← Chapters

စေတီတောင်

Vol. 70 Ch. 971

စေတီတောင်

Vol. 70 Ch. 971

ကောင်းကင်ကံကြမ္မာသင်္ဘောသည် စေတီတောင်ဟုခေါ်သော နေရာတစ်ခုသို့ ရောက်နေသည်။ ထိုနေရာသည် ရီမျိုးနွယ်၏ ဒေသလေးခုထဲရှိ အကြမ်းတန်းဆုံးနေရာဆယ်ခုထဲမှ တစ်ခုဖြစ်သည်။ ထိုတောင်တွင် ဓားပြတပ်မဟာများ ထောင်နှင့်ချီ၍ ပုန်းအောင်းနေကြသည်။ သာမန်ကောင်းကင်ကံကြမ္မာသင်္ဘောများသည် ထိုနေရာမှဖြတ်၍ မပျံသန်းဝံ့ကြပေ။

ချီထျန်းယွီသည်လည်း ထိုနေရာအကြောင်းကို သိထားပေသည်။ ထို့ကြောင့် သူက စေတီတောင်ကိုဖြတ်၍ မပျံသန်းဝံ့ခဲ့ပေ။ သို့သော် ထိုတောင်တန်းက အလွန်ကြီးပေသည်။ ၎င်းကို ကွေ့ပတ်၍ သွားမည်ဆိုလျှင် အချိန်များစွာ ကြာပေလိမ့်မည်။

ထို့ကြောင့် ချီထျန်းယွီသည် အင်အားမကြီးသော ဓားပြတပ်မဟာများသာ တောင်ဝန်းကျင် အဖျားနားမှ ဖြတ်၍ ပျံသန်းရန် ရွေးချယ်ခဲ့ခြင်းပင်။ သူတို့က ထိုဓားပြများကို ရင်ဆိုင်နိုင်ပေသည်။ ထို့ပြင် သူတို့၏ ကောင်းကင်ကံကြမ္မာသင်္ဘောက ထိပ်တန်းအဆင့်ဖြစ်သဖြင့် ပုံမှန်ဆိုလျှင် မည်သည့်ဓားပြတပ်မဟာကမှ တိုက်ခိုက်ဝံ့မည် မဟုတ်ချေ။

သို့သော် ချီထျန်းယွီ မမျှော်မှန်းထားသော ကိစ္စတစ်ခု ဖြစ်လာသည်။ သူတို့ စေတီတောင်ဝန်းကျင် အဖျားနားမှ ပျံသန်းနေစဉ် သောင်းချီသော ဓားပြများက သူတို့ကို ရုတ်တရက် တိုက်ခိုက်ကြလေသည်။ ထိုဓားပြများသည် အနိမ့်ဆုံး ကောင်းကင်ဧကရာဇ် အလယ်အလတ်အဆင့် ရှိကြပြီး ချပ်ဝတ်တန်ဆာအမျိုးမျိုးကို ဝတ်ဆင်ထားကြသည်။ ထို့ပြင် သူတို့သည် ဓားပြတပ်မဟာတစ်ခုတည်းမှမဟုတ်ဘဲ ဓားပြတပ်မဟာများ ပူးပေါင်းထားသော အုပ်စုတစ်စုဖြစ်ကြောင်း ထင်ရှားပေသည်။ စေတီတောင်ရှိ ဓားပြတပ်မဟာများမှ ပညာရှင်အသီးသီးက ဤနေရာတွင် ရှိနေကြသည်။

ဓားပြများသည် ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်ကံကြမ္မာသင်္ဘောကို အလစ်ဝင်တိုက်ခြင်းပင်။ တိုက်ခိုက်မှုများက ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံကို ပျက်စီးလုနီးပါး ဖြစ်သွားစေလေသည်။ ချီထျန်းယွီနှင့် သူ့လူများက သင်္ဘောအပြင်ဘက်သို့ ချက်ချင်းထွက်ကာ တိုက်ခိုက်မှုတစ်ဝက်လောက်ကို ကာလိုက်၍သာ တော်သေးသည်။ သို့သော် ထို့ကြောင့်လည်း သူတို့ဘက်မှ လူနှစ်ရာကျော်က ချက်ချင်း သေဆုံးသွားခဲ့သည်။

“သတ်ကြ...သတ်ကြ...”

ဝုန်း...ဝုန်း...ဝုန်း...

ကောင်းကင်သည် နေဝင်ဆည်းဆာချိန်ကဲ့သို့ နီရဲနေ၏။ တိုက်ခိုက်မှုများကလည်း နေရာအနှံ့တွင် ရှိနေသည်။ အရောင်စုံသော တိုက်ခိုက်မှုများနှင့် စွမ်းရည်များက ကောင်းကင်ကို လင်းလက်နေစေသည်။ ပေါက်ကွဲသံများကလည်း အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ အောက်မှ တောင်တန်းကလည်း တုန်ခါနေသည်။ မြေပြင်ကလည်း အက်ကွဲနေပြီး ကျောက်စကျောက်နများက အရပ်မျက်နှာအနှံ့သို့ လွင့်ပျံထွက်နေကြသည်။ အာကာပြင်ကလည်း တုန်ခါနေပြီး အက်ကြောင်းများ ထနေသည်။ အက်ကြောင်းများက ပြန်ဆက်လာကြသော်လည်း ၎င်းတို့ အပြည့်အဝ ပြန်မဆက်နိုင်ခင်မှာပင် ထပ်မံ အက်ကွဲရလေသည်။

ပေါက်ကွဲသံများ၊ အော်သံများနှင့် ‌တောင်ပြိုသံများက ပွက်လောညံနေသည်။ ကောင်းကင်မှနေ၍လည်း သွေးမိုးရွာနေသည်။ ခြေပြတ်၊ လက်ပြတ်များကလည်း အဘက်ဘက်သို့ လွင့်ပျံထွက်နေကြသည်။ အောက်ဘက်မှ တောင်ထွတ်များတွင်လည်း သွေးများနှင့် ချင်းချင်းနီနေပေပြီ။

ထိုတိုက်ပွဲကို စကားလုံးနှစ်လုံးနှင့်သာ ဖော်ပြနိုင်ပေသည်။ ယင်းတို့မှာ ‘ခါးသီးမှု’နှင့် ‘မျှော်လင့်ချက်မဲ့မှု’ဖြစ်သည်။ ဓားပြအရေအတွက်က များလှသည်။ သို့သော် ချီထျန်ယွီတို့ဘက်တွင် ပညာရှင် ပိုများပေသည်။ ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့် ပညာရှင်များ၏ တိုက်ခိုက်မှုများက အလွန်ပြင်းထန်ပေသည်။ သူတို့ တစ်ချက်တိုက်ခိုက်လိုက်လျှင် ရန်သူများစွာ  ကျဆုံးသွားကြသည်။ အရေးအကြီးဆုံးမှာ ချီထျန်းယွီနှင့် သူ့လူများက သေရမည်ကို မကြောက်ခြင်းပင်။ သင်္ဘောထဲတွင် ကျန်းရီအချစ်ရဆုံး အမျိုးသမီး စုလောရွှယ် ရှိပေသည်။ သူမကို လုံးဝ ထိခိုက်စေ၍ မဖြစ်ပေ။ မဟုတ်လျှင် သူတို့ သေလျှင်ပင် အပြစ်ကို ချေနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် ချီထျန်းယွီတို့သည် ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံ မပျက်စီးသွားအောင် အစွမ်းကုန် ကာကွယ်နေကြလေသည်။ သူတို့သည် အသက်ကို ပဓာနမထားဘဲ လူသားဒိုင်းများအဖြစ် ထမ်းဆောင်နေကြသည်။ သို့ဖြစ်၍ ဆယ့်ငါးမိနစ်အတွင်းမှာပင် မူလလူတစ်ထောင်ကျော်ထဲမှ တစ်ဝက်လောက် သေဆုံးသွားကြသည်။ သေဆုံးသွားသူများထဲတွင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များလည်း ပါပေသည်။ ကြယ်ငါးပွင့် ပညာရှင်များပင် သေဆုံးသွားခဲ့ကြသည်။

သို့သော် ကျဆုံးသွားသူများသည် မကျဆုံးခင် ရန်သူများစွာကို ရှင်းပစ်ခဲ့သည်။ သူတို့က အစွမ်းကုန်သုံး၍ တိုက်ခိုက်ခဲ့သည်။ ရန်သူအများစုက အဆင့်မြင့် ကောင်းကင်ဧကရာဇ်များဖြစ်ကြသည်။ သို့သော် သူတို့၏ အရေအတွက်က အလွန်များလွန်းပေသည်။ ထို့ကြောင့် မည်းမည်းမြင်ရာတိုက်ခိုက်လိုက်မှုများက တစ်ယောက်ယောက်ကိုတော့ ထိမှန်သွားသည်သာ။ ချီထျန်းယွီတို့ဘက်တွင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ များစွာရှိရာ သူတို့သည် အချိန်တစ်ခဏအတွင်းမှာပင် ရန်သူတစ်သောင်းနီးပါးကို သတ်ဖြတ်ခဲ့ပေသည်။

“သခင်လေးဆီ သတင်းပို့လိုက်... သူ ဒီကိုလာလို့ မဖြစ်ဘူးလို့။ ဒါက သေချာပေါက် ဝူမျိုးနွယ်ရဲ့ အကြံပဲ။ သူ ထွက်ပေါ်လာတာနဲ့ ဝူမျိုးနွယ်က ပညာရှင်တွေ ချက်ချင်း ထွက်လာလိမ့်မယ်”

ချီထျန်းယွီက အခြေအနေကို ချက်ချင်းသဘောပေါက်သွားပြီး ကောင်းကင်ကံကြမ္မာသင်္ဘောထဲတွင် ကျန်ခဲ့သော လူဆယ်ယောက်ထံ အသံပို့လွှတ်လိုက်လေသည်။ ထိုလူဆယ်ယောက်သည် အထူးအတတ်တစ်ခုကို အသုံးပြုကာ အနီးမှ မြို့များတွင် ပုန်းအောင်းနေသူများကို ကျန်းရီထံ ဆက်သွယ်ရန် သတင်းပို့လိုက်ကြသည်။

“ဖောက်ထွက်ကြ... အဝိုင်းခံထားရတာကနေ ‌ဖောက်ထွက်ကြ။ အားလုံးပဲ ငါ့အမိန့်ကို နားထောင်ကြ... ကောင်းကင်ကံကြမ္မာသင်္ဘောကို ကာကွယ်ပြီး ဖောက်ထွက်ကြ။ မင်းတို့ ထွက်ပြေးရမယ်။ ငါတို့သေရမယ်ဆိုရင်တောင်... သခင်မလေးစုကို ကာကွယ်ရမယ်”

ချီထျန်းယွီက အသံပို့လွှတ်ပြီးနောက် အော်ပြောလိုက်သည်။ သူ့မျက်နှာပေါ်မှ မျက်နှာဖုံးကိုလည်း ဖယ်ပြီးပေပြီ။ သူ့မျက်နှာပေါ်တွင် ကန့်လန့်ဖြတ် အမာရွတ်များနှင့် ပြည့်နှက်နေသဖြင့် သူ၏ရုပ်သွင်က အလွန်ကြောက်စရာကောင်းနေသည်။ ဝူမျိုးနွယ်က သူ့အကြောင်းကို မစုံစမ်းစေနိုင်ရန် သူသည် သူ့ကိုယ်သူ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ရန် မတုံ့ဆိုင်းခဲ့ပေ။ ယခုတွင် သူသည် ဤစေတီတောင်၌ သေသည်အထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားပြီးပေပြီ။

“သတ်ကြ...”

ချီထျန်းယွီဘေးရှိ ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့် ပညာရှင်များက အော်လိုက်ကြပြီး အသက်ကို ပဓာနမထားဘဲ အစွမ်းကုန်တိုက်ခိုက်လိုက်ကာ ရန်သူဘက်မှ ပညာရှင်တစ်စုကို ဖိနှိပ်လိုက်ကြသည်။ ကောင်းကင်ကံကြမ္မာသင်္ဘောကလည်း ကောင်းကင်ဖြတ်သန်း၍ အဝေးသို့ ပျံသန်းသွားသည်။ သင်္ဘောအနောက်တွင်မူ လူရာကျော်က ရန်သူများကို တားပေးထားပေသည်။ သူတို့သည် ရန်သူများ၏ တိုက်ခိုက်မှုများကို မရှောင်ကြဘဲ လမ်းပိတ်ကာ သူတို့၏ တိုက်ခိုက်မှုများကို အဆက်မပြတ် ပြန်ထုတ်လွှတ်နေကြသည်။

“သူတို့ကိုသတ်... အားလုံး အတူတူ တိုက်ခိုက်ကြ”

ဓားပြဗိုလ်တစ်ယောက်က အော်ကာ အမိန့်ပေးလိုက်သည်။ ကျန်ရှိနေသေးသော ဓားပြနှစ်သောင်းစလုံးသည် တစ်ပြိုင်တည်း တိုက်ခိုက်လိုက်၏။ တဒင်္ဂအတွင်းမှာပင် အလင်းတန်းနှစ်သောင်း လင်းလက်သွားပြီး ကောင်းကင်တွင် အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ချီထျန်းယွီနှင့် သူ့လူများသည် ရွေးချယ်စရာ မရှိတော့သဖြင့် ရှောင်လိုက်ကြရသည်။ မဟုတ်လျှင် သူတို့၏ နတ်ဘုရားဒိုင်းများက ပျက်စီးသွားပြီး သူတို့က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။

ဝုန်း...ဝုန်း...ဝုန်း...

ချီထျန်းယွီတို့က လျင်မြန်စွာ ရှောင်လိုက်သော်လည်း တိုက်ခိုက်မှုများက အလွန်များပြားပေရာ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များမှလွဲ၍ ကျန်သော အဆင့်မြင့် ကောင်းကင်ဧကရာဇ်အားလုံး၏ နတ်ဘုရားဒိုင်းများက ပေါက်ကွဲပျက်စီးသွားလေသည်။ သူတို့၏ခန္ဓာကိုယ်များကလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။ အစတွင် သူတို့ဘက်၌ လူတစ်ထောင်ကျော် ရှိခဲ့၏။ သို့သော် ယခုတွင်မူ လူတစ်ရာမပြည့်တော့ပေ။ တိုက်ပွဲအတွင်း၌ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် သုံးဆယ်ကျော်နှင့် ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ပညာရှင်များလည်း သေဆုံးသွားခဲ့သည်။

ဝှစ်...ဝှစ်...ဝှစ်...

လူတစ်ရာမပြည့်သော အရေအတွက်သာ ကျန်တော့သဖြင့် သူတို့ တားလိုလျှင်ပင် ဓားပြများကို တားနိုင်‌တော့မည် မဟုတ်ပေ။ ချီထျန်းယွီနှင့် အခြားသူများသည် လူခွဲ၍ ဓားပြအုပ်စုများထံသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်ကြသည်။ သူတို့သည် အစွမ်းကုန်တိုက်ခိုက်၍ ဓားပြအချို့ကို သတ်ကာ အချိန်ဆွဲထားရန် ကြံစည်နေခြင်းပင်။ ထိုမှ ကောင်းကင်ကံကြမ္မာသင်္ဘောက ဝေးဝေးသို့ ပျံနိုင်ပေလိမ့်မည်။

ရွှီး...ရွှီး...

သို့သော် မည်သူက တွေးမိခဲ့မည်နည်း။

ကောင်းကင်ကံကြမ္မာသင်္ဘောသည် မိုင်ဒါဇင်ကျော်အကွာသို့ ရောက်သောအခါ ‌နောက်သို့ ပြန်လှည့်လာ၏။ သင်္ဘော‌ပေါ်မှ ပညာရှင်တစ်ယောက်က အသံပို့လွှတ်လိုက်သည်။

“အကြီးအကဲ... အရှေ့မှာ လူထောင်ကျော် ကျွန်တော်တို့ကို စောင့်နေတယ်”

“အားလုံး ပြီးသွားပြီ...”

ချီထျန်းယွီ ရင်ထဲတွင် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။ ယနေ့တွင် သူတို့ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ စေတီတောင်မှ ဓားပြတပ်မဟာများအားလုံးက ပူးပေါင်းဆောင်ရွက်နေပေသည်။ သူတို့သည် ကောင်းကင်ကံကြမ္မာသင်္ဘောကိုတား၍ အားလုံးကို သတ်ပစ်ရန် စိတ်အားထက်သန်နေကြသည်။ ယင်းမှာ ဝူမျိုးနွယ်၏ အကြံအစည်ဖြစ်ဖို့ များပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ချီထျန်းယွီသည် သူ့လူများက တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရပြီး ကောင်းကင်ကံကြမ္မာသင်္ဘောက ဝန်းရံခံထားရသည်ကို တွေ့သောအခါ မျှော်လင့်ချက်မဲ့လာလေသည်။ သူသည် နေရာအနှံ့သို့ အရူးတစ်ယောက်အလား တိုက်ခိုက်လိုက်၏။ သူ၏နတ်ဘုရားဒိုင်းက ပျက်စီးလုနီးပါးဖြစ်သွားသော အကြိမ်အနည်းငယ် ရှိပေသည်။ သို့သော် သူ အရေးမစိုက်ပေ။ သူ့ရင်ထဲတွင် စုလောရွှယ်ကို အပြစ်သားကျွန်းသို့ ဘေးကင်းကင်းဖြင့် လိုက်မပို့နိုင်သည့်အတွက် နောင်တများသာ ရှိနေသည်။

ဆယ့်ငါးမိနစ် ကြာပြီးနောက် ကောင်းကင်က ပို၍ မှောင်မည်းလာသည်။ ညအချိန် ရောက်တော့ပေမည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးကြောင့် ချီထျန်းယွီ လန့်သွား၏။ သူ့လှည့်ကြည့်လိုက်ရာ ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံက ပျက်စီးသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သင်္ဘောကိုယ်ထည်တွင်လည်း ပွန်းရာကြီးတစ်ခု ထင်သွားသည်။ သင်္ဘောပေါ်ရှိ လူဆယ်ယောက်က စုလောရွှယ်ကို အလယ်တွင်ထား၍ ကာကွယ်ပေးနေကြသည်။ ထိုစဉ် ရာချီသော ရန်သူများ၏ လက်နက်များက လင်းလက်လာ၏။ သူတို့က စုလောရွှယ်ကို သတ်တော့ပေမည်။ ထို့ကြောင့် ချီထျန်းယွီ ကြောက်လန့်တကြားဖြင့် ‌အော်လိုက်သည်။

“မဟုတ်ဘူး...”

ရွှက်...ရွှက်...

ထိုအခိုက်တွင် ကောင်းကင်ထက်၌ အာကာပြင်အက်ကြောင်းတစ်ခု ထွက်ပေါ်လာပြီး ထိုအက်ကြောင်းအတွင်းမှနေ၍ လူတစ်ယောက် ထွက်လာလေသည်။ လူများက သူ့ကို လှမ်းကြည့်လိုက်ကြရာ ရဲရဲနီနေသော မျက်ဝန်းတစ်စုံနှင့် အကန့်အသတ်မဲ့သော သတ်ဖြတ်အရှိန်အဝါတို့ကိုသာ တွေ့လိုက်ကြရသည်။

“သေပေတော့... ဒီနေ့ မင်းတို့အကုန်လုံး သေရမယ်။ ကျန်းရီ ရောက်လာပြီ။ ဘယ်သူ ငါ့ကို တားရဲလဲ”

ရောက်လာသူက နှစ်တစ်သောင်းရေခဲတောင်ကဲ့သို့ အေးစက်သည့် လေသံဖြင့် ပြောလိုက်သည်။ ထို့နောက်တွင် ပတ်ဝန်းကျင်၌ ကြောက်မက်ဖွယ်အသံတစ်သံ ပဲ့တင်ထပ်လာလေသည်။ အနီးမှ အဆင့်မြင့် ကောင်းကင်ဧကရာဇ်များသည် အသံကို ကြားသောအခါ ဆက်၍ မတိုက်ခိုက်နိုင်တော့ဘဲ သူတို့၏ ခေါင်းကို ဆုပ်ကိုင်ကာ လေထဲတွင် လူးလွန့်နေကြသည်။ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်လွှတ်လိုက်ပေပြီ။

“သခင်လေး...”

ချီထျန်းယွီနှင့် အခြားသူများက အံ့ဩတကြီး အော်ခေါ်လိုက်ကြ၏။ သူတို့သည် တစ်ချိန်တည်းမှာပင် ဝမ်းမြောက်မှု၊ တုန်လှုပ်မှုနှင့် အရှက်ရမှုတို့ကို ခံစားလိုက်ကြရလေသည်။ ကျန်းရီက သူတို့ကို အေးစက်စက်မျက်ဝန်းများဖြင့် ကြည့်ကာ အော်ပြောလိုက်သည်။

“လောရွှယ်ကို သွားကာကွယ်ပေးကြ”

ရွှစ်...ရွှစ်...

ကျန်းရီ၏ လက်တစ်ဘက်က ဓားပျော့ကို ကိုင်ထားပြီး နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်လွှတ်နေသည်။ သူ၏ ကျန်လက်တစ်ဘက်ကမူ ဝိညာဉ်လေများကို ထုတ်လွှတ်နေသည်။ ဝိညာဉ်လေဓားများက လျင်မြန်စွာ ဖြစ်ပေါ်လာပြီး နေရာအနှံ့ကို တိုက်ခိုက်လိုက်ကြသည်။ ကျန်းရီသည် ထွက်ပေါ်လာချင်းချင်း ရန်သူဘက်မှ ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့် ပညာရှင်များကို အဆက်မပြတ် တိုက်ခိုက်ခဲ့၏။ သူ၏ တိုက်ခိုက်မှုများက ပြင်းထန်ကာ သိုသိပ်ပေသည်။ အချိန်တစ်ခဏအတွင်းမှာပင် ရန်သူများစွာ ကျဆုံးသွားပေပြီ။

“ငါးက ငါးစာကို ဟပ်လိုက်ပြီ”

ကျန်းရီ ထွက်ပေါ်လာသည့်အခိုက်တွင် စေတီတောင်၏ မြောက်ဘက်တွင် အခြေချထားသော ဓားပြတပ်မဟာတစ်ခုမှနေ၍ စကားသံသဲ့သဲ့ ပဲ့တင်ထပ်လာလေသည်။ ဓားပြစခန်းကို ပုံရိပ်ယောင်နယ်မြေတစ်ခုက လွှမ်းခြုံထားသဖြင့် ကျန်းရီသည် အထဲတွင် တစ်စုံတစ်ယောက်ပုန်းအောင်းနေလျှင်လည်း မသိနိုင်ပေ။ စကားပြောလိုက်သူမှာ ကျီထင်ယွီပင်။

“ဦးလေးဝူ... လုပ်လိုက်တော့”

ထိုနေရာတွင် ဝူနီကလည်း လျှို့ဝှက်ပုန်းအောင်းနေသည်။ သူက စိတ်လှုပ်တရှားဖြင့် အော်ပြောလိုက်သည်။ ဝူကျူးနှင့် အခြား နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးဦး၏ မျက်ဝန်းများက ရုတ်တရက် လင်းလက်လေသည်။ သူတို့သည် ကောင်းကင်ထက်သို့ ပျံတက်ကာ ခက်ထန်သော နဂါးငါးကောင်ကဲ့သို့ စေတီတောင်၏ တောင်ပိုင်းသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်ကြလေသည်။

***

All Chapters