ပုရွက်ဆိတ်များက ကောင်းကင်ကို လှုပ်ခတ်ခြင်း
Vol. 70 Ch. 972
“တိုက်ကြ...”
စေတီတောင်၏ တောင်ဘက်တွင် ဓားပြဗိုလ်တစ်ယောက်က အော်ပြောလိုက်သည်။ နတ်ဘုရားအသံ ကောင်းကင်အတတ်၏ သက်ရောက်မှုကို မခံရသော ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့် ပညာရှင်များက ပြန်လည်တိုက်ခိုက်လိုက်ကြသည်။ သို့သော် ကျန်းရီ၊ ချီထျန်းယွီနှင့် သူ့လူများက အံ့အားသင့်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုလူစုက ကျန်းရီ၊ ချီထျန်းယွီ၊ သူ့လူများနှင့် စုလောရွှယ်တို့ကို တိုက်ခိုက်လိုက်ခြင်း မဟုတ်ဘဲ ပတ်ဝန်းကျင် အာကာပြင်ကို တိုက်ခိုက်လိုက်၍ပင်။ ထို့ကြောင့် ကျန်းရီ၏ ပတ်ပတ်လည်တွင် အာကာပြင်တုန်ခါမှုများ ဖြစ်ပေါ်လာလေသည်။
‘ထင်ထားသလိုပဲ...’
ကျန်းရီ စိတ်ဓာတ်ကျသွား၏။ ရန်သူများက သူ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်မပြေးနိုင်အောင် အာကာပြင်ကို တုန်ခါသွားအောင် လုပ်နေခြင်းပင်။ ကျန်းရီသည် ဒေါသတကြီးဖြင့် ပတ်ဝန်းကျင်သို့ ဝိညာဉ်လေဓားများ ပစ်လွှတ်လိုက်ပြီး အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် တစ်ဒါဇင်နှင့် သာမန်ကောင်းကင်ဧကရာဇ်တစ်စုကို သတ်ပစ်လိုက်သည်။ ထို့နောက် သူသည် လျင်မြန်စွာ နောက်ပြန်ပျံသွားလိုက်၏။ သူသည် သေရမည်ဆိုလျှင် စုလောရွှယ်နှင့်အတူ ရှိနေလိုပေသည်။
“လောရွှယ်...”
ကျန်းရီသည် ချီထျန်းယွီ၏လူများ အလယ်ရှိ ထမ်းစင်ပေါ်မှ မိန်းမပျိုကို မြင်လိုက်သောအခါ ရင်ထဲတွင် အကန့်အသတ်မဲ့ နူးညံ့သော သံယောဇဉ်နှင့် အပြစ်ရှိစိတ် ထွက်ပေါ်လာသည်။ သူသည် လျင်မြန်စွာ ပျံသန်း၍ စုလောရွှယ်ထံသို့ ချဉ်းကပ်သွားနေရင်း ဝိညာဉ်လေဓားများကို ထုတ်လွှတ်ကာ အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များကိုလည်း သတ်ဖြတ်လိုက်သည်။ စုလောရွှယ်နှင့် သုံးကီလိုမီတာအကွာသို့ ရောက်သောအခါ သူ မျက်မှောင်ကြုတ်သွားပြီး ပြဿနာတစ်ခုကို သတိပြုမိလိုက်လေသည်။
စုလောရွှယ်၏ အရှိန်အဝါတွင် တစ်စုံတစ်ခု မှားနေပေသည်။
ကျန်းရီသည် စုလောရွှယ်နှင့် ယခုအထိ အတူမအိပ်ရသေးသော်လည်း သူတို့က အချိန်အတော်ကြာ အတူရှိခဲ့ကြသည်။ ထို့ကြောင့် သူသည် စုလောရွှယ်၏ အရှိန်အဝါကို ချက်ချင်း မှတ်မိနိုင်ပေသည်။ သို့သော် ယခု မိန်းမပျို၏ အရှိန်အဝါကို သူမရင်းနှီးပေ။
ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ထိုမိန်းမပျို၏ခန္ဓာကိုယ်ကို ထပ်မံအာရုံခံလိုက်သည်။ သူမ၏ စိတ်ဝိညာဉ်ကို အာရုံခံပြီးသောအခါ သူ မျက်နှာပျက်သွားသည်။ ထို့နောက်ချက်ချင်းပင် သူ အလွန်ဒေါသထွက်သွားလေသည်။
“အတုပဲ... ဒီစုလောရွှယ်က အတုပဲ”
ကျန်းရီက ဒေါသတကြီး အော်လိုက်သည်။ စုလောရွှယ်က ခရမ်းရောင် ကောင်းကင်အလင်းတန်ကို ကျင့်ကြံပေသည်။ ထို့ကြောင့် သူမ၏ စိတ်ဝိညာဉ်က အလွန်ထူးခြားသည်။ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ထပ်မံအာရုံခံလိုက်သည်။ ချက်ချင်းပင် သူ မျက်လုံးများ ပြန်ပွင့်လာပြီး ဒေါသဖြင့် အော်ဟစ်လိုက်သည်။
“ကျီထင်ယွီ... ဒီကို ထွက်လာပြီး စုလောရွှယ်အစစ်ကို ထုတ်ပေးစမ်း”
ကျန်းရီသည် ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်ပြီးနောက် ပို၍ အာရုံစူးရှလာသည်။ ထိုမိန်းမပျို၏ စိတ်ဝိညာဉ်က တည်ငြိမ်နေသော်လည်း ကျန်းရီက သူမ၏ စိတ်ဝိညာဉ်အရှိန်အဝါကို စစ်ဆေးနိုင်ခဲ့သည်။ သူမက အတုပင်။
ဝုန်း...ဝုန်း...ဝုန်း...
ပတ်ဝန်းကျင်ရှိ အာကာပြင်က တုန်ခါနေ၏။ ရန်သူဘက်မှ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်စုက ကျန်းရီကို တိုက်ခိုက်ရန် ကြိုးပင်မကြိုးစားကြချေ။ သူတို့သည် ကျန်းရီ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ ထွက်မပြေးနိုင်စေရန် အာကာပြင်ကိုသာ တုန်ခါအောင် လုပ်နေကြသည်။ ကျန်းရီသည် လှည့်ပတ်ကြည့်လိုက်ပြီး အလွန်ဒေါသတကြီးဖြင့် အော်ပြောလိုက်၏။
“သတ်ကြ...”
ကျန်းရီက တန်ကြေးကြီးကြီး ပေးခဲ့ပြီး ဤသို့ သေရေး၊ ရှင်ရေး အခြေအနေအတွင်းသို့ပင် တိုးဝင်ခဲ့သည်။ မူလတွင်လ လူတစ်ထောင်ကျော်ရှိခဲ့သော ချီထျန်းယွီတွင် လက်ရှိ လူဒါဇင်အနည်းငယ်သာ ကျန်တော့သည်။ ထိုလူများကလည်း ဤနေရာတွင်ပင် သေသွားနိုင်ခြေများနေသည်။ ထိုကဲ့သို့ တန်ကြေးကြီးကြီး ပေးခဲ့သော်လည်း အတုတစ်ယောက်ကိုသာ ပြန်ရခဲ့သည်လော။ ထို့ကြောင့် ယခုတွင် ကျန်းရီက မည်မျှဒေါသထွက်နေမည်ဖြစ်ကြောင်း တွေးကြည့်နိုင်ပေသည်။
ကျန်းရီသည် နနတ်ဘုရားအသံ ကောင်းကင်အတတ်ကို အဆက်မပြတ် ထုတ်လွှတ်လိုက်၏။ ထို့နောက် ဝိညာဉ်လေများကို ထပ်ထုတ်လွှတ်ကာ ဝိညာဉ်ဓားများအဖြစ် စုစည်းလိုက်ပြီး ရန်သူများကို သတ်ဖြတ်လိုက်သည်။ သူသည် အာကာပြင်ကို တုန်ခါအောင် လုပ်နေသော ဓားပြပညာရှင်များကို ဦးတည်မတိုက်ခိုက်ဘဲ မြင်မြင်ရာကိုသာ တိုက်ခိုက်နေလေသည်။ ယနေ့တွင် သူ ထွက်ပြေးနိုင်မည် မဟုတ်ကြောင်း သူ ကောင်းစွာ သိပေသည်။ ရန်သူဘက်က ဤထောင်ချောက်ကို ဆင်ထားခဲ့သဖြင့် သေချာပေါက် နတ်ဘုရားတစ်ပိုင်း ပညာရှင်များ ထွက်ပေါ်လာမည်သာ။
ဝှစ်...ဝှစ်...
ကျန်းရီ မျှော်လင့်ထားသလိုပင် မြောက်ဘက်မှနေ၍ လူငါးယောက် ပျံသန်းလာပေသည်။ သူတို့၏ အရှိန်အဝါများက နဂါးများကဲ့သို့ပင်။ သူတို့သည် မျောလွင့်လာသော တောင်ကြီးငါးလုံးကဲ့သို့ပင်။ သူတို့ ရောက်မလာသေးခင်မှာပင် ကျန်းရီနှင့် အခြားသူများသည် စိတ်ဝိညာဉ် တုန်ယင်လာကြလေသည်။ ထို့ကြောင့် ထိုသူများက ဝူမျိုးနွယ်၏ နတ်ဘုရားတစ်ပိုင်း ပညာရှင်များဖြစ်ကြောင်း ပြောနေရန်ပင် မလိုချေ။
“ဝူကျူးလား...”
ချီထျန်းယွီသည် ဝူကျူးကို တွေ့သောအခါ မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူသည် အရူးတစ်ယောက်ကဲ့သို့ တိုက်ခိုက်နေသော ကျန်းရီကို ဆက်ကြည့်လိုက်သည်။ ချီထျန်းယွီ၏ ကြောက်ရွံ့နေသော မျက်နှာထားက အလွန်ကြည့်ရဆိုးနေပေသည်။ သူ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သောအခါ သူ၏မျက်လုံးများက ရုတ်တရက် အရောင်တောက်လာပေသည်။ သူ ကျန်းရီထံသို့ ချက်ချင်း အသံပို့လွှတ်လိုက်သည်။
“သခင်လေး... မြန်မြန် အမြင့်ကို ပျံတက်သွားပါ။ အဲ့မှာ ဝိညာဉ်လေတွေ ရှိလာပြီ။ သူတို့ သခင်လေးနောက်ကို လိုက်နိုင်မှာ မဟုတ်ဘူး။ သခင်လေးသာ လွတ်သွားမယ်ဆိုရင် ကျွန်တော်တို့ သေရလည်း တန်ပါတယ်။ မြန်မြန် ထွက်ပြေးပါ... ပြီးရင် ဝူမျိုးနွယ်ရဲ့ ဒေသလေးခုကို သွေးနဲ့ဆေးကြောပစ်ပြီး ကျွန်တော်တို့အတွက် လက်စားချေပေးပါ”
“ထွက်ပြေးရမှာလား...”
ကျန်းရီသည် နောက်သို့လှည့်၍ ငူငူငိုင်ငိုင်ဖြင့် ကြည့်လိုက်၏။ ချီထျန်းယွီနှင့် သူ့လူများက ဝူမျိုးနွယ်၏ နတ်ဘုရားတစ်ပိုင်းများထဲ သက်တန့်များကဲ့သို့ လျင်မြန်စွာ ပျံသန်းသွားကြလေသည်။ ကျန်းရီသည် ချီထျန်းယွီနောက်သို့ အလိုလို လိုက်သွားမိတော့မလို ဖြစ်သွား၏။
သို့သော် ချီထျန်းယွီက နောက်လှည့်ကာ ဒေါသတကြီး အော်လိုက်သည်။
“သွားတော့... မဟုတ်ရင် ကျွန်တော်တို့ သေရတာ အလကားဖြစ်သွားလိမ့်မယ်”
ဝုန်း...ဝုန်း...ဝုန်း...
ချီထျန်းယွီနှင့် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ဒါဇင်အနည်းငယ်က အရှေ့သို့ ပျံသန်းသွားပြီး ခက်ထန်စွာ တိုက်ခိုက်လိုက်ကြသည်။ သူတို့သည် သူတို့ပတ်ပတ်လည်ရှိ တိုက်ခိုက်မှုများကို လုံးဝလျစ်လျူရှုလိုက်ပြီး အဝေးမှ ပျံသန်းလာသည့် နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကိုသာ အာရုံစိုက်ထားကြသည်။
“ပြေးတော့...”
ကျန်းရီသည် ချီထျန်းယွီ၏ အော်သံကို ကြားလိုက်သောအခါ စိတ်ပြန်တည်ငြိမ်လာ၏။ သေခြင်းတရားက ကြောက်စရာမကောင်းသော်လည်း ယခုကဲ့သို့ အချည်းနှီးသေရခြင်းက မတန်ချေ။ ချီထျန်းယွီ၏ စကားများက မှန်ပေသည်။ ကျန်းရီသည် နည်းမျိုးစုံသုံးကာ ထွက်ပြေး၍ ချီထျန်းယွီနှင့်သူ့လူများအတွက် လက်စားချေရန် ဝူမျိုးနွယ်၏ ဒေသလေးခုကို သွေးဖြင့် ဆေးကြောပစ်ရမည်ဖြစ်သည်။
ဝှစ်...
ကျန်းရီသည် မြင့်မားသော ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံတက်လိုက်၏။ ကောင်းကင်က တဖြည်းဖြည်း မှောင်လာပေပြီ။ ထို့ကြောင့် မြင့်မားသော ကောင်းကင်ထက်တွင် ဝိညာဉ်လေများ ရှိနေလောက်ပြီဟု သူ ယူဆသည်။ သူသာ ကောင်းကင်အထက် ကီလိုမီတာ အနည်းငယ်အထိ ပျံတက်နိုင်လျှင် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးနိုင်မည့်အခွင့်အရေး ရနိုင်ပေသည်။
ရွှီး...ရွှီး...ရွှီး...
ပတ်ဝန်းကျင်ရှိ အာကာပြင်က မုန်တိုင်းထန်နေသော ပင်လယ်မှ လှိုင်းလုံးများကဲ့သို့ အဆက်မပြတ် တုန်ခါတွန့်ခေါက်နေသည်။ ကျန်းရီသည် ပျံတက်နိုင်နေသေးသော်လည်း အရှိန်ကမူ အတော်လေး နှေးနေသည်။ သူ ကောင်းကင်ထက်သို့ ဆယ်ကီလိုမီတာ ပျံတက်လိုလျှင် အသက်ရှူချိန် ဆယ်ချိန်မျှသော အချိန်ကို လိုအပ်ပေလိမ့်မည်။
ဝူကျူးက ကျန်းရီကို ထိုမျှအချိန်ပေးပါမည်လော။
အဖြေက သိသာပေသည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်သည် ဤနေရာနှင့် မိုင်နှစ်ဆယ် ကွာဝေးသေးသော်လည်း တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြ၏။ သူတို့အားလုံးက ကြီးမားသော လက်ဝါးရာကြီးများကို ထုတ်လွှတ်လိုက်ကြသည်။ အာကာပြင်က ပို၍ပင် ပြင်းထန်စွာ တုန်ခါသွားလေသည်။ သူတို့က မည်သည့် အာကာသတာအိုပုံသဏ္ဌာန်ကိုမှ မတတ်မြောက်ကြပေ။ သို့သော် နတ်ဘုရားတစ်ပိုင်း ပညာရှင်များ၏ လက်ဝါးရိုက်ချက်တစ်ချက်က အာကာပြင်ကို အပြင်းအထန် တုန်ခါသွားစေနိုင်ပေသည်။ ထို့ကြောင့် ကျန်းရီ၏ အရှိန်က ပို၍ပင် နှေးလာသည်။
အစောတွင် ကျန်းရီသည် ဒေါသူပုန်ထနေသော ပင်လယ်ကို ဖြတ်ကျော်နေရသည့် လှေကလေးတစ်စင်းကဲ့သို့ ခံစားခဲ့ရ၏။ သို့သော် ယခုတွင်မူ သူသည် ဆူနာမီတစ်ခုအတွင်းမှ ရေမှော်ပင်လေးတစ်ပင်ကဲ့သို့ ခံစားနေရပေသည်။ သူ၏ ပျံသန်းနှုန်းက အဆပေါင်းများစွာ လျော့ကျသွားသည်။
“ဟားဟားဟား... ကျန်းရီ... မျိုးမစစ်ကောင် မင်း ထွက်ပြေးနိုင်မယ်လို့ ထင်နေသေးတာလား”
ဝူကျူး၏ ရယ်လိုက်သံကြီးက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားသည်။ ကျီထင်ယွီက နတ်ဘုရားတစ်ပိုင်း ပညာရှင် ဆယ်ယောက် ခေါ်ခဲ့ရန် ပြောသော်လည်း ဝူကျူးက ငြင်းခဲ့သည်။ သူတို့ငါးယောက်သည် ဝူမျိုးနွယ်၏ စွမ်းအားအကြီးဆုံး နတ်ဘုရားတစ်ပိုင်း ပညာရှင်များ မဟုတ်သော်လည်း ကျန်းရီကဲ့သို့ ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက်ကို ဖိနှိပ်ရန်မူ လုံလောက်ပေသည်။
နတ်ဘုရားတစ်ပိုင်းများနှင့် ကောင်းကင်ဧကရာဇ်များက လုံးဝတန်းမတူပေ။ သူတို့ငါးယောက်က ကျန်းရီတစ်ယောက်ကို မသတ်နိုင်လျှင် နံရံနှင့်ခေါင်းဆောင့်၍ သေလိုက်ရုံသာ ရှိတော့သည်။
“သခင်လေး...”
ချီထျန်းယွီနှင့် သူ့လူများက နောက်လှည့်၍ ကြည့်လိုက်ရာ ကျန်းရီ၏ အမြန်နှုန်းက ရပ်လုနီးပါး နှေးလာသည်ကို တွေ့လိုက်၍ သူတို့၏မျက်လုံးများထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်သွားကြသည်။ သူတို့သည် ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ထံ အသည်းအသန် ပျံသန်းသွားလိုက်ကြသည်။
“ပုရွက်ဆိတ်တွေက ကောင်းကင်ကို လှုပ်ခတ်ဖို့ ကြိုးစားနေတာလား”
ဝူကျူးနှင့် အခြာသူများက လှောင်ရယ်ကာ ချီထျန်းယွီနှင့် သူ့အုပ်စု၏ တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်လိုက်ကြလေသည်။ ချီထျန်းယွီ၏ အုပ်စုတွင် ကြယ်ငါးပွင့် ပညာရှင် အနည်းငယ် ပါပေသည်။ သို့သော် သူတို့က နတ်ဘုရားတစ်ပိုင်းများဖြင့် ရင်ဆိုင်နေရခြင်းပင်။ ကျင့်ကြံခြင်းအဆင့် တစ်ဆင့်ကွာရုံဖြင့် အင်အားက များစွာကွာခြားသွားနိုင်ပေသည်။ နတ်ဘုရားတစ်ပိုင်းများ၏ အမြန်နှုန်းက အနည်းဆုံး ဆယ်ဆပို၍မြန်သဖြင့် ချီထျန်းယွီတို့၏ တိုက်ခိုက်မှုများက နှေးလွန်းနေပေသည်။
“သေပေတော့...”
ဝူကျူးတို့သည် ကျန်းရီက အာကာပြင်တုန်ခါမှုကြောင့် လျင်မြန်စွာ ပျံမတက်နိုင်တော့ကြောင်းကို တွေ့လိုက်ရသောအခါ အလျင်စလို မလုပ်ကြတော့ပေ။ ထို့ကြောင့် သူတို့သည် ချီထျန်းယွီနှင့် သူ့လူများကို ပြန်တိုက်ခိုက်လိုက်ကြသည်။ သူတို့က ချီထျန်းယွီနှင့်သူ့လူများ အသတ်ခံလိုက်ရသည်ကို ကျန်းရီအား ကြည့်စေလိုခြင်းပင်။
ဖုန်း...ဖုန်း...ဖုန်း...ဖုန်း...
နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်က လှုပ်ရှားလိုက်ပြီဖြစ်၍ ရလဒ်က အံ့ဩစရာ မရှိတော့ပေ။ ချီထျန်းယွီနှင့် သူ့လူများ၏ နတ်ဘုရားဒိုင်းများက တစ်ခုပြီးတစ်ခု ပျက်စီးသွားကြ၏။ သူတို့၏ခန္ဓာကိုယ်များကလည်း အပိုင်းပိုင်းပြတ်သွားပြီး လေထဲတွင် ပြန့်ကျဲသွားသည်။ ကျန်းရီသည် ထိုပေါက်ကွဲသံများကို ကြားလိုက်သောအခါ နောက်လှည့်ကြည့်လိုက်၏။ ချီထျန်းယွီ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းပြတ်သွားပြီဖြစ်ကြောင်းကိုသာ သူ မြင်လိုက်ရလေသည်။
“အား...အား...အား...”
ကျန်းရီသည် ကောင်းကင်ထက်သို့ မော့၍ အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်လိုက်၏။ အာကာပြင်တုန်ခါမှုက ပြင်းထန်လှပေသည်။ သူ ထွက်ပြေးလိုလျှင်ပင် ထွက်ပြေး၍မရတော့ပေ။ ထို့ကြောင့် သူသည် ထွက်ပြေးရန် ကြိုးစားမနေတော့ဘဲ ဧရာမကျောက်တုံးတစ်တုံးကို ထုတ်လိုက်လေသည်။ ထို့နောက် သူသည် ကျောက်တုံးအတွင်းသို့ အတွင်းအားများကို အဖိုးမတန်သော အရာများကဲ့သို့ အများအပြား ထည့်သွင်းလိုက်သည်။ ထိုကျောက်တုံးဆိုသည်မှာ အရည်ကျို နတ်ဘုရားမီးဖိုပင်။
တစ်ချိန်တည်းမှာပင် ကျန်းရီသည် သူ၏ ကြယ်တာရာယ်စွမ်းအား အကုန်လုံးကိုလည်း အရည်ကျို နတ်ဘုရားမီးဖိုအတွင်းသို့ ထည့်လိုက်သည်။ သူက နောက်ဆုံးအခိုက်တွင် မီးဖိုကို နှိုးလိုနေခြင်းပင်။ သူ သေရမည်ဆိုလျှင်ပင် ရန်သူများကို သူနှင့်အတူ ခေါ်သွားရပေမည်။
ရွှီး...
ကျန်းရီက သူ၏ကြယ်တာရာစွမ်းအားများကို ထည့်သွင်းပြီးနောက်တွင် အရည်ကျို နတ်ဘုရားမီးဖိုက တောက်ပစွာ လင်းလက်လာလေသည်။ ထိုအခိုက်တွင် နေထွက်လာသည်ဟုပင် ထင်လိုက်ရသည်။ ယခင်က တစ်ကြိမ်ပင် မပွင့်ခဲ့သော ထိုမီးဖို၏အဖုံးက ရုတ်တရက် တဒုတ်ဒုတ် လှုပ်ရှားလာလေသည်။
***