အလစ်ဝင်တိုက်ခြင်း
Vol. 70 Ch. 970
လူတစ်ယောက်သည် စိုးရိမ်နေလျှင် စိတ်ရှုပ်ထွေးနေမည်ဖြစ်သည်။
ကျီထင်ယွီက ကျန်းရီ၏အတွေးများကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။ ကျန်းရီကလည်း အလွန်ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်ကြောင်း သူမ ကောင်းစွာ သိပေသည်။ ကျန်းရီ တည်ငြိမ်နေချိန်ဆိုလျှင် အလွန်ကြောက်စရာကောင်းသည်။ သူ့ထံမှ မည်သည့် ဟာကွက်ကိုမှလည်း ရှာတွေ့မည်မဟုတ်ပေ။
ထို့ကြောင့် ကျီထင်ယွီက ကျန်းရီကို စိတ်လှုပ်ရှားသွားအောင် လုပ်လိုက်ခြင်းပင်။ စုလောရွှယ်အတုကပင် သူ့ကို စိတ်လှုပ်ရှားသွားစေရန် လုံလောက်ပေသည်။ သူ မတည်ငြိမ်တော့လျှင် ဟာကွက်များလည်း ထွက်ပေါ်လာပေလိမ့်မည်။ သူမတို့ ဟာကွက်တစ်ခုကိုသာ ဖမ်းမိနိုင်လျှင် ကျန်းရီကို သတ်နိုင်မည်ဖြစ်သည်။
ယခုအခိုက်ကိုပဲ ဥပမာအနေဖြင့်ကြည့်ပါ။ ကျီထင်ယွီသည် စုလောရွှယ်အတုကို ရှာခဲ့ပြီး သူမကို သတိမေ့နေစေလိုက်သည်။ သို့သော် ကျန်းရီသည် ထိုစုလောရွှယ်က အတုဖြစ်နိုင်သည်ဟု မတွေးဘဲ သူမက အဆိပ်မိနေခြင်း ဖြစ်ရမည်ဟု တွေးပေသည်။ ဝူနီက ထိုအဆိပ်၏ဖြေဆေးကို အသုံးချ၍ သူ့ကို ဟန့်တားလိုခြင်းဖြစ်မည်ဟု သူ တွေးခဲ့သည်။
“သခင်မလေးစုက ဘာဖြစ်နေတာလဲ”
မြောက်ဘက်လွင်ပြင်မြို့တွင် ချီထျန်းယွီက မျက်မှောင်ကြုတ်ကာ စုလောရွှယ်ကိုကြည့်၍ မေးလိုက်သည်။
စုလောရွှယ်က ကျန်းရီအတွက် မည်မျှအရေးပါကြောင်းကို ချီထျန်းယွီ ကောင်းစွာသိပေသည်။ ကျန်းရီသည် သူမအတွက်ဖြင့် ဝူမျိုးနွယ်နှင့် ရင်ဆိုင်ကာ ဒေသလေးခုကို သွေးဖြင့်ဆေးကြောခဲ့သည်။ ထို့ကြောင့် ချီထျန်းယွီသည် သူမကို မစစ်မဆေးဘဲ ခေါ်မသွားဝံ့ပေ။
ဝူနီက တည်ငြိမ်စွာ ပြောလိုက်သည်။
“အဲ့မိန်းမက ပင်မခန်းမဆီ တည်နေရာပြောင်းရွှေ့လာကတည်းက အရမ်းအားနည်းနေခဲ့တာပဲ။ အဝေးကြီး တည်နေရာပြောင်းရွှေ့လိုက်ရတဲ့အတွက် သူ့ရဲ့ စိတ်ဝိညာဉ်က ထိခိုက်သွားပုံပဲ။ ကျွန်တော်တို့သာ ဝိညာဉ်ဆေးဝါးတွေကိုသုံးပြီး သူ့ကို မကုသပေးထားဘူးဆိုရင် သူက သေတာကြာလောက်ပြီ။ အဲ့တော့ ခင်ဗျား သူ့ကို ခေါ်သွားတဲ့အခါကျ တည်နေရာပြောင်းရွှေ့အစီအရင်တွေကို မသုံးတာ ကောင်းလိမ့်မယ်။ သူ နိုးလာနိုင်မလား၊ မလာနိုင်ဘူးလားဆိုတာကတော့ ကျန်းရီက အထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်ဆေးပင်တွေကို ရှာနိုင်မလားဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ ကောင်းပြီ... ရှေးဟောင်းအသုံးအဆောင်က ဘယ်မှာလဲ”
“ငါတို့က တည်နေရာပြောင်းရွှေ့အစီအရင်ကို သုံးလို့မရဘူးလား”
ချီထျန်းယွီ အတော်လေး တုန်လှုပ်သွား၏။ သူတို့က တည်နေရာပြောင်းရွှေ့အစီအရင်ကို သုံး၍မရလျှင် စုလောရွှယ်ကို မည်သို့ ခေါ်သွားရမည်နည်း။ သူတို့ ကောင်းကင်ကံကြမ္မာသင်္ဘောကိုစီး၍ အပြစ်သားကျွန်းသို့ သွားရမည်လော။ အပြစ်သားကျွန်းက အလွန်ဝေးပေသည်။ ဝူမျိုးနွယ်က တစ်ခုခုကြံနေနိုင်သည်ကို ထည့်အတွက်လျှင်ပင် လမ်းတစ်လျှောက် ဘေးအန္တရာယ်ကင်းရန်က သူတို့ကို အမှန်ပင် ခေါင်းကိုက်စေမည်ဖြစ်သည်။ ကျန်းရီသည် သူတို့အား စုလောရွှယ်ကို အပြစ်သားကျွန်းသို့ ပို့ပေးရန် ခိုင်းထားသည်။ အကယ်၍ အမှားတစ်စုံတစ်ရာ ဖြစ်လာပါက သူတို့သည် အကြိမ်တစ်သောင်း သေလျှင်ပင် အပြစ်ဖြေနိုင်မည် မဟုတ်ချေ။
ချီထျန်းယွီသည် စုလောရွှယ်ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကြည့်လိုက်၏။ သူမ၏ စိတ်ဝိညာဉ်က အမှန်ပင် အားနည်းနေပေသည်။ လေတိုက်လျှင် ငြိမ်းသွားတော့မည့် ဖယောင်းတိုင်မီးတောက်လေးကဲ့သို့ပင်။ ထို့ကြောင့် သူသည် မဆင်မခြင် မလုပ်ဝံ့ဘဲ မြို့ထဲရှိ သူ့လက်အောက်ငယ်သားတစ်ယောက်ထံသို့ သတင်းပို့လိုက်လေသည်။ ထိုလက်အောက်ငယ်သားက လျင်မြန်စွာ တည်နေရာပြောင်းရွှေ့လိုက်ပြီး ဆယ့်ငါးမိနစ်ကြာပြီးနောက် လူတစ်ရာကျော် ခေါ်၍ ပြန်ရောက်လာသည်။
“အန်...”
လူတစ်ရာ တည်နေရာပြောင်းရွှေ့လာသောအခါ မြို့စောင့်တပ်များက အလွန်တုန်လှုပ်သွားကြ၏။ ထိုလူတစ်ရာကျော်စလုံးသည် အနိမ့်ဆုံး ကောင်းကင်ဧကရာဇ်အဆင့် ရှိကြပြီး သူတို့ထဲမှ အယောက်သုံးဆယ်က အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ ဖြစ်ကြသည်။
‘ကျန်းရီမှာ တကယ်ပဲ စွမ်းအားကြီး လက်အောက်ငယ်သားတွေ အများကြီးရှိတာလား။ အဲ့လူတွေက အပြစ်သားကျွန်းက လူတွေလား’
ဝူနီသည် လူတစ်ရာကျော် ရောက်ရှိလာသော သတင်းကို ရလိုက်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး ဝူမျိုးနွယ်၏ ထောက်လှမ်းရေးဌာနရှိ သုံးစားမရသောသူများကို စိတ်ထဲမှ ကျိန်ဆဲလိုက်လေသည်။ သူလျှိုများစွာက ဤနယ်မြေအတွင်းသို့ ထို့ဖောက်ဝင်ရောက်နေသော်လည်း သူတို့က ကောလာဟလတစ်ခုပင် မကြားခဲ့ရပေ။ အကယ်၍ ထိုသူလျှိုများထဲတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်များ ပါလာပါက သူတို့ ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ မျိုးနွယ်ဝင်များ မည်မျှအသတ်ခံရမည်နည်း။
ချီထျန်းယွီက လူအများစုကို အပြင်တွင် စောင့်နေစေလိုက်ပြီး လူလေးယောက်ကိုသာ မြို့အရှင်စံအိမ်အတွင်းသို့ ဝင်လာစေလိုက်သည်။ ထို့နောက် သူသည် ရှေးဟောင်းအသုံးအဆောင်ကိုထုတ်ကာ ဝူနီထံသို့ ပစ်ပေးလိုက်ပြီး လူလေးယောက်အား စုလောရွှယ်ကိုသယ်၍ ခေါ်သွားစေလိုက်လေသည်။
“ကျန်းရီဆီ သတင်းပို့လိုက်ပါ။ ယောက်ျားတစ်ယောက်က ကတိတည်ရမယ်လို့။ သူ ကတိမတည်ဘူးဆိုရင် အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်”
ဝူနီသည် ရှေးဟောင်းအသုံးအဆောင်ကို စစ်ဆေးလိုက်ပြီးနောက် ယင်းက သုံးစားမရသော အမှိုက်ဖြစ်ကြောင်း သိလိုက်သည်။ သူသည် ချီထျန်းယွီကို အေးစက်စက် ပြောလိုက်ပြီးနောက် နောက်လှည့်ကာ အတွင်းခြံဝန်းထဲ့သို့ လျှောက်သွားလိုက်လေသည်။ ချီထျန်းယွီတို့သည် မရေမတွက်နိုင်သော ပညာရှင်များ၏ မျက်လုံးများအောက်မှပင် မြို့အနောက်ဘက်သို့ လျင်မြန်စွာ သွားလိုက်ကြသည်။
ချီထျန်းယွီသည် မြို့အနောက်ဘက်ဂိတ်တံခါးမှ ထွက်ပြီးနောက် အလယ်အလတ်အရွှယ်အစား ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကို ထုတ်ကာ အားလုံးကို တက်စေလိုက်ပြီး အနောက်ဘက်သို့ လျင်မြန်စွာ မောင်းနှင်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အထူးအတတ်တစ်ခုကို အသုံးပြု၍ တစ်စုံတစ်ယောက်အား ကျန်းရီထံ သတင်းပို့စေလိုက်သည်။ ကျန်းရီထံ သတင်းပို့၍ နောက်ထပ်ညွှန်ကြားမှုများ တောင်းခံရပေမည်။
ကျန်းရီသည် အလွန်စိတ်လှုပ်ရှားနေပြီး ရင်ပူနေသည်။ သူသည် ကောင်းကင်ကံကြမ္မာသင်္ဘောအနီးသို့ ကပ်မသွားဝံ့ပေ။ သူသည်လည်း စုလောရွှယ်က တည်နေရာပြောင်းရွှေ့၍မရဟူသော သတင်းကိုရလိုက်သောအခါ ခေါင်းကိုက်သွား၏။ သူတို့သာ ထိုအတိုင်း ဆက်ပျံသန်းနေလျှင် ခရီးက အနည်းဆုံး တစ်နှစ်လောက် ကြာသွားပေလိမ့်မည်။ လမ်းခရီးတွင်လည်း လုံခြုံမှုရှိမည် မဟုတ်ပေ။
သို့သော် မည်သူက စုလောရွှယ်၏ အသက်ကို လောင်းကြေးထပ်၍ တည်နေရာပြောင်းရွှေ့ဝံ့ပါမည်နည်း။ သူမ၏ စိတ်ဝိညာဉ်က အလွန်အားနည်းနေပေသည်။ အကယ်၍ သူတို့သာ တည်နေရာပြောင်းရွှေ့လိုက်ပါက သူမ၏ စိတ်ဝိညာဉ်က အမှန်ပင် ပျက်စီးသွားနိုင်သည်။ သို့ဆိုလျှင် သူမလည်း သေသွားပေလိမ့်မည်။
“ထန်မျိုးနွယ်ရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောကို ငှားလိုက်။ ကောင်းကင်ကျောက်တုံး ဘယ်လောက်ကုန်ကုန် ကိစ္စမရှိဘူး။ သူတို့ကို စုလောရွှယ်ကို ပင်လယ်ဒေသရောက်တဲ့အထိ လိုက်ပို့ပေးဖို့ ပြောလိုက်ပါ။ ပင်လယ်ကိုရောက်ရင် အပြစ်သားကျွန်းကို ပညာရှင်တွေ ပို့ပေးဖို့ လှမ်းတောင်းဆိုလိုက်ပါ”
နောက်ဆုံးတွင် ကျန်းရီ အစီအစဉ်တစ်ခု ဆွဲလိုက်သည်။ ယင်းက အဖြေတော့ မဟုတ်သေးပေ။ သို့ပေသည့် သူတို့ ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောကို စီးလျှင် ပိုမြန်ရုံသာမက ပိုလည်း လုံခြုံမည်ဖြစ်သည်။
ချီထျန်းယွီ၏ လူများက ထန်မျိုးနွယ်ကို လျင်မြန်စွာ ဆက်သွယ်လိုက်၏။ သို့သော် သူတို့ အငြင်းခံလိုက်ရသည်။ ထန်မျိုးနွယ်သည် နယ်မြေအတွင်းရှိ ပဋိပက္ခများတွင် မည်သည့်အခါကမှ ဝင်မပါခဲ့ဘဲ သူတို့ အကျိုးအမြတ်ရမည့် ကိစ္စများကိုသာ ဆောင်ရွက်ခဲ့သော မျိုးနွယ်ပင်။ ယခုကိစ္စသည် အလွန်အန္တရာယ်များသဖြင့် သူတို့ မဆင်မခြင် မလုပ်ဝံ့ကြပေ။ ကျန်းရီက အပြစ်သားကျွန်းမှ သူလျှိုတစ်ယောက်ဖြစ်သည်။ သူ့ကို ကူညီပေးခြင်းက ရန်သူနှင့် ပူးပေါင်းခြင်းဖြစ်သည်။ သို့ဆိုလျှင် သူတို့မျိုးနွယ်သည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့် ရန်သူများ ဖြစ်လာပေလိမ့်မည်။
သို့သော် ထန်မျိုးနွယ်သည် ကျန်းရီအား ထိပ်တန်းအဆင့် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကို ကောင်းကင်ကျောက်တုံး သန်းသုံးသောင်းဖြင့် ရောင်းပေးနိုင်ကြောင်းတော့ ပြောခဲ့သည်။
“ဝယ်လိုက်...ဝယ်လိုက်...”
အဆုံးမဲ့ပင်လယ်နက်တွင် ကောင်းကင်ကျောက်တုံးများ မရှားပေ။ စုလောရွှယ်သာ လုံခြုံမည်ဆိုလျှင် ထိုပမဏလောက်က မပြောပချေ။ ထို့ကြောင့် ချီထျန်းယွီသည် ကျန်းရီ၏ အမိန့်ကိုပင် စောင့်မနေတော့ဘဲ ချီထျန်းချန်ထံ သတင်းပို့လိုက်သည်။ ချီထျန်းချန်က သင်္ဘောကို ဝယ်ရန် ချက်ချင်း သတင်းပြန်ပို့လေသည်။ ထို့နောက် သူသည် အရှေ့ဘက် တော်ဝင်နယ်မြေတွင် ပုန်းအောင်းနေသော ပညာရှင် နောက်တစ်ထောင်ကို လျှို့ဝှက် လှုပ်ရှားစေ၍ စုလောရွှယ်ကို စောင့်ရှောက်၍ လိုက်ပို့စေလိုက်သည်။
ထိပ်တန်းအဆင့် ကောင်းကင်ကံကြမ္မာသင်္ဘောက အလွန်မြန်ပေသည်။ သင်္ဘော၏အကာအရံကလည်း အလွန်ခိုင်မာသည်။ သာမန်ဓားပြတပ်မဟာလေးများသည် ထိပ်တန်းအဆင့် ကောင်းကင်ကံကြမ္မာသင်္ဘောများကို မတိုက်ခိုက်ဝံ့ကြပေ။ ထို့ပြင် ပညာရှင် တစ်ထောင်ကျော်ကလည်း လိုက်ပါစောင့်ရှောက်နေသဖြင့် ဓားပြတပ်မဟာများကို ဟန့်တားပြီးသား ဖြစ်သွားပေသည်။ ကျန်းရီ ထွက်ပေါ်မလာသေးသ၍၊ အသတ်မခံရသေးသ၍ ချီထျန်းယွီနှင့် သူ့လူများက လုံခြုံပေလိမ့်မည်။
မြို့ငယ်လေးတစ်မြို့တွင် ချီထျန်းယွီသည် ထန်မျိုးနွယ်ထံမှ ကောင်းကင်ကံကြမ္မာသင်္ဘောကို ရရှိခဲ့သည်။ ဆယ်ရက်ကြာပြီးနောက် ချီထျန်းချန်စေလွှတ်လိုက်သော ပညာရှင်တစ်ထောင်လည်း ရောက်ရှိလာသည်။ သူတို့ထဲတွင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ပညာရှင် အယောက်တစ်ရာကျော် ပါပြီး ကြယ်ငါးပွင့်အဆင့် ပညာရှင် ငါးယောက်ပါပေသည်။ ထိုလူများသည် အရိပ်ဧကရာဇ်၏ စွမ်းအားအကြီးဆုံး လက်အောက်ငယ်သားများပင်။ ချီထျန်းချန်သည်သာ မတတ်သာသဖြင့် လိုက်မလာခဲ့ရခြင်းဖြစ်သည်။
ကျန်းရီ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ ထိုအစောင့်များနှင့်ဆိုလျှင် လမ်းခရီးက လုံခြုံနိုင်လောက်ပေသည်။ သို့သော် သူ ဝူမျိုးနွယ်ဝင်များ၏ သတ်ဖြတ်မှုကို မခံရမှ စုလောရွှယ်နှင့် ချီထျန်းယွီတို့က လုံခြုံမည်ဖြစ်သည်။
ကျန်းရီသည် သတိပိုထားနေပြီး ချီထျန်းယွီတို့အုပ်စုနှင့် ဆက်သွယ်သည်ဆိုရုံသာ ဆက်သွယ်ခဲ့သည်။ သို့သော် သူက ကောင်းကင်ကံကြမ္မာသင်္ဘော၏အနောက် မိုင်ဆယ်သန်းအကွာမှနေ၍ လိုက်နေပေသည်။ သူသည် ကောင်းကင်ကံကြမ္မာသင်္ဘော၏ လုံခြုံရေးအတွက် ပတ်ဝန်းကျင်ကိုလည်း မပြတ်စစ်ဆေးနေသည်။
ဝူမျိုးနွယ်သည် အလွန်ငြိမ်ချက်သားကောင်းနေပြီး ကောင်းကင်ကံကြမ္မာသင်္ဘောနောက်သို့ မည်သူ့ကိုမှ မလိုက်ခိုင်းခဲ့ပေ။ ကျန်းရီသည် ကောင်းကင်ကံကြမ္မာသင်္ဘော၏ အနီးပတ်ဝန်းကျင်ကို မပြတ်ထောက်လှမ်းနေသော်လည်း နောက်ယောင်ခံလိုက်လာသူတစ်ယောက်ကိုမှ မတွေ့ရပေ။ သင်္ဘောက ဝူမျိုးနွယ်၏ ပိုင်နက်အတွင်းမှ ထွက်ကာ ရီမျိုးနွယ်၏ ဒေသလေးခုအတွင်းသို့ ရောက်လာပေပြီ။ ကျန်းရီသည် စိတ်ပေါ့သွားဟန် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
‘အရမ်းအေးဆေးလွန်းနေတယ်’
ကျန်းရီသည် တောင်ထွတ်တစ်ခုပေါ်တွင် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို သုံး၍ သူ့ကိုယ်သူ ခက်ထန်သော ဝက်ဝံတစ်ကောင်အဖြစ် ပြောင်းလဲလိုက်သည်။ သူ၏မျက်ဝန်းကြီးများထဲတွင် မယုံနိုင်မှုများနှင့် ပြည့်နှက်နေပေသည်။ အဘယ်ကြောင့် ဝူမျိုးနွယ်က သူ့ကို ဤကဲ့သို့ လွှတ်ပေးထားရသနည်း။ ဝူမျိုးနွယ်က သူတို့ကို ဤအတိုင်း ထွက်သွားခွင့် ပြုမည်လော။ ယင်းက ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ လုပ်ရိုးပုံစံ မဟုတ်ပေ။
တစ်နေရာရာတွင် လှည့်ကွက်တစ်ခုခု ရှိနေပေလိမ့်မည်။
သို့သော် ကျန်းရီသည် လှည့်ကွက်ကို မသိပေ။ ကျန်းရီသည် တစ်နာရီအနားယူလိုက်ပြီးနောက် ပင်ပန်းနေသော စိတ်ဝိညာဉ်ကို လျစ်လျူရှုကာ ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်၍ ထပ်မံထောက်လှမ်းလိုက်လေသည်။ ယခုဆိုလျှင် ကောင်းကင်ကံကြမ္မာသင်္ဘောက ရီမျိုးနွယ်၏ ပိုင်နက်အတွင်းသို့ ရောက်နေလောက်ပြီ မဟုတ်လော။
“အန်...”
ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းဖြင့် ကောင်းကင်ကံကြမ္မာသင်္ဘောကို အာရုံခံပြီးနောက် အခြေအနေတစ်ခုကို သိလိုက်ရ၍ အလွန်စိုးရိမ်သွားလေသည်။
ကောင်းကင်ကံကြမ္မာသင်္ဘောသည် ရီမျိုးနွယ်၏ ပိုင်နက်အတွင်းသို့ ဝင်သွားပြီးနောက် ဧရာမတောင်တန်းတစ်ခုအထက်သို့ ရောက်သောအခါ စွမ်းအားကြီး တိုက်ခိုက်မှုများကို ခံလိုက်ရသည်။ ချီထျန်းယွီတို့အုပ်စုက ဓားပြတပ်မဟာတစ်ခုဖြင့် အပြင်းအထန် တိုက်ခိုက်နေသည်။ မဟုတ်သေး... ဓားပြတပ်မဟာအနည်းငယ်နှင့် တိုက်ခိုက်နေခြင်း ဖြစ်နိုင်သည်။ ဓားပြများက အနည်းဆုံး သောင်းကျော်ပေသည်။ ထို့ပြင် ဓားပြများဘက်၌ ပညာရှင်များလည်း များစွာရှိသေည်။ ထို့ကြောင့် ချီထျန်းယွီသည် သူ့လူတစ်ဝက်လောက်ကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။
“ကျီထင်ယွီ...”
ထိုအခိုက်မှ ကျန်းရီတစ်ယောက် လှည့်ကွက်ကို သိသွားလေသည်။ ကျီထင်ယွီက ဗြောင်ကျကျ လှုပ်ရှားပေပြီ။ သူမက ဓားပြများအား လာဘ်ထိုး၍ ကောင်းကင်ကံကြမ္မာသင်္ဘောကို တိုက်ခိုက်စေခဲ့ခြင်းပင်။ အကယ်၍ ကျန်းရီသာ ဝင်မကယ်လျှင် ချီထျန်းယွီ၊ စုလောရွှယ်နှင့် အခြားသူများအားလုံး သေရတော့မည်ဖြစ်သည်။ အကယ်၍ သူ ဝင်ကယ်လျှင်လည်း ရန်သူ၏ အလစ်ဝင်တိုက်ခြင်းကို ခံရနိုင်ပေသည်။
“သတ်မယ်...”
ကျန်းရီသည် စုလောရွှယ်တို့ကို မည်သို့ မကယ်ဘဲ နေနိုင်ပါမည်နည်း။ စုလောရွှယ်၊ ချီထျန်းယွီနှင့် အခြားသူများ သေသွားမည်ကို သူ ရပ်ကြည့်နေနိုင်ပါမည်လော။
အဖြေက ရှင်းပေသည်။
***