မိုင်ထောင်ချီပတ်လည်အတွင်းရှိ မြေပြင် မီးကျွမ်းသွားခြင်း
Vol. 70 Ch. 973
‘အဲ့ဒါ နိုးထလာပြီ’
ကျန်းရီ၏ စိတ်ဝိညာဉ် တုန်ယင်သွား၏။ ထင်ထားသလိုပင် ကြယ်တာရာစွမ်းအားက အရည်ကျို နတ်ဘုရားမီးဖိုကို နှိုးနိုင်ပေသည်။ သူသည် ဘာကိုမှအရေးစိုက်မနေတော့ဘဲ သူ့တွင်ရှိသည့် ကြယ်တာရာစွမ်းအား အားလုံးကို မီးဖိုအတွင်းသို့ ထည့်လိုက်ခြင်းပင်။ သူသည် ရန်သူများကို တတ်နိုင်သမျှ များများသတ်ပစ်ရပေမည်။
“ဟားဟား... မသေခင် ပြန်ကိုက်ဖို့ ကြိုးစားနေတာပေါ့လေ”
ဝူကျူးက လှောင်ရယ် ရယ်လိုက်သည်။ ကျန်းရီ၏ ရှေးဟောင်းအသုံးအဆောင်မှ အရှိန်အဝါက သူ့အတွက် သိပ်ကြောက်စရာ မကောင်းပေ။ သူ့ရင်ထဲတွင်လည်း မည်သည့်သတိပေးချက်မှ ထွက်ပေါ်မလာချေ။ ထို့ကြောင့် သူနှင့် အခြား နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးယောက်သည် ယင်းရှေးဟောင်းအသုံးအဆောင်က သူတို့ကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည်ဟု မယုံကြပေ။ မျက်လုံးငါးစုံက အေးစက်သွားပြီး သူတို့သည် ကျန်းရီထံသို့ သက်တန့်များကဲ့သို့ ပျံသန်းသွားကာ ကျန်းရီကို ဖမ်းရန် ဟန်ပြင်လိုက်ကြသည်။
ဟုတ်၏။
ကျန်းရီကို ဖမ်းရန်ဖြစ်ပြီး သတ်ရန် မဟုတ်ပေ။
ကျန်းရီက ဝူမျိုးနွယ်ကို အရှက်ရစေခဲ့သည်။ ထို့ကြောင့် သူတို့သည် သူ့ကို အလွယ်တကူ သေစေမည် မဟုတ်ချေ။ ထိုအစား သူတို့က ကျန်းရီကို အရှင်ဖမ်းကာ လူပုံအလယ်တွင် ကွပ်မျက်မည်ဖြစ်သည်။ သူတို့သာ ကျန်းရီကို ဤနေရာတွင် လူမသိသူမသိ သတ်လိုက်လျှင် ဝူမျိုးနွယ်၏ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်နိုင်မည် မဟုတ်ပေ။
ဝုန်း...ဝုန်း...ဝုန်း...
နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်က လက်ဝါးချက်များ ရိုက်ထုတ်လိုက်ရာ ကျန်းရီ၏ ပတ်ပတ်လည်ရှိ အာကာပြင်က စုတ်ပြဲသွားပြီး ပို၍ပင် ပြင်းထန်စွာ တုန်ခါလာလေသည်။ ကျန်းရီက လုံးဝလှုပ်၍မရတော့ဘဲ ဆူနာမီအတွင်းရှိ ရေမှော်ပင် တစ်ပင်ကဲ့သို့ ရုန်းကန်နေရသည်။
“ကျန်းရီ... ကိုယ့်ဘာသာ အညံ့ခံမယ်ဆိုရင် ငါတို့ မင်းကို အသက်ချမ်းသာခွင့်ပေးမယ်”
ဝူကျူးက ရှေ့ဆုံးမှ ပျံသန်းလာပြီး ကျန်းရီအနားသို့ ချဉ်းကပ်လာသည်။ သူက ကျန်းရီနှင့် မီတာသောင်းကျော်သာ ဝေးတော့ပေသည်။ သူ့လက်တွင် အနက်ရောင်လက်အိပ်တစ်စုံကို ဝတ်ဆင်ထား၏။ လက်အိပ်က သင်္ကေတပုံသဏ္ဌာန်များ တောက်ပနေသဖြင့် ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခုဖြစ်ကြောင်း ထင်ရှားပေသည်။ သူက ကျန်းရီ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်းကို အားသုံး၍ ချိုးဖျက်ကာ ကျန်းရီ၏ ဒန်တျန်ကို ဖျက်ဆီးပစ်လိုနေခြင်းပင်။
ဝူမျိုးနွယ်သည် ကျန်းရီ၏ ဝိညာဉ်လေတိုက်ခိုက်မှုများကို လေ့လာနေခဲ့ပြီး နောက်ဆုံးတွင် ထိုတိုက်ခိုက်မှု၏ စွမ်အားက အလွန်ဆုံးမှ ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်၏ စွမ်းအားနှင့်သာ ယှဉ်နိုင်လိမ့်မည်ဟု ကောက်ချက်ချခဲ့ကြသည်။ ကျန်းရီက ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမားများနှင့် ကြယ်ငါးပွင့် ပညာရှင်များကို သတ်နိုင်လောက်သော်လည်း နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကို သတ်ရန်မူ အနည်းငယ် လိုအပ်နေပေသေးသည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်များ၏ နတ်ဘုရားဒိုင်းများက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားဒိုင်းထက် ဆယ်ဆပို၍ ခိုင်မာသည်။ ထို့ကြောင့် ဝိညာဉ်လေဓားများက သူတို့၏ နတ်ဘုရားဒိုင်းများကို ဖျက်ဆီးနိုင်မည် မဟုတ်ချေ။
မီတာတစ်သောင်းခုနစ်ထောင်... မီတာတစ်ထောင်...
ကျန်းရီသည် အာကာပြင် တုန်ခါမှုကြောင့် မလှုပ်နိုင်ဖြစ်နေသည်။ သို့သော် သူကလည်း ထွက်ပြေးရန် ကြိုးစားနေခြင်း မဟုတ်ဘဲ အရည်ကျို နတ်ဘုရားမီးဖိုကို အသုံးပြုရန် ကြိုးစားနေခြင်းသာ။ အမှန်တွင် ယင်ဓာတ်ကိုးပါးမီးတောက်ကို ထုတ်လွှတ်နိုင်လောက်ပြီဟု သူ ခံစားနေရသည်။ သို့သော် သူက မီးဖိုအတွင်းသို့ ကြယ်တာရာစွမ်းအားကို ဆက်လက်ထည့်သွင်းနေဆဲပင်။ သူက ကြယ်တာရာစွမ်းအား အကုန်လုံးကို ထည့်သွင်းနေသဖြင့် သူ့ရည်ရွယ်ချက်က ရှင်းလင်းနေပေသည်။ သူသည် နိဗ္ဗာန်မီးတောက်ကို ထုတ်နိုင်အောင် လုပ်ကာ လူများကို ပိုသတ်လိုနေခြင်းပင်။
ဒုတ်...ဒုတ်...ဒုတ်...
အရည်ကျို နတ်ဘုရားမီးဖို၏ အဖုံးက တဒုတ်ဒုတ်ဖြင့် အဆက်မပြတ် ခါနေပေသည်။ ကျန်းရီသည် သူ့ကိုယ်တွင်းရှိ နောက်ဆုံး ကြယ်တာရာစွမ်းအားတန်းကို မီးဖိုအတွင်းသို့ ထည့်လိုက်သည်။ မီးဖိုက ထပ်မံ လင်းလက်လာ၏။ မီးဖိုထဲမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်လာပြီး မီးဖိုမျက်နှာပြင်ပေါ်တွင်လည်း ဆန်းကြယ်သော သင်္ကေတပုံသဏ္ဌာန်များ တောက်ပလာသည်။ ထို့နောက် ကျန်းရီက အော်ပြောလိုက်သည်။
“ခင်ဗျားတို့အကုန်လုံး ဒီသခင်လေးကြောင့် သေရတော့မယ်”
“ပြန်ဆုတ်ကြ...”
ဝူကျူးသည် ကျန်းရီနှင့် မီတာသုံးရာသာ ကွာဝေးတော့သဖြင့် နောက်တစ်စက္ကန့်အတွင်း ကျန်းရီ၏ နတ်ဘုရားဒိုင်းကို ဖျက်ဆီးပစ်နိုင်တော့မည်ဖြစ်သည်။ ထို့နောက်တွင် သူ ကျန်းရီ၏ ဒန်တျန်ကို ဆက်ဖျက်ဆီးပစ်နိုင်သည်။ သို့သော် ထိုအခိုက်တွင် သူ အရှေ့သို့ ဆက်မတိုးဝံ့တော့ပေ။
ဝူကျူး၏စိတ်ဝိညာဉ်၏ နက်ရှိုင်းသောနေရာမှနေ၍ အလွန်အားကောင်းသော သတိပေးချက်များ ထွက်ပေါ်လာသည်။ သူ့ဘဝတစ်လျှောက်တွင် ထိုသို့သော သတိပေးချက်များ အကြိမ်များစွာ ထွက်ပေါ်လာခဲ့ဖူးသည်။ ထိုသတိပေးချက်များက သေနိုင်လောက်သည့် အခြေအနေနှင့် ကြုံရသည့်အခါမှ ထွက်ပေါ်လာခြင်းပင်။ သူသည် ကျန်းရီ၏ လက်ထဲရှိ ကျောက်မီးဖိုးမှ ထွက်ပေါ်လာသော အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုကိုလည်း ခံစားနေရသည်။
“ထွက်ပြေးကြ...”
ဝူကျူးအနောက်ဘက် မီတာရာကျော်ရှိ နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးယောက်ကလည်း တုန်လှုပ်သွားသည်။ သူတို့သည် အမြန်ဆုံးအရှိန်ဖြင့် ပြန်ဆုတ်လိုက်ကြ၏။ ကျောက်မီးဖို၏ အရှိန်အဝါက အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီး သူတို့ကို သေနိုင်လောက်သည့် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားနေရစေလေသည်။ သူတို့ ထွက်ပြေးလိုက်ကြသော်လည်း အလွန်နောက်ကျသွားပေပြီ။
ကျောက်မီးဖို၏ အဖုံးက ပွင့်လာ၏။ ထို့နောက် မီးဖိုသည် ကောင်းကင်ထက်သို့ ပျံတက်သွားကာ အဆက်မပြတ် ပြန့်ကားလာသည်။ နောက်ဆုံးတွင် ၎င်းသည် မီတာသုံးရာကျော် အချင်းဝက်ရှိသည့် ဧရာမကျောက်မီးဖိုကြီးတစ်လုံး ဖြစ်သွားလေသည်။ ထို့နောက် ကျောက်မီးဖိုက အတန်ငယ် စောင်းသွားပြီး အနက်ရောင်မီးတောက်များကို သွန်ချလိုက်သည်။
အနက်ရောင်မီးတောက်များ ထွက်ပေါ်လာသည့်အခိုက်တွင် ပတ်ဝန်းကျင်က တိတ်ဆိတ်သွား၏။ ထိုတိတ်ဆိတ်မှုက သုဿန်တစပြင်မှ တိတ်ဆိတ်မှုမျိုးကဲ့သို့ပင်။
“အား...”
တိတ်ဆိတ်မှုက စက္ကန့်ပိုင်းသာ ကြာခဲ့ပြီး မကြာခင်မှာပင် မရေမတွက်နိုင်သော အော်သံများကို ကြားလိုက်ရလေသည်။ မိုင်ဒါဇင်ကျော် အဝန်းအဝိုင်းအတွင်းရှိ ကောင်းကင်ဧကရာဇ်များအားလုံး၏ နတ်ဘုရားဒိုင်းများက ချက်ချင်း ပျက်စီးသွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များကလည်း မီးတောက်များ၏ ဝါးမျိုမှုကို ခံလိုက်ကြရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ ပြာကျသွားကြသည်။
“နိဗ္ဗာန်မီးတောက်က အဲ့လောက်တောင် ကြောက်စရာကောင်းတာလား”
ကျန်းရီသည် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်၏ နတ်ဘုရားဒိုင်းက အလွန်လျင်မြန်စွာ ပါးလာပြီး ပူဖောင်းတစ်လုံးကဲ့သို့ ပေါက်သွားသည်ကို မြင်လိုက်ရ၍ အလွန်အံ့အားသင့်သွား၏။ ထိုနတ်ဘုရားတစ်ပိုင်းက ကြောက်ရွံ့စွာ အော်လိုက်သည်။ သူ၏ခန္ဓာကိုယ်က တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များ၏ ဝါးမျိုမှုကို ခံလိုက်ရပြီဖြစ်၍ သူက မီးတောက်လူသားအဖြစ် ပြောင်းလဲသွားလေသည်။
“အား... ငါ မသေချင်သေးဘူး”
“သခင်လေးနီ... မြန်မြန် မျိုးနွယ်အကြီးအကဲဆီ သတင်းပို့ပြီး ကျုပ်တို့အတွက် လက်စားချေခိုင်းပေးပါ”
“ဝူနီ... မြန်မြန် ထွက်ပြေးတော့...အား...”
ကျန်နတ်ဘုရားတစ်ပိုင်းများကလည်း ထွက်မပြေးနိုင်ခဲ့ဘဲ ကြောက်ရွံ့တကြီး အော်လိုက်ကြသည်။ ကျန်းရီသည် အရည်ကျို နတ်ဘုရားမီးဖိုနှင့် တစ်သားတည်းကျနေ၏။ ထိုမီးတောက်များက သူ့ကို လုံးဝမထိခိုက်စေပေ။ မီးဝိညာဉ်ပုလဲကပင် သူ့ကို ကာကွယ်ပေးနေစရာ မလိုချေ။ ဝူကျူးနှင့် အခြားသူများကသာ ထိုမီးတောက်များ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သိလိုက်ရသည်။
မီးတောက်နက်များကို နတ်ဘုရားဒိုင်းများဖြင့် မကာနိုင်ပေ။ မြင့်မားသောအပူချိန်က နတ်ဘုရားဒိုင်းကိုဖြတ်၍ သူတို့၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လာပြီး သူတို့၏ သွေများကို ဆူပွက်လာစေကာ သူတို့၏ အတွင်းအားကို ဗြောင်းဆန်သွားစေသည်။ ထို့ကြောင့် မည်သို့မှ ထွက်ပြေးနိုင်မည် မဟုတ်ပေ။ သူတို့သည် ကြောက်မက်ဖွယ် မီးတောက်များက သူတို့၏ နတ်ဘုရားဒိုင်းအား တတိတိဝါးမျို၍ သူတို့၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ပြာချပစ်သည်ကို ကူကယ်ရာမဲ့စွာသာ ကြည့်နေနိုင်ပေသည်။
“အား...”
ကျန်းရီသည် နတ်ဘုရားတစ်ပိုင်းများ တစ်ယောက်ပြီးတစ်ယောက် မီးလောင်ပြာကျနေသည်ကို ကြည့်၍ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရ၏။ အရည်ကျို နတ်ဘုရားမီးဖိုအတွင်းရှိ နိဗ္ဗာန်မီးတောက်များက ကြယ်ခုနစ်ပွင့်နှင့်အောက် ပညာရှင်များကို ပြာချပစ်နိုင်ကြောင်း သူသိထားပြီးဖြစ်သည်။ ယခုတွင် သူသည် နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက် အရှင်လတ်လတ် မီးလောင်ကျွမ်းပြာကျသွားသည်ကို တွေ့လိုက်ရသဖြင့် တုန်လှုပ်နေလေသည်။
နတ်ဘုရားတစ်ပိုင်းများ...
နတ်ဘုရားတစ်ပိုင်းများက ဤလောကအတွင်းရှိ စွမ်းအားအကြီးဆုံး သက်ရှိများဖြစ်ကြသည်။ နတ်ဘုရားတစ်ပိုင်းတိုင်းသည် မြို့တော်များ၏ မြို့သခင်များ ဖြစ်လာနိုင်ပြီး ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ အကြီးအကဲများလည်း ဖြစ်လာနိုင်ကာ သန်းချီသော ကောင်းကင်ဧကရာဇ်များကို အုပ်စိုးနိုင်ပေသည်။
အတိတ်တွင် ကျန်းရီ ရှန်းစီကျွန်း၏ နတ်ရွာလားတောင်ထွတ်တွင် ရှိနေခဲ့စဉ်က လဲ့ကူး လှုပ်ရှားလိုက်သောအခါ သူ သူ့ကိုယ်သူ ပိုးကောင်တစ်ကောင်ကဲ့သို့ ခံစားခဲ့ရသည်။ လဲ့ကူးက နတ်ဘုရားတစ်ပါးကဲ့သို့ သူ ခံစားခဲ့ရသည်။ လဲ့ကူးနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူ ပြန်တိုက်ခိုက်ရန်ပင် သတ္တိမရှိခဲ့ချေ။ သူက နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကို ပြာချပစ်နိုင်လိမ့်မည်ဟုလည်း သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။
ဤနေရာရှိ နတ်ဘုရားတစ်ပိုင်း ပညာရှင်များက ကြယ်ရှစ်ပွင့်အဆင့်ထက် ပိုမြင့်မည့်ပုံ မပေါ်သော်လည်း သူတို့က ဝူမျိုးနွယ်၏ အာဏာရှိ ပုဂ္ဂိုလ်များ ဖြစ်နေဆဲပင်။ သူတို့က ဝူမျိုးနွယ်၏ အကြီးအကဲများဖြစ်ပြီး ထိပ်တန်းအာဏာကို ပိုင်ဆိုင်သည့် အထွတ်အထိပ် ပညာရှင်များပင်။
“အား...အား...”
ကောင်းကင်ဧကရာဇ်များ၏ နာကျင်တကြီး အော်လိုက်သံများက မိုင်ဒါဇင်ကျော် အကွာမှနေ၍ ပဲ့တင်ထပ်လာသည်။ သူတို့က အနီးတစ်ဝိုက်ရှိ အချိန်မီ ထွက်မပြေးနိုင်ခဲ့သော အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များ ဖြစ်ပေလိမ့်မည်။ ယခုတွင်မူ သူတို့သည် မြင့်မားသော အပူချိန်ကြောင့် အရှင်လတ်လတ် မီးလောင်ကျွမ်းနေရပေပြီ။ ကျန်းရီသည် တစ်ချက်ကြည့်လိုက်ပြီး အံ့အားသင့်သွား၏။
မိုင်တစ်ထောင်ပတ်လည်အတွင်းရှိ မြေပြင် မီးကျွမ်းသွားပေပြီ။
အောက်ဘက်ရှိ တောင်တန်းမှ သစ်ပင်များအားလုံးကလည်း မီးလောင်ကျွမ်းနေကြသည်။ သစ်ပင်များမရှိသော နေရာများရှိ မြေပြင်က မီးကျွမ်းနေကြသည်။ ထို့ကြောင့် နေရာအနှံ့တွင် မီးခိုးလုံးများ အူတက်နေပေသည်။ ထိုဆိုးဝါးသောမြင်ကွင်းများက တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် တွေ့နိုင်လေသည်။
နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်နှင့် အနီးမှ ကောင်းကင်ဧကရာဇ် တစ်သောင်းကျော်တို့က မီးလောက်ပြာကျသွားပေပြီ။ ချီထျန်းယွီနှင့် သူ့လူများ၏ အလောင်းများကလည်း ပြာကျသွားပြီဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားလက်စွပ်များနှင့် ဝူကျူး၏ ဝိညာဉ်ချိတ်ဆက် မူလရတနာတို့ပင် ပြာနက်များ ဖြစ်သွားပြီဖြစ်သည်။
ရွှီ...ရွှီ...
မီးတောက်နက်များက ကောင်းကင်ထက်တွင် နဂါးနက်တစ်ကောင်ကဲ့သို့ လှည့်ပတ်ပျံသန်းနေပြီး အရည်ကျို နတ်ဘုရားမီးဖို၏ ပြန်စုပ်ယူမှုကို ခံလိုက်ရလေသည်။ မျောလွင့်ရဲတိုက်တစ်ခုနှင့် တူသော ထိုမီးဖိုကြီးက လျင်မြန်စွာ ပြန်သေးသွားပြီး ကျန်းရီ၏လက်ထဲသို့ ပျံဆင်းလာပေသည်။
ရှူး...ရှူး...
ကျန်းရီက အသက်ပြင်းပြင်းနှစ်ချက် ရှူသွင်းလိုက်၏။ ထိုမီးဖိုက မိစ္ဆာတစ်ကောင်၏ မိစ္ဆာလက်နက်တစ်ခုကဲ့သို့ပင်ဟု သူ ခံစားလိုက်ရသည်။ ထို့နောက် သူသည် မီးဖိုကို ပြန်သိမ်းလိုက်ပြီး လေထဲတွင် တွေဝေကာ မည်သို့ဆက်လုပ်ရမည်မသိ ဖြစ်နေလေသည်။
“ဟုတ်တယ်... နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်က ဝူနီကို မြန်မြန်ထွက်ပြေးဖို့ အော်ပြောခဲ့တယ်။ ဝူနီက ဒီအနီးနားမှာလား”
ကျန်းရီ စိတ်လှုပ်ရှားသွား၏။ သူ့ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်အရှိန်အဝါ ပြန်ထွက်ပေါ်လာသည်။ ယနေ့ စေတီတောင်မှ အဖြစ်အပျက်က သေချာပေါက် ကြိုတင်စီစဉ်ထားမှုတစ်ခုပင်။ နောက်ကွယ်မှကြိုးကိုင်သူက ပတ်ဝန်းကျင်တွင် ရှိနေလောက်သည်။ ဝူနီနှင့် ကျီထင်ယွီတို့က စေတီတောင်၏ မြောက်ဘက်တွင် ဖြစ်ရပေမည်။
“သတ်မယ်...”
ကျန်းရီ၏ မျက်လုံးများက ရဲတွတ်နေ၏။ ဝူနီနှင့် ကျီထင်ယွီတို့ထံတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်များ ရှိနေနိုင်သေးသည်ကို သူ ဂရုမစိုက်ပေ။ သူသည် ခက်ထန်သော နဂါးတစ်ကောင်ကဲ့သို့ မြောက်ဘက်သို့ ပျံသန်းသွားလိုက်လေတော့သည်။
***