့က မိုဝူကျီတွင် လခြမ်းကွေးသော့ ရှိနေရုံတင်မက ပညာရှင် နှလုံးသားပါ ရှိနေကြောင်း သတိရ လိုက်ကြသည်။

မိုဝူကျီက ထိုပညာရှင် နှလုံးသားကို သူတို့နှင့် ရင်ဆိုင်ရန် အသုံးပြုချင် သည်ကို တွေးကြည့်လိုက်လျှင် ...

အဝေး တစ်နေရာတွင် မိုဝူကျီက သူ့ဘေးမှ ကျောက်စိမ်း ခေါင်းတလားဘက် လှည့်ကာ ရေရွတ် လိုက်လေသည်။

“စုယင် ... ကိုယ် မင်းကို စိတ်ဝင်စားတာတွေ ပြမယ်နော်”

သူ့စကား အဆုံးတွင် သူက ရောင်ခြည် အမြောက်ကို ပစ်လွှတ် လိုက်တော့သည်။

မျက်စိ ကျိန်းလောက်သည့် အလင်းက ထိုခြောက်ယောက်လုံးကို ပါးစပ် အဟောင်းသား ဖြစ်သွားစေသည်။ ထိုစဉ် သူတို့က သူတို့ရှေ့တွင် ဘာရှိနေမှန်း သေချာ မမြင်ရသော်လည်း သူတို့က သေခြင်းတရား နီးကပ် လာသည်ကိုတော့ ခံစားမိကြသည်။

မကောင်းတော့ပေ ... ထိုခြောက်ယောက်လုံးက တစ်ချိန်တည်း နောက်ဆုတ်ဖို့ရာ အကောင်းဆုံး ကြိုးစားရင်း တုံ့ပြန် လိုက်ကြသည်။

လောက အင်မော်တယ် အနေနှင့် သူတို့က အန္တရာယ်သည် ဘယ်အရာမှန်း မသိသော်လည်း သူတို့က လွတ်မြောက်ရန်သာ အရင်ရွေးချယ် လိုက်ကြသည်။

နောက်အချိန် ပိုင်းလေးတွင် ကောင်းကင်ကိုပင် ဖျက်ဆီးပစ် နိုင်လောက်သည့် စွမ်းအား တစ်ခုကို မြင်လိုက်ရသည်။

ကမ္ဘာပေါ်မှာ အဲဒီလောက် ကြောက်ဖို့ကောင်းတာ ရှိသေးတာလား ...

ထိုအတွေးက သူတို့ခေါင်းထဲ ဖျတ်ခနဲ ပေါ်လာပြီးနောက် “ဘုန်း” ဟူသော အသံသာ ကြားလိုက် ကြတော့သည်။ မိုးနှင့်မြေကိုပင် တစ်စစီ ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည့် ထိုစွမ်းအားက ခြောက်ယောက်လုံးကို ဝါးမျို သွားတော့သည်။

ထိုခြောက်ယောက် ရှိနေခဲ့သည့် နေရာတွင် ရေခဲချိုင့်ကြီးသာ ကျန်နေခဲ့ လေသည်။ ရေခဲစများက နေရာအနှံ့ ပြန့်ကျဲ နေလေသည်။

မိုဝူကျီက အမြောက်ကို သိမ်းလိုက်ပြီး ချိန်စုယင် ကျောက်စိမ်း ခေါင်းတလားကို ဖက်ကာ အေးအေးဆေးဆေး လျှောက်လှမ်းလာသည်။

လောက အင်မော်တယ် ခြောက်ယောက်လုံးမှာ ရောင်ခြည် အမြောက်ဖြင့် အပစ်ခံ လိုက်ရသည်။ သူတို့အရိုးပင် မကျန်ပေ။ သူတို့၏ သိုလှောင် လက်စွပ်များလည်း အစအနပင် မရှိပေ။ မိုဝူကျီက သူသတ်လိုက်သည့် လောက အင်မော်တယ်များကို စိတ်ထဲပင် မထားပေ။ သူက သူ့ရှေ့မှ ဧရာမ ရေခဲချိုင့်ဝှမ်းသာ ကြည့်နေလိုက်မိ၏။

ထိုသည်က သူ့အမြောက်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ရာ ထိုချိုင့်ဝှမ်းမှ သိပ်သည်းသော ဝိညာဉ် စွမ်းအားများ ထွက်ပေါ် နေသဖြင့် မိုဝူကျီက အနည်းငယ် ရင်သပ်ရှုမော ဖြစ်သွားလေသည်။

မိုဝူကျီက အောက်ကို တအံ့တဩ ကြည့်လိုက်မိ၏။

ဒါက ဘယ်လို နေရာမျိုးလဲ ...

ယခင် သူ ကျင့်ကြံနေစဉ်က အဆုံးမဲ့သော ဝိညာဉ် စွမ်းအားများကို ခံစားမိလေသည်။ သို့သော် ယခုအခါ သူ့အမြောက်က ဤနေရာကို ဖျက်ဆီးပစ် လိုက်သည့်အခါ ဝိညာဉ် စွမ်းအားများက အံ့ဩဖို့ ပိုကောင်း လာလေ၏။

သူ့ချီသွေးကြော ၁၀၄ ခုမြောက်က ဆက်တိုက် ပြောင်းပြန် လှည့်ပတ်နေ လိုက်သည်။ သူတို့ အကြိုက်ဆုံး အရာမှာ ဝိညာဉ် စွမ်းအားများ ဖြစ်၏။ ဝိညာဉ် စွမ်းအားများ သိပ်သည်းလေလေ သူ့ကျင့်ကြံနှုန်း ပိုမြန်လေ ဖြစ်၏။

မိုဝူကျီက ထိုရေခဲ ချိုင့်ဝှမ်းကြီးထဲ ခုန်မဆင်းခင် ခဏတာ တွေဝေ သွားလေသည်။

ခဏအကြာတွင် မိုဝူကျီက လုံးဝကို အံ့ဩ သွားတော့သည်။ သူ့ရှေ့တွင် ဝိညာဉ် စွမ်းအားများ တောက်ပနေသည့် ကျောက်တုံးများ ရှိနေသည်။ သူ ခံစားမိနေသော ဝိညာဉ် စွမ်းအားများမှာ ထိုကျောက်တုံးမှ ထွက်ပေါ်နေခြင်း ဖြစ်ပေသည်။

သူက ထိုအရာများကို မှတ်မိလေ၏။ ထိုအရာများမှာ စိတ်စွမ်းအင် ကျောက်တုံးများ မဟုတ်သလို စိတ်စွမ်းအင် ကြောလည်း မဟုတ်ဘဲ ဝိညာဉ် စွမ်းအားကွင်း ဖြစ်၏။

သူ့ရှေ့တွင် ရှိနေသည်က ဝိညာဉ် စွမ်းအားရေကန် မဟုတ်ဘဲ ဝိညာဉ် စွမ်းအားတောင် ဖြစ်နေလေ၏။

မိုဝူကျီက သူ့ဘေး၌ ကျောက်စိမ်း ခေါင်းတလားကို ဂရုတစိုက် အသာချထား လိုက်သည်။ နောက်ဘဝတွင် ရှိနေသော ချိန်စုယင်က သူ့အား ကူညီပေးနေခြင်း ဖြစ်လိမ့်မည်။ သူ့အား ကျင့်ကြံဖို့ရာ လောက နိဗ္ဗာန်ကို အမှန်တကယ် ရှာတွေ့စေခဲ့သည်။

***

လောကတိုင်က လောကခန်းမ အတွင်း လူအရှုပ်ဆုံး နေရာ တစ်ခု ဖြစ်လေသည်။

ကျင့်ကြံသူများက တာဝန်တွေ လက်ခံဖို့ရာ ရောက်လာကြပြီး အာကာသထဲ သွားဖို့ရာ အုပ်စုများ ဖွဲ့ခြင်း သို့မဟုတ် သူတို့ လိုအပ်သည့် ပစ္စည်းများနှင့် ဒုတိယ အလွှာတွင် လာရောက် လဲလှယ်ခြင်းတို့ လုပ်ဆောင်ကြသည်။

သို့သော် ယနေ့တွင် ကျင့်ကြံသူများက အုပ်စု ကိုယ်စီဖြင့် ဆွေးနွေး နေကြလေသည်။

“မင်းတို့ သိကြလား ... လတ်တလော လောက အင်မော်တယ် ခြောက်ယောက်လုံး နှင်းခါး ပင်လယ်ထဲ ပျောက်သွား ကြတယ်တဲ့ ...” အဝါရောင် ဝတ်စုံနှင့် ကျင့်ကြံသူက အံ့ဩတကြီး ပြောပြလိုက်သည်။

“မဟုတ်တာတွေ မပြောစမ်း ပါနဲ့ကွာ ... နှင်းခါး ပင်လယ်က အသာလွန်ဆုံး နယ်ပယ် ကိုးခုထဲက ဆိုပေမဲ့ လောက အင်မော်တယ် အတွက် သူတို့ ကြာကြာ မနေသရွေ့ အန္တရာယ် မရှိပါဘူးကွာ ...”

“ဟားဟား မယုံလည်း နေပေါ့။ ဒါပေမဲ့ ငါ့သတင်း အရင်းအမြစ်က စိတ်ချ ရတယ်နော်။ မင်းကို ပြောပြဦးမယ် ... မျိုးနွယ်စုကြီး သုံးခုနဲ့ တချို့ အဆင့်မြင့် ကျင့်ကြံသူတွေကို ကြယ်တာရာ သခင်သာ တားမထားရင် သူတို့လည်း ...” အဝါရောင် ဝတ်စုံနှင့် အမျိုးသားက ကြယ်တာရာ ဘုရင်တောင်မှ ကျင့်ကြံသူ တချို့ကို တွေ့သောအခါ ပါးစပ်ပိတ် လိုက်ရတော့သည်။

“သူ ပြောတာ မှန်တယ်။ ငါ ကြားတာတော့ လောက အင်မော်တယ်တွေက နှင်းခါး ပင်လယ်ထဲမှာ အဆုံးသတ် သွားပြီတဲ့။ နှင်းခါးပင်လယ်က ယခင်ကထက် အန္တရာယ် များလာတဲ့ပုံပဲ ... မင်းတို့ကို ပြောပြ ရဦးမယ်။ ယန်မျိုးနွယ်စုရဲ့ တံခါးပိတ် လေ့ကျင့် နေတာကနေ ထွက်လာတဲ့ ယန်ထုံချွီလည်း နှင်းခါး ပင်လယ်ထဲ ဝင်သွားပြီးတော့ ဘယ်တော့မှ ပြန်ထွက် မလာတော့ဘူး ...” နောက်ထပ် ကျင့်ကြံသူက အလောတကြီး ဝင်ပြော လိုက်သေးသည်။

***

All Chapters